KNU ဥက္ကဋ္ဌဟောင်း နေပြည်တော်ခရီးစဉ်၊ ခေါင်းဆောင်ဟောင်းတွေ ပြန်ဖိတ်ခေါ်နေတဲ့စစ်ကောင်စီ

KNU ဥက္ကဋ္ဌဟောင်း နေပြည်တော်ခရီးစဉ်၊ လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေ ပြန်ဖိတ်ခေါ်နေတဲ့စစ်ကောင်စီ

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့

စစ်ကောင်စီက ဦးစီးကျင်းပမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့ ညှိနှိုင်းနေကြောင်း PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုညှိနှိုင်းနေချိန်အတွင်းမှာပဲ NCA လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုး နေပြည်တော်ကို ရောက်လာခဲ့ပြီး မနေ့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

“စစ်မြေပြင်မှာ သတ္တိရှိရှိတိုက်ကြသလို၊ ငြိမ်းချမ်းရေး လုပ်တဲ့အခါ သတ္တိရှိရှိလုပ်ကြမယ်လို့ ပြောထားတဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် လက်ရှိနိုင်ငံရေးအခက်အခဲကို ကျော်လွှားနိုင်ဖို့၊ ငြိမ်းချမ်းရေးလမ်းစ ပြန်‌ပေါ် အောင် သူကြိုးစားတာပေါ့လေ”

လွန်ခဲ့တဲ့ ဆယ်စုနှစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ရေးထိုးနိုင်ဖို့ ပါဝင်ဆွေးနွေးခဲ့သလို ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့တဲ့ KNU ဥက္ကဋ္ဌဟောင်းရဲ့ နေပြည်တော်ခရီးစဉ်အပေါ် KNU/ KNLA PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သူ့အမြင်ကို အခုလို ပြောထားတာပါ။

ကရင်တိုင်းရင်းသားခေါင်းဆောင်အဖြစ် ရောက်ရှိလာတဲ့ စောမူးတူးစေးဖိုးနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲလို့ စစ်ကောင်စီက ညွှန်းဆိုပါတယ်။

KNU က EAO ၊ PDF က အကြမ်းဖက်လို့ ခွဲခြားသုံးနှုန်းတဲ့ စစ်ကောင်စီ

KNU က EAO ၊ PDF က အကြမ်းဖက်လို့ ခွဲခြားသုံးနှုန်းတဲ့ စစ်ကောင်စီ

ဓာတ်ပုံ ရင်းမြစ်, AFP

KNU ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုးကို NCA လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေဆဲလို့ စစ်ကောင်စီက ပြောပြီး နယ်မြေတည်ငြိမ်ရေး အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ စစ်ခေါင်းဆောင်က ဖိတ်ခေါ်ခဲ့တဲ့အကြောင်း ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့ထုတ် သတင်းစာမှာဖော်ပြပါတယ်။

ဖော်ပြချက်တွေထဲ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်း EAO အဖြစ် ပြောပြီး ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားတယ်လို့ စစ်ခေါင်းဆောင်က ကမ်းလှမ်းခဲ့တာပါ။

ဒါပေမဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကိုတော့ နယ်မြေမတည်ငြိမ်အောင်လုပ်နေတဲ့ အကြမ်းဖက်တွေ လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သုံးနှုန်းပါတယ်။

“ဒါက သူတို့ပြောနေကျပုံစံ၊ သူတို့ခွဲမြင်တဲ့ အလေ့အထပါပဲ။ အမှန်က ဒီ PDF ဘာလို့ ပေါ်လာတာလဲ၊ ပြည်သူလူထုရဲ့ တောင်းဆိုမှုက ဘာကြောင့် ပိုခိုင်မာလာပြီးတော့ ကျွန်တော်တို့ တောင်းဆိုမှုနဲ့ တထပ်တည်း ဖြစ်သွားတာလဲဆိုတာ သူတို့ (စစ်ကောင်စီ) က လျစ်လျူရှုထားပုံရတယ်” လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ဘီဘီစီကို ပြောပါတယ်။

KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲ နေ့စဉ်လိုလို ဖြစ်ပွားနေတာဖြစ်ပါတယ်။

အခုနှစ်လယ်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြောလာတဲ့ စစ်ကောင်စီခြေကုပ်ယူထားတဲ့ ရန်ကုန်နဲ့ နေပြည်တော်ကို ထိုးစစ်ဆင်မယ့် စစ်ဆင်ရေးတွေမှာလည်း KNU ထိန်းချုပ်နယ်မြေတွေက အဓိက ကျတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။

စစ်ရေးတင်းမာနေချိန် ရုတ်တရက်ပေါ်ထွက်လာတဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုး ရဲ့ နေပြည်တော်ခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, စစ်ရေးတင်းမာနေချိန် ရုတ်တရက်ပေါ်ထွက်လာတဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုး ရဲ့ နေပြည်တော်ခရီးစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီလို စစ်ရေးတင်းမာနေချိန် ရုတ်တရက်ပေါ်ထွက်လာတဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုး ရဲ့ နေပြည်တော်ခရီးစဉ်ကို ဓာတ်ပုံတွေ စစ်ကောင်စီက ထုတ်ပြန်လာချိန်မှ သိရှိခဲ့ရတာလို့ လက်ရှိ KNU အထွေထွေအတွင်းရေးမှူး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ က ရွေးကောက်တင်မြှောက်ထားတဲ့ KNU ရဲ့ ခေါင်းဆောင်အသစ်တွေကတော့ NCA စာချုပ်ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူး လို့ သြဂုတ်လထဲမှာ တရားဝင်ထုတ်ပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာကြောင့် NCA ပျက်ပြယ်ပြီလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောဆိုချက်ဟာ အခြေအမြစ်မရှိ ပြောဆိုမှုတွေလို့ KNU ဥက္ကဋ္ဌဟောင်းနဲ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာ ခန်းမက တွေ့ဆုံမှုမှာ တုံ့ပြန်ပြောပါတယ်။

“လက်ရှိအခင်းအကျင်းကနေ ဘယ်လိုဖောက်ထွက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရအောင် ဘယ်လိုသွားသင့်လဲဆိုတဲ့ရှု့ထောင့်ကနေပဲ သူ (စစ်ကောင်စီဥက္ကဋ္ဌ) က ပြောသင့်တယ်”

“ဒီနိုင်ငံရေး ပလက်ဖောင်းအခင်းအကျင်း အသစ်တခု၊ အရှိတရားကို လက်မခံဘဲနဲ့ အပေါ်ကနေ စည်းတားပြီး ဆက်ဆံတဲ့ ကိစ္စကတော့ ငြိမ်းချမ်းရေးကို မရှေးရှုပါဘူး” လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ထောက်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ရှစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲကို NCA ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ခေါင်းဆောင်တွေအပြင် နိုင်ငံတကာအသိသက်သေတွေကိုပါ ပြန်ဖိတ်ခေါ်ဖို့ စိုင်းပြင်းနေပါတယ်။

အခုလို စစ်ကောင်စီရဲ့ NCA စာချုပ် ငြိမ်းချမ်းရေးလမ်းကြောင်း ကြိုးစားမှုတွေဟာ နိုင်ငံတကာမှာ ပုံဖော်ဖို့ အတွက်သာ လုပ်ဆောင်နေတာလို့ နိုင်ငံရေးအကဲခတ်အချို့က ဝေဖန်ကြပါတယ်။

“ပုဂ္ဂိုလ်ဟောင်းတွေသုံးပြီးတော့ သူတို့ဟာ ငြိမ်းချမ်းရေးလိုလားသူတွေပါဆိုတဲ့ ပုံစံဖြစ်အောင် ပုံဖော်ဖို့ သက်သက်ပါပဲ၊ ဒီလိုလုပ်ရုံနဲ့ မြန်မာပြည်ပြဿနာဖြေရှင်းနိုင်မှာမဟုတ်ပါဘူး” လို့ ဝါရင့် နိုင်ငံရေး စောင့်ကြည့်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် ၊ NCA (၈) နှစ်ပြည့်

အောက်တိုဘာ ၁၅ ရက် ၊ NCA (၈) နှစ်ပြည့်

ဓာတ်ပုံ ရင်းမြစ်, AFP

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအောက် သုံးကြိမ်မြောက် ကျင်းပရတဲ့ NCA နှစ်ပတ်လည် အခမ်းအနားကို အဓိပ္ပာယ် လေးလေးနက်နက်နဲ့ ကျင်းပမယ့်အကြောင်း စက်တင်ဘာလ အစောပိုင်းကတည်းက စစ်ခေါင်းဆောင်က ခပ်စိပ်စိပ်ထုတ်ပြောနေတာပါ။

စက်တင်ဘာလနှောင်းပိုင်းအတွင်း အာဏာသိမ်းပြီးနောက်ပိုင်းလည်း NCA လမ်းကြောင်းကို စွဲကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ နေပြည်တော်မှာ ဆက်တိုက် တွေ့ဆုံနေပါတယ်။

အဲဒီနောက် KNU ဥက္ကဋ္ဌဟောင်းရဲ့ နေပြည်တော်ခရီးစဉ်ပေါ်ပေါက်လာသလို NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကလည်း တပြိုင်နက်လို အစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အဖွဲ့စုံမပါဝင်နိုင်တော့တဲ့ PPST ရဲ့ စက်တင်ဘာ ၂၉ နဲ့ ၃၀ နှစ်ရက်တာ အစည်းအဝေးမှာ ဘုံသဘောတူညီချက် ထုတ်ပြန်နိုင်တာမရှိသလို PPST ကိုယ်စားပြုမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းစီရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ကောင်စီရဲ့ ပွဲအခမ်းအနားတက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီအဖွဲ့တွေထဲ KNU/ KNLA PC ကတော့ NCA (၈) နှစ်ပြည့်ပွဲကို တက်ရောက်ဖို့ရှိမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ဒီပွဲအခမ်းအနားတက်ရောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ရှိ၊ မရှိ ထုတ်မပြောကြသလို စစ်ကောင်စီဘက်ကလည်း တက်ရောက်မယ့်သူတွေနဲ့ ပတ်သက်လို့ အောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းအထိ တစုံတရာပြောကြားတာ မရှိသေးပါဘူး။