မတ်လ ၁၁ ရက်အတွက် ဘီဘီစီရဲ့တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြဝတီမြို့အနီးက သင်္ကန်းညီနောင်ကို စစ်တပ်လေကြောင်းတိုက်ခိုက်
စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတဲ့ မြဝတီမြို့အနီးက သင်္ကန်းညီနောင်မှာ စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်တဲ့အထိ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းနဲ့အတူ မတ်လ ၁၁ ရက် နိုင်ငံတဝန်းက စစ်ရေးနဲ့နိုင်ငံရေးသတင်းတွေအပြင် ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- လိုင်ဇာ-ဝိုင်းမော်လမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်နေတာ ၄ ရက်ထဲဝင်လာချိန်မှာပဲ အောင်မြေ ၂ နဲ့ ရွှေညောင်ပင်ရွာက ရာနဲ့ချီတဲ့ဒေသခံတွေ တိုက်ပွဲကြား ပိတ်မိနေဆဲလို့သိရပါတယ်
- စစ်ရေးတင်းမာနေတဲ့မြို့ကြီးတွေအပါအဝင် စစ်ကောင်စီနယ်မြေ ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ဒီနေ့ကစလို့ ကျင်းပနေပါတယ်
- ရှမ်းမြောက်၊ မဘိမ်းမြို့နယ်၊ ငါးအိုးရွာမှာရှိတဲ့ ခလရ ၁၂၁ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကို ဝင်ရောက်တိုက်ခိုက်နေပါတယ်
- ထိုင်းနိုင်ငံထဲရောက်နေတဲ့ အထောက်ထားမဲ့ မြန်မာကလေးတွေကို ကျောင်းအပ်လက်ခံပေးဖို့ ထိုင်း ပညာရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်
- သင်္ကန်းညီနောင်က တိုက်ပွဲတွေကြောင့် မဲကနယ်ဒေသခံတွေပါ မြဝတီမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရပါတယ်
- သင်္ကန်းညီနောင်တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်တလျောက်မှာ ထိုင်းစစ်တပ်က လုံခြုံရေးမြှင့်ထားပါတယ်
- မြဝတီမြို့အနီးက သင်္ကန်းညီနောင်မှာ စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်နေပါတယ်
တိုက်ရိုက် ထုတ်လွှင့်ချက်
စစ်ကောင်စီက လေယာဉ်ဆီတွေ ဘယ်လမ်းကြောင်းကနေ သွင်းနေလဲ
မပေါက်ကွဲသေးတဲ့စစ်ကျန် ပစ္စည်းတွေကြောင့် တာမခန်ရွာကို ဒေသခံမပြန်ရဲသေး

ဓာတ်ပုံ ရင်းမြစ်, တာမခန်နွေဦးတော်လှန်ရေး
ဓာတ်ပုံ ပုံစာ, မတ်လ ၃ ရက်နေ့ တာမခန်ရွာလယ်လမ်းမ မီးလောင်နေစဉ် ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ရွာကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပူးပေါင်းတပ်တွေသိမ်းပြီး စစ်တပ်က ဆုတ်သွားပေမဲ့ စစ်အကြွင်းကျန်လက်နက်ပစ္စည်းတွေကျန်နေသေးတာကြောင့် ရွာသားတွေ ရွာထဲမပြန်ရဲသေးဘူးလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်ဘက်က ချထားတဲ့စစ်ပစ္စည်းတွေက နည်းတာမှ မဟုတ်တာ။ ပေါင် ၅၀၀ ဗုံးတွေလည်း ပါတော့လေ။ KIA ဘက်ကတော့ ရှင်းလင်းတာတွေလုပ်နေတယ်။ ဒါပြီးရင်တော့ ပြန်ရဲတဲ့သူရှိသလို မရဲတဲ့တွေလည်းရှိမှာပဲ” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
KIA၊ KPDF နဲ့ စစ်ကောင်စီတို့အကြား ၁၀ရက်ကျော်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်တပ်က လေကြောင်းပစ်ခတ်တာနဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် ရွာရဲ့ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ရွာထဲက အိမ်ခြေ ၃၆၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
တာမခန်ဟာ ဖားကန့်မြို့နယ်အတွင်းက ရွာကြီးတစ်ခုဖြစ်ပြီး အိမ်ထောင်စု ၃၀၀၀ ဝန်းကျင်နဲ့လူဦးရေသောင်း ကျော်နေထိုင်နေတာ ဖြစ်ပါတယ်။
တိုက်ပွဲရှောင် ရွာသားတွေဟာ လက်ရှိအချိန်ထိ ဟောင်ပါး၊ ဆိုင်းတောင်နဲ့နီးစပ်ရာရွာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
လိုင်ဇာ-ဝိုင်းမော်ကားလမ်းပေါ်က တိုက်ပွဲမှာ ပိတ်မိနေတဲ့ဒေသခံရာချီကို မကယ်ထုတ်နိုင်သေး

ဓာတ်ပုံ ရင်းမြစ်, ဝါရှောင်ဆရာတော်
ဓာတ်ပုံ ပုံစာ, အောင်မြေ ၂ ဘုန်းကြီးကျောင်းထဲက စစ်ရှောင်တွေ ကချင်ပြည်နယ် လိုင်ဇာ-ဝိုင်းမော်လမ်းပေါ်က တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အောင်မြေ ၂ ကျေးရွာနဲ့ ရွှေညောင်ပင်ကျေးရွာက ရွာသားရာနဲ့ချီကို ဒီနေ့ဖေဖော်ဝါရီလ ၁၁ရက်နေ့ထိ မကယ်ထုတ်နိုင်သေးဘူးလို့ ဝိုင်းမော်မြို့နယ်က ဝါရှောင်ဆရာတော်ဦးဝိဇယကပြောပါတယ်။
ရွာသားတွေက ဒီနေ့ဆိုရင်တိုက်ပွဲထဲရောက်နေတာ ၄ရက်ရှိလာပြီး ရေနဲ့စားစရာတွေပြတ်လတ်နေသလို ကျန်းမာရေးမကောင်းသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်က ဘာသာရေးနဲ့လူမှုရေးအဖွဲ့တွေက ဒီနေ့ နေ့လည်ပိုင်းမှာ ကားအစီး ၂၀ကျော် နဲ့ ရွာသားတွေကိုခေါ်ထုတ်ဖို့သွားခဲ့ပေမယ့် လေယာဥ်နဲ့ လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ပြန်လှည့်လာခဲ့ရတယ်လို့ ဆရတော်က မိန့်ပါတယ်။
“ရွာသားတွေကလည်း ဒီဘက်ကလာခေါ်ပြီးဆိုပြီး ထုပ်ပိုးစောင့်နေကြတာ။ ခါးရှိရွာအရောက်မှာ လီဆူပြည်သူ့စစ်က တားတယ်။ သူတို့ဆီကို ခွင့်ပြုချက်ပေးတယ်ဆိုတဲ့သတင်းမရသေး ဆိုပြီးတော့ အဲ့လိုစောင့်နေတုန်းမှာပဲလေယာဥ်နဲ့ပစ်သံကော လက်နက်ကြီးသံကောကြားရတော့ အောင်မြေ ၁ ဘက် မေးတော့လည်း အဲ့ဘက်မှာပစ်နေပြီးပြောတာနဲ့ပြန်လှည့်ခဲ့ရတယ်” လို့ ဦးဝိဇယက မိန့်ပါတယ်။
ရွာသားတွေကိုခေါ်ထုတ်ခွင့်ရဖို့ စစ်ကောင်စီရဲ့ စစ်ဌာနချုပ်ကိုအကြောင်းကြားခဲ့ပေမဲ့ သွားခေါ်လို့ လမ်းမှာ တစ်ခုခုဖြစ်ရင် တာဝန်မယူဘူးလို့သာ အကြောင်းပြန်ခဲ့တယ်လို့ ရွာသားတွေကိုခေါ်ထုတ်ဖို့ကြိုးစားပေးနေတဲ့ အဖွဲ့ စည်းတစ်ခုက တာဝန်ရှိသူက ဆိုပါတယ်။
“ခေါ်ထုတ်ခွင့်ရဖို့တော့ ထပ်တင်ပြကြည့်ရမှာပဲ။ ရွာသားတွေကဒီနေ့မှ ထွက်မလာရဘူးဆိုရင်တော့ အတော်လေးဒုက္ခရောက်ကြတော့မှာ”လို့ ဝါရှောင်ဆရာတော်က မိန့်ကြားပါတယ်။
မတ်လ ၇ရက်နေကစပြီး မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ယူနေပြီး တပ်စခန်းကြီးငယ် ၁၀ ခုကျော်ကို KIA က သိမ်းယူထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ပြည်သူ့စစ်နဲ့ပူပေါင်းပြီး တိုက်ခိုက်နေသလို လေကြောင်းတိုက်ခိုက်တာတွေနဲ့လက်နက်ကြီးပစ်ကူတွေပါဆက်တိုက် သုံးနေခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့မြို့တွေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ကျင်းပနေ

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် အထက်တန်းကျောင်းတစ်ခုက စာစစ်ဌာနတစ်ခု စစ်ရေးတင်းမာနေတဲ့မြို့ကြီးတွေအပါအဝင် စစ်ကောင်စီနယ်မြေ ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ဒီနေ့ကစလို့ ကျင်းပနေပါတယ်။
ရန်ကုန်၊ နေပြည်တော် မြို့ကြီးတွေအပါအဝင် စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ တောင်ကုတ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေတယ်လို့ ဘီဘီစီက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MRTV
ဓာတ်ပုံ ပုံစာ, ရှမ်းအရှေ့ ကျိုင်းတုံမြို့က စာစစ်ဌာနတစ်ခု မြင်ကွင်း 
ဓာတ်ပုံ ရင်းမြစ်, MRTV
နောက် ပဲခူးတိုင်းထဲမှာဆိုရင် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်း၊ သဲကုန်း၊ သာယာဝတီ၊ မိုးညိုမြို့နယ်တွေ၊ မကွေးတိုင်းထဲက ဆင်ပေါင်ဝဲမြို့နယ်၊ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ကြံခင်း၊ မြောင်းမြ၊ ကျုံပျော်မြို့နယ်တွေ၊ ရှမ်းအရှေ့က ကျိုင်းတုံနဲ့ မိုင်းယန်း၊ ‘‘ဝ’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းထဲက မက်မန်းမြို့နယ်တို့မှာ စာမေးပွဲတွေ ကျင်းပနေတယ်လို့လည်း စစ်ကောင်စီ လက်အောက် နိုင်ငံပိုင် ရုပ်သံကနေ သတင်းထုတ်ပြန်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်ကနေ ၁၉ ရက်အထိကျင်းပမယ်လို့ စစ်ကောင်စီလက်အောက် စာစစ်ဌာနက ကြေညာထားပါတယ်။
မဘိမ်း၊ ငါးအိုးရွာက စစ်ကောင်စီတပ်စခန်းကို PDF တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ၂၀၂၃ခုနှစ်၊ ဇွန်လပထမအပတ်အတွင်း မဘိမ်းမြို့နယ်က ရွှေတုန်း၊ ခွေးဟောင်တုန်းကျေးရွာတွေ မီးရှို့ခံရတဲ့ မြင်ကွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၂၁ ခြေလျင်တပ်ရင်း(ခလရ ၁၂၁)ကို ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်တွေကို ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
"မနက် ၂ နာရီလောက်က ဝင်ပြီးတိုက်ခိုက်တာပါ။ ၁၂ နာရီလောက်တော့ တိုက်ပွဲမရှိတော့ဘူး။ သူတို့ဘက်က ထွက်ပြေးသွားတယ်။ နယ်မြေရှင်းလင်းရေးတော့လုပ်နေတုန်းပဲ" လို့ တိုက်ခိုက်ရာမှာ ပါဝင်တဲ့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံက ပြောပါတယ်။
ငါးအိုးရွာဟာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နဲ့ ရွှေလီမြစ်တဖက်တခြမ်းစီမှာ တည်ရှိတာဖြစ်ပြီး လတ်တလောစစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမောက်မြို့ဘက်သာမက စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က မြတောင်ဘက်ကိုပါ သွားလာလို့ရတာကြောင့် အခုလိုတိုက်ခိုက်ရတာလို့ ဆိုပါတယ်။
မဘိမ်းမြို့ပေါ်က ရဲစခန်းနဲ့ စစ်တပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်မှာသိမ်းပိုက်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ပြီလို့ ကြေညာထားခဲ့တာပါ။
မန္တလေး-မြစ်ကြီးနားလမ်းပေါ်က မဘိမ်းမြို့ဟာ မိုးမိတ်ခရိုင်ထဲမှာပါဝင်ပြီး မိုးမိတ်မြို့မြောက်ဘက်ပိုင်းမိုင် ၄၀ ကျော်အကွာမှာ တည်ရှိပါတယ်။
အထောက်ထားမဲ့မြန်မာကလေးငယ်တွေကို ကျောင်းအပ်လက်ခံဖို့ ထိုင်းပညာရေးဝန်ကြီးဌာန ထပ်မံတိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, HTL School
ဓာတ်ပုံ ပုံစာ, မြန်မာရွှေ့ပြောင်းကလေးငယ်တွေအပါအဝင် စစ်ရှောင်နဲ့ အိုးအိမ်မဲ့ကလေးငယ်တွေပါ တက်ရောက် ပညာသင်ကြားနိုင်တဲ့ မဲဆောက်မြို့က ဆာသူးလေ အထက်တန်းကျောင်း စာသင်ခန်း ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ အထောက်ထားမရှိတဲ့ ကလေးတွေကိုလည်း ထိုင်းကျောင်းတွေကနေ ကျောင်း အပ်လက်ခံပေးဖို့ ပညာရေးဝန်ကြီးဌာနကနေ ဖေဖော်ဝါရီလအတွင်းမှာ ထပ်ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းအဆင့်မြင့်ပညာဦးစီးဌာနက အခုလို စာထုတ် အသိပေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မဲဆောက်က ဆာသူးလေ အထက်တန်းကျောင်းအုပ်ဆရာမကြီးက သူ့အမြင်ကို အခုလိုပြောပြပါတယ်။
‘‘ဆရာမက ပညာရေးဌာနနဲ့ စကားပြောတာကတော့ ထိုင်းကျေးရွာတွေက ကျောင်းတွေမှာဆိုရင် ထိုင်းကလေး စစ်စစ်က ကျောင်းမတက်ကြဘူး။ အခွင့်အလမ်းများတဲ့မြို့ကျောင်းကို သွားကြတာပေါ့နော်။ အခန်းတစ်ခုမှာဆိုရင် ၁၀ ဦး၊ အယောက် ၂၀ လောက်ပဲရှိတယ်။ အဲဒီတော့ ရှိသင့်တဲ့ ကျောင်းသား အင်္ဂါရပ် မပြည့်ဘူး။ မပြည့်ရင် အစိုးရဆီကရမယ့် ကျောင်းအသုံးစရိတ်မရတာ၊ ကျောင်းပိတ်ရတာတွေရှိလာနိုင်တော့ အဲဒီအတွက်ရယ်၊ နောက် မြန်မာပြည်တွင်းက စစ်ရေးအခြေအနေကြောင့် စစ်ရှောင်နဲ့ အိုးမဲ့အိမ်မဲ့တွေလည်း များလာတော့ ဒီကလေးတွေအတွက်ရယ်ကို ကြည့်ပြီး အခုလိုစာထုတ် အသိပေးတာလို့ ကျွန်မ ယူဆပါတယ်’’
တာ့ခ် ခရိုင်တစ်ခုတည်းမှာဆိုရင် မြို့နယ် ၆ ခုမှာ မြန်မာရွှေ့ပြောင်းကလေးငယ်တွေနဲ့ စစ်ရှောင်ကလေးငယ်တွေပညာသင်ကျောင်းနိုင်ရေးဖွင့်လှစ်ထားတဲ့ အစိုးရမဟုတ်တဲ့ကျောင်းပေါင်း ၆၆ ကျောင်းအထိ ရှိနေပါတယ်။
ဒီထုတ်ပြန်ချက်ဟာ မြန်မာရွှေ့ပြောင်း ကလေးတွေအတွက် ကောင်းတဲ့အရွေ့လို့ ရွှေ့ပြောင်းကလေးတွေ ရဲ့ပညာရေးအတွက်လုပ်ဆောင်ပေးနေတဲ့ Dear Burma Academy ရဲ့ကျောင်းအုပ် ဆရာဦးမြင့်ဝေက လည်း ပြောပါတယ်။
“ထိုင်းကျောင်းတွေက မြန်မာကလေးတွေကိုလက်မခံတာရှိခဲ့ဖူးတယ်။ မြန်မာကလေးတွေက ကျောင်းအပ်ချိန်မှာ အသက်ကြီးနေကျတော့ သူတို့ကလေးကိုအနိုင်ကျင့်နိုင်တယ်ဆိုပြီး ကျောင်းသားမိဘဘက်က ကန့်ကွက်ရင် မတက်ရတာတွေရှိတယ်။ ဒါပေမယ့်အခုလိုထပ်ထုတ်လာတော့ ကောင်းတဲ့ဘက် ကို ရောက်လာ တယ်လို့ပြော ရပါမယ်။ မိဘတွေအလုပ်သွားရင် ကလေးတွေကျောင်းပို့ထားလို့ရတော့အဆင်ပြေတာပေါ့။ကလေးတွေ လည်းစာတတ်တာပေါ့။”
ထိုင်း- မြန်မာနယ်စပ်တွေမှာ မြန်မာရွှေ့ပြောင်းကလေးတွေအတွက် အရပ်ဘက်အဖွဲ့စည်းတွေကဖွင့်ထားတဲ့ စာသင်ခန်းတွေရှိပေမယ့် နေရာနဲ့ရန်ပုံငွေအခက်ခဲကြောင့် အကန့်သတ်နဲ့သာလက်ခံနိုင်တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဒီကျောင်းတွေမှာ ကျောင်းအပ်တဲ့မြန်မာရွှေ့ပြောင်းကလေးက အာဏာ မသိမ်းခင်ကထပ် ၂ ဆမြင့်တက်သွားတယ်လို့ ရွှေ့ပြောင်းပညာရေးစင်တာတွေကနေသိရပါတယ်။
ထိုင်းနိုင်ငံရဲ့အားလုံးအကျုံးဝင် ပညာရေးအောက်မှာ ကလေးတိုင်းမှာ ထိုင်းနိုင်ငံသား ဟုတ်ဟုတ်မဟုတ်ဟုတ် အထောက်ထားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နိုင်ငံမဲ့ဖြစ်စေ ၁၅နှစ်တာ အခမဲ့ပညာရေးကို သင်ကြားနိုင်ခွင့် ရှိပါတယ်။
သင်္ကန်းညီနောင်စစ်ရှောင် ထောင်ချီ မြဝတီမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်

ဓာတ်ပုံ ရင်းမြစ်, KIC
ဓာတ်ပုံ ပုံစာ, မြဝတီက စာသင်ကျောင်းတစ်ကျောင်းမှာ တိမ်းရှောင်နေတဲ့ သင်္ကန်းညီနောင် စစ်ဘေးရှောင်တွေ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ကန်းညီနောင်က စစ်ကောင်စီတပ် အခြေစိုက်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ မြဝတီမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
‘’မြို့ထဲက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာနေရာချထားပေးပါတယ်။ သင်္ကန်းညီနောင် တစ်ရွာလုံး မြဝတီကို ပြေးလာကြပြီ။ မဲကနယ်ဘက်က လူတွေလည်းပါတယ်’’ လို့ မြို့ခံ ကူညီရေးအသင်းတစ်သင်းက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ သင်္ကန်းညီနောင်တိုက်ပွဲကြောင့် မြဝတီမြို့ထဲကို ပြေးလာကြတဲ့စစ်ရှောင် ၃,၀၀၀ နီးပါးခန့်ရှိတယ်လို့ ဖော်ပြနေပါတယ်။
သင်္ကန်းညီနောင်တိုက်ပွဲကြောင့် နယ်စပ်မှာ ထိုင်းစစ်တပ် လုံခြုံရေးမြှင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်တုန်းက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးနားမှာ လုံခြုံရေးစောင့်ကြည့်နေတဲ့ထိုင်းစစ်သားတစ်ဦး ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းဘက်ခြမ်းက နယ်စပ်လုံခြုံရေးကို အရင်ကထက် အထူးတင်းကြပ်နေပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ မြန်မာဘက်ခြမ်းနဲ့ နယ်စပ်ထိစပ်နေတဲ့ တာ့ခ်ခရိုင်ထဲက မြို့နယ်၅ခုဖြစ်တဲ့ မဲဆောက်၊ အုန်းဖန်၊ ဖုတ်ဖရ၊ မဲ့ရမတ်နဲ့ ထဆောင်ရမ်း နယ်စပ်ခြံစည်းရိုးတလျှောက် ကင်းလှည့်နေတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) အဖွဲ့ရဲ့ ဥက္ကဋ္ဌဦးမိုးကြိုးကပြောပါတယ်။
ထိုင်းဘုရင့်တပ်တော်အပါဝင် လက်နက်ကိုင်အဖွဲ့စုံက စောင့်ကြပ်နေတာလို့ သူကပြောပါတယ်။
“ဒီတစ်ခါက လူရော၊ တင့်ကားရော၊ရဟတ်ယာဉ်တွေရော၊ မြင်းတွေနဲ့ရော သောင်ရင်းမြစ်တစ်လျှောက်ကို စောင့်နေတာ။ အရင်က လဝကနဲ့နယ်ခြားစောင့်တပ်တွေမဟုတ်လို့ မြန်မာဘက်ကနေ ခိုးဝင်တာ လုပ်ရင် အခုချိန်မှာ အဖမ်းခံရဖို့ပဲများမယ်။ လိုအပ်ရင် ပစ်ခတ်ဖမ်းဆီးတာထိလုပ်ခွင့်ရထားတဲ့အဖွဲ့တွေမို့ အန္တရာယ်အပြည့်ပဲ”
မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်နဲ့ နယ်စပ်ထိစပ်နေတဲ့ထိုင်းဘက်ခြမ်းမှာ မြန်မာဘက်တိုက်ပွဲကြောင့် ဗုံးနဲ့လက်နက်ကြီးကျရောက်တာတွေရှိခဲ့ပြီး ထိခိုက်တာတွေရှိတာကြောင့် အခုလို လုံခြုံရေး တင်းကျပ်လာတာလည်း ဖြစ်ပါတယ်။
မြဝတီမြို့အနီးက သင်္ကန်းညီနောင်ကို စစ်တပ်လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, KIC
ဓာတ်ပုံ ပုံစာ, မတ်လ ၉ ရက်နေ့တုန်းကဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးကသင်္ကန်းညီနောင်ကျေးရွာအနီးကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်း၊ အမှတ် ၃၅၇ ခြေမြန်တပ်ရင်း၊ ကုန်သွယ်ရေးဇုန်နဲ့ အမှတ် ၂၇၅ ခြေမြန်တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ မဟာမိတ်ပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။
‘’မနေ့ကလည်း သူတို့လာ ၃ ကြိမ်ထက်မနည်း လေကြောင်းလာပစ်တယ်။ ဒီနေ့ မနက် အစောပိုင်း ၁ နာရီ ကျော်ကျော်မှာလည်း လေကြောင်းကနေ လာပစ်တယ်’’ လို့ မြေပြင် စစ်ရေးအခြေအနေသိရှိသူ က ဘီဘီစီကို ပြောပါတယ်။
မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၅၅၊ သင်္ကန်းညီနောင် ရဲစန်းတို့ကို တိုက်ခိုက်ခံခဲ့ရပြီး ခမရ ၃၅၆၊ ၃၅၇ နဲ့ စစ်ဗျူဟာစခန်းကုန်းတွေကို ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေချိန် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
