၁၂ တန်းသင်ရိုးသစ် စာမေးပွဲကို ကျောင်းသား အများအပြား အပြင်ဖြေဝင်ဖြေရဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
၁၀ တန်းမှာ အစိုးရစစ်ဖြေရတဲ့ ပညာရေးစနစ် အစား စနစ်သစ် ၁၂ တန်း အစိုးရစစ်ဖြေရမယ့် စာမေးပွဲကို စတင်တော့မယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်ခဲ့ပါတယ်။
ဒီစနစ်ဟာ အရင်စစ်ကောင်စီလက်ထက် ၁၀ တန်းဝင် မဖြေခဲ့တဲ့ ကျောင်းသားတွေအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ပြီးတော့ ဒီစာမေးပွဲ မဖြေခဲ့ရင် အဲဒီကျောင်းသားတွေဟာ မြန်မာ ပညာရေးစနစ် အပြင်ကို ရောက်သွားဖို့လည်းရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု တစိတ်တစ်ပိုင်းအနေနဲ့ အခြေခံပညာသင်ရိုးတွေကို သင်ရိုးစနစ်ဟောင်းကနေ သင်ရိုးစနစ်သစ်တွေကို အဆင့်လိုက်ပြောင်းလဲခဲ့ရာမှာ ဒီနှစ်မှာတော့ ၁၂ တန်းသင်ရိုးသစ်အထိ ရောက်ရှိပြီဖြစ်ပါတယ်။
မူကြို+ ၁၂ တန်း(KG+12) အခြေခံပညာရေးစနစ်ကို အပြည့်ပြောင်းလဲဖို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အတန်း လိုက် စတင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ၁၂ တန်း သင်ရိုးသစ်ကို စစ်ကောင်စီလက်အောက် နိုင်ငံပိုင် ကျောင်းတွေမှာ စတင်သင်ကြားနေတာပါ။
တဖက်မှာလည်း စစ်ကောင်စီဟာ သင်ရိုးသစ်မပြောင်းခင်မှာ အခုနှစ်စမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ သင်ရိုးအဟောင်းသင်ထားတဲ့ကျောင်းသားတွေအတွက် နောက်ဆုံးဖြေခွင့်ရှိတဲ့စာမေးပွဲလို့ ကြေညာပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ဒီစာမေးပွဲကို မဖြေခဲ့သူတွေဟာ လာမယ့် ၁၂ တန်း စနစ်သစ်စာမေးပွဲမှာ ပါဝင်ဖြေဆိုချင် တယ်ဆိုရင် အဲဒီစနစ်သစ်ကိုပဲ အပြင်မှာလေ့လာပြီး ဖြေကြားခွင့်ရှိမယ်လို့ စစ်ကောင်စီ ပညာရေးဌာနက အတိအလင်းပြောဆို ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီလက်အောက် တက္ကသိုလ်ဝင်တန်း ဝင်မဖြေတဲ့ကျောင်းသား သိန်းချီရှိ

ဓာတ်ပုံ ရင်းမြစ်, စာစစ်ဌာန
စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမွေးပွဲမှာ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား ၂ သိန်း ၈ သောင်းကျော် နဲ့ ၂၀၂၃ ခုနှစ်မှာ ဝင်ရောက်ဖြေဆိုကျောင်းသားအရေအတွက်ဟာ ၁ သိန်း ၆ သောင်းကျော်ရှိ ခဲ့ပါတယ်။
ဒါဟာ အရပ်သားအစိုးရလက်ထက် ကိုဗစ်ကပ်ဘေးကာလ ၂၀၂၀ ပြည့်နှစ်မှာ ဖြေဆိုခဲ့တဲ့တက္ကသိုလ်ဝင်တန်း ကျောင်းသား အရေအတွက် ၉ သိန်း ကျော်ထက် အဆမတန်နည်းပါးနေပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM) လုပ်ကြသူတွေထဲ အထက်တန်းကျောင်းသားတွေလည်း ပါဝင်တာကြောင့် စစ်ကောင်စီကျင်းပတဲ့ စာမေးပွဲတွေမှာ ပါဝင် ဖြေဆိုတာမရှိတဲ့ကျောင်းသားအရေအတွက်ဟာ ပျှမ်းပျ ၆ သိန်းကျော်အထိ ရှိနေပါတယ်။
စစ်ကောင်စီက နိုင်ငံပိုင်ကျောင်းတွေမှာ ၁၂ တန်းပညာရေးစနစ်သင်ထားသူတွေကိုပဲ လာမယ့်နှစ် စာမေးပွဲမှာဖြေဆိုခွင့်ပေးမယ်လို့ဆိုတာကြောင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း CDM အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်တဲ့ အထက်တန်း ကျောင်းသား ၆ သိန်းကျော်ဟာ စနစ်သစ်ကို အပြင်မှာ လေ့လာပြီး ဖြေဆိုရမယ့် အခြေအနေ ဖြစ်နေပါတယ်။
သင်ရိုးသစ်အရေး ကျောင်းသားဟောင်းတွေ ဘယ်လိုဖြေရှင်းနေကြလဲ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စနစ်ဟောင်းကျောင်းသားတွေ ကျောင်းတက်ခွင့်မရှိဘဲ သင်ရိုးသစ်ကို အပြင်ဖြေရမယ်လို့ ဆိုတာကြောင့် ကျေးလက်ဒေသတွေမှာတော့ ကျောင်းသားဟောင်းတွေ သင်ရိုးသစ်ကို သင်နိုင်ဖို့ ကိုယ့်နည်းကိုယ်ဟန် နဲ့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲက ချောင်ကျတဲ့ကျေးရွာအချို့မှာဆိုရင် ကျောင်းသားမိဘနဲ့ ရပ်ကျေးလူကြီးတွေ တိုင်ပင် ပြီး ကိုယ့်ကျေးရွာ စာသင်ကျောင်းမှာရှိတဲ့ အစိုးရကျောင်းဆရာဆရာမအချို့ကို သင်ရိုးအသစ်အတွက် အချိန်ပိုင်းသင် ကြားပေးဖို့ တောင်းဆိုပြီး စနစ်သစ် သင်ရိုးအရေးကို ဖြေရှင်းနေကြတယ်။
‘‘ပညာရေးအတွက်စိုးရိမ်တဲ့ မိဘအချို့က ရပ်ရွာလူကြီးတွေနဲ့တိုင်ပင်ပြီး အပြင်ဖြေရမယ်ကျောင်းသားတွေ အတွက်လုပ်ကြတာပေါ့။ လှိုင်သာယာထဲကနေရာအချို့မှာလည်း လာသင်ပေးဖို့ လာပြောတဲ့ကမ်းလှမ်းတာ တွေရှိတယ်’’လို့ လှိုင်သာယာမြို့နယ်ထဲက ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်းမှာ သင်နေတဲ့ ဆရာ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကျေးရွာအချို့မှာ ဝန်ထမ်း ဆရာ၊ ဆရာတွေကို ဒီလိုသင်ကြားပေးဖို့ မိဘတွေဘက်က တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ကျူရှင်နဲ့အချိန်ပိုကြေးယူပြီး စာမသင်ရဆိုတဲ့ကန့်သတ်ချက်နဲ့ သက်ဆိုင်ရာ ကျောင်းအုပ် ဘက်က ကန့်ကွက်တာမျိုးတော့ မကြုံရဘူးလို့ သိရပါတယ်။
‘‘အဓိကတော့ အပြင်ဖြေလို့ ပြောလာရင် အစိုးရကျောင်းတွေဘက်က အဲဒီအတွက် ကူညီပေးနိုင်တာမျိုး လည်းမရှိတော့ မကန့်ကွက်တဲ့သဘောပါပဲ’’လို့ မအူပင်မြို့နယ်ထဲက အထက်တန်းပြဆရာတစ်ဦးက ပြောပါတယ်။
စနစ်သစ်နဲ့ ကျောင်းတွင်း ကျောင်းသား ဆရာ အခက်အခဲ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
စစ်ကောင်စီပညာရေးဝန်ကြီးဌာနဟာ ဆရာဆရာမတွေကို အခုနှစ် ကျောင်းအပ်ကာလမတိုင်ခင် မေလ ဒုတိယသီတင်းပတ်မှာ အထက်တန်းပြဆရာဆရာမတွေကို သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်တွေမှာ ၁၀ ရက်နီးပါးကြာ သင်ကြားနည်းသင်တန်းပို့ချခဲ့ပါတယ်။
ဒါပေမဲ့ ၁၂ တန်းသင်ရိုးသစ်ဟာ ကျောင်းသားဗဟိုပြု သင်ကြားတာ၊ သင်ရိုးအဆင့်မြှင့်ထားတာ၊ သင်ထောက်ကူပစ္စည်းပိုအသုံးပြုရတာတွေကို အဓိက အခြေပြုထားတာကြောင့် လက်ရှိသင်ကြားရတဲ့ ဆရာတွေ အတွက် အခက်အခဲရှိတယ်လို့ အထက်တန်းပြ ဆရာဆရာမတွေက ပြောကြပါတယ်။
‘’တနှစ်လုံးစာ သင်ရမယ့် သင်ရိုးသစ်ကို တပတ်နီးပါးနဲ့အကုန်ပို့ချတာဆိုတော့ မလုံလောက်ပါဘူး။ ဘယ်လိုသင်ရမယ်ဆိုတော့ သဘောတရားတော့ ရသွားတာပေါ့လေ။ ဒါပေမဲ့ သင်ရိုးက ကျောင်းသား ၁၀ ယောက်၊ ဆရာ ၁ ယောက်နှုန်းပုံစံမျိုးနဲ့ ရေးဆွဲထားတဲ့အချိန်မှာ စာသင်ခန်း တစ်ခန်းမှာ အယောက် ၃၀၊ ၄၀ လောက်ကို ဆရာတစ်ယောက်တည်းက သင်ရတာ၊ အခန်းခွဲသင်ဖို့ စာသင်ခန်းမလုံလောက်တာ၊ သင်ထောက် ကူပစ္စည်း မပြည့်စုံတာတွေက သင်ရိုးအတိုင်း ကျောင်းသားကို အပြည့်အဝပြန်ပေးနိုင်ဖို့ ခက်ခဲတယ်’’လို့ မွန် ပြည်နယ်က အထက်တန်းပြ ဆရာမတစ်ဦးက ပြောပါတယ်။
အခုသင်ရိုးသစ်ဟာ တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်သင်ရိုးက စာအချို့ကို ထည့်သွင်းထားတာကြောင့် ကျောင်းသားအချို့အတွက် အခက်အခဲရှိနိုင်တယ်လို့လည်း ဆရာ ဆရာမတွေက ပြောပါတယ်။
‘’ စနစ်သစ်က ချိတ်ဆက်လာတာဖြစ်တဲ့အတွက် Grade 11 ပြီးလာတဲ့ကလေးက အခု Grade 12 အတွက် အဆင်ပြေတယ်။ ဒါပေမဲ့ အခုစနစ်သစ်မှာ ၉ တန်းဆိုတာမရှိတော့တဲ့အခါ ပြီးခဲ့တဲ့နှစ်က အလယ်တန်း နောက်ဆုံးနှစ် ၈ တန်းအောင်လာတဲ့ကလေးက စနစ်သစ် Grade 10 ၊ Grade 11၊ Grade 12 ထဲက Grade 10 ကို တက်ရတော့ သူ့အတွက် စာအချိတ်အဆက် မမိတဲ့အခက်အခဲရှိတယ်လို့ အဲဒီဆရာမကပဲ ရှင်းပြပါတယ်။
တဖက်မှာလည်း ဆရာ ဆရာမတွေဟာ ဝန်ထမ်းလိုအပ်ချက်ကြောင့် သက်ဆိုင်ရာအထူးပြု ဘာသာရပ်အပြင် အခြားဘာသာတွေကိုပါ သင်ကြားရတဲ့အခါ ကျောင်းသားကို စနစ်သစ် ပညာရေးကို အပြည့်အဝပေးဖို့ ခက်ခဲတယ်လို့လည်း သူက ပြောပါတယ်။
ကြားကာလပညာရေးနဲ့ သင်ရိုးသစ်

ဓာတ်ပုံ ရင်းမြစ်, NUG ပညာရေးဝန်ကြီးဌာန
စစ်အာဏာသိမ်းပြီးတဲ့နောက် CDM လုပ်ပြီး ကျောင်းမတက်ကြတဲ့ကျောင်းသူ ကျောင်းသားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ကြားကာလပညာရေးဖော်ဆောင်ခဲ့ပါတယ်။
အဲဒီအစီအစဥ်အောက်မှာ NUG ပညာရေးအသိအမှတ်ပြုအောက် ဖက်ဒရယ် အွန်လိုင်းစာသင်ကျောင်းတွေလည်းပေါ်ပေါက်လာပြီး အွန်လိုင်းသင်ကြားတာတွေရှိလာပါတယ်။
အဲဒီအွန်လိုင်း ဖက်ဒရယ်ကျောင်းတွေဟာ စနစ်သစ်သင်ရိုးတွေ မီငြမ်းပြီး သင်ကြားတဲ့ကျောင်း တွေဖြစ်ပါတယ်။
တချိန်တည်းမှာပဲ NUG ပညာရေးဌာနဟာ အခုနှစ်မှာ အခြေခံပညာပြီးမြောက်ကြောင်း အကဲဖြတ် စာမေးပွဲ (BECA) ဆိုပြီး စစ်ကောင်စီရဲ့တက္ကသိုလ်ဝင်တန်း စာမေးပွဲနဲ့အပြိုင် ကျင်းပခဲ့ပါတယ်။
‘’ BECA စာမေးပွဲကတော့ တော်လှန်ရေးမှာပါဝင်တဲ့ CDM ကျောင်းသားတွေ NUG ပညာရေးဝန်ကြီးဌာန အောက်က တက္ကသိုလ်တွေမှာ ဆက်ပြီး ပညာသင်ကြားဖို့ရည်ရွယ်ပါတယ်။ ကျောင်းသားတွေအတွက် ၁၀ စနစ်ဟောင်းစာမေးပွဲတွေ ဆက်ပြီး ပြုလုပ်သွားဖို့လည်းရှိပါတယ်။ CDM ကျောင်းသားတွေအတွက် အပြင် ဖြေရမယ့် ကျောင်းသားတွေအတွက် ၁၂ တန်း သင်ရိုးသစ်အတွက် သင်တန်းသီးခြားမရှိသေးပေမဲ့ ကျွန်တော် တို့ ဆရာများသမဂ္ဂတွေ၊ ဆရာဆရာများသပိတ်ကော်မတီတွေက ၁၂ တန်းသင်ရိုးသစ်သင်တန်း သီးခြား ပေါ်ဖို့ ကြိုးပမ်းနေပါတယ်’’ လို့ သင်္ကန်းကျွန်းဖက်ဒရယ်ကျောင်းအုပ်က ဘီဘီစီကို ပြောပါတယ်။
၂၀၁၉ ခုနှစ် အကြိုသန်းခေါင်စာရင်းတွေအရ အလယ်တန်းနဲ့ အထက်တန်း ကျောင်းအပ်နှုန်း တက်ခဲ့သလို မူလတန်းအဆင်ကျောင်းထွက်နှုန်းဟာလည်း ၁ ရာခိုင်နှုန်းအောက်ကို ရောက်ခဲ့ပါတယ်။
ဒါဟာ ပြောင်းလဲလိုက်တဲ့ KG+12 စနစ်သစ်ပညာရေးမှာ ကလေးတွေကိုအခြေပြုပြီး ကျောင်းစာမှာ ပိုစိတ်ဝင်စားအောင် တက်ကြွပျော်ရွှင်တဲ့သင်ကြားသင်ယူမှုတွေနဲ့လည်း သက်ဆိုင်တယ်လို့ မြန်မာ့ ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
ဒီလိုသုံးသပ်မှုတွေရှိပေမဲ့ အထက်တန်းမှာ သင်ရိုးသစ်မှာ ကျောင်းသူကျောင်းသားတိုင်းအတွက် မလွယ်သူသလို သင်ကြားတဲ့ ဆရာဆရာမတွေအတွက်လည်း အခက်ကြုံလာရနိုင်ချေတွေ ရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။








