အီရန်မှာ စစ်ပွဲနဲ့ စောင့်ကြည့်မှုတွေကြား ဘယ်လိုသတင်းယူသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images / Anadolu
- ရေးသားသူ, နိုးရှင်း ခါဗာဇာမင်
- ရာထူးတာဝန်, BBC Monitoring
- ဖတ်ရန်အချိန်: မိနစ် ၁၃
မြို့တော် တီဟီရန်မှာရှိတဲ့ အီရန် ရေဒီယိုနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (IRIB) အဆောက်အအုံရဲ့ အစိတ်အပိုင်းတချို့ကို အမေရိကန်-အစ္စရေး ပူးတွဲ လေကြောင်းတိုက်ခိုက်မှုတွေ ထိမှန်ခဲ့ပါတယ်။
အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေက အီရန်နိုင်ငံသားတွေအနေနဲ့ မြို့တော် တီဟီရန်မှာရှိတဲ့ အီဗင် အကျဉ်းထောင်နဲ့ တဝိုက်ကို ရှောင်ဖို့နဲ့ ဘေးမှာ ကပ်လျက်ရှိတဲ့ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန IRIB တည်ရှိရာနေရာတွေကို ရှောင်ရှားဖို့အပြင် ခိုလှုံရာနေရာ ရှာထားသူတွေအနေနဲ့လည်း နောက်ထပ် သတိပေးအကြောင်းကြားမှု မရမချင်း အဲဒီနေရာတွေမှာ ဆက်နေကြဖို့နဲ့ ဟာလာဟင်းလင်းနေရာတွေကို ရှောင်ကြဉ်ကြဖို့ မတ်လ ၂ ရက် တနင်္လာနေ့တုန်းက သတိပေးခဲ့ပါတယ်။
IRIB အဆောက်အအုံတဝိုက်အပြင် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အီဗင် အကျဉ်းထောင် နားတဝိုက်လည်း ပါဝင်ပါတယ်။ မနှစ်က အစ္စရေးတပ်ဖွဲ့တွေက အဲဒီထောင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာမှာ ဝန်ထမ်းတွေ၊ အကျဉ်းသားတွေနဲ့ ထောင်ကိုလာတွေ့တဲ့ မိသားစုဝင် အနည်းဆုံး လူအယောက် ၈၀ သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဆန္ဒပြမှုအတွင်း လူအမြောက်အမြား သေဆုံးခဲ့ရတဲ့ အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုကာလမှာ အီရန်နိုင်ငံကနေ ဆက်သတင်းပေးပို့နေခဲ့တဲ့ နိုင်ငံခြားသတင်းထောက် အနည်းအကျဉ်းထဲက တစ်ယောက်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ အများအပြားကို အဲဒီအကျဉ်းထောင် ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MAXAR
ဂျပန်နိုင်ငံပိုင် NHK သတင်းဌာနရဲ့ တီဟီရန် ရုံးခွဲမှူး ရှင်နိုစုကဲ ခါဝါရှီးမားဟာ ဇန်နဝါရီ ၂၀ ရက်နေ့တုန်းက အဖမ်းခံရပြီးနောက် အဲဒီထောင်ကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ပရာ့ဂ်အခြေစိုက် လွတ်မြောက်ရေး ရေဒီယို၊ လွတ်လပ်တဲ့ ဥရောပအသံ၊ လွတ်မြောက်ရေး ရေဒီယိုရဲ့ ပါရှန်းဘာသာစကား ကွန်ရက် ရေဒီယိုဖာဒါက သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
သူ့ကို ချုပ်နှောင်ထားမှုဟာ "လွတ်လပ်တဲ့ သတင်းရေးသားမှုကို ပိတ်ပင်ဖို့ အီရန်အာဏာပိုင်တွေရဲ့ တမင်သက်သက် ကြိုးပမ်းမှုကို ထင်ဟပ်စေပြီး သတင်းသမားတွေ ဆက်သတင်းမလိုက်ရဲအောင် ကြောက်ရွံ့သွားစေဖို့နဲ့ နှုတ်ဆိတ်သွားစေဖို့ ရည်ရွယ် ဖိအားပေးတာ " လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ပြောပါတယ်။
"အဲဒီလို လုပ်ရပ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ဆာပြန်ဖြတ်လာအောင် ဖိအားပေးပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နိုင်ငံထဲက နှင်ထုတ်ဖို့ ရည်ရွယ်တာဖြစ်တယ်" လို့ CPJ ဒေသဆိုင်ရာ ဒါရိုက်တာ ဆာရာ ကွဒါက ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အီရန်အစိုးရရဲ့ နှိမ်နင်းမှုအတွင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီးနောက် တစ်ပတ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ခံခဲ့ရပြီး ဒါဟာ သတင်းအချက်အလက် စီးဆင်းမှုကို ရပ်တန့်ဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။
ဒါဟာ အာဏာပိုင်တွေက သူတို့လိုချင်သလို ဖြစ်လာအောင် ပုံသွင်းဖို့ အရင်က အသုံးပြုခဲ့တဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။
ဒါပေမယ့် နယ်စပ်ဒေသတဝိုက်က အီရန်နိုင်ငံသား အများအပြားဟာ အိမ်နီးချင်းနိုင်ငံတွေက အင်တာနက် ချိတ်ဆက်မှုတွေကို အသုံးပြုပြီး ကမ္ဘာနဲ့ ဆက်သွယ်နိုင်ခဲ့ကြပါတယ်။
ဒါ့အပြင် အရေအတွက် အနည်းအကျဉ်းသာရှိတဲ့ စတားလင့်ခ် ဂြိုဟ်တုအင်တာနက်ကို လူထုက လက်လှမ်းမီ သုံးစွဲနိုင်ခဲ့ပါတယ်။ တကယ်တော့ စတားလင့်ခ် စက်ပစ္စည်း လက်ဝယ်ထားရှိတာဟာ အီရန်နိုင်ငံတွင်းမှာ တရားမဝင်ပါဘူး။
လန်ဒန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် စောင့်ကြည့်လေ့လာရေး ကုမ္ပဏီ Netblocks ရဲ့ ဖော်ပြချက်အရ အီရန်နိုင်ငံသားတွေဟာ ဒီနေ့အချိန်အခါမှာ အင်တာနက် ထပ်မံ ဖြတ်တောက်တာနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အင်တာနက် သုံးနိုင်တဲ့ ခေတ္တခဏ ပြတ်တောင်းပြတ်တောင်း အချိန်လေးတွေတော့ ရှိနေပုံရတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံမှာ အင်တာနက် မဖြတ်ထားတဲ့ အချိန်မှာတောင် လူမှုကွန်ရက် ပလက်ဖောင်းအားလုံးကို ပိတ်ထားပါတယ်။ အဲဒီကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့အတွက် လူတွေဟာ VPN တွေကို သုံးဖို့ လိုအပ်ပါတယ်။
လက်ရှိ အင်တာနက် ဖြတ်တောက်မှုဟာ အီရန်အခြေစိုက် လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေရဲ့လုပ်ဆောင်ချက်တွေကို သိသိသာသာ လျော့နည်းစေခဲ့ပေမယ့် အရာရှိတစု၊ စနစ်ကို ထောက်ခံတဲ့ သဘောထားတင်းမာသူတွေနဲ့ ပညာရှင်တချို့က ဆက်ပြီး ပို့စ်တင်တာတွေကို ပြုလုပ်နေကြဆဲဖြစ်ပါတယ်။
သူတို့ဟာ ခွင့်ပြုချက်ရထားတဲ့ အင်တာနက်လိုင်းတွေကို သုံးနေတာဖြစ်နိုင်သလို၊ အကန့်အသတ်မရှိ အင်တာနက် သုံးစွဲခွင့်ပေးထားတဲ့ "ဆင်းကတ်အဖြူ" (white Sim cards) တွေကို ရထားတာလည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဒီလိုအခွင့်ထူးရနိုင်တဲ့ ဆင်းကတ်ဖြူတွေကို တက္ကသိုလ် ပါမောက္ခတွေနဲ့ သုတေသီတွေအပြင် သတင်းသမားတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ တိကျတဲ့ သတင်းအချက်အလက်တွေကို ပေးပို့တာဟာ အရမ်းကို ထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်ပြီး နိုင်ငံအတွင်းမှာ သတင်းပေးပို့ တင်ဆက်မှုတွေဟာ အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ ချမှတ်ထားတဲ့ တရားဝင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိမှသာ လုပ်ကိုင်နိုင်တာမို့ တကယ့်ကို အန္တရာယ်ကြီးပါတယ်။
ပြည်တွင်း မီဒီယာအားလုံးဟာ အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိပြီး ခွင့်ပြုထားတဲ့ ဘောင်အတွင်းကနေ နည်းနည်းလေး သွေဖည်သွားတာတွေကိုတောင် သည်းခံမှာ မဟုတ်ပါဘူး။
အီရန်နိုင်ငံတွင်းကနေ ဘယ်နိုင်ငံခြား သတင်းဌာနတွေ ဆက်သတင်းတင်ဆက်ခွင့်ရနေသလဲ

ဓာတ်ပုံ ရင်းမြစ်, Islamic Republic of Iran Broadcasting via WANA via Reuters
အီရန်နိုင်ငံကနေ ဆက်လက်ထုတ်လွှင့်နေတဲ့ အဓိက အာရပ်ရုပ်မြင်သံကြားဌာနတွေ တော်တော်များများ ရှိပါတယ်။ အဲဒီအထဲမှာ အယ်လ်ဂျာဇီးရား၊ ဆော်ဒီအာရေးဗျနိုင်ငံအခြေစိုက် အယ်လ်အာရဗီယာ၊ ဘေရွတ်အခြေစိုက် တီဟီရန်လိုလားတဲ့ ချန်နယ် အယ်လ်မယာဒင်းနဲ့ ရုရှားနိုင်ငံအခြေစိုက် အာတီ အာရဗစ်တို့ ပါဝင် ပါတယ်။
အီရန်နိုင်ငံပိုင် အာရပ်ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားဌာန အယ်လ်အလမ်း ရုပ်သံသတင်းဌာနဟာ တီဟီရန်မြို့မှာ အခြေစိုက်ပါတယ်။
အဓိက တူရကီရုပ်သံလွှင့်ဌာန တော်တော်များများလည်း အီရန်နိုင်ငံထဲမှာ ဆက်ရှိနေပါတယ်။ အဲဒီအထဲမှာ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန တီအာတီ ဟာဘာ၊ အစိုးရလိုလားတဲ့ အေ ဟာဘာ၊ အဓိက ရုပ်သံ အင်န်တီဗီ ထုတ်လွှင့်ရေး သတင်းဌာနနဲ့ ရုရှားလိုလားတဲ့ အူလူဆယ် ခနဲလ် တို့ ပါဝင်ပါတယ်။ တူရကီသတင်းမီဒီယာကြီးတွေမှာ သတင်းဖော်ပြကြတာတွေဟာ ယေဘုယျအနေနဲ့ အီရန်နိုင်ငံက မငြိမ်မသက်မှုတွေအပေါ် တူရကီ အစိုးရအနေနဲ့ သတိထား ဆက်ဆံတဲ့ ရပ်တည်ချက်ကို ထပ်ဟပ်စေပါတယ်။
တဖက်မှာတော့ နိုင်ငံတကာ သတင်းအဖွဲ့အစည်းတော်တော်များများကို အီရန် နိုင်ငံတွင်းကနေ သတင်းပေးပို့တင်ဆက်မှု ပိတ်ပင်ထားတာ ဒါမှမဟုတ် ကန့်သတ်ချက်တွေ ပြင်းပြင်းထန်ထန် ချမှတ်ထားတာပါ။
နိုင်ငံထဲမှာ လုပ်ကိုင်ခွင့်ရှိတဲ့ ပြည်ပ မီဒီယာတွေဟာလည်း အာဏာပိုင်တွေရဲ့ ကန့်သတ်ထားတဲ့ "အနီရောင်စည်း" သတ်မှတ်ထားတဲ့ အကြောင်းအရာတွေကို မကြာခဏ ရှောင်ကြဉ်ကြရတာ ဒါမှမဟုတ် အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ရဲ့ အာဘော်နဲ့ အတိုက်အခံ မဖြစ်စေဖို့ သတိထားရပါတယ်။
အီရန်မှာ နိုင်ငံတကာ သတင်းထောက်တွေအတွက် စိန်ခေါ်မှုတွေက ဘာတွေလဲ။
အီရန်နိုင်ငံထဲကို မဝင်မီ နိုင်ငံတကာ သတင်းထောက်တွေဟာ ယဉ်ကျေးမှုနဲ့ အစ္စလာမ်မစ် လမ်းညွှန်မှု ဝန်ကြီးဌာန ဆီမှာ သတင်းထောက်ဗီဇာနဲ့ အသိအမှတ်ပြုလက်မှတ်ကို ယူရပါတယ်။ ခွင့်ပြုချက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး ပုံမှန်အားဖြင့် သတင်းရယူတင်ဆက်မယ့်ပုံ အသေးစိတ်ကို ကြိုတင်တင်ပြဖို့ လိုပါတယ်။ သတင်းထောက်တွေက ဒီအစီအစဉ်ကို တိတိကျကျ လိုက်နာရတာပါ။ သွေဖည်တယ်ဆိုရင် သတိပေးခံရတာ ၊ အသိအမှတ်ပြု လက်မှတ် ပြန်ရုပ်သိမ်းခံရတာ ဒါမဟုတ် ပြည်နှင်ဒဏ်ပေးခံရတာတို့ ကြုံတွေ့ နိုင်ပါတယ်။
အီရန်မှာ သတင်းသမားတွေ လှုပ်ရှားသွားလာခွင့်နဲ့ သတင်းဝင်ယူခွင့်ကို သေသေချာချာ စီမံခန့်ခွဲပါတယ်။ နိုင်ငံခြား သတင်းထောက်တွေ အနေနဲ့ အများအားဖြင့် အစိုးရက ခွင့်ပြုထားတဲ့ ဒေသခံ သတင်းထောက်၊ ဘာသာပြန်ပေးသူတွေနဲ့သာ အတူတွဲ အလုပ်လုပ်ကြရပြီး မြို့ကြီးတွေရဲ့ အပြင်ဘက်ကို အာဏာပိုင်တွေရဲ့ ကြိုတင်ခွင့်ပြုချက်မပါဘဲ ခရီးသွားလာတဲ့အပေါ် ကန့်သတ်ချက်တွေ အများအပြား ရှိနိုင်ပါတယ်။
အီရန်ရဲ့ စာနယ်ဇင်းနဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေတွေမှာ အမျိုးသားလုံခြုံရေး၊ ဥပဒေ စိုးမိုးရေး ဒါမှမဟုတ် အစ္စလာမ် ဘာသာရေးဆိုင်ရာ အခြေခံမူတွေကို ထိခိုက်စေတယ်လို့ ယူဆရတဲ့ အကြောင်းအရာတွေကို ပိတ်ပင်ထားတဲ့ ကျယ်ပြန့်တဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိပါတယ်။
ဒါတွေဟာ "နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ဝါဒဖြန့်မှု" လိုမျိုး စွဲချက်တင်တာတွေ လုပ်ဖို့ အရာရှိတွေကို လုပ်ပိုင်ခွင့် အများကြီး ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသတင်းဌာနတချို့ဟာ တီဟီရန်မှာ ရုံးခန်းတွေ ဖွင့်ထားကြပေမဲ့ လုပ်ကိုင်ရတဲ့ ပတ်ဝန်းကျင်ကတော့ ကန့်သတ်ချက်အတော်များပြီး နိုင်ငံရေးတင်းမာချိန်တွေမှာ ပိုတင်းကျပ်သွားတတ်ပါတယ်။
နိုင်ငံတကာ သတင်းထောက်တွေအတွက် စိန်ခေါ်မှုဘယ်အချိန်စခဲ့တာလဲ
၂၀၀၉ ခုနှစ်တုန်းက အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲအပြီးမှာ မာမွတ် အာမက်ဒီနေဂျက်ဒ်က မီယာဟိုစိန် မိုဆာဗီကို အနိုင်ရပြီလို့ ကြေညာခဲ့ရာကနေ အီရန်နိုင်ငံအနှံ့ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတုန်းက အာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်း တုံ့ပြန်ခဲ့ပြီး နိုင်ငံခြားမီဒီယာတွေအပေါ် ပြင်းထန်တဲ့ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
နိုင်ငံတကာသတင်းထောက်တွေကို ပြည်နှင်ဒဏ်ပေးတာ၊ ရုံးခန်းတွေ၊ ဟိုတယ်တွေထဲမှာ ပိတ်ထားတာ ဒါမှမဟုတ် ဆန္ဒပြပွဲတွေကို သတင်းယူခွင့် တားမြစ်တာတွေ လုပ်ခဲ့ပါတယ်။
သတင်းထောက်အနေနဲ့ ပြည်ဝင်ခွင့် ဗီဇာ ရယူဖို့ ဒါမှမဟုတ် သက်တမ်းတိုးဖို့ ပိုခက်ခဲလာပြီး အသိအမှတ်ပြုလက်မှတ် စည်းမျဉ်းတွေလည်း ပိုပြီး တင်းကျပ်လာခဲ့ပါတယ်။
အီရန်နိုင်ငံဟာ အရင်ကလည်း မီဒီယာကန့်သတ်ချက်တွေ ချမှတ်ခဲ့ဖူးပေမယ့် ၂၀၀၉ ခုနှစ်နောက်ပိုင်းကာလမှာ သတင်းသမားတွေ ဝင်ရောက်ခွင့်၊ လှုပ်ရှားသွားလာခွင့်နဲ့ နိုင်ငံရေးသတင်း ရေးသားမှုအပေါ် စဉ်ဆက်မပြတ် တင်းကျပ်လာတဲ့ အခြေအနေတွေက အခုထိ ဆက်ရှိနေပါတယ်။
၂၀၁၇-၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေအတွင်း ဆန္ဒပြမှုတွေနဲ့ ၂၀၂၂ ခုနှစ် မာဆာ အာမီနီ သေဆုံးမှု ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ အပါအဝင် နောက်ဆက်တွဲ ဆန္ဒပြလှိုင်းတွေ ကလည်း ကန့်သတ်ချက်သစ်တွေနဲ့ ယာယီပြည်နှင်ဒဏ်ပေးတဲ့ ဖြစ်ရပ်တွေကို ပေါက်ပေါက်စေခဲ့ပါတယ်။
ပြည်ပကနေ အီရန်သတင်းယူတဲ့ သတင်းထောက်တွေရဲ့ စိန်ခေါ်မှုက ဘာတွေလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံခြားကနေ သတင်းတင်ပြနေတဲ့ သတင်းထောက်တွေလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အီရန်အာဏာပိုင်တွေဟာ နိုင်ငံအတွင်းမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို နှောင့်ယှက်တာ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
အငြင်းပွားဖွယ် ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲ အပြီးမှာ ဘီဘီစီ ပါရှန်းရုပ်သံကို စတင်ထုတ်လွှင့်ကတည်းက ဝန်ထမ်းတွေဟာ ခြိမ်းခြောက်မှုတွေနဲ့ ဥပဒေကြောင်းအရ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကို ခံခဲ့ကြရပါတယ်။
အစ္စလာမ္မစ်သမ္မတနိုင်ငံကို ဝေဖန်လေ့ရှိတဲ့ လန်ဒန်အခြေစိုက် ပါရှန်းဘာသာစကား ရုပ်သံလိုင်း နှစ်ခုဖြစ်တဲ့ အီရန်နိုင်ငံတကာသတင်းဌာန နဲ့ မာနိုတို တို့ကို "အကြမ်းဖက်" သတင်းဌာနတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။
သူတို့ရဲ့ ဝန်ထမ်းတွေဟာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သတင်းထောက်တစ်ယောက် လန်ဒန်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ တစ်ကြိမ်မှာတော့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေကို ယူကေ ထောက်လှမ်းရေးက ကြားဖြတ်သိရှိခဲ့ပြီးနောက်မှာ သူတို့ရဲ့ ရုံးခန်းတွေကို ရဲလုံခြုံရေးနဲ့ ယာယီပိတ်ထားခဲ့ရပါတယ်။
နိုင်ငံတကာ သတင်းထောက်တွေကို ကန့်သတ်ချက် လျှော့ပေါ့ပေးဖူးသလား
အီရန်နိုင်ငံဟာ နိုင်ငံတော် အခမ်းအနားတွေ ကျင်းပတဲ့အခါ တင်းကျပ်တဲ့ အခြေအနေတွေအောက်မှာ နိုင်ငံခြားသတင်းထောက်တွေကို သတင်းဝင်ယူခွင့် ပေးလေ့ရှိပါတယ်။
အီရန် အစ္စလာမ္မဒ် ဂျမ်ဟူရီ ရုပ်သံလွှင့်ဌာန (IRIB) က တစ်ဆင့် ဆောင်ရွက်တဲ့ အခမ်းအနားတွေမှာ စနစ်တကျ ရွေးချယ်ထားတဲ့ သီးခြား လွတ်လပ်တဲ့ သတင်းထောက်တွေနဲ့ လူမှုကွန်ရက် မီဒီယာတွေ ပေါ်မှာ နာမည်ကြီးသူတွေကို လျှောက်ထားဖို့ ခွင့်ပြုထားပုံရပါတယ်။
ဥပမာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတုန်းက အီရန်မီဒီယာတွေက နိုင်ငံခြားသတင်းထောက်တွေနဲ့ ဓာတ်ပုံသတင်းထောက် အယောက် ၂၀၀ ကျော် အီရန်နိုင်ငံမှာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေး ၄၇ နှစ်မြောက် အခမ်းအနားကို သတင်းယူလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ဘီဘီစီရဲ့ အကြီးတန်း နိုင်ငံတကာ သတင်းထောက် လိစ် ဒူးဆက်လည်း တီဟီရန်မြို့ကနေ သတင်းပေးပို့ခဲ့သေးပေမယ့် သူပေးပို့တဲ့သတင်းတွေကို ဘီဘီစီသတင်း ပါရှန်းဘာသာစကားဌာနက အသုံးမပြုရဆိုတဲ့ ကန့်သတ်ချက်နဲ့ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်ပတ်လည်နေ့ မတိုင်ခင် IRIB နဲ့ ချိတ်ဆက်ထားတဲ့ မီဒီယာစင်တာတစ်ခုက နိုင်ငံခြားသတင်းထောက်တွေနဲ့ လူမှုကွန်ရက်ပေါ်မှာ ထင်ရှားနာမည်ကြီးသူတွေအတွက် တင်းတင်းကျပ်ကျပ် သတင်းယူခွင့် ထိန်းချုပ်ထားတဲ့ မီဒီယာခရီးစဉ်တစ်ခုကို စီစဉ်ပေးခဲ့ပါတယ်။
အစိုးရလိုလားတဲ့ ဆန္ဒပြပွဲတွေ လမ်းမတွေပေါ် ပြည့်နှက်နေချိန်မှာ အဲဒီသတင်းအဖွဲ့ကို အီရန်နိုင်ငံဆီခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ဖိတ်ကြားခံရသူတွေကို နှစ်ပတ်လည်ချီတက်ပွဲ၊ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ အာကာသနဲ့ ဒုံးကျည်ပြပွဲ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မငြိမ်မသက်မှုတွေမှာ ပျက်စီးခဲ့တဲ့ နေရာတချို့ဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။ သူတို့ရဲ့ သတင်း ဗီဒီယိုတွေနဲ့ အွန်လိုင်းပေါ် တင်ထားတဲ့ သတင်းပေးပို့ချက်တွေဟာ အစိုးရသတင်းတွေမှာ ဖော်ပြချက်တွေနဲ့ အများအားဖြင့် ဆင်တူဖြစ်နေပါတယ်။
ဖိတ်ကြားခံရသူတွေထဲမှာ အမေရိကန် မီဒီယာ တက်ကြွလှုပ်ရှားသူ ပက်ထရစ် ဟန်နင်ဆင်၊ ပါကစ္စတန်-ဗြိတိန် ရေးရာ ဝေဖန်သုံးသပ်သူ ဘူရှရာ ရှိတ်ခ်ျနဲ့ အမေရိကန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကာလာ ဝေါ့လ်ရှ်တို့ ပါဝင်ပါတယ်။
လူတွေကြား ကျယ်ကျယ်ပြန့်ပြန့် မျှဝေကြတဲ့ ဗီဒီယိုတစ်ခုမှာ ဘူရှရာ ရှိတ်ခ်ျဟာ အများသုံး လမ်းမတစ်ခုပေါ်မှာ ခေါင်းခြုံမပါဘဲ ပေါ်လာပြီး အနောက်တိုင်းမီဒီယာတွေက အီရန်နိုင်ငံက အမျိုးသမီးတွေရဲ့ လွတ်လပ်မှုကို လွဲမှားစွာ ဖော်ပြနေတာလို့ အကြံပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဒုံးကျည်ပြပွဲ တက်ရောက်တဲ့ ရုပ်သံဖိုင်တွေမှာတော့ သူဟာ ခေါင်းဆောင်းပုဝါ ခြုံထားတာကို တွေ့ရပါတယ်။
အချုပ်ဆိုရရင် နိုင်ငံခြားရုပ်သံလွှင့်ဌာနတွေဟာ အီရန်နိုင်ငံတွင်းကနေ သတင်းယူနိုင်ကြပြီး အမှန်တကယ်လည်း သတင်းယူနေကြပေမယ့် အစိုးရက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ အတိုင်းသာ လုပ်ခွင့်ရှိတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေက သူတို့ ရရှိတဲ့ ဝင်ရောက်ခွင့်နဲ့ သူတို့ တင်ပြနိုင်တဲ့ သတင်းတွေအပေါ်မှာ ဆက်လက် လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။







