စစ်တပ်ကိုဖိအားပေးတဲ့ လိုင်ဇာအနီးက KIA ဖော်တဲ့တိုက်ပွဲတွေ

KIA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ၁၀ မိုင်ခန့်အကွာက မြစ်ကြီးနား - ဗန်းမော် ကားလမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ် (KIO/KIA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မတ်လ ၇ ရက် မနက် ၆ နာရီဝန်းကျင်ကစပြီး တစ်ချိန်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ထုတ်ဖော်ပြောလိုက်ပါတယ်။

စစ်ကောင်စီဘက်ကလည်း စခန်းကုန်းတွေကိုလက်မလွှတ်ရရေး လေကြောင်းနဲ့တိုက်ခိုက်တာ အထိုင်စခန်းတွေကနေပစ်ခတ်တာလုပ်ခဲ့တယ်လို့ မြေပြင်စစ်ရေးရင်းမြစ်တွေကပြောပါတယ်။

လူမှုကွန်ရက်မှာတော့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် ကချင်မှာ KIA ဘက်က "၀၃၀၇စစ်ဆင်ရေး" အမည် နဲ့ ကချင်ပြည်နယ်မှာ စစ်‌ရေးဖော်ဆောင်နေတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

ဒါအပြင် ကချင်ဘာသာနဲ့အောင်ပွဲလို့အဓိပ္ပာယ်ရတဲ့ Awng Dang နဲ့တွဲပြီးဖော်ပြနေတာရှိပေမဲ့ ဒီလိုစစ်ဆင်ရေးနာမည်ပေးထားတာမရှိဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူငြင်းဆိုပါတယ်။

'' လိုင်ဇာဌာနချုပ်အနီးနဲ့ မြစ်ကြီးနားဗန်းမော်ကားလမ်းတစ်လျှောက် ထိုးစစ်စတင်တာက စစ်ကောင်စီကို စစ်ရေးအရ အနားမပေးဘဲ​ဖိအားပေးတဲ့ သဘောနဲ့ လုပ်ဆောင်တာပါ'' လို့ ဗိုလ်မှူးကြီးနော်ဘူက တုံ့ပြန်ပါတယ်။

ဒီနေ့မနက် စခန်းသိမ်းတိုက်ပွဲတွေအတွင်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းမိတဲ့လက်နက်ခဲယမ်းအချို့ဆိုပြီး လူမှုကွန်ရက်အကောင့်တွေမှာ ကချင်ဘာသာစကားနဲ့ရေးသားဖော်ပြနေ

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, စခန်းသိမ်းတိုက်ပွဲတွေအတွင်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းမိတဲ့လက်နက်ခဲယမ်းအချို့

လက်ရှိမှာတော့ KIA က လိုင်ဇာမြို့အနောက်ဘက် ၁၀ မိုင်ဝန်းကျင်မှာရှိတဲ့ “ခါရာစခန်းကုန်း”အနီးနားက စစ်တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ခါရာတောင် စခန်းကုန်း”ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်နီးပါးတုန်းက KIA လက်ထဲကနေ စစ်တပ်က သိမ်းယူထားတဲ့ စခန်းကုန်းတစ်ခုဖြစ်ပါတယ်။

လိုင်ဇာဌာနချုပ်အနီး ရဟတ်ယာဥ်ဆင်းသက်နိုင်တဲ့ စစ်ကောင်စီရဲ့ နွမ်လန့်၊ ကုန်းလော စတဲ့ဗျူဟာကုန်းတွေလည်းရှိနေပြီး အဲဒီဗျူဟာကုန်းတွေကို ဆက်ပြီးတိုက်ခိုက်နေတယ်လို့သိရပါတယ်။

ဒါအပြင် ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်ရဲ့ အရေးပါတဲ့ ရွှေညောင်ပင် တပ်စခန်းဗျူဟာကုန်းအပါအဝင် ကျန်တဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း တစ်ပြိုင်တည်း တိုက်ခိုက်နေတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးအရ သိရပါတယ်။

တဖက်မှာလည်း မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၄၃၇ နဲ့ ဗန်းမော် - မိုးမောက်မြို့ကြားက ၁၇ မိုင် တာဆိုင်း စစ်တပ်စခန်းကို KIA/PDF ပူးပေါင်းတပ်တွေက တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေတာလို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF ဘက်က ဘီဘီစီကိုပြောပါတယ်။

ကချင်ပြည်နယ်အတွင်း မတ်လ ၇ ရက် မနက်ပိုင်းက စတင်ဖြစ်ပွားတဲ့ မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းတစ်လျှောက်က တိုက်ပွဲတွေအပြင် ဖားကန့်မြို့ တာမခန်ရွာ၊ ဗန်းမော်မြို့၊ မိုးမောက်၊ ဒေ့ါဖုန်းယန်နဲ့ ဝိုင်းမော် စတဲ့နေရာတော်တော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ KIA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

KIA က စစ်တပ်စခန်း ဘယ်နှစ်ခုသိမ်းထားနိုင်လဲ။

ဖားကန့်က တာမခန်ကျေးရွာမီးရှို့ခံရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Kachin News Group

ဓာတ်ပုံ ပုံစာ, ဖားကန့်က တာမခန်ကျေးရွာမီးရှို့ခံရတဲ့မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

KIA ဌာနချုပ် လိုင်ဇာမြို့နဲ့ ၁၀ မိုင်ဝန်းကျင်သာကွာဝေးတဲ့ ခါရာတောင်စစ်တပ်စခန်း အနီးနားက စခန်းငယ်တွေကိုမတ်လ ၇ ရက်ထိုးစစ်စတဲ့နေ့မှာပဲ သိမ်းထားနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

မြေပြင်သတင်းတွေအရတော့ KIA က စစ်တပ်ရဲ့ကာကင်းစခန်း ၅ ခုထက်မနည်းကိုသိမ်းပိုက်ထားတယ်လို့ဆိုပါတယ်။

ဝိုင်းမော်မြို့၊ ကဇူးယန်ကျေးရွာအရှေ့ဘက် တရုတ်နယ်စပ်မျဉ်းအနီးက စစ်ကောင်စီတပ်စခန်းရဲ့ ဆမားဗျူဟာကုန်းကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၅ ရက်ကတည်းက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီကနေ မတ်လပထမပတ်အတွင်း KIA က ဖားကန့်မြို့နယ်ထဲက ဝှေခါရဲစခန်း၊ မံစီမြို့နယ်ထဲက စီခမ်းကြီးကျေးရွာစစ်တပ်စခန်း အပါအဝင် မဂျီဂုန်စစ်တပ်ဗျူဟာစခန်းကို KIA/PDF အဖွဲ့တွေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

မဂျီဂုန်စခန်းဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ခလရ တပ်ရင်း ၃ ခုနဲ့ ခမရ တပ်ရင်း ၁ ခု စုစုပေါင်းတပ်ရင်း ၄ ရင်းစုပေါင်းတပ်စွဲထားတဲ့ ဗျူဟာမြောက်စခန်းဖြစ်ပြီး KIA/KPDF ပူးပေါင်းတပ်တွေက မတ်လ ၃ ရက် က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး နော်ဘူကတော့ မဂျီဂုန်စခန်းကိုသိမ်းပိုက်ရရှိတာဟာ KIA တွက် စစ်ရေးအရ အကျိုးမြတ်အကြီးတစ်ခုဖြစ်ပြီး စိုးမိုးနယ်မြေပိုပြီးကျယ်ပြန့်လာပြီလို့ ‌‌‌ဒေသတွင်းမီဒီယာတွေကိုဖြေဆိုထားပါတယ်။

မဂျီဂုန် ဗျူဟာစခန်းသိမ်းပြီးနောက် စစ်ကောင်စီတပ်ဘက်က လေ‌ကြောင်းကနေတိုက်ခိုက်တာတွေရှိတယ်လို့ KIA က ဘီဘီစီကိုပြောသလို မံစီမြို့ထဲမှာလည်း စစ်တပ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်နေတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြို့၊ တာမခန်ကျေးရွာမှာ တစ်ခုတည်းကျန်ရှိတော့တဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီလက်နက်ကိုင်တပ် (SNA) တို့ ပူးပေါင်းအထိုင်တပ်စခန်းကုန်းကို KIA/PDF တပ်ဖွဲ့တွေက ၁၀ ရက်ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

စခန်းကုန်းမကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ PDF သတင်းရင်းမြစ်က အတည်ပြုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံတွေသေဆုံး

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ဒေသခံနေအိမ်

ဓာတ်ပုံ ရင်းမြစ်, Kachin News Group

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ဒေသခံနေအိမ်

လိုင်ဇာမြို့အနီး၊ ဝိုင်းမော်မြို့နယ်ထဲက ဝေကြိုင်ရပ်ကွက်ထဲကိုလည်း မတ်လ ၇ ရက်မနက်ပိုင်းက ဒေသခံတစ်ဦး နေအိမ်ပေါ်ကို မနက်ပိုင်းမှာပဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

“အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ‌ယောက်သေတယ်၊ ကလေးတစ်ယောက်လည်းသေတယ်” လို့ သူကပြောပါတယ်။

သေဆုံးတဲ့အထဲ ကလေးငယ်ကတော့ ဦးခေါင်းဟက်တက်ကွဲတဲ့ဒဏ်ရာနဲ့ သေဆုံးသွားသလို အမျိုးသမီး ၁ ဦးကတော့ ခါးအောက်ပိုင်းပွင့်ထွက်နေတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကို ဘီဘီစီကရရှိတဲ့ရုပ်သံဖိုင်မှာတွေ့ရပါတယ်။

KIA ဘက်ကတော့ ဝေကြိုင်ရပ်ကွက်ထဲကို ကျတဲ့လက်နက်ကြီးကြောင့် ဒေသခံတွေ ထိခိုက်မှုရှိတယ်လို့ သိရကြောင်းဖြေဆိုခဲ့ပြီး စစ်ကောင်စီတပ်စွဲထားတဲ့ နာဖော့တောင်တပ်စခန်းဘက်က ပစ်လိုက်တာလို့ ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ရွှေ‌ညောင်ပင်မြို့အပြင် လိုင်ဇာမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ မြေပြင်မှာရှိတဲ့ ‌ဒေသခံတွေကဆိုပါတယ်။

ဒူးလေပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းသေဆုံးတယ်လို့ ထွက်ပေါ်နေ

သေဆုံးသူ ဦးရွှေမင်းအလောင်းဆိုပြီး ထွက်ပေါ်လာ

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, သေဆုံးသူ ဦးရွှေမင်းအလောင်းဆိုပြီး ထွက်ပေါ်လာ

ကေအိုင်အေ ထိုးစစ်ဆင်တယ်လို့ပြောတဲ့ မတ်လ ၇ ရက် တစ်ရက်တည်းမှာပဲ KIA နဲ့ တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ‌သေဆုံးသွားတယ်လို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေပါတီ) ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမင်းဟာ ဝိုင်းမော်၊ ရွှေညောင်ပင်တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ PDF ဘက်က ဘီဘီစီကို အတည်ပြုပါတယ်။

ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဦးရွှေမင်းမိသားစုဝင်တွေကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံးတာလို့သိရပြီး ဘီဘီစီကိုပေးပို့လာတဲ့ ရုပ်သံဖိုင်ထဲမှာ ဒဏ်ရာအများအပြားနဲ့သေဆုံးနေတဲ့ ပြည်သူ့စစ်ဝတ်စုံနဲ့ ဦးရွှေမင်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က တောလမ်းထဲကနေဆွဲထုတ်လာပြီး ရုပ်အလောင်းကို စစ်ဆေးနေတာတွေ့ရသလို အဲဒီမနီးမဝေးကားလမ်းပေါ်မှာလည်း ဖိုးဝှီးကားတစ်စီးမီးလောင်ထားတာကိုတွေ့ရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကရရှိတဲ့သတင်းအရ ဒီကနေ့မနက်ပိုင်းက KIA/PDF ပူးပေါင်းတပ်တွေရဲ့ ဝိုင်းမော်မြို့နယ်နဲ့လိုင်ဇာတဝိုက်ကစစ်တပ်စခန်း‌တွေကို ထိုးစစ်ဆင်တဲ့ ဝိုင်းမော်၊ရွှေညောင်ပင်တိုက်ပွဲမှာသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း မြစ်ကြီးနားမှာရှိတဲ့ ဦးရွှေမင်းရဲ့ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါအပြင် လီဆူလူမျိုးတွေ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ဝိုင်းမော်မြို့နယ်မှာ လူသစ် စုဆောင်းတာတွေ လုပ်နေတယ်ဆိုပြီးလည်း ဒေသခံတွေကအစောပိုင်းမှာ ပြစ်တင်ဝေဖန်ထားတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ နိုဝင်ဘာလမှာ လီဆူ(ဒူးလေး)ပါတီ ဥက္ကဋ္ဌဖြစ်တဲ့သူဟာ စစ်ကောင်စီလက်အောက် လီဆူပြည်သူ့စစ်အဖွဲ့ကို ဝိုင်းမော်မြို့မှာ ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီနဲ့ပူး‌ပေါင်းကာ ‌ကေအိုင်အေနဲ့ပူးပေါင်းတပ်တွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီကချီးမြှင့်တဲ့ သီရိပျံချီဘွဲ့ကိုရထားတဲ့ ဦးရွှေမင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရထားတဲ့သူလည်းဖြစ်ပါတယ်။

မြောက်ပိုင်းအပစ်ရပ်တာနဲ့ ကချင်၊ လိုင်ဇာကတိုက်ပွဲတွေ ဆက်စပ်သလား

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော််ဘူ

ဓာတ်ပုံ ရင်းမြစ်, NMG

ဓာတ်ပုံ ပုံစာ, KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော််ဘူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြား “ဟိုင်ဂင်” အပစ်ရပ်သဘောတူညီချက်ကို ဇန်နဝါရီလထဲမှာ လက်မှတ်ရေးထိုးပြီးနောက် တစ်လတည်းမှာပဲ ကချင်ပြည်နယ်မှာ တိုက်ပွဲသံတွေ ညံလာပြီး မတ်လ ၇ ရက်မှာတော့ စစ်ကောင်စီတပ်စခန်းတွေကို တစ်ချိန်တည်း ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီးနော်ဘူကတော့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီးစစ်ရေးဗျူဟာဖော်ဆောင်တာမျိုးမဟုတ်ဘဲ KIA အနေနဲ့ ကိုယ်ပိုင်ဗျူဟာနဲ့ သာတိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ ပြောပါတယ်။

“ ဒါနဲ့ပတ်သက်မှု မရှိပါဘူး၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ အစီအစဉ်နဲ့အတူ လုပ်တာရှိပါတယ်။ သူတို့နဲ့ ချိန်ကိုက်ပြီး လုပ်တာမျိုး မဟုတ်ပါဘူး။ မူအားဖြင့် ပူးပေါင်းပြီးလုပ်တာတော့ရှိပါတယ်။ ဒါပေမဲ့ သူတို့နဲ့ လက်တွေ့ပူးပေါင်းတာမျိုး မရှိပါဘူး။”