စစ်ကောင်စီဖိတ်ခေါ်ချက်ကို တော်လှန်ရေးအင်အားစုတွေ တုံ့ပြန်သံ

ဓာတ်ပုံ ရင်းမြစ်, AFP
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ပါ ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်အပေါ် တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားကို ဘီဘီစီက ဆက်သွယ်မေးကြည့်ခဲ့ပါတယ်။
မြန်မာနိုင်ငံအခြေအနေ၊ ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေ နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) လူပုဂ္ဂိုလ်တွေရဲ့ ဆန္ဒတွေကြောင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းတာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီကိုပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ် KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကတော့ “ခေါ်ပုံခေါ်နည်း နည်းနည်းများလိုနေ သလား... လို့ပါ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စ်စာမျက်နှာပေါ်မှာ စစ်ကောင်စီထုတ်ပြန်ချက်အပြီး နာရီပိုင်းအတွင်း ရေးသားဖော်ပြခဲ့ပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမှာမဟုတ်ပဲ စစ်မှန်တဲ့ဖယ်ဒရယ်စနစ် ဖြစ်ပေါ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ကရင်နီပြည်အတွင်း မတရားလုပ်ဆောင်တာတွေကို တားမြစ်သွားမယ်လို့ ကရင်နီ ပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၂၈ ရက်မှာ တုံ့ပြန်လိုက်ပါတယ်။
စက်တင်ဘာလဆန်းမှာပဲ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခဲ့တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်း အရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ အမြင်ကို ဘီဘီစီကို မေးမြန်းစုစည်းတင်ဆက်ထားပါတယ်။
စစ်တပ်နိုင်ငံရေးကထွက်မှ ဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, BBC/ KNU
ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး KNU ၊ ပြောရေးဆိုခွင့်ရှိသူ) - ကျွန်တော်တို့မှာ ဘုံနိုင်ငံရေးရည်မှန်းချက်တွေရှိထားပြီးသားလေ၊ အဲဒီအပေါ်မှာ ဆက်လက်ရပ်တည်နေတာဖြစ်တယ်။ ကျွန်တော်တို့ သဘောတူစာချုပ်တွေဘယ်လောက်ပဲ လက်မှတ်ရေးထိုးပါစေ နောက်ဆုံး ကျ ဖောက်ဖျက်ပြီးတော့ အာဏာသိမ်းတာနဲ့ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာပဲလေ။ ကတိမတည်၊ သိက္ခာ မရှိသူနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အရင်တုန်းကလို ဘယ်တော့မှမလုပ်ဘူး။
တစ်အချက်က စစ်တပ်က နိုင်ငံရေးကထွက်၊ နောက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးခံယူ အရပ်သား အုပ်ချုပ်မှုအောက်မှာနေရမယ်။ ဒါကိုသူလက်ခံရမှာက တစ်အချက်ပဲ။
ဒုတိယအချက်က ဒီအခြေအနေ ဒီကာလမှာ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်သူမှ မလေးစားတော့တာပါ။ ကျွန်တော်တို့က ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက် တကယ့်ကိုလိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံကို ရေးဆွဲရမယ်၊ အဲဒါကိုသူလက်ခံမလား။
နံပါတ်သုံးကတော့ နေ့စဉ်နဲ့အမျှ လူထုတွေအပေါ်မှာ ရက်ရက် စက်စက် ကြမ်းကြုတ်စွာနဲ့ သတ်ဖြတ်ညှဉ်းဆဲ မီးလောင်တိုက်သွင်းနေတဲ့ ရာဇဝတ်မှု အကြီးအငယ် အကုန်ကို တာဝန်ခံရမယ်။ အဲဒီအချက်တွေကို တကယ်ဝန်ခံပြီဆိုရင်တော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေး ပွဲ ညှိစရာရှိတာ ညှိမယ်။ ဒီအချက်တွေကို လက်မခံရင်တော့ တွေ့ဆုံဆွေးနွေးပွဲကို ပြောစရာကိုမလိုတာ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။
ကျွန်တော်ပြောသွားတဲ့ ဘုံနိုင်ငံရေးရပ်တည်ချက် အချက်သုံးချက်က NUG အပါအဝင် အတူတူ ၂၀၂၄ ခုနှစ် နှစ်ဆန်းကတည်းက ထုတ်ပြန်ကြေညာထားတာလေ။ အဲဒါကို ဟိုလူကိုထားခဲ့၊ ဒီလူကိုခေါ်ခဲ့ ဆိုပြီး ခွဲခြား ဆက်ဆံနေမယ်ဆိုရင် ကျွန်တော်တို့ဘယ်လိုမှ အလုပ်ဆက်လုပ်ဖို့ မပြေဘူးဗျ။
လက်နက်စွန့်ပါ ရွေးကောက်ပွဲဝင်ပါဆိုတာက ကျွန်မတို့ဘက်ကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ

ဓာတ်ပုံ ရင်းမြစ်, BBC/ TNLA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လွေးယေဦး (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ၊ ပြန်ကြားရေးတာဝန်ခံ) - ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ ပြောနိုင်တဲ့ နံပါတ် (၁) အချက်က စစ်ကောင်စီဟာ အဖက်ဖက်က ယိုယွင်းပြီး ရှုံးနိမ့်နေတယ်လို့မြင်တယ်။
ပြီးတော့ နိုင်ငံရေးပဲဖြစ်ဖြစ် ၊ စစ်ရေးပဲဖြစ်ဖြစ် စစ်ကောင်စီမှာ ထိန်းချုပ်နိုင်တဲ့ နေရာတွေ နည်းလာတယ်။ လက်ရှိကတော့ ရှေ့တန်းမှာရောက်နေတဲ့ သူတို့ရဲ့ ရဲဘော်တွေ ရော၊ နိုင်ငံရေးမှာပါဝင်နေတဲ့သူတွေလည်းရှိတယ်။ စိတ်ဓာတ်စစ်ဆင်ရေးပြန်လည်မြှင့်တင်နိုင်ဖို့အတွက် နိုင်ငံရေးကစားကွက်တစ်ခုလို့ပဲ မြင်ပါတယ်။
စစ်ကောင်စီက ကျွန်မတို့ကို လက်နက်စွန့်ပါ၊ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပြီးတော့မှ ရွေးကောက်ပွဲဝင်ပါဆိုတာက ကျွန်မတို့ဘက်ကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ။
စစ်ကောင်စီက အတင်းအဓမ္မအာဏာသိမ်းပြီးတော့ တိုင်းပြည်ကို ယိုယွင်းပျက်စီးအောင် လုပ်နေတာဖြစ်တယ်။ လက်နက်ကြီးတွေသုံးပြီးမှ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်။
နောက်တခုက ကျွန်မတို့ကို အကြမ်းဖက်ကြေညာပြီး ဒီလိုမျိုးတိုက်ခိုက်နေပြီး အခုလိုမျိုး ငြိမ်းချမ်းရေးလုပ်ဖို့ခေါ်တာက ကျွန်မတို့ကို သူ့ဆီလာပြီး ဒူးထောက်တောင်းပန်သလိုမျိုးကို အဲဒါတွေကို ကျွန်မတို့ လက်ခံနေစရာမရှိဘူး။
အကြမ်းဖက်နဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ပါဘူး။
မြောက်ပိုင်းမဟာမိတ်အဖွဲ့အပြင် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကတော့ နိုင်ငံရေးကိုဦးဆောင်နေတဲ့ အပိုင်းဖြစ်တယ်ပေါ့နော်။ သို့ပေမဲ့ လက်ရှိကတော့ ဘယ်အဖွဲ့ကမှ သဘောထားပေးထားတာမတွေ့ရ သေးဘူး။
ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်ဆိုတာက အတုအယောင်ကမ်းလှမ်းချက်သာဖြစ်တယ်

ဓာတ်ပုံ ရင်းမြစ်, BBC / NUG
ဦးကျော်ဇော (အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ) - စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တော့ ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်ဆိုတာက အတုအယောင်ကမ်းလှမ်းချက်သာဖြစ်တယ်။
စစ်ကောင်စီ ဟာ ဘယ်တုန်းကမှ စစ်မှန်တဲ့ရည်ရွယ်ချက်မရှိဘူး။ လှည့်ဖျားဖို့ရယ်၊ လူကြားကောင်းအောင်ရယ်၊ နိုင်ငံတကာကိုလည်း သူတို့အပေါ်ကောင်းအောင်မြင်ဖို့အတွက် လှည့်စားတဲ့ ထုတ်ပြန်ချက်တခုသာ ဖြစ်တယ်။
အဓိကကတော့ သူတို့တွေ တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်ဖို့ မလွယ်တော့ဘူး၊ ရှုံးနေတယ်ဆိုတာကို စပြီးသိလာတယ်။ ရှုံးနေတာကို လက်မခံနိုင်သေးဘဲ လှည့်ဖျားပြီးတော့ အင်အားတွေ ကွဲပြားသွားအောင်လို့ ကြိုးစားဖို့မာယာသုံးတဲ့ နည်းလမ်းတခုသာဖြစ်တယ်။
တော်လှန်ရေးအင်အားစု တွေကတော့ စစ်ကောင်စီရဲ့ လှည့်ဖျားမှုတွေကို နားလည်ထားပြီ၊ ကျွန်တော်တို့ တိုက်ပွဲဝင်နေတာဟာ စနစ်ပြောင်းဖို့အတွက် ၊ အကြမ်းဖက်အာဏာရှင်စစ်ဝါဒီစနစ်ကနေ အားလုံးတန်းတူညီမျှ အခွင့်အရေး အရ ကိုယ်ပိုင်လွတ်လပ်ခွင့် ၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ရအောင် ပိုပြီး သံဓိဌာန် ချပြီး တော်လှန်ရေးအောင်မြင်အောင်လုပ်မှာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ တကယ်သာစစ်မှန်တဲ့စိတ်ဆန္ဒရှိတယ်ဆိုရင် အကြမ်းဖက်တာတွေကို ချက်ချင်းရပ်တန့်ပြီးတော့ နိုင်ငံရေးမှာသူတို့လုံးဝမပါဝင်တဲ့ ဆုံးဖြတ်ချက် တခု သူတို့ချဖို့လိုအပ်တယ်။
စစ်တပ်ဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းရမှာဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေး မှာ ဝင်ရှုပ်နေလို့ ပြည်သူပြည်သားတွေဟာ ဒုက္ခပင်လယ်ဝေနေတာကို ရပ်တန်းက ရပ်ဖို့ ကျွန်တော်တို့ တိုက်ပွဲ ဝင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / AFP
ဒေါ်ဇင်မာအောင် (အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီး)- အမှန်တကယ်တော့ ဒီစာက ဘယ်သူ့အပေါ်ကိုမှ သက်ရောက်မှုမရှိဘူးလို့ ပြောချင်တယ်။ သူ့အကျိုးစီးပွား အပေါ်မှာပဲသက်ရောက်တယ်လို့ မြင်တယ်။
ဘာလို့လဲဆိုတော့ နှစ်ပိုင်းမြင်ရတယ်။ နိုင်ငံရေးကို နိုင်ငံရေး နည်းအရပြောတယ်ဆိုပေမဲ့ တဖက်မှာတော့ လက်နက်စွန့်ပါ၊ ရွေးကောက်ပွဲဝင်ပါလို့ပြောတာပဲ။ ငါပြောတဲ့ အတိုင်းလိုက်လုပ်ဆိုတာက နိုင်ငံရေး ကို နိုင်ငံရေးနည်းအရဖြေရှင်းတာမဟုတ်ဘူးလေ။
ဆိုတော့ အဲ့စာထဲ မှာကို အနှစ်သာရအားဖြင့် ဆန့်ကျင်ဘက်ဖြစ်နေတာကို တွေ့ရတယ်။ နိုင်ငံရေးကမ်းလှမ်းမှုလည်းမဟုတ်ဘူး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးလိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒကြောင့်ဖြစ်ပေါ်လာတဲ့ ကမ်းလှမ်းမှုလည်း မဟုတ်ပါဘူး။ သူ့အကျိုးစီးပွားကို သူကာကွယ်ဖို့အတွက် ရွေးကောက်ပွဲလုပ်မယ် ပါတီထောင်ပါ လက်နက်စွန့်ပါလို့ ပြောတာနဲ့အတူတူပါပဲ။
ဒီကြေညာချက်ကို ကျွန်မတို့သေချာအဓိပ္ပာယ်ဖွင့်ဆိုဖို့လိုတယ်။ တကယ်တော့ ဒီကြေညာချက်က နိုင်ငံရေး ဆွေးနွေးဖို့ ပြောတာမဟုတ်ပါဘူး။ Political Dialogue ခေါ်တာမဟုတ်ဘူး၊ လက်နက်စွန့်ဖို့ ရွေးကောက်ပွဲဝင် ဖို့ ပြောတာပဲဖြစ်တယ်။
တဖက်မှာ သူပြောတာပါတယ် တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ ပျက်စီးဆုံးရှုံးမှုတွေပေါ့။ ပျက်စီးဆုံးရှုံးမှုတွေဆိုရင် နိုင်ငံရေးကို နိုင်ငံရေးနဲ့ဖြေရှင်းဖို့ဆိုတာ ကျွန်မတို့ တော်လှန်ရေးအင်အားစုတွေက ပစ်ပယ်ခဲ့တဲ့ နည်းနာမဟုတ်ပါဘူး။
အခုချိန်ထိတော်လှန်ရေးအင်အားစုတွေကြားထဲမှာ ဒီပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပုံမှန်ဆွေးနွေးညှိနှိုင်းတာတွေ၊ ငြင်းခုန်တာတွေကျွန်မတို့ဘက်မှာ ရှိတယ်။ ဒါကြောင့်မလို့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ဆိုရင် ဘယ်လိုအခြေခံတွေရှိရမလဲဆိုတာ ကျွန်မတို့ ရှိပြီးသားဖြစ်တယ်။
Principal အရ ကျွန်မတို့ဟာ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ပစ်ပယ်ထားတာ မဟုတ်ဘူး။ ပထမဆုံးစစ်တပ်နိုင်ငံရေးက ထွက်သွားဖို့လိုတယ်။ အနည်းဆုံးဒါကို သဘောတူရလိမ့်မယ်။ ပြီးရင် ဖွဲ့စည်းအခြေခံဥပဒေသစ်ရေးရလိမ့်မယ်။
မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာဟာ ဘယ်မှာရှိနေလဲဆိုတာ ကျွန်မတို့ကောင်းကောင်းသိတယ်။ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒီမိုကရေစီစနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံအသစ်ရေး ပြီးလို့ရှိရင် တိုင်းပြည်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြောဆိုဖို့အတွက် တရားမျှတမှုပြန်လည်ဖော်ဆောင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြီးတော့ အာမခံလိုက်ဒါဆို ပြီးသွားပြီပေါ့နော်။
ရှင်းရှင်းလေးပဲ ကျွန်မတို့မှာ အဖြေရှိပြီးသား ရွေးကောက်ပွဲဝင်ပါ၊ မဝင်ပါတွေပြောစရာမလိုဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုရင် ခုန က ပြောတဲ့အချက်သုံးချက်တော့ နားလည်သဘောပေါက်ရလိမ့်မယ်လို့ မြင်တယ်။

ဓာတ်ပုံ ရင်းမြစ်, U Maung Maung Swe
ဦးမောင်မောင်ဆွေ (NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်) - K3C NUG အနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဘုံသဘောထားရပ်တည်ချက်ကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
အဲဒီမှာ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုကို အဆုံးသတ်ဖို့၊ စစ်တပ်ဟာ အရပ်သားအစိုးရ ရဲ့ အုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားဖို့၊ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက်ကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံစေဖို့ စတဲ့ အချက်တွေ တိတိပပ ပါရှိပြီးဖြစ်ပါတယ်။
မဟာမိတ်တော်လှန်ရေးအင်အားစု တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ဒီဘုံသဘောထား ရပ်တည်ချက် အတိုင်းပဲ ကျွန်တော်တို့ဆက်လက်ပြီး ရပ်တည်ဆောင်ရွက်နေတယ်ဆိုတာကို ပြောချင်ပါတယ်။
စစ်ကောင်စီ အနေနဲ့ အခုချိန်မှာမှ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ထုတ်ဖော်ပြောကြားလာတာဟာ လိမ်ညာခြင်းသက်သက် သာ ဖြစ်ပါလိမ့်မယ်။
အဖက်ဖက်က ကျဆုံးနေတဲ့စစ်ကောင်စီအနေနဲ့ နိုင်ငံတကာနဲ့သူတို့ကို ထောက်ခံသူ တွေကို ဝါဒဖြန့်ရုံသက်သက်ပဲဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။
စစ်ကောင်စီအနေနဲ့ အခုလို ကြေညာ ခြင်းဟာ လုံးဝထွက်ပေါက်ပိတ်နေလို့၊ ထွက်ပေါက်ရှာတဲ့ သဘောဖြစ်တယ်။
မဆွေးနွေးဘူးဆိုတဲ့ PDF တပ်ဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, BBC/ BPLA
ကိုဆောင်းခ (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ ကွပ်ကဲရေးမှူး)- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်းမရှိဘူး၊ ငြိမ်းချမ်းရေးလည်း မရှိဘူးဆိုတာ အားလုံးနားလည်ခဲ့ပါပြီ။ ဟစ်တလာနဲ့လည်း ငြိမ်းချမ်းရေးစကားပြောစရာမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, BBC/ MDY - PDF
၁၉၆၂ ခုနှစ်မှာလည်း စစ်အာဏာရှင်ဖြစ်တဲ့ ဗိုလ်နေဝင်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆိုပြီးတော့မှ တော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ်ပြီး ရန်ကုန်မှာ နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုပြီး ကျင်းပခဲ့တယ်ပေါ့နော်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲက အတုအယောင်ပဲဖြစ်ပြီး အကြမ်းဖက်မှုကို ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုဘက်က ဝန်ချတောင်းပန်တာလည်းမရှိသလို တော်လှန်ရေးအင်အားစုတွေကိုပဲ တဖက်သတ် ဖိအားပေးပြီး လက်နက်စွန့်ခိုင်းခဲ့တဲ့သာဓကတွေလည်းရှိခဲ့ဖူးပြီးပြီ။
၁၉၈၈ အရေးတော်ပုံ ကာလမှာဆိုလည်း သမ္မတဖြစ်တဲ့ ဒေါက်တာမောင်မောင်ကနေမှ ဖြစ်သမျှတွေ သင်ပုန်းချေပြီး အားလုံးတပျော်တပါးနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို အုတ်မြစ်ချရအောင်လို့ ဖိတ်ခေါ်ခဲ့တယ်။
ပြီးတော့လည်း ကျောင်းသားလူငယ်တွေရော ပြည်သူလူထုတွေကိုရော ပေတရာလမ်းမပေါ်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပဲလေ။ နောက် ၉၀ ခုနှစ်တုန်းကလည်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး စောမောင်ကနေမှ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကိုပြန်မယ်ဆိုပြီး ကြွေးကြော်ခဲ့ပေမဲ့ ရွေးကောက်ပွဲရလာဒ်ရပြီးတဲ့ နောက်မှာလည်း သူတို့အနေနဲ့ တိုင်းပြည်ရဲ့ အာဏာကိုဆက်ပြီးတော့ ကိုင်စွဲထားခဲ့တယ်။
အစဉ်အဆက်သော စစ်အာဏာရှင်တွေပေးခဲ့တဲ့ ကတိကဝတ်တွေနဲ့ ငြိမ်းချမ်းရေးစကားတွေက အတုအယောင်ပဲဆိုတာ သမိုင်းက သက်သေပြခဲ့ပြီဖြစ်တယ်။
လက်ရှိမှာဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၊ နိုင်ငံရေးဆွေးနွေးပွဲလို့ ပြောနေပေမဲ့ တဖက်မှာတော့ ပြည်သူလူထုကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေတာ၊ နောက်ပြီး တော့ ကျေးရွာတွေကို မီးရှို့နေတာ၊ စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတာရပ်တန့်သွားခြင်းမရှိဘူး။
ဒီလိုမျိုး အကြမ်းဖက်မှုတွေကို နေ့စဉ်ရက်ဆက်ကျူးလွန်နေတဲ့ စစ်တပ်ကနေပြီး ကမကထလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဘယ်လိုမှ ယုံကြည်စရာမရှိတဲ့ အလိမ်အညာစကားဝိုင်းတခုပဲဖြစ်ပါ တယ်။ အဲဒီက ကတော့ သူတို့ရဲ့ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ရာအတွက် ခဏတာ အသုံးပြုတဲ့ အလိမ်အညာဆေးမြီးတိုတခုပဲဖြစ်ပါတယ်။
တကယ်သာ တိုင်းပြည်အပေါ် စေတနာရှိတယ်ဆိုရင် စစ်တပ်က နိုင်ငံရေးကနေ အပြီးအပိုင်ထွက်ရမယ့် အပြင် စစ်တပ်က တောက်လျှောက်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက်ကို တရားမျှတမှုကို ခံယူရမယ်။ ဒီလိုခံယူနိုင်တယ်ဆိုရင် စကားဝိုင်းဆွေးနွေးပွဲဆိုတာ ဖြစ်လာပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/ 96 soldiers
ကိုဇေယျာလွင် (96 soldiers – PDF၊ တာဝန်ခံ) - ကျွန်တော်တို့ တဖွဲ့ထဲမှမဟုတ်ဘူး၊ အခြားသော PDF အဖွဲ့တွေအနေနဲ့လည်း သူတို့ထုတ်ပြန်ချက်တွေအပေါ် မှာ ထူးခြားစွာနဲ့ တုံ့ပြန်မှာမဟုတ်ဘူးလို့ယူဆရတယ်။
ကျွန်တော်တို့ကလည်း လုပ်နေကျ တော်လှန်ရေး လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ဖို့အတွက်ကို ဆက်သွားမှာဖြစ်တယ်။
PDF ဆိုတဲ့စကားလုံးပါပေမဲ့ NUG မပါဘူး။ PDF ဆိုတဲ့စကားလုံးရှေ့မှာတောင် အကြမ်းဖက်လို့သုံးနှုန်းထား သေးတာပဲဗျ။ တိုင်းပြည်မှာရှိနေတဲ့ ပဋိပက္ခတွေကို ကုန်ဆုံးချင်လို့ ကမ်းလှမ်းမှုမျိုးထက် သူ့ရဲ့ ထွက်ပေါက် ကို ကျွန်တော်တို့ လိုက်ပါစေချင်တဲ့အတွက် ကမ်းလှမ်းချက်မျိုးလို့ထင်တယ်။ NUG ကို ဖိတ်ခေါ်တယ် မဖြစ်အောင် NUG စကားလုံးကို ရှောင်တယ်လို့ မြင်တာပါပဲ။
ဒီကမ်းလှမ်းမှုက အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး။ သူ့အနေနဲ့ နိုင်ငံရေးအရလမ်းဖွင့်ထားပါတယ်ဆိုတာ ကို သူပြစေချင်တဲ့အတွက်ကြောင့် သူပြချင်တဲ့ အဖွဲ့အစည်းတွေ၊ ဘက်တွေရှိမှာပေါ့ဗျ တရုတ်ပဲဖြစ်ဖြစ်ပေါ့။
ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတကာအရေးမှာလည်း အပြောင်းအလဲတွေ့ရတယ်။ တရုတ်ကို စာထုတ် တိုင်တဲ့သဘောတွေ့ရတာတွေ၊ သူပြချင်တဲ့ဘက်ကိုပြဖို့အတွက် ကမ်းလှမ်းမှုသက်သက်သာဖြစ်တယ်။ သေချာတယ်သူတို့ကတော့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲမဖြစ်ဖြစ်အောင် လုပ်မှာပဲ၊ သူတို့လုပ်မယ့် ထွက်ပေါက် ဆံချည်တမျှင် မျှသော ထွက်ပေါက်အတွက် အကောင်းဆုံးပြင်ဆင်နေတယ်လို့ ထင်တယ်။
ဆွေးနွေးပွဲတွေရှိလာနိုင်မလားက ဒီနေရာကနေ တထစ်ချပြောဖို့ခက်ပါတယ်။ သေချာတာက ကျွန်တော်တို့ PDF တွေအနေနဲ့ ကတော့ ကျွန်တော်တို့အဖွဲ့ရော အခြားအဖွဲ့ပဲဖြစ်ဖြစ် သူတို့နဲ့ဆွေးနွေးမယ့် အခြေအနေ ကတော့ တော်တော်လေး မဖြစ်လာနိုင်တဲ့ အခြေအနေပါပဲ။

ဓာတ်ပုံ ရင်းမြစ်, BBC/ CDSOM
ကိုနွေဦး (စစ်ကိုင်းတိုင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး နဲ့ လုံခြုံရေးအဖွဲ့ CDSOM - တာဝန်ခံ) - ဘုံရန်သူက သူတို့ဖြစ်နေတယ်။ NUG နဲ့ PDF က မတူဘူးဆိုရင်တောင်မှ အဆင်မပြေမှုတွေ အများကြီး မရှိဘူး။ NUG ဆိုတာလည်း PDF တွေကို စောင့်ရှောက်ပံ့ပိုးမှုတွေနဲ့ ဘုံရန်သူကို အတူ တွန်းလှန်နေကြ တာပေါ့။
တသားတည်းတထပ်တည်းရှိနေတယ်။ သူတို့ဘာသာသူတို့ ဘယ်လိုနာမ်စားသုံးပြီး သွေးခွဲပါစေ၊ သွေးကွဲသွားမယ့်ကိစ္စတော့ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်ဗျ။
PDF တွေနဲ့ စကားပြောဖို့ဆိုပြီး ဖိတ်ခေါ်ထားတယ်ပေါ့နော်။ PDF ဆိုတာမှာ အမျိုးမျိုး အစုံစုံ ရှိတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲမှာတင် PDF ဆိုတဲ့ နာမည်တခုထဲအောက်မှာ တဖွဲ့ထဲ ရှိကြတာမဟုတ်ဘူး။ ဘယ်အဖွဲ့တွေကို ဘယ်လိုကိုယ်စားပြုပုံစံနဲ့ စကားပြောမှာလဲဆိုတာရှိတယ်။ အဲဒီ PDF တွေကရော စကားပြောမှာလား။
ပြောဖို့အကြောင်းကတော့ သိပ်ရှိမှာမဟုတ်ဘူးဗျ။ ပုံမှန်အားဖြင့် သူတို့ညှိနှိုင်းဖို့ ကမ်းလှမ်းတယ်ဆိုရင်တောင်မှ NUG ဆိုတဲ့ နာမည်ကိုသုံးပြီးတော့ NUG ကပဲ အားလုံးကို ကိုယ်စားပြုပြီး တော့ စကားပြောရမယ့်ကိစ္စမျိုးပေါ့။
အဲဒီလိုမဟုတ်နေတဲ့အတွက် အဆင်ပြေနိုင်မှာမဟုတ်ဘူး။ စစ်ကောင်စီ ရှိနေလို့သာ ဒါမျိုးတွေဖြစ်နေတဲ့အတွက် ဒီစစ်ကောင်စီအသက်ဆက်ရှင်မယ့်နည်းလမ်းကိုတော့ ဘယ် PDF မှ ရွေးချယ်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။
ကျွန်တော်တို့ဖြစ်စေချင်တာရှင်းတယ်၊ ပြည်သူ့အစိုးရကိုပဲ အစိုးရဖြစ်စေချင်တယ်။ စစ်ကောင်စီပါဝင်မှုက နိုင်ငံရေးမှာရော ကဏ္ဍတော်တော်များများမှာ စစ်တပ်ရဲ့ပါဝင်မှုများပြီး ထင်တိုင်းကြဲနေတာတွေ လုံးဝ ကင်းစင်သွားရမယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / SAF
ကိုမင်းဟန်ထက် (ကျောင်းသားလက်ရုံးတပ်တော် SAF - ဗဟိုကော်မတီဝင်) - စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းမယ်လို့ဆိုတာက ကြားထဲမှာရှိနေတဲ့အဖွဲ့ အစည်းတွေကို ဖိတ်ခေါ်ချင်တာလို့ပဲ မြင်တယ်။
တကယ်တမ်း တော်လှန်ရေးမှာ ရပ်တည်ချက်ခိုင်ခိုင်မာမာ နဲ့ တိုက်နေကြတဲ့ ၊ ပြီးတော့ တော်လှန်ရေးလုပ်နေကြတဲ့ အဖွဲ့အစည်းတွေကို သူဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖိတ်ခေါ်လို့မရဘူးဆိုတာ သူကိုယ်တိုင်လည်း သိတယ်။ အဲဒါကြောင့် ဟိုဘက်လည်း မရောက်၊ ဒီဘက်လည်း မရောက်တဲ့ ကြားအဖွဲ့အစည်းတွေ။
တချို့တွေက တော်လှန်ရေးအဖွဲ့အစည်းနာမည်ခံထားတာဖြစ်ဖြစ် လူမျိုးစုနာမည်ခံထားတဲ့ အဖွဲ့အစည်းတွေကို ရည်ရွယ်တယ်လို့ မြင်တယ်။
ဆိုလိုချင်တာက လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာရှိတယ်၊ နိုင်ငံရေးပါတီတွေထဲမှာရှိတယ်၊ အခြားသော နိုင်ငံရေးအင်အားစုတွေကြားထဲ မှာလည်းရှိတယ်။ ကြားထဲမှာရောက်နေတဲ့ အဖွဲ့အစည်းတွေကို တဖက်တည်းမှာ ဆွဲစုချင်တဲ့အတွက် ဒီစကားကို သူပြောတယ်လို့ ကျွန်တော်တို့မြင်တယ်။
ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် ကျွန်တော့်အမြင်အရ ချိန်ခွင်လျှာက တဖက်မှာသိသိသာသာအလေးပိုနေမှ ဆွေး နွေးလို့ရမယ်။ ဆိုပါစို့ဗျာ တော်လှန်ရေးဘက်က အင်အားအသာစီးကြီးကြီးမားမားရပြီး စစ်ကောင်စီဘက်က လုံးဝရှုံးနိမ့်ရတော့မယ့် အခြေအနေမျိုးရောက်တဲ့အခါကျရင်တော့ စစ်ကောင်စီကနေ တော်လှန်ရေး အင်အားစုတွေကို အောက်ကနေလာဆွေးနွေးရတယ်ဆိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။
ကျွန်တော်တို့တွေဟာ အောင်မြင်မှုကြီးကြီးမားမားရနေဆဲပေါ့။ အခုနကပြောသလို ချိန်ခွင်လျှာတဖက် စောင်းတဲ့အခြေအနေအထိတော့ ကျွန်တော်တို့အောင်မြင်မှုမရနေသေးဘူး။
နိုင်ငံတကာက တိုက်တွန်းသလို စစ်ကောင်စီက ဖိတ်ခေါ်ရုံနဲ့ ကျွန်တော်တို့တော်လှန်ရေးအခင်းအကျင်းအပြောင်းအလဲတခုက ဖြစ်နိုင်မယ် လို့ မထင်ဘူး။
ဒါပေမဲ့ စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်း တော်လှန်ရေးအင်အား စုဘက်က ချိန်ခွင်လျှာအလေးသာပြီဆိုရင်တော့ ပုံစံတမျိုးနဲ့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့။









