တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေမတက်တဲ့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) အပါအဝင် လက်နက်ကိုင် ၁၀ ဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စီစဉ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။
မေလ ၉ ရက် ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က တက်မတက် အကြောင်းပြန်ရမယ့် နောက်ဆုံးရက်ဖြစ်ပြီး ၁၀ ဖွဲ့ ပဲ တက်မယ်လို့ အကြောင်းပြန်ထားတာပါ။
အဲဒီအဖွဲ့ ၁၀ ဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ၇ ဖွဲ့ နဲ့ မထိုးထားတဲ့အဖွဲ့တွေထဲက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နဲ့ မိုင်းလားအဖွဲ့(NDAA) တို့ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ တပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကိုမဖိတ်လို့ ပါဝင်သင့်သူတွေမပါတဲ့ အခင်းအကျင်းလို့ ဝေဖန်မှုတွေ ရှိခဲ့တာပါ။
ခုတော့ တပ်နဲ့ တင်းမာနေတဲ့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့တွေ ပါမလာလို့ ငြိမ်းချမ်းပြီးသားအဖွဲ့တွေနဲ့ပဲ ဆွေးနွေးကြမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ပဲ ဆိုရတော့မှာပါ။
ဘယ်အဖွဲ့တွေတက်မလဲ
အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တက်ရောက်ဖို့ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, THET AUNG
အပစ်ရပ်အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကျောင်းသားတပ်(ABSDF)တို့ကတော့ ဒီဆွေးနွေးပွဲကို မတက်ဘူးလို့ အစောပိုင်း ကတည်းက အတည်ပြုထားပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဆွေးနွေးပွဲတက်ဖို့ အဖွဲ့တွင်းမှာ ဆွေးနွေးညှိနှိုင်းဆဲ တိုင်းရင်းသားလက်နက်ကိုင်တချို့က အချိန်ခဏစောင့်ပေးဖို့ ပြောထားတာရှိတဲ့အကြောင်း ပြောပါတယ်။
စစ်ကောင်စီဟာ NCA လမ်းကြောင်းပေါ်မှာရှိနေတဲ့ အပစ်ရပ်ထားတဲ့အဖွဲ့တွေကိုတောင် ငြိမ်းချမ်းရေးစားပွဲဝိုင်းကို စုံအောင်မခေါ်နိုင်ခဲ့တာပါ။
NCA မထိုးထားတဲ့အဖွဲ့ထဲက UWSA လို အင်အားကြီးတပ်ဖွဲ့လာမယ် ဆိုပေမယ့်လို့ ဝ တပ်ဖွဲ့နဲ့ မိုင်းလား အဖွဲ့ဟာ စစ်တပ်နဲ့ အပစ်ရပ်ထားတာ နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။
SSPP တက်တာကလည်း RCSS နဲ့ စစ်ကောင်စီပေါင်းပြီး သူတို့ကို တိုက်လာမှာစိုးလို့ ချိန်ခွင်လျှာညှိတဲ့သဘောလို့ ရှမ်းနိုင်ငံရေးလေ့လာသူတွေကပြောပါတယ်။
နေပြည်တော်ကို မလာချင်ကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီဘက်ကတော့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော မထိုးထားတဲ့အဖွဲ့တွေကိုရော ဖိတ်ကြားခဲ့တာပါ။
စစ်ကောင်စီကတော့ ဆွေးနွေးပွဲလာမယ့် အဖွဲ့တွေအတွက် လုံခြုံရေးကိုလည်းအာမခံပြီး ပြည်တွင်းက ဘယ်နေရာကိုမဆို လေယာဉ်နဲ့လာကြိုမယ်လို့ ပြောခဲ့တာပါ။
ဒါပေမဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ လည်း မတက်ဘူးလို့ အစော ပိုင်းကထဲက ထုတ်ပြောထားပါတယ်။
ဒါ့အပြင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းပလောင်အဖွဲ့(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်(MNDAA) တို့ကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မတက် နောက်ဆုံးရက်အထိ အကြောင်းမပြန်ခဲ့ပါဘူး။
ဒါကြောင့် စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်(ကယား)နဲ့ သံလွင်မြစ်အရှေ့ခြမ်းက တိုက်ပွဲတွေအတွက် နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မယ့်အခြေအနေမရှိတော့တာပါ။
တစ်နှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာလည်း AA နဲ့ စစ်ကောင်စီကြား ပြန်လည်တင်းမာနေပါ တယ်။
ဘာကြောင့်မလာချင်ကြသလဲ
စစ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်လာခဲ့တဲ့ KIA နဲ့ KNU တို့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ ပါဝင်သင့်သူတွေ မပါဝင်ဘဲ ကန့်သတ်ဖိတ်ကြားမှု သဘောဆောင်တယ် လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။
KNU၊KNPP နဲ့ CNF တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီကို အပစ်ရပ်ပေးဖို့နဲ့ ပါဝင်သင့်သူတွေပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲကို ဖော်ဆောင်ဖို့ တောင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
စစ်ကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ဖိတ်ကြားခဲ့ပေမယ့်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ရနိုင်မယ်မထင်လို့ နေပြည်တော်ကို မသွားကြတာလို့ တိုင်းရင်းသားအရေးလေ့လာသူတွေက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်တပ်အကြောင်း ကောင်းကောင်းသိနေတဲ့ KIA နဲ့ KNU က စစ်တပ်ကို မယုံတာ မဆန်းဘူးလို့ ဆိုပါတယ်။
''တပ်ကလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဆိုတာက မြောက်ပိုင်းမှာ ကချင်နဲ့ငြိမ်းချမ်းရေးဆွေးနွေးနေပြီဆိုရင် တောင်ပိုင်းက KNUကို အပြင်းအထန် ဖိတိုက်ခဲ့တယ်။ တောင်ဘက်မှာ KNU နဲ့ငြိမ်းချမ်းရေးစကားပြောနေပြီဆိုရင် မြောက်ပိုင်းက KIA ကို ဖိတိုက်ခဲ့တာ'' လို့ ဦးသန်းစိုးနိုင်က အတိတ်က တပ်ရဲ့ပရိယာယ်ကို ပြန်ပြောပြပါတယ်။
ရက္ခိုင့်တပ်တော်ရဲ့ ပြောခွင့်ရသူ ခိုင်သုခကလည်း စစ်ကောင်စီခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ရခိုင်ပြည်နယ်အတွင်းက စစ်တပ်ရဲ့ ရန်လိုတဲ့ လုပ်ဆောင်မှုတွေကြောင့် စောင့်ကြည့်ဦးမယ်လို့ ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီ ဘာဆက်လုပ်မလဲ
စစ်ကောင်စီကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လုပ်သွားမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
မေလထဲမှာပဲ စတင်နိုင်ဖွယ်ရှိပြီ တက်ရောက်မယ့်အဖွဲ့တွေ အဆင်ပြေမယ့်အချိန်ကို နှစ်ဖက် ညှိနှိုင်းနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
''တက်မယ့်အဖွဲ့တွေနဲ့ပဲ ငြိမ်းချမ်းရေးလုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်သွားမယ်။ မတက်တဲ့သူတွေကတော့ သူ့အကြောင်းနဲ့သူပဲလေ'' လို့ သူက ပြောပါတယ်။
တပ်မတော်အကြီးအကဲကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် အချိန်အခါကောင်းလို့ သူကပြောပါတယ်။
''တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီဖက်ဒရယ်စနစ် နဲ့ ပါတီစုံစနစ်ကို အာမခံပြီးဖြစ်တယ်'' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ လက်နက်အင်အားရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နေပြည်တော်ကို မလာကြမှာဖြစ်လို့ စစ်ကောင်စီအနေနဲ့ တက်မယ့် အဖွဲ့ ၁၀ ဖွဲ့နဲ့ဆွေးနွေးပြီး ကျန်တဲ့အဖွဲ့တွေ စားပွဲဝိုင်းဆီလာချင်အောင် ယုံကြည်မှုတည်ဆောက်ပြရမှာဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေကပြောပါတယ်။
''အခုတော့ ငြိမ်းချမ်းပြီးသားအဖွဲ့တွေပဲ ဆွေးနွေးကြမှာဆိုတော့ ထမင်းစားပွဲ သက်သက်ဖြစ်နေမှာပေါ့'' လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။








