စစ်တပ်ကိုမယုံကြည်ခဲ့သူ နော်စီဖိုးရာစိန်

KNU ရဲ့ ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, KNU ရဲ့ ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်

ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ တိုက်ပွဲရပ်ရုံ သက်သက်မဟုတ်ဘဲ အမျိုးသမီးတွေရဲ့ ဘဝဘေးကင်းလုံခြုံရေးအတွက်လို့ ‌ပြောလေ့ရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ဟာ ၂၀၂၄ ဇူလိုင် ၂၄ ရက် မှာ ထိုင်းနိုင်ငံ၊ မယ့်စရီယန်းမြို့ကနေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ၂ နှစ်ကျော်ကြာကုသခဲ့ရတဲ့ သားအိမ်ကင်ဆာရောဂါနဲ့ပဲကွယ်လွန်ခဲ့တာပါ။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ နော်စီဖိုးရာစိန်ဟာ KNU မှာနိုင်ငံရေးရာထူးနဲ့ ခေါင်းဆောင်ပိုင်းအထိ ရောက်ခဲ့တဲ့ပထမဆုံးကရင်အမျိုးသမီးခေါင်းဆောင်လို့ ဖော်ညွှန်းပါတယ်။

သူဟာ နှစ် ၇၀ ကျော် KNU သမိုင်းမှာ အထွေထွေအတွင်းရေးမှူးကနေ ဒုဥက္ကဋ္ဌ အထိတာဝန်ယူခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ခဲ့ပါတယ်။

အမျိုးသမီး ပါဝင်မှု ၃၀ ရာခိုင်နှုန်းရှိရမယ်ဆိုတဲ့မူဝါဒရှိတဲ့ KNU အတွက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားခဲ့တဲ့ နော်စီဖိုးရာစိန်က ဦးဆောင်လမ်းပြဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။

''ရှေ့ဆောင်လမ်းပြကောင်းတွေလုပ်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သလို အခုသူကွယ်လွန်ခဲ့တာကလည်း ကျွန်တော်တို့ အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်'' လို့ ပဒိုစောတောနီး က ဘီဘီစီကိုဖြေပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောရဲ့ သမီးဖြစ်တဲ့ သူဟာ ကျောင်းဆရာမလည်းဖြစ်ခဲ့သလို ကရင့်တော်လှန်ရေးမှာ အမျိုးမျိုးသော တာဝန်တွေကိုထမ်း ဆောင်ခဲ့သူလို့ ကရင့်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေထဲပါဝင်ကြသူတွေက မှတ်ချက်ပြုကြပါတယ်။

သူဟာ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူလည်း ဖြစ်ခဲ့ပါတယ်။

ကရင့်ငြိမ်းချမ်းရေးကို ဦးဆောင်ခဲ့သူ

၂၀၁၂ ကာလ ဦးသိန်းစိန်အစိုးရနဲ့တွေ့ဆုံချိန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ကာလ ဦးသိန်းစိန်အစိုးရနဲ့တွေ့ဆုံချိန်

NCA ရယ်လို့ဖြစ်လာမယ့် အပစ်ရပ်စာချုပ်ရဲ့ ခရီးအစ မဲဆောက်ကအလွတ်သဘောဆွေးနွေးပွဲတွေကနေ ၂၀၁၅ အပစ်ရပ်စာချုပ်ထွက်ပေါ်လာတဲ့အထိ နော်စီဖိုးရာစိန်ရဲ့ ပါဝင်ပတ်သက်ခဲ့မှုတွေကထင်ထင်ရှားရှားရှိခဲ့ပါတယ်။

၂၀၁၁ နှောင်းပိုင်းကာလတွေက စလို့ ၂၀၁၅ အပစ်ရပ်စာချုပ်ထွက်လာတဲ့အထိ သူနဲ့ အတူငြိမ်းချမ်းရေးလုပ်ငန်းတွေတွဲလုပ်ခဲ့ဖူးတဲ့ ဦးလှမောင်ရွှေကတော့ နော်စီဖိုးရာစိန်ကို ''ရိုးသားလွန်းသူ''လို့ မှတ်ချက်ပြုပါတယ်။

''သူ့ကို သတိပြုမိတာ၊သူ့ဆီက သင်ကြားလို့ရတဲ့အချက်က သူက အင်မတန်ရိုးသားတဲ့ အမျိုးသမီးဖြစ်တယ်။ နောက်တစ်ချက်ကတော့ ကရင်လူထုနဲ့ တခြားသူတွေအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးကိုစိတ်အားထက်သန်သူ အဖြစ်တွေ့ခဲ့ရတယ်'' လို့ ဦးလှမောင်ရွှေက ပြန်ပြောပြပါတယ်။

KNU ရဲ့ နှစ်ပေါင်း ၆၀ ကျော် မြန်မာစစ်အစိုးရတွေအပေါ် တော်လှန်ခရီးကို အဆုံးသတ်ဖို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ဦးသိန်းစိန်အစိုးရနဲ့ ပြည်နယ်အဆင့်လက်မှတ်ရေးထိုးခဲ့ရာမှာလည်းသူကဦးဆောင်သူအဖြစ်ရှိခဲ့ပါတယ်။

၂၀၁၂ ကာလ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ခြံနံပါတ် ၅၄ မှာတွေ့ဆုံချိန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ကာလ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ခြံနံပါတ် ၅၄ မှာတွေ့ဆုံချိန်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီအချိန်မှာပဲ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းခြံနံပါတ် ၅၄ မှာ သီးသန့်တွေ့ဆုံတာတွေရှိခဲ့ပါတယ်။

KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် တာဝန်ကိုထမ်းဆောင်နေတဲ့ နော်စီဖိုးရာစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ကရင့်ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ကြောင်း ရှင်းပြခဲ့ပါတယ်။

“ဥပ‌ဒေစိုးမိုး‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေးနဲ့ ဖွဲ့စည်းပုံအ‌ခြေခံ ပြောင်းလဲ‌ရေး ဒီလုပ်ငန်းကြီးသုံးခုကို ပူးတွဲပြီး‌တော့ အမျိုးသား ပြန်လည်ရင်ကြား‌စေ့‌ရေး အ‌ခြေခံ‌ပေါ်မှာ မားမားမတ်မတ်နဲ့ ကျွန်မတို့ဆက်သွားမယ်'' လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ‌တွေ့ဆုံမှုအပြီးမှာ နော်စီဖိုးရာစိန်က သတင်းထောက်တချို့ကို ပြောခဲ့ဖူးပါတယ်။

“သူ့ (‌ဒေါ်အောင်ဆန်းစုကြည်) အ‌နေနဲ့ KNUနဲ့ တွေ့ဆုံခြင်းအားဖြင့် တိုင်းရင်းသား‌တွေအ‌ရေးကိုအရင်ကထက် ပိုသိနားလည်လာတယ်လို့ ကျွန်မယုံကြည်ပါတယ်” လို့လည်း သူကပြောခဲ့ပါတယ်။

NCA အပစ်ရပ်စာချုပ်ရေးဆွဲပြီးချိန် လက်မှတ်ထိုးတဲ့အဆင့်မရောက်ခင် အပစ်ရပ်စာချုပ်အပေါ် လက်မှတ်ထိုးရေး၊ မထိုးရေး သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။

အဲဒီကာလမှာ နော်စီဖိုးရာစိန်ဟာ NCCT ထက်မြင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ရဲ့ SD ( Special Delegation) အဖွဲ့ရဲ့ ခေါင်းဆောင်တာဝန်ကိုယူခဲ့ပါတယ်။

သူဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်သာမက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားတွေအဖွဲ့ တွေနဲ့ တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက အမျိုးသမီးအဖွဲ့အစည်းများကွန်ရက် (WON) ရဲ့ အမျိုးသမီး ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

သဘောထားတင်းမာသူလို့ မှတ်ချက်ပေးခံရသူ

ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော်တက်ရောက်ခဲ့ချိန်

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ကာလ ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော်တက်ရောက်ခဲ့ချိန်

၂၀၂၀ အရှေ့ပိုင်းကာလတွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာသူ့ကို သဘောထားတင်းမာသူအဖြစ် မှတ်ချက်ပြုတာတွေလည်း ရှိခဲ့ပါတယ်။

နော်စီဖိုးရာစိန်ဟာ ကရင်တွေရဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ပြည့်ပြည့်ဝဝဦးဆောင်စီမံခန့်ခွဲနိုင်ဖို့ တိတိကျကျ တောင်းဆိုသူဖြစ်သလို စစ်တပ်ကိုမယုံကြည်ဘူးလို့ သူ့ရဲ့ အင်တာဗျူးတွေမှာ ဖြေလေ့ရှိပါတယ်။

ငြိမ်းချမ်းရေးမရရင် စစ်တပ်ကအာဏာ ပြန်သိမ်းသွားလိမ့်မယ်ဆိုတဲ့စကားက သူနဲ့ ကရင်လူထုကို ခြိမ်းခြောက်ဖိအားပေးသလိုခံစားရတယ်ဆိုတဲ့ပြောကြားချက်တွေကြောင့် NCA လမ်းကြောင်းကို ဆက်လျှောက်မယ့် ကရင်ခေါင်းဆောင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။

KNU နဲ့ အဲဒီကာလက ဦးသိန်းစိန်အစိုးရတို့ ကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သတိထားချဉ်းကပ်သူအဖြစ် သူ့ကိုပုံဖော်ကြတာရှိသလို စစ်တပ်နဲ့ညှိနှိုင်းမှုတွေကိုအလွယ်တကူသဘောမတူဘဲ မူဝါဒတွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်သူလို့လည်း သတ်မှတ်ကြပါတယ်။

ဒါပေမဲ့ ပြုဖို့ပြောင်းဖို့လိုအပ်တာတွေအတွက်လည်း စဥ်းစားလုပ်ဆောင်ပေးသူလို့လည်း ပြောကြပါတယ်။

''သူက သူယုံကြည်ရာနဲ့လိုလားတာကို ရဲရဲတင်းတင်းပြောရဲတယ်။ ဒါပေမဲ့ တချို့အချက်တွေမှာလည်း ပြုပြင်ဖို့လိုအပ်ရင်လက်ခံတတ်သူဖြစ်တဲ့အတွက် သူသဘောမတူခဲ့ရင် NCA ဆိုတာဖြစ်လာမှာမဟုတ်ဘူးလို့ ပြောလို့ရတဲ့အထိပဲ'' လို့ ဦးလှမောင်ရွှေက သူ့အမြင်ကိုပြောပါတယ်။

နော်စီဖိုးရာစိန်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ စစ်အာဏာသိမ်းမှုကြောင့် NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) လမ်းကြောင်းပျက်ပြယ်ပြီလို့ ထုတ်ပြောခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံပံ့ပိုးသွားမယ်လို့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ KNU Concerned Group ကနေ ထုတ်ပြန်ခဲ့ပါတယ်။

KNU Concerned Group အဖွဲ့ကို ဦးဆောင်ခဲ့ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်အတွက် NUG နဲ့ CRPH ကိုကြိုဆိုထောက်ခံတယ်လို့ အစောဆုံးပြောခဲ့ပါတယ်။

KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ သဘောထားတင်းမာသူ၊ ပျော့ပျောင်းသူဆိုပြီး မှတ်ချက်မပြုလိုကြောင်း ပြောပါတယ်။

''ကျွန်တော်တို့ ကရင်အမျိုးသားရေးအတွက် ခိုင်မာတဲ့ရပ်တည်ချက်ရှိသူလို့ အသိအမှတ်ပြုတယ်။ ကရင်အနာဂတ်အတွက်စိုးရိမ်ပူပန်မှုရှိသူဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာလည်း ကျွန်တော်တို့ ခေါင်းဆောင်တွေက သူတို့အခန်းကဏ္ဍအလိုက် ကြိုးစားခဲ့တဲ့အထဲမှာ သူတစ်ယောက်အပါအဝင်ပဲ'' လို့ ပဒိုစောတောနီးက တုံ့ပြန်ပါတယ်။