သံဖြူဇရပ် - ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစခန်း မကျအောင် စစ်တပ်ဘယ်လိုခုခံနေလဲ

KNLA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KNLA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

မွန်နဲ့ကရင်ပြည်နယ်တွေကနေ ထိုင်းနယ်စပ်ထိပေါက်သလို ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အခရာကျတဲ့ မြဝတီမြို့ တိုက်ပွဲပြင်းထန်ပြီး ၄ လနီးပါးကြာမှာပဲ နောက်ထပ် အလားတူ ကုန်သွယ်လမ်းကြောင်းရှိရာ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်မှာ အခုသီတင်းပတ်တွေအတွင်း တိုက်ပွဲသံတွေ ပြန်ထွက်လာပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ တောင်ဘက်ခြမ်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဝင်းရေး ဒေသထဲက အနန်းကွင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတာ သီတင်းနှစ်ပတ်ထဲ ဝင်လာပြီ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အနန်းကွင်း ဗျူဟာတပ်စခန်းကို KNU/PDF အပါအဝင် ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ စစ်ရေးအခြေအနေသိရှိသူတွေက ပြောပါတယ်။

အနန်းကွင်းရွာက သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်မှာ တည်ရှိပြီး ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နဲ့ မိုင် ၄၀ ကျော်သာ ကွာဝေးပါတယ်။

အနန်းကွင်းဗျူဟာ မကျအောင် စစ်တပ် ဘယ်လိုခုခံနေလဲ

တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲထားတဲ့ဘုန်းကြီးကျောင်း အပျက်အစီးတွေကို မြင်ရတာဖြစ်ပါတယ်။ သွပ်မိုး သစ်တိုင် ဝါးရံကာ ဘုန်းကြီးကျောင်းဆောင်မှာ ခေါင်မိုးက သွပ်တွေ ပွင့်ထွက်နေပြီး ခေါင်းရင်းခန်းက ဝါးထရံကာလည်း သုံးပုံတစ်ပုံနီးပါး ပြိုကျ ကွာကျနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KPSN

ဓာတ်ပုံ ပုံစာ, တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲထားတဲ့ဘုန်းကြီးကျောင်း

တစ်လနီးပါးကြာနေတဲ့ အနန်းကွင်းရွာတိုက်ပွဲဟာ ပြီးခဲ့တဲ့တစ်ပတ်ကစပြီး နှစ်ဖက်တိုက်ပွဲပိုပြင်းထန်လာတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အနန်းကွင်းဗျူဟာတပ်စခန်း မကျရေးအတွက် ဩဂုတ် ၂၅ ရက်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို လေကြောင်းကနေတိုက်ခိုက်တာတွေလည်းရှိတယ်လို့ ရွာခံတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

“မနေ့ (ဩဂုတ် ၂၄ ရက်)ကဆို တနေကုန်ပစ်နေတာ၊ ဒီမနက်အထိလည်း လက်နက်ကြီးသံတွေ ကြားနေရတယ်။ ဒီတစ်ပတ်မှာ ပစ်သံ ပိုစိပ်လာတယ်” လို့ သူက ပြောပါတယ်။

အနန်းကွင်းရွာအခြေစိုက် ဗျူဟာတပ်စခန်းအပြင် အနန်းကွင်းရွာအနီး လွှတ်ရှမ်းကျေးရွာက စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းတွေမကျရေးအတွက် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကစလို့ စစ်တပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန် ပစ်ခတ် ခုခံပေးနေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သံဖြူဇရပ်မြို့၊ စစ်ကောင်စီတပ်ရင်းတွေကနေလည်း တိုက်ပွဲဖြစ်တဲ့ အနန်းကွင်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ သူက ဆိုပါတယ်။

အနန်းကွင်းဗျူဟာတပ်စခန်းအနီးတဝိုက်ကို ကရင်တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီအနေနဲ့ လေကြောင်းကနေသာ စစ်လက်နက်နဲ့ရိက္ခာတွေထောက်ပံ့ပေးနေရတဲ့အခြေအနေလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ရှင်းပြပါတယ်။

လွှတ်ရှမ်းရွာမှာတော့ မနေ့ (ဩဂုတ် ၂၄ ရက်) က စစ်တပ်နဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လွတ်ရှမ်းရွာမှာရှိတဲ့ “စစ်သားနဲ့ရဲ ပူးပေါင်းထားတဲ့ စစ်ကောင်စီရဲ စခန်းကို တိုက်တာ” လို့ သူက ဆက်ပြောပါတယ်။ လွှတ်ရှမ်းရွာကိုလည်း စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားဆဲလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်တုန်းက အနန်းကွင်းနဲ့ လွှတ်ရှမ်းဘက်က တပ်စခန်းတွေကို စစ်တပ်က လေယာဉ်နဲ့ လက်နက်ခဲယမ်းအပါအဝင် ရိက္ခာတွေထောက်ပံ့ပြီးတဲ့နောက်ပိုင်းမှာမှ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်လာတာလို့ ဒေသတွင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

စစ်တပ်ကိုထောက်ခံတဲ့ တယ်လီဂရန်သတင်းချန်နယ်လ်တွေမှာတော့ ကရင်တော်လှန်ရေးအဖွဲ့တွေဘက်က အနန်းကွင်းဗျူဟာတပ်စခန်းကို ဇူလိုင်လကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှု ၃ ကြိမ်မြောက်ရှိလာပြီလို့ ပြောထားပါတယ်။ ဒါ့အပြင် ဩဂုတ် ၁၅ ရက်က နှစ်ဖက်တိုက်ပွဲမှာလည်း ၂ နာရီကျော် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်ရှမ်းရွာ စခန်းဟာ အရင်က KNLA တပ်ရင်း ၁၆ ရဲ့ နယ်မြေ လုံခြုံရေးစခန်းတစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲတာကြောင့် KNLA နဲ့ ပစ်ခတ် တိုက်ခိုက်မှု မကြာခဏဖြစ်လေ့ရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရ

အနန်းကွင်းတိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်း

ဓာတ်ပုံ ရင်းမြစ်, KPSN

ဓာတ်ပုံ ပုံစာ, အနန်းကွင်းတိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်း

တိုက်ပွဲအတွင်း အနန်းကွင်းနဲ့ လွှတ်ရှမ်းရွာအပါအဝင် အနီးနားက ၄ ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကဆိုပါတယ်။

“လွှတ်ရှမ်း၊ ဝင်းကန၊ ကျုံခဝန်၊ တညင်၊ ကျောက်ဘီလူး၊ သံပုရာ နဲ့ ဖားပြ ရွာတွေက လူတော်တော်များများ စစ်ရှောင်ကုန်ကြပြီ” လို့ စစ်ရှောင်လာတဲ့ ရွာခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်တပ်ရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် လွှတ်ရှမ်းရွာက ဘုန်ကြီးကျောင်းနဲ့ ဒေသခံနေအိမ်တွေအပြင် အနန်းကွင်းရွာ တစ်ရွာလုံးနီးပါး ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။

“အနန်းကွင်းရွာကတော့ ရွာပျက်ကြီးဖြစ်သွားပြီ” လို့ သူက ပြောပြပါတယ်။

အနန်းကွင်းရွာက တိုက်ပွဲတွေကြောင့် အနန်းကွင်းနဲ့ ၁၀ မိုင်ကျော်ကွာဝေးတဲ့ ဖားပြရွာအပါအဝင် အနီးနားရွာက စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အနန်းကွင်းရွာမြောက်ဘက်ခြမ်းက ရွာတချို့မှာလည်း ညနေ ၆ နာရီကျော်ရင် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းကို သွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တော်လှန်ရေးဘက်ကလည်း ပိတ်တယ်၊ စစ်တပ်ဘက်ကလည်း ပိတ်တယ်၊ အနီးနားမှာကိုပဲ အပိုင်းလိုက် တပ်စွဲပြီး ပိတ်ဆို့ထားကြတာ”လို့ သူကရှင်းပြပါတယ်။

ပစ်မှတ်ထားခံနေရတဲ့ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပိုင်း

၂၀၂၃ မေလတုန်းက စစ်တပ် တောင်စွန်းစခန်းကို KNLA နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲဲ့ S.O.F ပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီးနောက် ထုတ်ပြန်လာတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, S.O.F

ဓာတ်ပုံ ပုံစာ, ၂၀၂၃ မေလတုန်းက စစ်တပ် တောင်စွန်းစခန်းကို KNLA နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီးနောက် ထုတ်ပြန်လာတဲ့ပုံ

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၈၄ ခြေလျင်တပ်ရင်း (ခလရ) တောင်စွန်းစခန်းကို KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် လမ်းကြောင်းတစ်ခုတည်းပေါ်က အနန်းကွင်းဗျူဟာကို ထပ်ပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တောင်စွန်းစစ်တပ်စခန်းကိုတော့ KNLA/PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မေလ ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တောင်စွန်းစခန်းက အနန်းကွင်း ဗျုဟာတပ်စခန်းနဲ့ ၉ မိုင်သာ ကွာဝေးတာဖြစ်ပါတယ်။

အနန်းကွင်းဗျူဟာတပ်စခန်းတိုက်ပွဲနဲ့ပတ်သက်လို့ KNU ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခြေအနေအတိအကျ မသိရသေးဘူးလို့သာ ပြန်လည်တုံ့ပြန်ဖြေဆိုထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အနန်းကွင်းရွာတောင်ဘက်ခြမ်းက ဘုရားသုံးဆူမြို့ဟာလည်း ထိုင်း-မြန်မာ နယ်နိမိတ်ထိစပ်နေတဲ့မြို့ဖြစ်သလို ကရင်တပ်ဖွဲ့တွေ အပိုင်းလိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။

ဘုရားသုံးဆူမြို့ကို KNU/KNLA (PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) နဲ့ စစ်ကောင်စီလက်အောက် ကရင်နယ်ခြားစောင့်တပ်(BGF) တို့က ဒေသတွင်း နယ်မြေအလိုက် ထိန်းချုပ်ထားတာဖြစ်ပါတယ်။