‌တောင်ငူခရိုင်၊ စစ်တောင်းမြစ်အရှေ့ခြမ်းရွာတွေ ကြုံနေရတဲ့ ရေဘေးနဲ့ စစ်ရေး

ပဲခူးတိုင်းအတွင်း ရေဘေးကြုံရတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်းအတွင်း ရေဘေးကြုံရတဲ့ အခြေအနေ

နှစ် ၆၀ နီးပါးအတွင်း အဆိုးရွားဆုံးရေဘေးကြုံနေရတဲ့ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းအရှေ့ပိုင်းက ရွာပေါင်း ရာနဲ့ချီဟာ ရေဘေးကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသလို အလုံးစုံရေမကျသေးလို့လည်း နေထိုင်ရေးတွေမှာ အခက်အခဲတွေဖြစ်နေပါတယ်။

အဲဒီစစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကို ဆန် ၁၀ အိတ်ထက် ပိုမသယ်ရဆိုတဲ့အချက်အပါအဝင် ကုန်စည်သယ်ဆောင်တာတွေကို စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်က ကန့်သတ်လိုက်ပါတယ်။

တောင်ငူမြို့ နဲ့ ရေတာရှည်မြို့တွေမှာရှိတဲ့ စစ်တောင်းမြစ်ကူးတံတားတွေမှာ ဂိတ်ချပြီး တောင်ငူအရှေ့ဘက်ခြမ်းကိုသွားမယ့် လူမှုကူညီရေးအသင်းကား၊ အိမ်စီးကားနဲ့ ဖြတ်သန်းသွားလာသမျှယာဉ်တွေကို တင်းကျပ်စစ်ဆေးတာတွေရှိနေတယ်လို့ အရပ်ဘက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရေတာရှည်မှာ စက်တင်ဘာ ၁၅ ရက်ကတည်းက ကန့်သတ်တာဖြစ်ပြီး တောင်ငူမှာတော့ စက်တင်ဘာ ၁၉ ရက်ကစကာ တင်းကျပ်လိုက်တာဖြစ်ပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင် တော်လှန်ရေးအင်အားစုတွေ လွှမ်းမိုးထားတဲ့ နေရာအများစုရှိတာကြောင့် စစ်ကောင်စီဘက်က ကန့်သတ်ချက်တွေလုပ်နေတာလို့ တောင်ငူအခြေစိုက် အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တချို့က ယူဆပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အချက်အလက်အရ ပဲခူးတိုင်း၊ တောအူး(တောင်ငူခရိုင်)နဲ့ ခလယ်လွီထူ(ညောင်လေးပင်ခရိုင်)အတွင်းက ရွာပေါင်း ၃၆၀ ကျော်မှာ လူသုံးသိန်းကျော် ရေဘေးသင့်ခဲ့ပြီး အကူအညီတွေလိုအပ်နေတယ်လို့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“ရေတာရှည်အရှေ့ဘက်က ရွာတွေကို သွားဖို့ကြိုးစားသေးတယ်။ ကယ်ဆယ်ရေးပစ္စည်းသွားပေးရင်သူတို့လည်း လိုက်မယ်။ ဟိုဘက်က လက်ခံတဲ့အိမ်ထောင်စုစာရင်းတွေ ကောက်မယ်လို့ပြောတယ်။ ဒီဘက်ဟိုဘက် လာမယူရဲ၊ သွားမပို့ရဲတဲ့ အနေအထားဖြစ်ကုန်တာပေါ့”လို့ တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်ရေဘေးကူညီနေတဲ့ မင်းသားကြီးက ပြောပါတယ်။

လူသေဆုံးတဲ့အထိ ရေဘေးခံစားနေရတဲ့ ကာလမှာ ရေဘေးသင့်ပြည်သူ သိန်းချီအတွက် စားနပ်ရိက္ခာနဲ့ အခြေခံကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်နေပြီး တစ်ဖက်မှာတော့ ရေဘေးအကြောင်းပြကာ ဒီနယ်မြေတွေထဲဝင်ဖို့ လုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက စွပ်စွဲထားပါတယ်။

ရေတာရှည်အပါအဝင် တောင်ငူ၊ ညောင်လေးပင်ခရိုင်ထဲက စစ်တောင်းမြစ်တလျှောက်ရွာတချို့မှာ စစ်ကောင်စီတပ်တွေ ရှေ့တိုးချလာတယ်လို့ ပဲခူးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ပိတ်ဆို့ခံရတဲ့ ရေတာရှည် နဲ့ တောင်ငူ အရှေ့ဘက်ရွာတွေ ဘယ်လိုကြုံနေရလဲ

တောင်ငူရေ ဘေး ရှောင်ရတဲ့ အမျိုးသမီးနဲ့ကလေး ငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရေကြီးရေလျှံမှုကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုက ရေဘေးသင့်ပြပြည်သူပေါင်း သုံးသိန်းကိုးသောင်းကျော်ရှိ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မိုးများလို့ လူသေဆုံးမှုတွေရှိခဲ့တဲ့ နေပြည်တော်ရေဘေးအပြီးမှာ မြစ်ရေဟာ မိုင် ၄၀ ဝန်းကျင်အကွာက ပဲခူးတိုင်းအရှေ့ခြမ်းကိုရောက်လာခဲ့ပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်ထဲမှာ ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့တာဟာ ၃ ရက်အတွင်း စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲထိ မြင့်တက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်‌တောင်းမြစ်ရေတက်တာအပြင် တောင်ငူတဝိုက်က ငလိုက်၊ ပသီနဲ့ ခပေါင်းဆည်တွေ ရေလျှံပြီး ပုံမှန်ထက်ပိုတဲ့ ရေဘေးအန္တရာယ်ကိုကြုံခဲ့ရတာလို့ ဒေသခံတွေက ယူဆကြတာပါ။

“ဆန်ကို မနက်စာ နို့ဆီဘူးတစ်လုံး၊ ညနေကို တစ်လုံးခွဲဝေရတယ်။ ဆန်ကသယ်ချင်သလောက် ဒီဘက်ကို သယ်လာလို့မရလို့လေ။ သယ်ယူစရိတ်ကလည်းကြီးတယ်” လို့ စစ်ကောင်စီက ကုန်စည်သယ်ယူတာကန့်သတ်တာနဲ့ ပတ်သက်လို့ ရေတာရှည်အရှေ့ခြမ်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

သူက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းက ကျေးရွာအုပ်စု ၄ စုလောက်ကို စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေသူ ဖြစ်ပါတယ်။

ရေတာရှည်နဲ့ တောင်ငူမှာ စစ်တောင်းမြစ်တံတားကိုဖြတ်ပြီး ဆန်အိတ်သယ်ယူဖို့ စစ်ကောင်စီက ဖွင့်ထားတဲ့ ကွပ်ကဲရေးရုံးတွေမှာ ခွင့်ပြုချက်ရယူဖို့လိုအပ်တယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါ တယ်။

ကျန်းမာရေးအတွက် ဆေးဝါးအပါအဝင် ဓာတ်ခဲနဲ့ စက်သုံးဆီတွေကိုတော့ လုံးဝသယ်ယူခွင့်မပေးတာပါ။

ရေတာရှည်အရှေ့ဘက်က ကျေးရွာတွေမှာ လူဦးရေ ၃,၀၀၀ လောက်ရှိပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်ရေသန့်တွေ အရေးပေါ် လိုအပ်နေပေမဲ့ ငွေကြေးလိုအပ်ချက်နဲ့ ကန့်သတ်ချက်တွေကြောင့် စားနပ်ရိက္ခာလောက်ပဲ ကူနိုင်သေးတာလို့ ပရဟိတအဖွဲ့တချို့က ရှင်းပြပါတယ်။

အချိန်ကြာရင် ပုပ်သိုးနိုင်တဲ့ ထမင်းထုပ်နဲ့ အစားအစာတွေထက် ဆန်လှူရင် ပိုအလုပ်ဖြစ်နိုင်ပေမဲ့ ဆန်ကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ရှိနေတာပါ။

“ကျွန်တော်တို့ဆီကို လှူချင်လို့ ဆင်းလာတဲ့အဖွဲ့တွေကို ဂိတ်ကနေသွားမလှူရဲအောင်ပြောလို့ အကုန်ပြန်ကုန်တယ်။ ကယ်ဆယ်ရေးစက်လှေလည်း ဒီဘက်ကို ပေးမဖြတ်ဘူးလေ”လို့ ရေတာရှည်အရှေ့ခြမ်းက ကယ်ဆယ်ရေးသမားတစ်ဦးက သူသိထားတဲ့အချက်အလက်ကို ပြောပါတယ်။

အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့ မြစ်ဘေးကရွာတချို့မှာ ဖုန်းနဲ့အင်တာနက်လိုင်းလည်း ကောင်း‌ကောင်းမရပါဘူး။

တောင်ငူမှာတော့ တံတားကနေ ဖြတ်ကျော်သွားလာခွင့်ပေးပေမယ့် ကန့်သတ်ချက်တွေကြောင့် အလှူရှင်တွေ လှည့်ပြန်သွားတာ၊ မြို့ပေါ်ရပ်ကွက်တွေကို လှူပြီး ပြန်သွားတာတွေရှိတယ်လို့ တောင်ငူရေဘေးကူနေသူတစ်ဦးပြောပါတယ်။

"ကမ်းနီရွာဆို တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေပေါ့။ ကျွန်တော်တို့က အလှူရှင်တွေပေးတဲ့ဟာကို ရောက်အောင် ပို့ပေးချင်ပေမဲ့ လိုသလောက်သယ်မရတော့ ရွာတွေမှာ အခက်အခဲဖြစ်တာပေါ့"လို့ ပြောပါတယ်။

တောင်ငူမြို့တစ်ဖက်ခြမ်းက မိုးကောင်း၊ ကသဲစု၊ ကရင်ချောင်း၊ ညောင်ပင်သာ၊ သာယာကုန်း၊ အင်းဝိုင်း၊ လေးမိုင်၊ သရက်တော၊ မြတ်စောညီနောင်နဲ့ ထုံးဘို အပါအဝင် ရွာ ၁၆ ရွာလောက်ကို ကယ်ဆယ်ရေးအဖွဲ့တချို့ ရောက်နိုင်ပေမယ့် ရွာအများစုကိုတော့ အကူအညီတွေ မပေးနိုင်သေးပါဘူး။

ဒီ‌ဒေသမှာ ရေဘေးမတိုင်ခင်တည်းက စစ်ရှောင်တွေလည်းရှိနေပြီး ရေနဲ့အတူအိုးခွက်ပန်းကန်တွေကစလို့ အိပ်ရာခင်း၊ ယာယီတဲ အကုန်လုံး မျောပါသွားလို့ အခက်အခဲကြုံနေကြရတာပါ။

မိသားစုလိုက် စစ်ရှောင်နေရသူတစ်ဦးဖြစ်တဲ့ ရေတာရှည်အရှေ့ခြမ်းရွာက မဝေဝေကတော့ သောက်ရေသန့် အခက်အခဲကြောင့် ဝမ်းသွားနေပေမဲ့ သောက်စရာဆေးမရှိဘူးလို့ ပြောပြပါတယ်။

“‌မိုးရေခံသောက်နေတာက ဖြစ်တာလားမသိဘူး။ အိမ်သာကိစ္စလည်းဖြစ်သလိုလုပ်နေရတော့ မိသားစုတွေပါ ကူးကုန်မလားစိတ်ပူနေရတယ်”လို့ သူကပြောပါတယ်။

ရေဘေးကြုံခဲ့ရတဲ့ တောင်ငူဒေသခံတချို့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရေဘေးကြုံခဲ့ရတဲ့ တောင်ငူဒေသခံတချို့

ရေဘေးသင့်နေချိန် ပဲခူးအရှေ့ခြမ်းက စစ်ရေးလှုပ်ရှားမှုတွေ

ရေတာရှည်မြို့ပေါ် ရေဘေးရှောင်နေရသူနောက်တစ်ဦးကလည်း အောက်တိုဘာ ၁ ရက် သန်းခေါင် စာရင်းအတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွေကနေ နေစရာအိမ်မရှိတော့တဲ့ သူ့ရွာကို အတင်းပြန်ခိုင်းမှာစိုးရိမ်နေပါတယ်။

သူနဲ့အတူ မိသားစု ၃ ယောက်ဟာ ဒီရေဘေးမှာ နေစရာအိမ်အပါအဝင် ပိုင်ဆိုင်မှုအားလုံးဆုံးရှုံးထားရတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သန်းခေါင်စာရင်းကာလအမီ ရေဘေးရှောင်တွေ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်မယ်လို့ စက်တင်ဘာ ၁၇ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

"အိမ်ပါမျောသွားလို့ ဘာလုပ်ရမှန်းလည်းမသိပါဘူးဗျာ။ သူတို့က ပိတ်ပြီ ပြန်တော့လို့ ပြောရင်တော့ အသိမိတ်ဆွေတွေ အကူအညီလိုက်တောင်းကြည့်ရမှာပေါ့" လို့ ရေဘေးရှောင်အမျိုးသားက သူစဥ်းစားထားတာကို ဘီဘီစီကို ပြောပြပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်မှာရှိတဲ့ ရေလွတ်တဲ့နေရာတွေနဲ့ ရေတာရှည်မြို့ပေါ်ကိုတော့ အရှေ့ဘက်ရွာတွေ ဘက်ကနေ ရေဘေးရှောင်လာသူ ‌ထောင်ကျော်ရှိတယ်လို့ ရေဘေး ကယ်ဆယ်ရေး အဖွဲ့တချို့ကခန့်မှန်းတွက်ချက်ထားပါတယ်။

“မြို့ပေါ်လာတဲ့သူတွေက ဘုန်းကြီးကျောင်းမှာဖွင့်ထားတဲ့ ရေဘေးစခန်းနေရာမှာနေကြတယ်။ သူတို့က ရပ်ကွက်အုပ်ချုပ်ရေးကို အချက်အလက်တွေပေးပြီးနေကြတာ”လို့ ရေတာရှည်ရေဘေးကူညီနေသူ မင်းသားကြီးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ရေစီးသန်တဲ့ စစ်တောင်းမြစ်ကိုဖြတ်ဖို့ လုံလောက်တဲ့ လှေတွေမရှိတာနဲ့ လုံခြုံရေးအခြေအနေကြောင့် ကျန်ရစ်ခဲ့သူတွေအများအပြားရှိနေခဲ့တာပါ။

တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း (၃၅၀၁) တပ်ခွဲ(၄)က ပြန်ကြားရေးတာဝန်ခံ ရဲဘော်အီဗယ်ကတော့ အလှူရှင်တွေဆီက ရသလောက်နဲ့တော့ အိမ်ထောင်စု တစ်ထောင်ဝန်းကျင်လောက်အတွက် ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးပေးနိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။

ရေတာရှည်မြို့နယ်ထဲ ရေဘေးသင့်ပြည်သူတွေကိုကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးတာလည်းရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

"ကျွန်တော်တို့ ရေဘေးသင့်ပြည်သူတွေကို ကြိုတင်စုဆောင်းထားတဲ့ရိက္ခာတွေက ဝေငှနေပေမဲ့ ရေရှည်မှာ ရိက္ခာပြတ်လပ်နိုင်တယ် "လို့ ရဲဘော်အီဗယ် က ပြောပါတယ်။

စစ်တောင်းမြစ်ဝှမ်းဒေသထဲ ရေဘေးအကူအညီတွေ တားမြစ်ခံရတယ်ဆိုတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီကို မေးခွန်းထုတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ သဘာဝဘေးအန္တရာယ်နဲ့ နယ်မြေလုံခြုံရေးအခြေအနေအရ ကူညီဆောင်ရွက်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူတွေက စိစစ်ဆောင်ရွက်ပြီးခွင့်ပြုပေးနေတယ်လို့ ဘီဘီစီကို ပြန်လည်ဖြေကြားပါတယ်။

စစ်တပ်ထောက်ခံသူတချို့ကတော့ ပဲခူးတိုင်း အရှေ့ခြမ်းမှာ အထူးသဖြင့် တောင်ငူနဲ့ ရေတာရှည်ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကသာ အလှူရှင်တွေကို ပိတ်ပင်နေတာဖြစ်တယ်လို့ တုံ့ပြန်ပြောနေကြပါတယ်။

PDF တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းစစ်ဒေသ

ဓာတ်ပုံ ပုံစာ, တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ပဲခူးခရိုင် ၊ အမှတ် (၂) တပ်ရင်း၊အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ဒီလိုရေဘေးနဲ့ ကယ်ဆယ်ရေးအကျပ်အတည်းတွေကြားမှာ စစ်ကောင်စီတပ်က စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကို ရွှေ့ပြောင်းနေရာယူတာတွေလုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရေဘေးကြောင့် ရေတာရှည်မြို့နယ်၊ ကရင်ချောင်းစစ်တောင်းမြစ်ကူးတံတား အရှေ့ဘက်ခြမ်းနေရာကနေ တော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့ကြရပါတယ်။

ဒါကြောင့် တံတားရဲ့ အနောက်ဘက်ထိပ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ် ဟာ တော်လှန်ရေးတပ်တွေ ဆုတ်ခွာသွားတဲ့ အရှေ့ဘက်ခြမ်းနေရာ ကို ဝင်ယူလိုက်တာလို့ နားလည်ရပါတယ်။

ရေဘေးမတိုင်ခင်က ရေတာရှည်အနောက်ဘက်ထိပ်ကို စစ်ကောင်စီတပ်က နေရာယူထားပြီး အရှေ့ဘက်ခြမ်းထိပ်က ကရင်ချောင်းရွာမှာ တော်လှန်ရေးတပ်တွေနေခဲ့တာလို့ မြေပြင်အခြေအနေသိသူကပြောပါတယ်။

ဆွာနဲ့ သာဂရ နယ်ဘက်မှာလည်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက တပ်တွေဘက်ကို အနောက်ဘက်ကမ်းက စစ်ကောင်စီ နယ်မြေခံတပ်တွေက အင်အားလာရောက်ပူးပေါင်းနေတယ်လို့ ဆိုပါတယ်။

ရေကြီးမှုစတင်တဲ့ စက်တင်ဘာ ၁၀ ရက် နောက်ပိုင်းမှာ တောင်ငူခရိုင်ထဲက ထိုးဘိုကြီးကျေးရွာမှာ ထိတွေ့တိုက်ပွဲတွေရှိခဲ့တယ်လို့ စစ်ရေးအခြေအနေသိရှိသူက ပြောပါတယ်။

တောင်ငူခရိုင်နဲ့ညောင်လေးပင်ခရိုင်ပါဝင်တဲ့ ပဲခူးအရှေ့ခြမ်းမှာ စက်တင်ဘာ ၁၀ ရက်နောက်ပိုင်း ရေဘေးကြုံရတဲ့ကာလတောက်လျှောက် တိုက်ပွဲကြီးမရှိပေမယ့် တိုက်ပွဲငယ်က နေရာအချို့မှာဖြစ်ခဲ့တယ်လို့ ပဲခူးတိုင်းပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

ပဲခူးအရှေ့ခြမ်းဟာပထဝီအနေအထားအရ နေပြည်တော်၊ ရန်ကုန်နဲ့ ကရင်ဒေသတွေနဲ့ ဆက်နေပြီး နှစ်ဖက်တပ်တွေရဲ့ စစ်ရေးဗျူဟာ အတွက်အဓိကကျတဲ့နေရာမှာရှိနေပါတယ်။

၂၀၂၃ ခုနှစ်ကထက် တိုက်ပွဲ ၃ ဆများလာတဲ့ ပဲခူးတိုင်းထဲက တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုဟာ စစ်ကောင်စီအတွက် စိန်ခေါ် ချက်ဖြစ်လာပါတယ်။

စက်တင်ဘာ ၁၄ ရက်က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲက ပုစွန်မြောင်းကျေးရွာဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ ခမရ ၃၅၀ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၇၀၃ တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊ ချုံအင်းရွာ နဲ့ ဖြူးမြို့နယ်ထဲက လိပ်ပေါရွာအပြင် ညောင်လေးပင်မြို့နယ်ထဲက ရေဖြူကန်ရွာ နဲ့ ဒေါင်းမို့ ရွာတွေမှာ တပ်တွေရှေ့တိုး အထိုင်ချပြီး စိုးမိုးနယ်မြေချဲ့ထွင်လာသလို မြို့ အကာပုံစံ တပ်ချတာတွေလုပ်ထားတယ်လို့ မြေပြင်အခြေအနေသိတဲ့ စစ်ရေးရင်းမြစ်ကပြောပါတယ်။

ဒီရွာတွေဟာ စစ်တောင်းမြစ်တလျှောက်က ရွာတွေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့စိုးမိုးနယ်မြေဖြစ်ခဲ့တာပါ။

စက်တင်ဘာ ၁၅ ရက်တုန်းက ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်၊သဲဖြူရွာသစ်နဲ့ ဇရပ်ခင်ရွာဟောင်းတို့ ကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် ၈ လသား ကလေးငယ်အပါအဝင် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်တွေကဖော်ပြပါတယ်။

“စစ်ကောင်စီက ပဲခူးအရှေ့ခြမ်းကို စစ်ရေးပြင်ဆင်နေတဲ့ သတင်းရထားတယ်လို့ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်နေတယ်” လို့ ပဲခူးတိုင်းပြည်သူ့ ကာကွယ်ရေး အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အရှေ့မှာ စစ်ကောင်စီစစ်ကြောင်းထိုးတာကို ကာကွယ်ဖို့ပြင်နေရသလို အနောက်မှာလည်း ပြည်သူတွေကို ရေဘေးကယ်ဖို့လုပ်နေတယ်လို့ သူက ပြောပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကလည်း KNUတပ်မဟာ ၃ ခုပေါင်းပြီး ပဲခူးတိုင်းထဲမှာ စစ်ရေးဖော်ဆောင်ဖို့ လုပ်နေတယ်လို့ သြဂုတ်လအတွင်းမှာ ပြောထားတာပါ။

ရာနဲ့ချီတဲ့ ရွာတွေရဲ့ ပြန်လည်ထူထောင်ရေးစိန်ခေါ်ချက်

 ရေဘေးကယ်ဆယ်ရေး လုပ်နေတဲ့ PDF တပ်ဖွဲ့ဝင် နဲ့ သက်ကြီးအဖွားအို

ဓာတ်ပုံ ရင်းမြစ်, အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းစစ်ဒေသ

ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်း၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့စိုးမိုးနယ်မြေက ရေဘေးကယ်ဆယ်ရေးအခြေအနေ

“အမှန်အတိုင်းပြောရရင် ပြန်လည်ထူထောင်ရေးက ကျွန်တော်တို့အတွက် အတော်လေးစိန်ခေါ်မှုရှိတယ်” လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

အကူအညီမရောက်နိုင်တဲ့ စစ်‌တောင်းမြစ်အရှေ့ခြမ်းရွာတွေကို ကူညီနိုင်ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကလည်း အလားတူကောက်ချက်ချကြပါတယ်။

“ရေတာရှည်လို့ပြောရင် မြစ်အနောက်ဘက်က ရေကျတာနဲ့ ကယ်ဆယ်ရေးတွေ၊အလှူရှင်တွေလာနိုင်တော့ ကျွန် တော်တို့ အချိန်တစ်ခုဆို ပြန်အဆင်ပြေမယ်ပေါ့ဗျာ။ ဒါပေမယ့် စစ်‌တောင်းမြစ်ဟိုဘက်အခြမ်းကတော့ မရှိရှိတာ နဲ့လုပ်ကြရမှာ”လို့ ရေတာရှည်ရေဘေးကယ်ဆယ်ရေးသမား မင်းသားကြီးက ပြောပါတယ်။

စစ်တောင်းမြစ်အရှေ့ခြမ်းက ရေဘေးသင့်တဲ့ကျေးရွာ ၄၀၀ လောက်ကို စားနပ်ရိက္ခာအပြည့်အဝပေးဖို့တောင် တိုင်းပကဖမှာ အခက်အခဲရှိနေတယ်လို့ ထုတ်ပြောထားပါတယ်။

စစ်တပ်ပိတ်ဆို့မှုကြောင့် မြစ်တစ်ဖက်ကမ်းကူးမယ့် ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း လုံခြုံရေး စိန်ခေါ်ချက်တွေရှိနေပါတယ်။

တောင်ငူခရိုင်ထဲက ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်းနဲ့ ဖြူးမြို့နယ်တွေအပြင် ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီး၊ ကျောင်းတံခါးနဲ့ ညောင်လေးပင်မြို့နယ်တွေမှာ စစ်တောင်းမြစ်ရေကြောင့် ရေကြီးရေလျှံတာတွေဖြစ်ပြီး ပြည်သူပေါင်းသိန်းနဲ့ချီ ဒုက္ခရောက်နေကြတယ်လို့ ကေအဲန်ယူက ပြောထားပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေ အမှတ် အထက် ၃ ပေ ဝန်းကျင်ထိ ပြန်ကျလာပေမယ့် မဒေါက်မြို့မှာတော့ ၄ ပေအထက်မှာ ရှိနေပါသေးတယ်။

နောက်တစ်ရက်အတွင်းလည်း စိုးရိမ်ရေမှတ်အထက်မှာပဲရှိနေဦးမှာပါ။

"ရေက ကျသွားပြီဆိုပေမဲ့ အရင်က ရေတက်သလောက်တော့ ရှိသေးတယ်" လို့ တောင်ငူရေဘေးကူညီနေသူက ပြောပါတယ်။

လေဖိအားနည်း ဆဲလ်(cell)ကြောင့် စက်တင်ဘာ ၂၅ ရက်အထိ ပဲခူးတိုင်းမှာ မိုးကြီးနိုင်တယ်လို့လည်းခန့်မှန်းထားပြီး ရေကြီးသတိပေးချက်ထုတ်ပြန်ထားပါတယ်။

“ရေထဲမှာ မတော်တဆဖြစ်ပြီး သေတာက နေ့တိုင်း တစ်ယောက် နှစ်ယောက်တော့ရှိတယ်”လို့ ပဲခူးတိုင်း ပကဖတာဝန်ခံက ပြောပါတယ်။

ပုံမှန်အခြေအနေမှာတောင် တောင်ငူမြို့နယ်ထဲ စက်လှေမောင်းခွင့်ပိတ်ပင်တာနဲ့ စစ်တောင်းမြစ်အရှေ့ခြမ်းရွာတွေကို ကုန်စည်သယ်ယူခွင့်တင်းကျပ်ထားတာကြောင့် အခုရေဘေးမှာ ပိုဆိုးတဲ့အခြေဆိုက်လာတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

ဒေသရဲ့ စိုက်ပျိုးရေးအပေါ်မှီခိုစားသောက်ကြတဲ့အခြေအနေမှာ ရေဘေးကြောင့် လယ်စိုက်ဧကများစွာလည်း နစ်မြုပ်ပျက်စီးသွားပြီဖြစ်ပါတယ်။

အိမ်တွေလည်းရေထဲမျောပါပြီး လယ်ရေမြုပ်သွားတဲ့ ရေတာရှည်အရှေ့ဘက်ခြမ်းရွာက ရေဘေးသင့် အမျိုးသားတစ်ဦးကတော့ သူ့ဘဝအမောကို အခုလိုပဲ ဖွင့်ဟလာပါတယ်။

“‌ဒီအခြေအနေအတိုင်းဆို ရှေ့ဆို စားဝတ်နေရေးတွေ အကုန်ကျပ်တည်းကြတော့မှာ”

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီကယ်ဆယ်ရေးတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသလို နိုင်ငံရေးအကဲခတ်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ မြေပြင်လူထုရဲ့အခက်အခဲကို ပထမဦးစားပေးအနေနဲ့ နှစ်ဖက်လုံးက ကြည့်ဖို့မြင်ဖို့ လိုအပ်တယ်လို့ မှတ်ချက်ပြုပါတယ်။

'' ပဋိပက္ခအခြေအနေမျိုးမှာ ဒီလိုသဘာဝဘေးအန္တရာယ်မျိုးကြုံလာတဲ့အခါမှာ အရပ်သားတွေရဲ့ ဘေးကင်းရေးက ပထမဖြစ်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)တို့လို အဖွဲ့တွေရဲ့ မူဝါဒနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့လိုအပ်တယ်''

ဂျီနီဗာကွန်ဗင်းရှင်းအရဖြစ်စေ၊ ကုလသမဂ္ဂရဲ့ ကူညီကယ်ဆယ်ရေးနဲ့ဆိုင်တဲ့လိုက်နာရမယ့်ကျင့်ဝတ်တွေအရဖြစ်စေ ပထမဦးစားပေးအဆင့်ဟာ ဘေးဒုက္ခကြုံနေရတဲ့ အရပ်သားတွေရဲ့ အသက်ရှင်ရပ်တည်ရေးဖြစ်တယ်လို့ သူက ပြောပါတယ်။

''အရပ်သားတွေဘေးအန္တရာယ်ကျနေချိန်မှာ ရန်သူဖြစ်လို့ဆိုတဲ့ စဥ်းစားချက်နဲ့ ခွဲခြားမှုမရှိဘဲနဲ့ ဒုက္ခရောက်နေတဲ့ အရပ်သားတွေအတွက် အရေးပေါ်ဖြစ်နေတယ်ဆိုတာကို နှစ်ဖက်လုံးကနားလည်ဖို့လိုတယ်'' လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပြပါတယ်။