ပြည်တွင်းခရီးသွားအများဆုံး ကလောနဲ့ အင်းလေးဒေသရဲ့ ရေဘေးသင့်ချိန်

စက်တင်ဘာ (၁၅) ရက် အင်းလေးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ငွေဇင်ယော်ဆေးပေါ့လိပ်

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ (၁၅) ရက် အင်းလေးမြင်ကွင်း

ပြည်တွင်းခရီးသွားလည်ပတ်မှုအများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်က ကလောမြို့ နဲ့ အင်းလေးကန်ဒေသတို့မှာ မကြုံစဖူး ဆိုးဆိုးရွားရွားရေကြီးတဲ့ဒဏ်ကို ခံစားနေရပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေရော အင်တာနက်တွေပါ ပြတ်တောက်နေပါတယ်။

“အင်းလေးကန်ခြေတံရှည် နှစ်ထပ်အိမ်ဆိုရင် အောက် တစ်ထပ် အမြုပ်ပဲ” လို့ အခုရက်ပိုင်းအတွင်း အင်းလေးဒေသကို ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ ကိုစည်သူက ပြောပါတယ်။

အင်းလေးအပြင် တောင်ပေါ်မြို့ဖြစ်တဲ့ ကလောမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်ကျရေအရှိန်ကြောင့် ရုတ်တရက်ဖြစ်ခဲ့တဲ့ ရေကြီးမှုမှာ လူဦးရေ အယောက် (၁၀၀) ကျော်သေဆုံးပြီး နောက်ထပ် (၂၀၀)ကျော်ပျောက်ဆုံးနေတာကို ဘီဘီစီသတင်းအရင်းအမြစ်တွေ ဆီကနေ အတည်ပြု ထားနိုင်ပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းလူထုအနေနဲ့ ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်တဲ့ဒေသ အနည်းငယ်ထဲပါဝင်တဲ့ ကလော နဲ့ အင်းလေးမှာပါ ရေဘေးသင့်ခဲ့ပြီဖြစ်ပြီး နယ်မြေစိုးမိုးထားတဲ့ စစ်ကောင်စီကတော့ ဒီဒေသတွေအတွက် အသံတိတ်နေဆဲပါ။

တောင်ပေါ်မြို့ ကလောမှာ ရေဘေးသင့်

တောင်ပေါ်မြို့ ကလောမှာ ရေဘေးသင့်

ဓာတ်ပုံ ရင်းမြစ်, July Angel

ဓာတ်ပုံ ပုံစာ, ရေပြန်ကျသွားပြီးနောက် မြင်တွေ့ရတဲ့ ကလောမြို့

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄,၀၀၀ကျော်မှာ တည်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမြို့ မှာ စက်တင်ဘာ (၁၀) ရက်နေ့ကစလို့ တောင်ကျရေကြောင့် ရေကြီးခဲ့ပြီး (၁၅)ရက်မှာတော့ ရေပြန်ကျသွားပါပြီ။

ရက်ပိုင်းသာ ရေဘေးသင့်တယ်လို့ဆိုရပေမဲ့ ကလောမြို့လူထုရဲ့ ဆုံးရှုံးမှုကတော့ ကြီးမားခဲ့ပါတယ်။

မြို့ပေါ်ရပ်ကွက် (၂)၊ (၃)နဲ့ (၄) မှာ တောင်ကျရေအလုံးအရင်းဝင်ရောက်တာကို ရုတ်ချည်းရင်ဆိုင်ခဲ့ရပြီး နောက် ရုပ်အလောင်း (၁၀၀) ကျော်ကို ရှာဖွေတွေ့ရှိထားပြီလို့ မြို့ခံတွေဆီကသိရပါတယ်။ ပျောက်ဆုံးနေသူ အရေအတွက်ကလည်း အယောက် (၂၀၀) ကျော်ပါတယ်။

ကလောမြို့နယ်ကြက်ခြေနီအသင်းကတော့ ဒီလိုလူရာချီသေဆုံးတယ်ဆိုတာကို ငြင်းဆိုပြီး ရုပ်အလောင်း (၁၃) လောင်းသာ ရရှိထားတယ်လို့ ဘီဘီစီကို ဖြေကြားပါတယ်။

“အမျိုးသမီး (၁၀) လောင်း နဲ့ အမျိုးသား (၃) လောင်းပါ။ ရပ်ကွက် (၃) က အရင်ဆုံး ရေစီးနဲ့တွေ့ရတာဆိုတော့ အသေအပျောက်များတယ်” လို့ ကလောမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ဦးလှဝင်းက ပြောပါတယ်။

ဒီ (၁၃) လောင်းကိုတော့ စက်တင်ဘာ (၁၃) ရက် နဲ့ (၁၄) ရက်တွေမှာ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး သင်္ဂြိုဟ်ပေးပြီးပါပြီ။

အခုတော့ မြို့ပေါ်မှာရေကျသွားပြီဖြစ်လို့ မြို့သန့်ရှင်းရေးလုပ်နေပြီး အာဏာပိုင်တွေက ကျန်းမာရေးစောင့် ရှောက်မှုအပြည့်အဝပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

ကလောမြို့မှာ ရေကြီးမြေပြိုခဲ့တဲ့အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, SAI LUKHAY

ဓာတ်ပုံ ပုံစာ, ကလောမြို့မှာ ရေကြီးမြေပြိုခဲ့တဲ့အခြေအနေ

“ကျွန်မအမျိုးသားနဲ့ မိနစ်ပိုင်းလောက်ဖုန်းပြောလို့ရချိန်ပြောတာက အဝတ်အစား၊ ဆေးဝါး နဲ့ အစား အသောက်တွေ တော်တော်လိုနေတယ်” လို့ ကလောမြို့က Mount Royal Motel မိုတယ်ပိုင်ရှင်ဖြစ်တဲ့ မချယ်ရီမွန်က သူကြားသိထားရတာကို ပြောပြပါတယ်။

ရေဘေးသင့်ခဲ့တဲ့ ကလောမြို့မှာ အမျိုးသားဖြစ်သူနဲ့ ဝန်ထမ်းတွေပိတ်မိနေပြီး မချယ်ရီမွန်ကတော့ နေရပ် ရန်ကုန်ကနေ ထောက်ပံ့ကူညီရေးပစ္စည်းတွေ ပေးပို့နိုင်ဖို့ စိုင်းပြင်းနေပါတယ်။

ဒီလိုကြိုးစားနေပေမဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေရော၊ အင်တာနက်တွေပါ ပြတ်တောက်နေဆဲဖြစ်ပြီး မက်ဆေ့စာတိုတွေသာ အပြန်အလှန်ပေးပို့ကာ ဆက်သွယ်ရေးလုပ်နေရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ဆိုရင်လည်း ကလောမြို့အဝင်လမ်းအများစုက သွားလာလို့မရသေးတဲ့အခြေအနေပါ။

အခုလို လူအမြောက်အများသေဆုံးခဲ့ရတဲ့ ကလောမြို့ရဲ့ ရေကြီးဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း တကြောမှာ ဆက်လက်ရေဘေးသင့်စေခဲ့သလို တောင်ကြားက ရေကန်ကြီးဖြစ်တဲ့ အင်းလေးကန်ကိုပါ သက်ရောက်မှုရှိစေပါတယ်။

ဖောင်တော်ဦးပွဲတော်ကာလနဲ့ ရေဘေးသင့်အင်းလေး

ဖောင်တော်ဦးပွဲတော်ကာလနဲ့ ရေဘေးသင့်အင်းလေး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်ဖောင်တော်ဦးဘုရားပွဲတော်ကို စစ်ခေါင်းဆောင်တို့ ဇနီးမောင်နှံတက်ရောက်ခဲ့စဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိုဗစ် နဲ့ စစ်အာဏာသိမ်းကြောင့် မနှစ်ကမှပြန်ပြီး ကျင်းပနိုင်ခဲ့တဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲကို စစ်ခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အခုနှစ်မှာလည်း မဖြစ်မနေဆက်ကျင်းပဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဖောင်တော်ဦးဘုန်းကြီးကျောင်း ရဟန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဖောင်တော်ဦးပွဲတော်ကာလ သီတင်းကျွတ်မှပဲ အင်းလေးမှာ ရေတိုးလေ့ ရှိပါတယ်။

အခုတော့ ပွဲတော်မစတင်မီ တစ်လအလိုမှာပဲ စူပါတိုင်ဖုန်း မုန်တိုင်းယာဂီရဲ့ အဖျားခတ်မှုကနေ ရေဝင်ပေါက် (၁၉) ပေါက်ကရော တောင်ကျရေတွေပါ စုဝေးရောက်ရှိလာတဲ့အရှိန်ကြောင့် အင်းလေးဒေသမှာ ရေကြီးနေပါပြီ။

ဒါဟာ ကလောအပါအဝင် ရွှေညောင်၊ ညောင်ရွှေစတဲ့ အင်းလေးမြောက်ဘက်မှာ ရေကြီးခဲ့တာရဲ့ နောက်ဆက်တွဲသက်ရောက်မှုဖြစ်ပြီး ဖောင်တော်ဦးဘုရားပွဲကာလမှာ လှည့်လည်အပူဇော်ခံလေ့ရှိတဲ့ (၂၁) ဌာနလုံး ရေဘေးသင့်ပါပြီ။

“၁၉၉၂ ခုနှစ်တုန်းက ရေကြီးခဲ့တဲ့အခြေအနေကိုပဲ ဒေသခံတွေက အဆိုးဆုံးလို့ ထင်ထားကြတာလေ” လို့ ဖော်တော်ဦးဘုရားအနီး ကေလာကျေးရွာအုပ်စုက အင်းခြံရွာဒေသခံဖြစ်တဲ့ ကိုစည်သူက ပြောပါတယ်။

အင်းသားတစ်ဦးဖြစ်တဲ့သူဟာ တောင်ကြီးမြို့မှာပြောင်းရွှေ့နေထိုင်ပေမဲ့ ရေကြီးတဲ့သတင်းကြားချိန်မှာတော့ အင်းလေးကန်ထဲ ပြန်ရောက်လာခဲ့ပါတယ်။

စက်တင်ဘာလအစကတည်းက အင်းလေးမှာ တဖြည်းဖြည်းရေတိုးလာတာကို ဒေသခံတွေသတိထားမိခဲ့ပြီး (၁၂) ရက်နောက်ပိုင်းကစလို့ တရက်ကို ၁ ပေခန့်အထိ သိသိသာသာရေတိုးခဲ့တာပါ။

“အင်းလေးမှာ ရေတက်ရင် လက်မ လောက်ပဲတက်လေ့ရှိတာဆိုတော့ ပေနဲ့တက်လာတာက တအားမြန်တဲ့ အခြေအနေလို့ဆိုရမှာပဲ” လို့ အင်းခြံရွာသာမက မြွေပွေးအထက်ရော မြွေပွေးအောက်ရွာကိုပါ စားနပ်ရိက္ခာ ကူညီပေးခဲ့တဲ့ ကိုစည်သူက ဆက်ပြောပါတယ်။

ကေလာ၊ ငါးဖယ်ချောင်း၊ လင်းကင်းစတဲ့ ကျေးရွာအုပ်စုအပြင် အင်းလေးမှာရှိတဲ့ ကျေးရွာအုပ်စု (၃၅) စုထဲက ရွာပေါင်း (၁၇၀) ကျော်ရေနစ်မြုပ်နေတယ်လို့သိရပါတယ်။

အင်းလေးကန်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၄ ရက် အင်းလေးကန်မြင်ကွင်း

ဘီဘီစီက ရရှိတဲ့ဓာတ်ပုံတွေအရဆိုရင်လည်း အင်းလေးကန်ရဲ့ သင်္ကေတ ခြေတံရှည်အိမ်တွေမှာ နှစ်ထပ်အိမ်ဆိုရင် အောက်တစ်ထပ် နစ်မြုပ်နေပြီး တစ်ထပ်အိမ်ဆို ခေါင်မိုးအထိနစ်နေတဲ့အခြေအနေပါ။

ဖုန်းအင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် ဆက်သွယ်ရခက်ခဲသလို ရေနက်လာတာ ကြောင့်လည်း အင်းအပြင်ကို လူအစုလိုက်ရေဘေးရှောင်ဖို့က မလွယ်ကူနေပါဘူး။

ခြေထောက်နဲ့လှေလှော်တဲ့ဓလေ့ရှိပေမဲ့ ခေတ်ကာလအရ စက်လှေကိုသာ အသုံးများတာကြောင့် ရေဘေးကြုံရချိန်မှာ စက်သုံးဆီအခက်အခဲပါ တပြိုင်နက်တည်းကြုံလာရပါတယ်။

“နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ မနေရင် အင်းထဲကကိုယ့်အစီအစဉ်နဲ့ကိုယ်ထွက်လာ မိုင်းသောက်စက်လှေဆိပ်မှာဆုံပြီး တောင်ကြီးမြို့ဘက်ရှောင်တာလည်းရှိတာပေါ့” လို့ မိခင် နဲ့ အမဖြစ်သူကို အင်းခြံရွာကနေ ခေါ်ထုတ်ခဲ့တဲ့ ကိုစည်သူက ဆိုပါတယ်။

အများစုကတော့ အင်းလေးကန်ပတ်ချာလည်က နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံသူတွေရှိသလို နှစ်ထပ်အိမ်အမြင့်တွေမှာ စုဝေးနေထိုင်သူတွေလည်းရှိနေပါတယ်။

စက်တင်ဘာ (၁၄) ရက် အင်းလေးကန်ရေဘေးသင့်ကူညီရေးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ (၁၄) ရက် အင်းလေးကန်ရေဘေးသင့်ကူညီရေးမြင်ကွင်း

ရေဘေးသင့်တဲ့ ကလော နဲ့ အင်းလေး ဘာကွာလဲ

ရှမ်းတောင်က အထင်ကရဒေသတွေဖြစ်တဲ့ ကလော နဲ့ အင်းလေးမှာ ရေဘေးသင့်ခဲ့ပေမဲ့ မတူညီတဲ့အချက်ကတော့ ရေပြန်ကျ မြန်တာနဲ့ နှေးတာပဲဖြစ်ပါတယ်။

ရေကြီးလေ့မရှိတဲ့ ကလောမြို့မှာ ငါးရက်အတွင်း ရေအလုံးစုံပြန်ကျပြီဆိုပေမဲ့ တောင်တန်းကြီးနှစ်ခုကြားက ညောင်ရွှေချိုင့်ဝှမ်းမှာရှိတဲ့ အင်းလေးဒေသကတော့ လနဲ့ချီရေကြီးနိုင်တယ်လို့ အင်းသားတွေက ခန့်မှန်းထား ကြတာကြောင့်ပါ။

“သုံးလလောက်ခံရမယ်လို့ မှန်းတယ်” လို့ ကိုစည်သူက ပြောပါတယ်။

ပထဝီမြေပြင်အနေအထားအရလည်း ရေဝင်ပေါက်များပြီး အင်းလေးကန်ရဲ့ရေထွက်ပေါက်က မိုးဗြဲရေကာတာဆီကိုသာ ဦးတည်ပါတယ်။

ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရပ်စောက်၊ တောင်ကြီး၊ နောင်တရား၊ တီကျစ်၊ ပင်လောင်းတို့ကနေ စီးဆင်းလာတဲ့ ချောင်းပေါင်း ၂၉ ချောင်းက စီးဆင်းလာတဲ့ရေတွေဟာ အင်းလေးကန်ထဲကို စီးဝင်ပါတယ်။

ဒါပေမဲ့ ပြန်ထွက်မယ့်ရေပေါက်ဟာ ဘီလူးချောင်းကနေတဆင့် ကရင်နီဘက်ကို စီးဆင်းမယ့် တစ်ပေါက်တည်းရှိတာကြောင့် အင်းလေးမှာ အခုတစ်ခေါက် ရေကြီးမှုဟာ ၂ လကနေ ၃ လအထိ ကြာမြင့်နိုင်တယ်လို့ သဘာဝဘေးစောင့်ကြည့်သူတွေက ခန့်မှန်းပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယား(ကရင်နီ)ပြည်နယ် နယ်စပ်မှာရှိတဲ့ မိုးဗြဲရေကာတာဟာ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေအတွက် အဓိကရေလှောင်ကြီးပါ။ မိုးဗြဲရေကာတာကနေ ရေဖောက်ချရင် မိုးဗြဲမြို့ အပြင် ကယားပြည်နယ်မြို့တော် လွိုင်ကော်ကိုပါ ရေကြီးနိုင်တဲ့ သက်ရောက်မှုတွေရှိနိုင်ပါတယ်။

ဒီလို ညောင်ရွှေမြို့နယ်က အင်းလေးကန်မှာရေကြီးနေပေမဲ့ အလျင်အမြန်ရေကျအောင် မိုးဗြဲ ရေကာတာကို ဖောက်ချဖို့ မသင့်တော်တာကြောင့် အခုလို ရေကြီးကာလရှည်ကြာနိုင်တယ်လို့ အင်းသားတွေက ခန့်မှန်းကြတာပါ။

အင်းလေးရေဘေးသင့်ပြည်သူတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အင်းလေးရေဘေးသင့်ပြည်သူတွေ

ကလော နဲ့ အင်းလေး နောက်ထပ်မတူညီတဲ့အချက်က ဟိုတယ်ခရီးသွားလုပ်ငန်းကိုအများစုဆောင်ရွက်တာ နဲ့ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့အချက်ပါ။

စစ်အာဏာသိမ်းပြီးနောက် အခြားလည်ပတ်စရာနေရာတွေနဲ့ယှဉ်ရင် အင်းလေးကန်ကိုလူလာများတယ်ဆိုပေမဲ့ ဟိုတယ်အများစု ရပ်နားထားရပြီး ရေပေါ်ဈေးတွေဖွင့်တာလည်း နည်းပါးနေချိန်ပါ။ ဒါကြောင့်ရာသီအလိုက် စိုက်ပျိုးရေးကို ပိုအားကိုးရပြီး အင်းလေးဓလေ့ ကျွန်းမျောပေါ်မှာ စိုက်ထားတဲ့ အသီးအနှံတွေ အခုရေကြီးမှုနဲ့ အတူ ပျက်စီးခဲ့ပါပြီ။

“ခရမ်းချဉ်းသီးပေါ်ချိန် ဝယ်မယ့်သူမရှိလို့ အလကားပေးနေရတာလေ” လို့ မျက်မြင်တွေ့ခဲ့ရတဲ့ အခြေအနေ ကို ကိုစည်သူက ပြောပါတယ်။

ကိုစည်သူရဲ့အပြောကိုတော့ သတင်းဌာနတွေမှာဖော်ပြတဲ့ အင်းရေပြင်ပေါ် အင်းသီး(ခရမ်းချဥ်သီး)တွေ အစုလိုက် အစုလိုက် ပေါလောပေါ်နေတဲ့ ဓာတ်ပုံတွေက သက်သေထူနေပါတယ်။

စီးပွားရေး၊ မြေမျက်နှာအနေအထားအပြင် နောက်ထပ်အချက်တခုက အင်းလေးမှာ ကယားပြည်နယ်ကနေ လာရောက်တိမ်းရှောင်တဲ့ စစ်ရှောင်ရာချီရှိနေပါတယ်။

အင်းလေးဘုန်းကြီးကျောင်းတွေမှာ နေရာမျှ နေထိုင်နေတဲ့ စစ်ရှောင်တွေလည်းရှိနေပြီး ဒေသခံရေဘေးသင့်သူတွေပါ ထပ်မံတိုးလာတဲ့အခါမှာတော့ စားသောက်ရေးကအစ နေရာထိုင်ခင်းအတွက်ပါ စိန်ခေါ်ချက်တွေ များလာပါတယ်။

အထူးသဖြင့် အင်းလေးကန်တောင်ပိုင်း အင်းတိန်ရွာဘက်က ကယားစစ်ရှောင်တွေ ရေမျောသေဆုံးတယ်ဆိုတဲ့ သတင်းတွေပါ စက်တင်ဘာ (၁၅) ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီး ဆက်သွယ်ရေး အခက်အခဲတွေကြောင့် တိတိကျကျ အတည်မပြုနိုင်ခဲ့ပါဘူး။

အင်းထဲမှာကျန်ရှိနေသူတွေနဲ့ နာရီပိုင်းအတွင်းအဆက်အသွယ်‌ရထားတဲ့ အဝေးရောက်အင်းသား (၃) ဦးထက် မနည်းရဲ့ ပြောပြချက်အရတော့ ညောင်ရွှေနဲ့ နီးကပ်တဲ့ အင်းတိန်ရွာတဝိုက်မှာ စက်တင်ဘာ (၁၀) ရက် ဝန်းကျင်ကတည်းက ရေမျောပျောက်ဆုံးသူတွေရှိနေပါတယ်။

အဲဒီအင်းတိန်ရွာဟာ စစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာဖြစ်ပြီး စစ်ရှောင်တွေရေဘေးထပ်မံသင့်တဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက အသေးစိတ်ထုတ်ပြောတာမရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ စက်တင်ဘာ (၁၄) ရက်အထိ နေပြည်တော်အပါအဝင် ကရင်၊ ပဲခူး၊ မန္တလေး၊ မွန်၊ ရှမ်းတောင်၊ ရှမ်းရှေ့နဲ့ ဧရာဝတီတို့မှာ ပြည်သူ (၇၄) ဦး သေဆုံးခဲ့တယ်လို့သာ စစ်ကောင်စီက အကြမ်းဖျဉ်း ထုတ်ပြန်ထားပါတယ်။

ကိုစည်သူရဲ့ နာမည်ကို ကာယကံရှင် လုံခြုံရေးကြောင့် လွှဲပြောင်းထားပါတယ်။