စက်တင်ဘာ ၁၅ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - နေပြည်တော်ရေကြီးမှု ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်လို့ ဒုစစ်ခေါင်းဆောင် ပြော

နေပြည်တော် ကောင်စီနယ်မြေထဲက ရေဘေးသင့်သူတွေကို သွားတွေ့တဲ့ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, နေပြည်တော် ကောင်စီနယ်မြေထဲက ရေဘေးသင့်သူတွေကို သွားတွေ့တဲ့ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

နေပြည်တော်ကောင်စီနယ်မြေထဲမှာ ရေကြီးမှုဟာ ‘‘ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရဲ့ လက်တွေ့ ဖြစ်စဥ်ဖြစ်ရပ်တွေ’’လို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောလာပါတယ်။

နေပြည်တော်မှာ မနေ့ စက်တင်ဘာလ ၁၄ ရက်တုန်းက ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးကို တက်ချိန် သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းဟာ အဲဒီကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေထဲက နေရာတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီလက်အောက် နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ မြင်တွေ့ရတဲ့ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

စက်တင်ဘာလ ၁၁ ရက်မှာ နေပြည်တော်ကောင်စီနယ်မြေထဲက ဆင်သေချောင်းရေလျှံတာ၊ စက်တင် ဘာလ ၁၂ မှာ နဝင်း၊ မုန်းနဲ့ ကင်းသာချောင်းရေလျှံတာတွေကြောင့် သေဆုံးသူ ၄၂ ဦး၊ လူပေါင်း ၂၅၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ အဲဒီအစည်းအဝေးမှာပဲ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆည်ကျိုးတာနဲ့ ဆည်ရေဖောက်ချတာမျိုးလို့ သတင်းတု သတင်းမှားကို မယုံကြဖို့နဲ့ နေပြည်တော် ကောင်စီနယ်မြေထဲက ဆည် ၁၂ ခုနဲ့ ရေကာတာ ၁၂ ရဲ့ကြံ့ခိုင်မှုကို စိုးရိမ်စရာမရှိဘူးလို့ ဒုတိယ စစ်ခေါင်းဆောင်က ပြောသလို အဲဒီဆည်တွေနဲ့ ရေကာတာတွေရဲ့ကြံ့ခိုင်မှုကိုလည်း နေ့စဥ် စစ်ဆေးခိုင်းနေတယ်လို့ သူက ပြောထားပါတယ်။

ကရင်နီမှာ ရေဘေးထပ်ကြုံရလို့ လူသောင်းချီ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

ရေထဲသွားလာတဲ့ မိုးဗြဲဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, Hope for Burma

ဓာတ်ပုံ ပုံစာ, ကရင်နီပြည်နယ်၊ မိုးဗြဲမြို့နယ် ရေဘေးသင့်နေတဲ့အခြေအနေ

ကယား(ကရင်နီ)ပြည်နယ်အတွင်း ရေကြီးမြေပြိုမှုတွေကြောင့် ယာယီရွှေ့ပြောင်းနေထိုင်နေရသူ ၂၈,၇၃၅ ဦးအတွက် အခြေခံစားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

"နိုင်ငံတကာအဖွဲ့အစည်းတွေက တိုက်ရိုက်ဆက်သွယ်လုပ်ဆောင်တာမရှိသလောက်တွေ့ရတယ်။အခက်အခဲကတော့ ကရင်နီမှာက ရေကြောင်းပိတ်မိတာ စစ်ကြောပိတ်မိတာကြောင့် တိုက်ရိုက်ကူညီဖို့ခက်တယ်။ နိုင်ငံတကာ အဖွဲ့က ကူရင်ဖြစ်နိုင်ချေရှိတယ်" လို့ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနမှူး ခွံမာတီးယာက ဘီဘီစီကိုပြောပါတယ်။

ရေဘေးအကူအညီတွေလာဖို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲလည်းရှိတယ်လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ဖုန်းလိုင်းမရလို့ အကူအညီတွေ မြန်မြန်မရဘူး။ စစ်ရှောင် နယ်မြေကို ပေါ်ပေါ်ထင်ထင် မလှူရဲကြတော့ အခု ကျွန်တော်တို့တောင် အကြွေးယူပြီး ရိက္ခာထောက်နေရတာ”လို့ ကယား(ကရင်နီ)ပြည်နယ်ထဲ ရေဘေးကူညီနေသူတစ်ဦးက အခက်အခဲကို ပြောပြပါတယ်။

စက်တင်ဘာ ၉ ရက်ကစပြီး မိုးအဆက်မပြတ်ရွာလို့ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေက ကျေးရွာတချို့နဲ့ စစ်ရှောင်စခန်းတွေမှာ ရေကြီးတာနဲ့ မြေပြိုတာကြုံရပြီး လယ်ယာစိုက်ခင်းတွေလည်း ရေနစ်မြုပ်လို့ ပျက်စီးကုန်ပြီလို့ IEC က ဆိုထားပါတယ်။

ဖယ်ခုံမြို့နယ်ထဲက တိကျိတ်ကျေးရွာမှာတော့ အခုသီတင်းပတ်အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ မိုးသည်းမှုနောက်ဆက်တွဲ တောင်ကျရေကြောင့် မြေပြိုပြီး လူ ၃ ဦး သေဆုံးကာ လူနေအိမ် ၂၅ လုံးပျက်စီးခဲ့ပါတယ်။

IEC ကတော့ လွိုင်ကော်မြို့နယ်ထဲမှာလည်း မိုးဗြဲဆည်ဖောက်ချလို့ ရွာ ၃ ရွာနဲ့ စစ်ရှောင်စခန်း ၁ ခုက လူဦးရေ ၅,၀၀၀ ရေဘေးသင့်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောတို့က ရေဘေးကြုံရတဲ့စစ်ရှောင်စခန်းတွေမှာလည်း အရေးပေါ်ရွှေ့ပြောင်းတာတွေလုပ်ခဲ့ရတာကြောင့် အစားအသောက်၊ အဝတ်အထည်နဲ့ အမိုးအကာတွေလိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဆယ်စုနှစ်တွေအတွင်း သံလွင်မြစ်ရေကြီးလို့ ထိုင်း-မြန်မာ နယ်စပ်က ကရင်ဒုက္ခသည်စခန်းအချို့ ရေမြုပ်

သံလွင် မြစ်ရေကြီးလို့ အိထုထာ ဒုက္ခသည်စခန်း ရေကြီးနေတဲ့အခြေ

ဓာတ်ပုံ ရင်းမြစ်, KPSN

ဓာတ်ပုံ ပုံစာ, သံလွင် မြစ်ရေကြီးလို့ အိထုထာ ဒုက္ခသည်စခန်း ရေကြီးနေတဲ့အခြေ

သံလွင်မြစ်ရေဟာ ထိုင်း- မြန်မာ နယ်စပ်မှာ ဆယ်စုနှစ်တွေအတွင်း အမြင့်ဆုံးကို ရောက်ခဲ့တာကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၅ (ဖာပွန်ခရိုင်) ထဲက စစ်ရှောင်စခန်းအချို့ ရေမြုပ်ပြီး ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။

သံလွင်မြစ်ရေဟာ ထိုင်းနိုင်ငံ၊ မယ့်စရီယန်းမြို့နယ် တစ်ဖက်ကမ်းက သော်လဲထနဲ့ အိထုထာ ဒုက္ခသည် စခန်းတွေက ဆေးရုံတစ်လုံးအပါအဝင် နေအိမ်ဆယ်နဲ့ချီ ရေမြုပ်သွားပြီး ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ ကရင်ပြည်သူ့ကျန်းမာရေးကွန်ရက်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

‘‘ဒီလောက် ရေမြင့်တက်မှုကိုကြုံရတာ နှစ်ပေါင်း ၂၀၊ ၃၀ အတွင်း အဆိုးဆုံးပဲ။ အိထုထာ ဆေးရုံက ဆေးရုံပစ္စည်းတွေ ကျွဲလှေ ၃ စီးနဲ့ တင်ထားရတယ်။ ဆိုလာပြားတွေနဲ့ စက်ပစ္စည်းတွေ၊ ကျန်းမာရေးနဲ့ အာဟာရအတွက်သုံးတဲ့ဆေးပစ္စည်းတွေအကုန် ပျက်စီးတယ်’’ လို့ သူက ပြောပါတယ်။

သံလွင်မြစ်ရေကြောင့် အိထုထာ ဒုက္ခသည်စခန်းထဲက အိမ်ခြေ ၃၀ နီးပါး ရေအောက်မြုပ်နေတယ်လို့ ကနဦး သိရပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်အတွင်း စံချိန်တင်မြင့်တက်ခဲ့တဲ့ သံလွင်မြစ်ရေဟာ မနေ့ စက်တင်ဘာလ ၁၄ ရက်ကစလို့ အနည်းငယ်ပြန်ကျသွားပြီဖြစ်ပေမဲ့ စစ်ရှောင်တွေဟာ အကူအညီလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့တွေက နှိုးဆော်နေပါတယ်။

ဘားအံမြို့ ရပ်ကွက်အားလုံးမှာ ရေကြီးနေ၊ ကယ်ဆယ်ရေးမသွားနိုင်တဲ့ ရွာတွေလည်းရှိ

ကယ်ဆယ်ရေးရေယာဉ်ပေါ်က မိသားစု နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Marga Ambulance & Rescue Service

ဓာတ်ပုံ ပုံစာ, ဘားအံမြို့၊ ရေဘေးကယ်ဆယ်ရေး အခြေအနေ

၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ရေဘေးကြုံနေရတဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ရပ်ကွက်အားလုံး ရေ တက်နေပြီး ရေလွတ်ရာရွှေ့ပြောင်းနေထိုင်ရသူ ထောင်နဲ့ချီရှိတယ်လို့ မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေရဲ့ခန့်မှန်း ချက်အရသိရပါတယ်။

ဇူလိုင်လအတွင်း ပထမအကြိမ်ရေကြီးတုန်းက မြို့ရဲ့စိုးရိမ်ရေအမှတ်အထက် ၆ ပေကျော် အထိ အမြင့်ဆုံးတက်ခဲ့တဲ့ သံလွင်မြစ်ရေဟာ အခုဒုတိယအကြိမ်မှာ အဲဒီစံချိန်ကို ချိုးပြီး ၇ ပေကျော်အထိ မြင့်တက်နေပါတယ်။

“အသင်းတွေက ရေလွတ်တဲ့အထိ ရွှေ့ပေးထားတယ်။ အိမ်မှာ ဖျားနာတဲ့သူပါနေတော့ ဆေးဝယ်မရတော့စိတ်ညစ်နေတာပေါ့။ စားတာလည်းအခက်အခဲရှိတယ်”လို့ ဘားအံမြို့ပေါ်ကနေ ရေဘေးရှောင်နေသူတစ်ဦးကပြောပါတယ်။

ဘားအံမြို့ပေါ်ရပ်ကွက်တွေအပြင် အနီးတဝိုက်က မင်းဇီရွာ၊ သံလွင်မြစ်တစ်ဖက်ကမ်းက ကော့ဂွန်းရွာနဲ့ ဘားကပ်ရွာတွေက အကူအညီလှမ်းတောင်းတာရှိပေမဲ့ ဘားအံမြို့ပေါ်က အဖွဲ့တွေအနေနဲ့ သွားရောက်ကူညီ ဖို့အခက်အခဲရှိနေတယ်လို့ မြို့ခံ မာဃလူမှုကူညီရေးအသင်း(ဘားအံ)က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကယ်ဆယ်ရေးရေယာဉ်ပေါ်က မိသားစု နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Marga Ambulance & Rescue Service

ဓာတ်ပုံ ပုံစာ, ဘားအံမြို့ပေါ် ရေဘေးကယ်ဆယ်ရေး အခြေအနေ

“သံလွင်မြစ်ဖြတ်ရင် ရေတအားစီးကြမ်းနေတော့ သွားလို့မရဘူးပေါ့။ ရွာသားအချင်းချင်းပဲ ကူနေကြတယ်လို့ သိထားရတယ်” လို့ သူက ပြောပါတယ်။

ဘားအံမြို့နယ်အပြင် ကရင်ပြည်နယ်ထဲက ကမမောင်းနဲ့ လှိုင်းဘွဲ့မြို့နယ်ထဲက ရွှေဂွန်းရွာမှာ ရေနစ်မြှုပ် နေပြီး အရေးပေါ် အစားသောက်၊ ဆေးဝါးနဲ့ သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းဌာန တွေက ဖော်ပြပါတယ်။

ဘားအံ-ရန်ကုန်၊ ဘားအံ‌-မော်လမြိုင်ကားလမ်းတွေလည်း ရေတက်နေလို့ ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

လက်ရှိမှာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၇ပေကျော်မှာရှိနေတဲ့ သံလွင်မြစ်ရေဟာ နောက်တစ်ရက် အတွက် ၁ပေခန့်ကျဆင်းလာနိုင်ပေမယ့် စိုးရိမ်ရေအမှတ်အထက်မှာပဲရှိဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

နောက်ထပ်ရေ ၅ ပေ လောက်ကျမှ မြို့ပေါ်နေသူတွေ အိမ်ပြန်လို့ အဆင်ပြေနိုင်မယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့ တွေက ပြောကြပါတယ်။

ကလေးမြို့စိုးရိမ်ရေအမှတ် တစ်ရက်အတွင်းရောက်မယ်လို့ မိုးဇလသတိပေး

ရေဘေးကယ်ဆယ်ရေးလုပ်နေစဉ်

ဓာတ်ပုံ ရင်းမြစ်, Marga Ambulance & Rescue Service

ဓာတ်ပုံ ပုံစာ, သံလွင်မြစ် စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ရေဘေးကြုံနေရတဲ့ ဘားအံမြို့

မြစ်သာမြစ်ရေဟာ ကလေးမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို နောက်တစ်ရက်အတွင်းရောက်လာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၅ ရက် ၉ နာရီခွဲအချိန်တိုင်းတာချက်အရ သတိပေးထုတ်ပြန်လာ ပါတယ်။

လက်ရှိမှာ မြစ်ရေအခြေအနေကတော့ ကလေးမြို့စိုးရိမ်ရေအမှတ်အောက် ၁ ပေခွဲကိုရောက်နေပြီဖြစ်ပါတယ်။

ဒါကြောင့် မြို့ရဲ့ မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားတာပါ။

ဒီ‌နေ့အထိတော့ အဓိကမြစ်ကြီးတွေဖြစ်တဲ့ သံလွင်၊ စစ်တောင်းမြစ်တွေအပြင် ပဲခူးမြစ်၊ ဒုဋ္ဌဝတီမြစ်တို့ဟာ ဘားအံ၊‌ တောင်ငူ၊ မဒေါက်၊ ပဲခူးနဲ့ မြစ်ငယ်မြို့တွေရဲ့ စိုးရိမ်ရေမှတ် အထက်မှာရှိနေပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် ၃၄ မြို့နယ်မှာ ရေကြီးနစ်မြုပ်တာကို ကြုံတွေ့နေရပြီး သေဆုံး သူရာချီနဲ့ ရေဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေတယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ဒီထက်အရေအတွက်ထက် များနိုင်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တချို့က ခန့်မှန်းပြောဆိုကြပါတယ်။

နောင်ချိုမြို့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲ

နောင်ချိုမြို့ပေါ်က လေကြောင်းဗုံးထိမှန်ခဲ့တဲ့ လူနေအိမ်

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၄ ရက်မှာ နောင်ချိုမြို့ပေါ်က ဗုံးထိမှန်ခဲ့တဲ့လူနေအိမ်

စစ်ကောင်စီက တအာင်းတပ်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့၊ သပြေရပ်ကွက်ကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲပြီး၊ ရော့ကတ်ဒုံးတွေနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ TNLA က စက်တင်ဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဗုံး ၂ လုံးကို နေ့လည် ၁ နာရီ နဲ့ ၂နာရီခွဲအချိန်တွေမှာ ဂျက်ဖိုက်တာ(တိုက်လေယာဥ်)နဲ့ လာကြဲသွားတာလို့ ဆိုပါတယ်။

ဗုံး ၂ လုံးမှာ တစ်လုံးကပေါက်ကွဲပြီး အရပ်သား အမျိုးသမီးတစ်ဦးထိခိုက်ကာ နေအိမ်အဆောက်အဦးတွေပျက်စီးတာရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီဟာ နောင်ချိုမြို့ထဲကို စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အခုတစ်ကြိမ်နဲ့ပါဆိုရင် နောင်ချိုကို စစ်တပ်က ၂ ရက်ဆက်တိုက်ဗုံးကြဲမှုဖြစ်လာပါတယ်။

လက်ရှိ တစ်နိုင်ငံလုံးက မြို့နယ် ၃၄ မြို့နယ်မှာ ရေဘေးကြုံနေရပြီး ကူညီကယ်ဆယ်ရေးလိုအပ်ချက်တွေမြင့်တက်နေချိန်မှာ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊ ရခိုင်နဲ့ချင်းပြည် နယ်တို့မှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့လည်း TNLA က ထောက်ပြပြောဆိုထားပါတယ်။

ရှမ်းမြောက်၊ သိန္နီခရိုင်ထဲက၊ နမ့်ပေါင်ကျေးရွာကို စက်တင်ဘာ ၁၃ ရက်မှ လေကြောင်းတိုက်ခဲ့လို့ အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA) ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ရေးအခြေအနေကတော့ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတဝိုက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ပြောထားပါတယ်။

တာချီလိတ်မြေပြိုမှုအတွင်း သေဆုံးသူအလောင်း ၁၁ လောင်းပြန်တွေ့

မြေပြိုကျစဉ် သေဆုံးသွားသူရဲ့ အလောင်း သယ်ထုတ်လာတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၁ ရက်၊ တာချီလိတ်မြို့ ၊ ဝမ်ကောင်းရပ်ကွက်၊ အားခေရွာအထက်ဘက်တွင် မြေပြိုကျခဲ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်က တာချီလိတ်မြို့ရဲ့ တောင်ခြေရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်း မိုးသည်းရေကြီးချိန် မိုးရွာသွန်းတဲ့အရှိန်ကြောင့် မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၁ ဦးရှိနေပြီလို့ ဒေသခံသတင်းအရင်းအမြစ်ရဲ့ပြောပြချက်အရ သိရပါတယ်။

တာချီလိတ်မြို့က မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ ဝမ်ကောင်းနဲ့ လွယ်တော်ခမ်းကျေးရွာဘက်မှာ မြေပြိုမှု တွေ စက်တင်ဘာ ၁၂ ရက်ကစလို့ ဖြစ်လာတာပါ။

“မိုးများတိုင်း အဲ့ဒီနေရာတွေက မြေပြိုတယ်။ အခုမှ ရှင်းလင်းရေးတွေပြန်လုပ်နေတော့ အလောင်းတွေက ဆက်ပေါ်လာဦးမလားဆိုတာ ခန့်မှန်းရခက်တယ်။ ဒီတစ်ခါ ရေတက်တာတော့ တစ်သက်နဲ့တစ်ကိုယ်အဆိုးဆုံးပဲ” လို့ တာချီလိတ်မြို့ခံတစ်ဦးကပြောပါတယ်။

တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေဟာ စက်တင်ဘာ ၉ ရက်နေ့မှာစတက်လာပြီး စက်တင်ဘာ ၁၃ ရက်ဝန်း ကျင်မှာ ပြန်ကျသွားပေမဲ့ ပြန်လည်ထူထောင်ရေးတွေကို ကိုယ်ထူကိုယ်ထလုပ်ကိုင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ရေကျတယ်ဆိုပေမဲ့ အရင်နှစ်က ရေကြီးသလောက် မြို့ထဲ ရေကျန်နေသေးတယ်လို့ ပြောပါတယ်။ မြို့ ၇၀ ရာခိုင်နှုန်းလောက် မြုပ်သွားတာလေ။ တချို့နေရာမှာ နှုန်းတွေကျန်တာ ရင်ဆို့ လောက်ရှိတယ်”လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‌ပြန်လည်ထူထောင်ရေးမှာ စက်ယန္တရားနဲ့ လူအင်အားလိုအပ်ချက်တွေရှိနေတာကြောင့် တာချီလိတ် ရေဘေးဒုက္ခသည်တွေကတော့ အိမ်မပြန်နိုင်သေးပဲ နီးစပ်ရာဆွေမျိုးနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်အရ တာချီလိတ်မြို့ပေါ်ရပ်ကွက်နေထိုင်သူ စုစုပေါင်း ၅ သောင်းကျော်ရှိပါတယ်။

ရွာပေါင်း ၁၇၀ ကျော် ရေမြုပ်နေတဲ့အင်းလေးမှာ စားရေး ရိက္ခာလိုအပ်နေ

အင်းလေးဒေသ၊ ရေကြီးချိန် အောက်ထပ်တစ်ထပ်မြုပ်နေတဲ့နေအိမ်

ဓာတ်ပုံ ရင်းမြစ်, Vintage Taunggyi

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၄ ရက်၊ အင်းလေးဒေသ၊ ရေကြီးချိန် အောက်ထပ်တစ်ထပ်မြုပ်နေတဲ့နေအိမ်

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲက အင်းလေးဒေသမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးဖြစ်နေတဲ့ ကန်ရေပြင် မြင့်တက်ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၁၇၀ ကျော်က ဒေသခံတွေဟာ ရေဘေးသင့်နေပါတယ်။

စက်တင်ဘာလ ၁၂ ရက်ကတည်းက ရုတ်တရက်ရေကြီးမှု ကြုံရတာကြောင့် အခုဆိုရင် စားရေး ရိက္ခာ ခက်ခဲလာနေတယ်လို့ ကူညီကယ်ဆယ်ရေးသွားခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးက အင်းလေးဒေသမှာ ကျေးရွာ‌ပေါင်း ၄၄၅ ရွာရှိပြီး အဲဒီထဲက ကျေးရွာ ၁၀၀ ကျော် ရေနစ်မြုပ်နေတာပါ။

“ရေထဲနဲ့ ရေအစပ်က အိမ်တွေက မြုပ်ကုန်ပြီ။ ရွှေညောင်ဘက်မှာက ရေဘေးကြုံရရင် ချက်ကျွေးတဲ့အဖွဲ့ရှိတယ်။ အင်းထဲမှာက မရှိဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ချက်ကြရတာ။ ဝေတဲ့သူရှိမှ ရတော့မယ်ပေါ့” လို့ အစားအသောက် ဝေငှဖို့သွားခဲ့သူက ပြောပါတယ်။

ရေလွှမ်းမိုးနေတာကြောင့် အိမ်သာကိစ္စလည်း အခက်အခဲဖြစ်နေကြတာပါ။

ရေတက်လို့ နှစ်ထပ်အိမ် အပေါ်ထပ်တွေမှာနေကြရပြီး ရေမြုပ်သွားတဲ့ တစ်ထပ်အိမ်နဲ့ တဲအိမ်နေသူတွေဟာ နီးစပ်ရာ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြတယ်လို့ ပြောပါတယ်။

လက်ရှိအင်းလေးက ရေနစ်မြုပ်နေတဲ့ရွာအများစုမှာ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေပြီး အင်းထဲက အခြေအနေဟာ တောင်ကြီးကနေ သွားရောက်ကူညီသူတွေ တောင်ကြီးကို ပြန်ရောက်လာမှာ သိရှိနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။

အင်းလေးကန်ထဲကို ဟဲဟိုး၊ ရွှေညောင်နဲ့ ညောင်ရွှေတို့ကနေ စီးဆင်းလာတဲ့ မိုးရေခံချောင်း ၁၂ ချောင်းအထိရှိပေမဲ့ ပြန်ထွက်မယ့်ရေပေါက်ဟာ တစ်ပေါက်တည်းရှိတာကြောင့် အင်းလေးမှာ အခုတစ်ခေါက် ရေကြီးမှုဟာ ၂ လကနေ ၃ လအထိ ကြာမြင့်နိုင်တယ်လို့ သဘာဝဘေးစောင့်ကြည့်သူတွေက ခန့်မှန်းပါတယ်။

ရွှေညောင်၊ ကလောတို့နဲ့မတူဘဲ မိုးဗြဲဆည်ဘက်ကို ရေထွက်ပေါက်တစ်ခုသာရှိတဲ့ အင်းလေးမှာ ရေကြီးရင် လနဲ့ချီကြာနိုင်တဲ့အတွက် ဒေသခံတွေက နေထိုင်စားသောက်ရေး စိုးရိမ်နေကြတာဖြစ်ပါတယ်။