ရေမကြီးခင်နဲ့ ရေကျချိန်လုပ်ရမယ့်အချက်တွေ

ဓာတ်ပုံ ရင်းမြစ်, MFS
ရေကြီးမယ့်အရိပ်အယောင်တွေ့ရင် ဘယ်လိုပြင်ဆင်ရမလဲ
မြန်မာမှာ နှစ်စဥ်နှစ်တိုင်း ရေကြီးတာမျိုးက ကြုံရတတ်ကြပေမဲ့ ရာသီဥတုပြောင်းလဲမှုက မိုးတွေ ပိုကြီးလာစေပြီး ရေဘေးကြုံရနိုင်တဲ့ အန္တရာယ်က ပိုများလာပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်းကာလတွေမှာ ရေကြီးမှုတွေကို တစ်နှစ်တည်းမှာပဲ အကြိမ်ကြိမ်ကြုံတွေ့ရတာမျိုးတွေ ရှိလာပါတယ်။
ဒါကြောင့် မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးမယ့်အရိပ်အယောင်တွေမြင်ရပြီဆိုရင် ယုံကြည်စိတ်ချရတဲ့ မိုးလေဝသသတင်းတွေကို မပြတ်နားစွင့်ဖတ်ရှုဖို့လိုမှာဖြစ်ပါတယ်။
- ကိုယ့်ဒေသမှာ ပုံမှန်ထက်ပိုပြီး မိုးများတာ၊ ရေတက်တာတွေရှိလာပြီဆိုရင် ဒေသရဲ့ ပထဝီဝင်အနေအထားကို ကြိုတင်တွက်ဆပြီး ပြေးလမ်းကြောင်းရှာတာ၊ ဒါမှမဟုတ် ကြိုတင်တိမ်းရှောင်နိုင်မယ့်နေရာတွေကို တွက်ချက်ပြင်ဆင်ထားတာလုပ်ရပါမယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်ရွေးချယ်တဲ့လမ်းကြောင်းက မြေနိမ့်ပိုင်းဒေသဆိုရင် လမ်းမှာတင် ရေဘေးကြုံရနိုင်တာကြောင့်ပါ။
- အရေးကြီးစာရွက်စာတမ်းတွေ၊ ရွှေငွေလိုတန်ဖိုးကြီးပစ္စည်းတွေကို ရေစိုခံ ရေလုံပြီးခိုင်ခန့်စိတ်ချရတဲ့ ပလတ်စတစ်ပုံး၊ ဒါမှမဟုတ် ပလတ်စတစ်အိတ်တွေနဲ့ စနစ်တကျထုတ်ပိုးပြီး အထပ်မြင့် ဒါမှမဟုတ် ရေဘေးလွတ်နိုင်တဲ့စိတ်ချရတဲ့နေရာမှာ ကြိုတင်ရွှေ့ထားသင့်ပါတယ်။
- ဓာတ်မီး၊ပါဝါဘန့်၊ ဘတ္တီရီနဲ့ ဓာတ်ခဲတို့ကိုကြိုတင်ဆောင်ဖို့လိုသလို ရိက္ခာခြောက်နဲ့ ရေသန့်တွေကိုလည်း ကြိုတင်ဝယ်ယူစုဆောင်းထားသင့်ပါတယ်။ ရေသန့်နဲ့ ဓာတ်ဆားကိုလည်း မပါမဖြစ်ဆောင်ထားရင်အကောင်းဆုံးပါ။
- တတ်နိုင်လို့ အချိန်ရတယ်ဆိုရင် ဆေးဝါးတချို့၊ ပလာစတာနဲ့ ပတ်တီးတွေကိုလည်း တနိုင်တပိုင်ဆေးအိတ်နဲ့ဆောင်သင့်ပါတယ်။ လည်ရှည်ဖိနပ်၊ မိုးကာလိုမျိုးအကာအကွယ်တွေလည်း ဆောင်ထားရင်လည်း အကောင်းဆုံးပါပဲ။
- အထပ်မြင့်အဆောက်အဦနည်းပါးတဲ့ ကျေးရွာတွေဆိုရင်တော့ မိုးများပြီးရေကြီးလာတာ၊ ပုံမှန်ထက်ပိုပြီး ရေတက်တဲ့အရှိန်မြန်လာတာဆိုရင် လိုအပ်မယ့် ပစ္စည်းတချို့ကို ကိုယ်နဲ့မကွာဆောင်ယူပြီး အထပ်မြင့်အဆောက်အဦရှိတဲ့နေရာတွေကို ခပ်မြန်မြန်ပဲကြိုတင်တိမ်းရှောင်သင့်ပါတယ်။
- ဒါမှမဟုတ်ကုန်းမြင့်ပိုင်းနေရာတွေနဲ့ ခိုင်ခံတဲ့ သစ်ပင်အမြင့်တွေကလည်း ရေဘေးလွတ်နိုင်ပါတယ်။ ဒါပေမဲ့ သစ်ပင်အမြင့်တွေမှာ မြွေနဲ့ တခြားသတ္တဝါတွေရှိနိုင်တာကိုလည်းသတိပြုရမှာပါ။
- ဒါအပြင် ရေသန့်ဘူးကြီးတွေ၊ ဖော့ပုံးနဲ့ ပလစ်စတစ်ပုံးတွေ၊ ကားတာယာကျွတ်တွေလို ရေပေါ် ပေါ်နိုင်တဲ့ ပစ္စည်းမျိုးတွေကိုလည်း ဆောင်ထားသင့်ပါတယ်။ ဒါမှ ရုတ်တရက်ရေကြီးလို့ရှောင်ရှားချိန်မရဖြစ်တဲ့အခါမှာ ဒီပစ္စည်းတွေအကူအညီနဲ့ ဘေးလွတ်ရာပြေးနိုင်သလို ရေထဲမှာ ခတ္တနေနိုင်မှာပါ။
- ဒေသန္တရကယ်ဆယ်ရေးအဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ တယ်လီဖုန်းနံပါတ်နဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေကိုလည်း မှတ်ထားရပါမယ်။ ဒါမှအရေးပေါ်ကြုံလာရင် ချက်ချင်းအကူအညီတောင်းနိုင်မှာပါ။
- ဒါပေမဲ့ ရေကြီးမိုးများတဲ့အခါ အင်တာနက်ပြတ်တောက်တာမျိုးနဲ့ ဆက်သွယ်ရေးလိုင်းပြတ်တောက်တာမျိုးရှိနိုင်လို့ ကြိုတင်ပြင်ဆင်တိမ်းရှောင်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ရေဒီယိုဆောင်ထားတာကလည်း မမှားပါဘူး။
- မိုးများပြီး ရေကြီးမှုဖြစ်လာချိန်မှာ အာဏာပိုင်တွေက လျှပ်စစ်မီးဖြတ်တောက်တာတွေရှိပေမဲ့ ကိုယ်တိုင်ကလည်း ကိုယ့်အိမ်ရဲ့ အဝင်လျှပ်စစ်လမ်းကြောင်းတွေကို ကြိုတင်ဖြတ်တောက်ထားသင့်ပါတယ်။ဒါဆိုရင် လျှပ်စစ်အန္တရာယ်အတွက်စိတ်ချရနိုင်ပါတယ်။
- ဒါတွေအပြင် ကြိုတင်ပြင်ဆင်ချိန်ရခဲ့တာဆိုရင်တော့ အသံထုတ်နိုင်တဲ့ ဝစီ၊ ရောင်ပြန်လင်းပြားတွေလည်း ဆောင်သင့်ပါတယ်။ ဒါမှကယ်ဆယ်ရေးတွေလိုအပ်တဲ့အခါ အသံပေးနိုင်တာ အလင်းရောင်ပြနိုင်မှာပါ။
- အိမ်မှာ ကျောင်းနေအရွယ်ကလေးငယ်တွေရှိရင်တော့ သူတို့ရဲ့ ကျောင်းသုံးစာအုပ်တွေနဲ့ သူတို့ကို ဘေးလွတ်ပြီး စိတ်ချရတဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေအိမ်ကိုကြိုတင်ပို့ဆောင်ထားတာအကောင်းဆုံးဖြစ်ပါတယ်။
- ရေတက်လာချိန် ကြိုတင်တိမ်းရှောင်းရင်း လူစုကွဲသွားခဲ့ရင် ဘယ်နေရာမှာ ပြန်ဆုံမလဲဆိုတာမျိုး ဆုံရပ်ကို မိသားစုထဲမှာ ကြိုတင်တိုင်ပင်ထားရမှာဖြစ်ပါတယ်။
ရေကျချိန်ဘာတွေသတိထားရမလဲ
ရေမတက်ခင်အချိန်တွေက အရေးကြီးသလို ရေကျသွားချိန်မှာ ဆောင်ရန် ရှောင်ရန်တွေကလည်းအထူးသတိထားလုပ်ဆောင်ရမှာဖြစ်ပါတယ်။
- ရေကျသွားတာနဲ့ လမ်းပေါ်ချက်ချင်းထွက်တာကိုလည်းရှောင်ရပါမယ်။ ဓာတ်တိုင်တွေလဲတာနဲ့ ကျိုးကျနေတာတွေကနေ လျှပ်စစ်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါအပြင် ရေကြီးခဲ့တဲ့အချိန်ကြောင့် မြေသားတွေ ပျော့ပြီး မြေပြိုမှု ဒါမှမဟုတ် အဆောက်အဦးပြိုကျမှုတွေ ဖြစ်နိုင်လို့ပါ။
- နောက်ထပ်အထူးသတိထားရမှာက မြွေအန္တရာယ်ပါ။ ရေကြီးချိန်မှာ မြွေနဲ့ အခြားအဆိပ်ရှိတဲ့ သတ္တဝါတွေထွက်လာနိုင်တာကြောင့် ရေကျချိန်က အန္တရာယ်ရှိပါတယ်။ ဒါအပြင် မြွေခိုအောင်းနိုင်တဲ့နေရာတွေနဲ့ ပစ္စည်းတွေကိုကိုင်တွယ်တာကိုလည်းသတိထားရမှာပါ။
- ရေကြီးမှုကြောင့် သေဆုံးသွားတဲ့ တိရစ္ဆာန်သေတွေကို စနစ်တကျရှင်းလင်းပြီး မြေမြုပ်မီးရှို့တာတွေလုပ်ရမှာပါ။ ဒါတွေအပြင် အမှိုက်သရိုက်တွေကိုလည်း စနစ်တကျရှင်းလင်းရမှာပါ။ဘာကြောင့်လဲဆိုရင် ဒါတွေကနေ မလိုလားအပ်တဲ့ ကူးစက်ရောဂါတွေ ဖြစ်လာနိုင်လို့ပါ။
- ရေကြီးပြီးတဲ့နောက် ရေကို ကြိုချက်သောက်တာအကောင်းဆုံးပါ။ ရေစိုပြီးကျန်ခဲ့တဲ့ အစားအသောက်တွေကိုလည်း မစားသင့်ပါဘူး။ ဝမ်းရောဂါလိုကူးစက်ရောဂါတွေဖြစ်နိုင်ခြေများတာကြောင့်ပါ။
- ရေကျပြီးတဲ့နောက် အပြင်ထွက်သွားလာတဲ့အခါ အတတ်နိုင်ဆုံး ဖိနပ်မပါဘဲ လမ်းမလျှောက်သင့်ပါဘူး။ ထိခိုက်ဒဏ်ရာတွေရနိုင်တာကြောင့်ပါ။
- ရေကြီးချိန်က ရေဝင်ထားတဲ့ ရေအရင်းအမြစ်တွေကို ပြန်မသုံးပါနဲ့။ ကုန်စင်အောင်သွန်ပစ်ပြီး အသစ်လဲပေးပါ။ သောက်ရေနဲ့ ချက်ပြုတ်ဖို့ကိုတော့ ရေသန့်ကိုပဲ အသုံးပြုသင့်ပါတယ်။
- မတော်တဆ ထိခိုက်မိခဲ့တာရှိရင် မသန့်ရှင်းတဲ့ ရေတွေကတဆင့် ဘက်တီးရီးယားတွေဝင်ပြီးအနာရင်းတာတွေဖြစ်နိုင်တာကြောင့် ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးတွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။
- ရေကျသွားတာ မိုးရပ်သွားတာနဲ့ စိတ်ချရတဲ့မိုးလေဝသအခြေအနေလို့ ယူဆလို့မရဘဲ နောက်ထပ်မိုးလေဝသသတင်းတွေကို နားစွင့်ရမှာပါ။ ဒါမှ နောက်ဆက်တွဲ ကောလာဟာလသတင်းတွေကို ရှောင်ရှားနိုင်မှာပါ။
၂၀၂၄ စက်တင်ဘာ ၁၀ ကနေ ၁၂ ရက်အတွင်းရေကြီးဒေသများ

စစ်ကောင်စီရုံးစိုက်တဲ့ဒေသမှာ ကယ်ဆယ်ရေးအချိန်မီမရတဲ့ ရေကြီးမှု
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့ မိုင် ၃၀ ကနေ မိုင် ၇၀ ကြား သာဝေးတဲ့ တပ်ကုန်းမြို့ ၊ပျဥ်းမနား၊ ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့တွေ ရေကြီးပြီး တစ်ရက်အတွင်း လူ ၂၀ ကျော် သေဆုံးခဲ့မှုက စစ်ကောင်စီရဲ့ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ နိုင်နင်းမှုမရှိတာကို ပြခဲ့တယ်လို့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေက ဝေဖန်ကြပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော် ပေါင်းလောင်းဆည်အတွင်း ရေပြည့်လျှံလာတာကနေ ဆည်ရေကျော်ပြီး မြို့တွေထဲကို ရေတွေဝင်ရောက်ခဲ့တာလို့ နေပြည်တော်၊ ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
'' ရှမ်းကုန်းမြေမြင့်ကဆင်းလာတဲ့ရေတွေက ဆင်သေချောင်းကိုဝင်တယ်။ အဲဒီကနေ ဆည်တွေထဲကိုရေဝင် ရေများရင် ရေကျော်ပြီး စစ်တောင်းမြစ်ထဲရောက်တာ '' လို့ ဆည်မြောင်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
ဆင်သေချောင်းနဲ့ ငလိုက်ချောင်းရေပေါင်းပြီး ပေါင်းလောင်းဆည်ထဲကို ရေဝင်တာကြောင့် ပေါင်းလောင်ဆည်ရေကျော်ပြီး ရေလျှံခဲ့တာကနေ နေပြည်တော် တဝိုက်ကမြို့တွေ ရေကြီးခဲ့တာဖြစ်ပါတယ်။
'' ပင်လောင်းဘက်မိုးများတာကနေ အထက်ပေါင်းလောင်ကိုရေဝင်တယ်။ ရေလျှံတယ်။ နောက်ပြီး အောက်ပေါင်းလောင်းကို ချောင်းရေတွေ စုရောက်ပြီး ရေလျှံတယ်''လို့ ဆည်မြောင်းဦးစီးဌာနတာဝန်ရှိသူကဆိုပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စက်တင်ဘာ ၁၁ ရက်က တပ်ကုန်းမြို့ ကို ဆင်သေချာင်းရေတက်ပြီး တောင်ကျချောင်းရေတွေဝင်လို့ တပ်ကုန်းထဲက ချောင်းနားနီးရွာတွေအားလုံး ပြင်ဆင်ချိန်မရ ဖြစ်ခဲ့ပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်တွေမှာဆိုရင် အချိန်တိုအတွင်းမှာ ရွာတွေထဲကို ရေတွေဒလဟောဝင်တာတွေ့ရပါတယ်။
ရေစီးအရှိန်ပြင်းသလို ရေတွေမြင့်တက်ပြီး တစ်ထပ်အိမ်ခေါင်မိုးတွေမြုပ်လုထိ ဖြစ်ခဲ့ပါတယ်။ မြုပ်တဲ့အိမ်တွေ ရေတက်လို့ ပိတ်မိနေသူတွေလည်းရှိခဲ့ပါတယ်။
ရေတွေ ဒလဟောတက်လာပြီး အိမ်ထုပ်တန်းတွေအထိ တက်နေရတဲ့ ဓာတ်ပုံတွေ၊ အိမ်ခေါင်မိုးပေါ် နဲ့ သစ်ပင်ပေါ် တက်နေရတဲ့ ဓာတ်ပုံတွေ ကို နေ့ချင်းမျှဝေပြီး ကယ်ဆယ်ရေးတွေလွှတ်ပေးဖို့ အကူအညီတောင်းခဲ့ပေမဲ့ စစ်ကောင်စီအာဏာပိုင်တွေ ဦးဆောင်တဲ့ ကယ်ဆယ်ရေးတွေနေ့ချင်းမရောက်ခဲ့ပါဘူး။
ဒီလိုအဖြစ်က ရမည်းသင်းမှာလည်း ဖြစ်ခဲ့ပါတယ်။ ရမည်းသင်းမှာ ရွာတွေရေဖုံးပြီး ရေထဲပိတ်မိနေတဲ့ ဒေသခံတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အချိန်မီကယ်ဆယ်ရေးမလုပ်နိုင်တာကြောင့် စက်တင်ဘာ ၁၁ ရက် တရက်အတွင်းမှာပဲ ရေထဲမျောပါလို့ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ရမည်းသင်းက သေဆုံးစာရင်းက စစ်ကောင်စီလက်အောက် မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။
မြေပြင်က ပရဟိတကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကယ်ဆယ်ရေးလုပ်ဖို့ သွားလာရေးခက်နေတာကြောင့် ရေထဲမျောပါသေဆုံးမှုက တရားဝင်စာရင်းထက်ပိုများနိုင်တယ်လို့ ပြောပါတယ်။

ပျော်ဘွယ်မှာလည်း ရွာတွေ အများအပြား ရေမြုပ်ခဲ့ပါတယ်။ ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ပြီး၊ ကူရာကယ်ရာမဲ့ခဲ့ကြတယ်လို့ ပျော်ဘွယ်ဒေသခံ တစ်ဦးကပြောပါတယ်။
စက်တင်ဘာ ၁၁ ရက် နေပြည်တော်အနီးက မြို့ ၄ ခုထက်မနည်း ရေကြီးမှုကြောင့် ကလေးသူငယ်အပါအဝင် အနည်းဆုံးအရပ်သား ၂၂ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။
မယ်သီလရှင်နဲ့ ဘုန်းတော်ကြီးတွေလည်း ရေထဲပိတ်မိခဲ့ကြပြီး အသက်ဆုံးရှုံးရလုနီးဖြစ်ခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ မယ်သီလရှင်ကျောင်းတွေထဲ ရေတွေဝင်ရောက်ခဲ့လို့ တရားစာအုပ်တွေအပါအဝင် သာသနိကအသုံးအဆောင်တွေ ပျက်စီးခဲ့ပါတယ်။
မြန်မာ - ထိုင်းနယ်စပ်၊တာချီလိတ်မြို့ ရေကြီးမှု

အနောက်တောင်မုတ်သုံလေဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်ကနေ (၂၀) ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကနေ ဆုတ်ခွာသွားဖွယ်ရှိနေပေမဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုန်တိုင်းငယ်(Depression)အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နဲ့ ကရင်နီတို့မှာ ရွာသွန်းမြဲထက်ပိုနိုင်တယ်ဆိုတာကြောင့် မိုးဆက်များနိုင်ပါတယ်။
စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုများနိုင်တယ်လို့ဆိုပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ ဆက်လက်အားကောင်းနိုင်တာကြောင့် စက်တင်ဘာ (၁၅) ရက်အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းအထက်ပိုင်း၊ ပဲခူးနဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန် တို့မှာ နေရာ စိပ်စိပ် ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုး/ဇလ က စက်တင်ဘာ ၁၂ ရက် ညနေမှာ သတိပေးထားပါတယ်။

ရှမ်း - ကရင်နီနယ်စပ်က နေရာဒေသ ၆ ခုမှာ ရေကြီးမှုနဲ့ မြေပြိုမှုဖြစ်

ပုဂံ မှာ မိုးသည်းတာကြောင့် ရှေးဘုရားအချို့ပြိုကျ

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာတွေလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသတွေမှာ နေထိုင်ကြသူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ မိုး/ဇလကဆက်ပြီး သတိပေးထားပါတယ်။











