‘‘ရာသီဥတုကို ကယ်တင်ဖို့ ရုပ်ကြွင်းလောင်စာ ကြော်ငြာတွေ ပိတ်ပင်ပါ’’ - ကုလအကြီးအကဲ

india

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အပူလှိုင်းနဲ့အတူ ရေရှားပါးမှုပါ ကြုံနေရ
    • ရေးသားသူ, မတ် မက်ဂရက်သ်
    • ရာထူးတာဝန်, သဘာဝဝန်းကျင် သတင်းထောက်
    • ရေးသားသူ, မတ် ပွိုင်တင်း
    • ရာထူးတာဝန်, ရာသီဥတု သတင်းထောက်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ကုစားဖို့အတွက် ရုပ်ကြွင်းလောင်စာ လုပ်ငန်း ကြော်ငြာတွေကို ပိတ်ပင်သင့်ပြီလို့ ကုလသမဂ္ဂ အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကျောက်မီးသွေး၊ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းကြီးတွေကို ရာသီဥတု ပျက်စီးမှုရဲ့ ခေါင်းကိုင်ဖခင်တွေ ဆိုပြီးကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နာမည်ပေးခဲ့ပါတယ်။ ဒီလုပ်ငန်းကြီးတွေက လူတွေကို အမှန်တရားနဲ့ ဝေးအောင် ဆယ်စုနှစ်တွေနဲ့ချီပြီး လိမ်ညာထားခဲ့တယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေးအတွက် အန္တရာယ်ရှိလို့ ဆေးလိပ်ကြော်ငြာတွေ ပိတ်သလိုပဲ ရုပ်ကြွင်းလောင်စာ ကြော်ငြာတွေ ပိတ်သင့်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

ကမ္ဘာကြီး ပူနွေးမှုရဲ့ လက်သည် လုပ်ငန်းကြီးတွေကို ဂူတာရက်စ် ပြစ်တင်ရှုတ်ချနေချိန်မှာပဲ ဒီပူနွေးမှုနဲ့ ကမ္ဘာ့အပူချိန် မြင့်တက်မှုတွေကလည်း ပိုဆိုးလာနေပြီလို့ လေ့လာမှုအသစ်တွေကနေ ပြနေပါတယ်။

ပြီးခဲ့တဲ့ ၁၂ လ အတွင်း ကမ္ဘာ့အပူချိန် မြင့်တက်မှု စံချိန်တင်ခဲ့ကြောင်း ဥရောပ သမဂ္ဂရဲ့ ရာသီဥတု ဌာနက အတည်ပြုပါတယ်။ ဒီအပူချိန် မြင့်တက်မှုတွေကို လူလုပ်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေက ဖြစ်ပေါ်စေပြီး အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကလည်း တွန်းအားပေးခဲ့ပါတယ်။

UN

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, ရုပ်ကြွင်းလောင်စာ သုံးတာကို အန်တိုနီယို ဂူတာရက်စ် ဝေဖန်တာ ကြာပြီ

အယ်လ်နီညို ဖြစ်စဉ် မကြာခင် အားပျော့သွားတော့မှာမို့ အပူချိန် စံချိန်တင်တာတွေ ရပ်တန့်သွားနိုင်ပါတယ်။ ရေရှည်မှာတော့ လူလုပ်လို့ ဖြစ်တဲ့ ကမ္ဘာ့ပူနွေးမှု ဓာတ်ငွေ့တွေကြောင့် အပူချိန်က ဆက်ပြီး မြင့်တက်နေမှာပါ။

မနှစ်က အပူဆုံး စံချိန်တင်ခဲ့ပြီး ဒီနှစ်မှာလည်း ထပ်ပြီး စံချိန်တင် မြင့်တက်နိုင်ကြောင်း ကမ္ဘာ့မိုးလေဝသ အဖွဲ့က ပြောပါတယ်။

လူလုပ်လို့ ဖြစ်တဲ့ ကမ္ဘာကြီး ပူနွေးမှုနှုန်းက ဆက်ပြီး မြင့်တက်နေကြောင်း ထိပ်တန်း သိပ္ပံပညာရှင် ၅ဝ လောက်ပါတဲ့ အုပ်စုကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပူနွေးစေတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု ဆက်မြင့်တက်နေတဲ့အတွက် ရေရှည်မှာ ၁.၅ ဒီဂရီ ဆဲလ်စီးယပ် ပူနွေးမှတ်ကို ကျော်သွားဖို့ နီးစပ်လာနိုင်ကြောင်း သူတို့က တွေ့ရှိခဲ့ပါတယ်။

ဒီရလဒ်ကို တန်ပြန်ဖို့အတွက် ရာသီဥတု ပြောင်းလဲမှုကို နိုင်ငံရေးနည်းနဲ့ အမြန် ဖြေရှင်းကြဖို့ နဲ့ ရုပ်ကြွင်းလောင်စာ လုပ်ငန်းကို နှိပ်ကွပ်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

ဒီ လုပ်ငန်းကြီးတွေက လော်ဘီတွေ၊ ဥပဒေကြောင်းတွေ၊ ကြော်ငြာလုပ်ငန်းကြီးတွေ သုံးပြီး အရှက်မရှိ သိက္ခာဆယ်နေကြတယ်လို့ သူက ဆိုပါတယ်။

ဒီလုပ်ငန်းကြီးတွေဘက်ကို မှတ်ချက်ပေးဖို့လည်း ဘီဘီစီက ချဉ်းကပ်ခဲ့ပါတယ်။

brazil

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘရာဇီးမှာ အရင်လက ရေကြီးပြီး ထိခိုက်ပျက်စီးမှုများခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပတ်ဝန်းကျင် ထိန်းသိမ်းကြောင်း လိမ်ညာ ပြောဆိုတဲ့ ကြော်ငြာတွေကို နှိပ်ကွပ်ဖို့ ဗြိတိသျှ ကြော်ငြာ စံချိန် စံညွှန်း အာဏာပိုင်အဖွဲ့က သန္နိဋ္ဌာန် ချမှတ်ခဲ့ပြီး ဖြစ်သလို ဥရောပ သမဂ္ဂဘက်ကလည်း ဒီပြဿနာကို နှိမ်နင်းဖို့ ဥပဒေသစ်တရပ် မကြာခင်ကပဲ ထုတ်ပြန်ခဲ့ပါတယ်။

ရုပ်ကြွင်းလောင်စာ လုပ်ငန်းတွေရဲ့ ကြော်ငြာအားလုံးကို ပိတ်ပစ်ဖို့ မစ္စတာ ဂူတားရက်စ် တောင်းဆိုခဲ့ပေမယ့် ဒါက ဥပဒေကြောင်းအရ ဘောင်မဝင် ဖြစ်နေသလို ကုလသမဂ္ဂမှာ ဒါမျိုး လုပ်နိုင်တဲ့ အာဏာ မရှိပါဘူး။

အားကစားပွဲတွေမှာ ဒီရုပ်ကြွင်းလောင်စာလုပ်ငန်းတွေ အများဆုံး ကြော်ငြာလေ့ စပွန်ဆာ ပေးလေ့ရှိပြီး ဘောလုံးနဲ့ ရေနံ၊ ဓာတ်ငွေ့လုပ်ငန်းတွေ ဆက်စပ်မှုက ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

လူ့ကျန်းမာရေးအပေါ် ထိခိုက်မှုကြောင့် အရက်နဲ့ ဆေးလိပ် ကြော်ငြာတွေရဲ့ အားပေးမှုကို ဘောလုံးလောကကနေ ပိတ်ပင်ခဲ့ပါတယ်။ မစ္စတာ ဂူတားရက်စ်ရဲ့ အားပေးမှုနဲ့ ရုပ်ကြွင်းလောင်စာတွေကိုလည်း အလားတူ ပိတ်ပင်နိုင်မယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အစိမ်းရောင် လှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။

မကြာခင်က အာရှမှာ ကြုံခဲ့တဲ့ အသေအပျောက်များတဲ့ အပူလှိုင်းနဲ့ တောင်အမေရိကက ရေကြီးမှုတွေလိုမျိုး အပူချိန် မြင့်တက်မှုရဲ့ အကျိုးဆက်တွေကြောင့် အချိန်မီ ပြင်ဖို့လိုတယ်လို့ မစ္စတာ ဂူတားရက်စ်က အလေးပေး ပြောကြားခဲ့ပါတယ်။

climate

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုပ်ကြွင်းလောင်စာ ပိတ်ပင်ရေး ဆန္ဒပြပွဲတွေ ဖြစ်လာ

ပြီးခဲ့တဲ့ ၁၂ လ အတွင်း ပျမ်းမျှ အပူချိန်က စက်မှုတော်လှန်ရေး မတိုင်ခင် ခေတ် ၁၈၀၀ ပြည့်လွန်နှစ်တွေကထက် ၁.၆၃ ဒီဂရီ ဆဲလ်စီးယပ် ပိုများနေကြောင်း ကော်ပါနီးကပ်စ် ဒေတာ အဖွဲ့ဆီက သိရပါတယ်။ ဒါကို ကမ္ဘာ့အပူ စံချိန်တင်တာလို့ ဆိုပါတယ်။

ဒါက နိုင်ငံ ၂ဝဝ နီးပါး လက်မှတ်ထိုးထားတဲ့ ပဲရစ် ရာသီဥတု သဘောတူညီမှုကို ဖောက်ဖျက်ရာ မကျပါဘူး။ ဒီသဘောတူညီမှုမှာ အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီ ဆဲလ်စီးယပ် အောက်မှာပဲ ရှိအောင် ထားဖို့ ပါရှိပါတယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ အဆိုးဆုံး ရလဒ်တွေကနေ ရှောင်ရှားနိုင်အောင် ဖြစ်ပါတယ်။

သဘာဝ အတိမ်းအစောင်းတွေကို ပြန်ညှိဖို့ ပဲရစ် သဘောတူညီချက်က နှစ် ၂၀ ပျမ်းမျှနှုန်းနဲ့ တွက်ထားတာပါ။ အကုန်လုံး ပြန်ခြုံကြည့်ရင်တော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်က စက်မှုမတိုင်ခင် ခေတ်ကထက် ၁ .၂ ဒီဂရီ ဆဲလ်စီးယပ်လောက်ပဲ ပို ပူနွေးပါတယ်။

climate

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စက်ရုံမီးခိုးတွေက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် ညစ်ညမ်း

ကမ္ဘာဟာ ရေရှည်မှာ ၁.၅ ဒီဂရီ ဆဲလ်စီးယပ် ပူနွေးမှတ်ကို ကျော်သွားနိုင်တဲ့ အလားအလာနဲ့ ဘယ်လောက် နီးစပ်နေကြောင်း ထိပ်တန်း သိပ္ပံပညာရှင်အုပ်စုတစုရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ လေ့လာချက်အသစ်က အလေးပေး ဖော်ပြနေပါတယ်။

၁.၅ ဒီဂရီ ဆဲလ်စီးယပ် ထိပဲ ပူနွေးနိုင်ဖို့အတွက် ၂၀၂၄ နှစ်စက စပြီး ကမ္ဘာမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ဘီလျံ နှစ်ရာလောက်သာ ထုတ်လွှတ်နိုင်တော့ကြောင်း သူတို့က တွက်ဆကြပါတယ်။ ၂၀၂၀ နှစ်စတုန်းက တန်ချိန် ဘီလျံ ၅၀၀ ထုတ်လွှတ်နိုင်တာကနေ ကျဆင်းလာတာပါ။

နောက်နှစ်အတော်ကြာတဲ့အထိ ကမ္ဘာမှာ ၁.၅ ဒီဂရီ ဆဲလ်စီးယပ် ပူနွေးမှတ်ကို ကျော်မသွားနိုင်ပေမယ့်လည်း လက်ရှိ ထုတ်လွှတ်မှုနှုန်းနဲ့ ဒီ ကာဘွန်ဘက်ဂျက်ဟာ ၂၀၂၉ မှာ ပြတ်တောက်သွားနိုင်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်မဟုတ်တဲ့ တခြား ဖန်လုံအိမ် ဓာတ်ငွေ့တွေရဲ့ ပူနွေးမှု အကျိုးဆက်တွေကြောင့် ဖြစ်ပါတယ်။

ဒီအကြောင်းအချက်တွေကို ရာသီဥတုစနစ်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာမှာလည်း မရေရာမှုတွေ ရှိပါတယ်။ နောက် နိုင်ငံတွေက ဒီထုတ်လွှတ်မှုတွေ ဖြတ်တောက်ရေး အမြန်ဆောင်ရွက်ကြပါ့မလားဆိုတာကိုလည်း မသိနိုင်ပါဘူး။

အဆင်မပြေမှုတွေ ရှိပေမယ့် ပြည့်ဖြိုးမြဲ လေနဲ့ နေရောင်ခြည်သုံး လျှပ်စစ် ထုတ်လုပ်မှုတွေ အမြန် ဖွံ့ဖြိုးလာလို့ တိုးတက်မှုတချို့ မကြာခင်က တွေ့လာရပါတယ်။

ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုက တန့်နေတဲ့ လက္ခဏာတွေ ပြနေပေမယ့် စံချိန်တင် ဆက်ပြီး မြင့်နေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ရာသီဥတုကောင်းဖို့အတွက် ရှိရမယ့် စံချိန်တွေ ပြည့်မီဖို့ အရေးမှာ ဒီထုတ်လွှတ်မှုတွေ အမြန်ကျဖို့ လိုပါတယ်။ အပူချိန် ဒီဂရီအပြောင်းအလဲ နည်းနည်းလောက် ရှိတာနဲ့ ရာသီဥတု ပြောင်းလဲမှု ရလဒ်က ပိုဆိုးသွားနိုင်ပါတယ်။