၂၀၂၄ မိုးနှောင်းကာလ - မြန်မာမှာ ဒုတိယအကြိမ်ရေကြီးမှု ဖြစ်လာနိုင်မလား

၂၀၂၄ ခုနှစ်တုန်းက ပဲခူးမြို့က ရေကြီးမှု အခြေအနေဖြစ်ပါတယ်။ ပဲခူးမြို့လယ်မှာ ရေ လေးပေကျော်အထိ ရှိနေချိန် တီရှပ်အနီရောင်ဝတ် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သူအပါအဝင် လှေတစ်စီးပေါ် လိုက်ပါလာသူ ၅ ဦးကို ဝါးလုံးထိုးပြီး လှေလှော်နေပါတယ်။ လှေပေါ်မှာ လိုက်လာတဲ့ ရှေ့ဆုံးက အမျိုးသမီးကတော့ တုတ်တစ်ချောင်းကို လှော်တက်ပုံစံ လှော်ခတ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်ပဲခူးရေကြီးမှုမြင်ကွင်း

စက်တင်ဘာ (၁) ရက်ကစလို့ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံက ပြန်လည်ဆုတ်ခွာတဲ့နေ့အထိကို ၂၀၂၄ ခုနှစ်အတွက် မိုးနှောင်းကာလလို့ သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ မိုးဦး၊ မိုးလယ် နဲ့ မိုးနှောင်း စတဲ့ ကာလသုံးခုမှာ နှစ်စဉ်ရေကြီးရေလျှံဖြစ်လေ့ရှိပြီး အခုနှစ် မိုးလယ်ကာလ ဇူလိုင် နဲ့ သြဂုတ်လလယ်အထိ နိုင်ငံတဝန်း စံချိန်တင်မြစ်ရေကြီးခဲ့တာကြောင့် ရေဘေး ဒုက္ခသည်အရေအတွက်လည်း တရှိန်ထိုး တိုးတက်သွားခဲ့ပါတယ်။

မိုးနှောင်းကာလအစရက်မှာတင် မြို့ တဒါဇင်ကျော်က ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေတွေ မြင့်တက်လာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

စစ်ဘေးသင့်နေတဲ့ မြန်မာပြည်မှာ အခုနှစ်အတွင်း ဒုတိယအကြိမ် ရေကြီးကာလရောက်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

သဘာဝဘေးကြောင့် အရေးပေါ်အကူအညီလိုအပ်သူများလာတဲ့ မြန်မာပြည်

သဘာဝဘေးကြောင့် အရေးပေါ်အကူအညီလိုအပ်သူများလာတဲ့ မြန်မာပြည်

ဓာတ်ပုံ ရင်းမြစ်, Hpa An Rescue

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက် ဘားအံမြို့မြင်ကွင်း

၂၀၂၃ နှစ်ကုန်ပိုင်းတုန်းက အရေးပေါ် အကူအညီလိုအပ်သူဦးရေ ၁၇ သန်းဝန်းကျင်သာရှိပေမဲ့ အခုနှစ် နှစ်ဝက်အတွင်းမှာတင် အကူအညီလိုအပ်သူ တစ်သန်းခွဲ ထပ်တိုးလာပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ရဲ့ သြဂုတ်လ ဒုတိယသီတင်းပတ် ထုတ်ပြန်ချက်အရ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာအတွက် လူဦးရေ သုံးပုံ တစ်ပုံကျော်ဟာ အရေးပေါ်အကူအညီ လိုအပ်နေတဲ့ သဘောလည်းဖြစ်ပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တောက်လောင်လာတဲ့ စစ်မီးကြောင့် တိမ်းရှောင်ကြရသူတွေအပြင် ဇူလိုင်နဲ့ သြဂုတ်လ အစောပိုင်းသီတင်းပတ်တွေအထိ ဖြစ်ခဲ့တဲ့ နိုင်ငံတဝန်းစံချိန်တင်ရေကြီးမှု သဘာဝဘေးကြောင့်ပါ လူဦးရေ ၁၈.၆ သန်းအတွက် အကူအညီလိုအပ်လာတာပါ။

သြဂုတ်လနှောင်းပိုင်းမှာ ဂြိုဟ်တု အချက်အလက်တွေကို အခြေခံပြီး ကုလသမဂ္ဂဖွဲ့ဖြိုးတိုးတက်ရေးအစီအစဥ်(UNDP)က ကနဦးခန့်မှန်းထားတဲ့ပမာဏအရဆိုရင် ပဲခူးနဲ့ ဧရာဝတီတို့မှာ မြစ်ရေလွှမ်းလို့ ရေဘေးကြုံရသူ ၆ သိန်းကျော်အထိနိုင်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လလည်ပိုင်းတုန်းက မင်းကင်းမြို့နယ်အောက်ဘက်က ကနီမြို့နယ်ထဲ ရေကြီးမှု အခြေအနေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BLDF

ဓာတ်ပုံ ပုံစာ, ဇူလိုင်လလည်ပိုင်းတုန်းက မင်းကင်းမြို့နယ်အောက်ဘက်က ကနီမြို့နယ်ထဲ ရေကြီးမှု အခြေအနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လလယ်ပိုင်းမှာ မိုးနဲ့အတူ အောက်ပိုင်းကို မစီးဆင်းခင် မင်းကင်းမှာ စိုးရိမ်ရေမှတ်ရဲ့ ၅ ပေအထက်ကို ရောက်တဲ့အထိ ရက်နဲ့ချီကြာအောင် ရေကြီးမှု ဖြစ်ခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၁၀ ရက်၊ ၁၅ ရက်လောက်ကမှ ရေပြန်ကျလို့ လယ်စိုက်ပြီးရုံပဲရှိသေးတယ်” လို့ ချင်းတွင်းမြစ်ရေ လျှံလို့ ရေဘေးသင့်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မောက်သာရွာက တောင်သူ မချစ် က ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ‌မောက်သာရွာကို မီးရှို့ခဲ့တာကြောင့် ဒီနေ့အချိန်အထိ ရွာထဲပြန်လည်နေထိုင်လို့မရသေးဘဲ တောတောင်တွေထဲပဲ ခိုလှုံနေထိုင်နေကြတာပါ။

စစ်ဘေးရော ရေဘေးရော ကြုံခဲ့ပြီဖြစ်တဲ့ မချစ်အတွက်တော့ ဒုတိယအကြိမ် ရေကြီးလာနိုင်မလား ဆိုပြီး ကြိုတင်ပြင်ဆင်တာတွေ မရှိထားပါဘူး။

“စားဆီ၊ စက်သုံးဆီ အကုန်ပြတ်နေတယ်လေ ၊ စားသောက်ဖို့က ဒေသထွက်တာနဲ့ပဲ ဖြေရှင်းထားနိုင်လို့ပေါ့” ချင်းတွင်းမြစ်ဘေး မင်းကင်းကျေးရွာတွေက အခက်အခဲတွေအကြောင်း မချစ်က ဆက်ပြောပြပါတယ်။

မချစ်နေထိုင်ရာ မင်းကင်းမြို့အပြင် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ ကနီ နဲ့ မုံရွာတို့မှာ ချင်းတွင်းမြစ်ရေဟာ (၁) ပေ ကနေ (၃) ပေခန့် လက်ရှိရေအမှတ်တွေ အထက်မြင့်တက်လာနိုင်တယ်လို့ မိုးဇလက စက်တင်ဘာ ၁ ရက်မနက်အစောပိုင်းမှာပဲ ထုတ်ပြန်လာတာကြောင့်ပါ။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတုန်းက ဘားအံမြို့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Hpa An Rescue

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတုန်းက ဘားအံမြို့မြင်ကွင်း

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ နဲ့ သပိတ်ကျင်းတို့မှာ (၁) ပေကနေ (၃) ပေခန့် ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၃) ပေခန့်၊ ပဲခူးမြစ်ဟာ ဇောင်းတူ နဲ့ ပဲခူးမှာ (၁) ပေကနေ (၂) ပေခန့် မြင့်တက်လာနိုင်ပါတယ်။

စစ်တောင်းမြစ်ရေဆိုရင်လည်း တောင်ငူ နဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေတာ ကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေအတွက် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုကြည့်မယ်ဆိုရင် သောင်းရင်းမြစ်ဟာ မြဝတီမြို့မှာ (၂) ပေခန့် နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁) ပေခန့်မြင့်တက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။

မိုးလယ်ကာလ ဇူလိုင်လတုန်းက သံလွင်မြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ထက် ၆ ပေခွဲကျော်မြင့်တက်လို့ ရေဘေးသင့်ခဲ့ရတဲ့ ဘားအံမြို့အခြေအနေကို ဘီဘီစီက မေးမြန်းကြည့်ရာမှာတော့ “ရေက ရှေ့ရက်က တက်ပေမဲ့ စိုးရိမ်ရေအမှတ် မတက်ဘူး၊ ပြန်တော့ကျနေတယ်” လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ဖြေကြားပါတယ်။

သံလွင်အပါအဝင် ဒုဋ္ဌဝတီ၊ ရွှေကျင်၊ ငဝန် နဲ့ တိုးမြစ်ရေတွေကတော့ ရေကျလာနိုင်ပါတယ်။

ဒီတော့ နိုင်ငံတဝန်းကမြစ်တချို့မှာ ရေတက်ပြီး တချို့မှာ ရေပြန်ကျနေတာက မိုးနှောင်းကာလအတွက် ဘယ်လိုလက္ခဏာမျိုးလဲ။ မနှစ်အောက်တိုဘာလတုန်းကလည်း ပဲခူးမှာ နှစ်ပေါင်း ၆၀ အတွင်းအဆိုးရွားဆုံး ရေကြီးမှုဖြစ်ခဲ့တာကြောင့် အခုနှစ်ရောစိုးရိမ်စရာရှိနိုင်မလား။

မိုးနှောင်းကာလ ရာသီဥတုအခြေအနေ

မိုးနှောင်းကာလ ရာသီဥတုအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၀၆ ခုနှစ် မန္တလေးတိုင်းထဲက ရေကြီးမှုမြင်ကွင်း

“အခုဖြစ်တဲ့လေဖိအားနည်းရပ်ဝန်းရယ်၊ သူ့ရဲ့ရှေ့က အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ပေါ်က ကုန်းတွင်းလေဖိအား ရပ်ဝန်းအရှိန်ကြောင့် စစ်ကိုင်းအထက်ပိုင်းနဲ့ကချင်မှာ မိုးများတာတွေ့ပါတယ်” လို့ ပုဂ္ဂလိကမိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။

စက်တင်ဘာ ၁ ရက် မိုးဇလထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ ကို ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam) အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်ရှိနေပါတယ်။

မိုးရေချိန်တွေကိုကြည့်မယ်ဆိုရင်လည်း သြဂုတ် ၃၁ ရက်တစ်ရက်တည်းမှာပဲ ဧရာတီတိုင်းထဲက လပွတ္တာမြို့မှာ ၂.၄၈ လက်မ နဲ့ အများဆုံးမိုးရွာသွန်းခဲ့ပြီး ငပုတော၊ ဒေးဒရဲ နဲ့ မြောင်းမြ တို့မှာ ၂ လက်မအထက်ရွာသွန်းခဲ့တာပါ။

“ဇွန်လက မိုးများသလောက်တော့ မများဘူး။ အဲဒီတုန်းက တစ်ရက်ကို ၄ လက်မလောက်အထိ ရွာခဲ့တာကိုး” လို့ ဦးဝင်းနိုင်က မိုးလယ် နဲ့ မိုးနှောင်း ကာလတွေရဲ့ မိုးရွာသွန်းပုံကို နှိုင်းယှဉ်သုံးသပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဧရာဝတီ နဲ့ ချင်းတွင်းမြစ်ဖျား မြန်မာပြည်အထက်ပိုင်းမှာ မိုးများခဲ့တာကြောင့် မိုးလယ်ကာလ ဇူလိုင်လအစပိုင်း ကစလို့ နိုင်ငံတဝန်း ရေဘေးသင့်ခဲ့ရတာပါ။

အခု မိုးနှောင်းကာလမှာလည်း စက်တင်ဘာပထမအပတ် မိုးရေချိန်တွေကိုကြည့်ပြီး ဒုတိယရေကြီးကာလ ဖြစ်လာနိုင်မလားဆိုတာစောင့်ကြည့်ရမယ်လို့ ပုဂ္ဂလိကမိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

ဒါပေမဲ့ ချောင်း၊ ကန်၊ ဆည် နဲ့ ရေလှောင်တမံတွေမှာ လတ်တလောရေပြည့်နေတာကြောင့် မိုးများလာတဲ့ အခြေအနေပေါ်မူတည်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တောင်ကျချောင်းရေကျပြီး တောင်ပြို၊ မြေပြိုတာတွေကိုလည်း နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်အနေနဲ့ သတိပြုကြရမှာပါ။

“ဧရာဝတီ၊ ရခိုင်၊ ပဲခူးအပြင် အလယ်ပိုင်းဒေသတချို့ နဲ့ ချင်း၊ ရခိုင်ရိုးမပေါ်က ဒေသတွေနဲ့ ကရင်၊ မွန်ဘက်က ဒေသတွေမှာ တောင်ပြိုတာတွေသတိထားရမယ်” လို့ မိုးလေဝသစောင့်ကြည့်နေသူ ဦးဝင်းနိုင်က ဒေသအလိုက်သတိပြုသင့်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အထွေထွေကြပ်တည်းမှုတွေကြား သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေးအတွက်လည်း အားနည်းချက်တွေရှိလာကာ ဘေးသင့်တိုင်းနောက်ဆက်တွဲသက် ရောက်မှုဆိုးကျိုးတွေကို ပြည်သူတွေ ခါးစည်းရင်ဆိုင်နေရပါတယ်။

“မီးရှို့ခံရပြီး အိမ်မှမရှိတော့တာ မိုးကြီးတဲ့အချိန် နေဖို့ထိုင်ဖို့အခက်အခဲဖြစ်မယ်၊ ဒါပါပဲ။ ဖြစ်လာမှပဲ ဘယ်လိုလုပ်ကြမလဲတွေးရမှာပေါ့” လို့ နှစ်နှစ်ကျော်ကြာ စစ်ဘေးရှောင်ဖြစ်နေရတဲ့ မချိုက ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

လာမယ့်အောက်တိုဘာ (၁) ရက်မှာ မိုးနှောင်း ကာလကုန်ဆုံးမယ်လို့ ခန့်မှန်းထားကြပေမဲ့ အနောက်တောင် မုတ်သုံလေ မြန်မာက မဆုတ်ခွာခင်အထိ မိုးကြီးရေကြီးအန္တရာယ်တွေကို သတိပြုနေကြရမှာဖြစ်ပါတယ်။

အသိပေးချက် - လုံခြုံရေးစိုးရိမ်ချက်အရ မင်းကင်းမြို့နယ်၊ မောက်သာကျေးရွာက မချစ် နာမည်ကို အစားထိုးအမည်လွှဲအဖြစ်အသုံးပြုထားပါတယ်။