လယ်တွေရေမြုပ်နေပြီး ဆန်စျေးက မနှစ်ကထက် နှစ်ဆတက်လာ

ပြီးခဲ့သည့် ရက်ပိုင်းက မင်းပြားမြို့နယ် အတွင်းက ကျေးရွာများကို မြစ်ရေဖုံးလွှမ်းခဲ့စဉ်။

ဓာတ်ပုံ ရင်းမြစ်, Western New

ဓာတ်ပုံ ပုံစာ, ပြီးခဲ့သည့် ရက်ပိုင်းက မင်းပြားမြို့နယ် အတွင်းက ကျေးရွာတွေကို မြစ်ရေဖုံးလွှမ်းခဲ့စဉ်။

သြဂုတ်လဆန်းကစလို့ မုတ်သုံမိုးသည်းထန်ပြီး မြစ်ချောင်းတွေရေလျှံတဲ့အတွက် မြန်မာနိုင်ငံအတွင်း လယ်တွေရေမြုပ်သလို လူနေအိမ်တွေရေမြုပ်လို့ ဘေးလွတ်ရာပြောင်းနေကြရပါတယ်။

ပဲခူးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးလို့ လူတွေ သောင်းနဲ့ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းနေခဲ့ရပါတယ်။

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်စတဲ့ ပြည်နယ်တွေအပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်လို တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့တာကြောင့် လူဦးရေ ခြောက်သောင်းကျော်အပေါ် ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ရခိုင်မှာလည်း မြို့နယ် ပေါင်း ၁၇ မြို့နယ်ရှိတဲ့ အနက် မြို့နယ်ပေါင်း ၈ မြို့လောက်ရေကြီးနေပြီးတော့ လယ်ဧက ငါးသောင်းကျော် ရေမြုပ်နေတယ်လို့ တောင်သူလယ်သမားသမဂ္ဂက ဘီဘီစီကို ပြောပါတယ်။

ရခိုင်က လယ်တွေရေမြုပ်နေသလို မြန်မာပြည်အထက်ပိုင်း တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ ‌တောင်သူအချို့ လယ်တွေမစိုက်နိုင်ကြတာရှိပြီး လက်ရှိဆန်စျေးကွက်မှာလည်း စျေးနှုန်းတွေ တဟုန်ထိုးတက်နေတယ်လို့ စျေးကွက်သတင်းတွေအရသိရပါတယ်။

သြဂုတ်လ ပထမပတ်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရေကြီးမှု
ဓာတ်ပုံ ပုံစာ, သြဂုတ်လ ပထမပတ်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရေကြီးမှု

ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့ အပါအဝင် မြို့နယ်ရှစ်ခုလောက်မှာ ရေကြီးနစ်မြုပ်မှုတွေနဲ့ဖြစ်ပွားခဲ့တဲ့အတွက် မိုးစပါးစိုက်ပျိုးထားကြတဲ့ လယ်မြေတွေ အများအပြား ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံနေကြရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် မျိုးစပါးတွေ ပျက်စီးခဲ့ရတဲ့ကြားကနေ စိုက်ပျိုးထားကြတဲ့စပါးခင်းတွေ ထပ်မံ ပျက်စီးသွားခဲ့တာကြောင့် စပါးဆက်မစိုက်ပျိုးနိုင်တော့တဲ့အခြေအနေထိ ဖြစ်နေကြတာလို့ သူတို့က ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ပျိုးထားတဲ့ လယ်ဧကပေါင်း ၅၂၀၀၀ လောက် ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ ပထမအပတ်အတွင်းကစလို့ ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မြို့နယ် ရှစ်ခုလောက်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြးမြို့နယ်အတွင်း ရေကြီးမှုကြေင့် စပါးစိုက်ဧက နှစ်သောင်းကျော် ပျက်စီး
ဓာတ်ပုံ ပုံစာ, မင်းပြားမြို့နယ်အတွင်း ရေကြီးမှုကြေင့် စပါးစိုက်ဧက နှစ်သောင်းကျော် ပျက်စီး

ရခိုင်မှာ ရေကြီးခဲ့တဲ့မြို့နယ်တွေထဲ ပျက်စီးမှုအများအပြားကြုံခဲ့ရတဲ့ နေရာတွေကတော့ လေးမြို့မြစ်နဲ့ ကုလားတန်မြစ်ဝှမ်းလွင်ပြင်တလျှောက်က လယ်မြေတွေဖြစ်ကြပါတယ်။

မင်းပြားမြို့နယ်မှာ လယ်ဧကပေါင်း ၂၄၀၀၀ ကျော်၊ မြောက်ဦးမြို့နယ်မှာ ၁၂၀၀၀ ဝန်းကျင်နဲ့ ကျောက်တော်မြို့နယ်မှာတော့ ၁၅၀၀၀ ဝန်းကျင်ရေလွှမ်းမိုးခံခဲ့ရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဟာ မေလအတွင်းကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် မျိုးစပါးအခက်အခဲတွေ၊ ငွေကြေးအခက်အခဲတွေကြောင့် စပါးစိုက်ပျိုးနိုင်မှုတွေ့ ကျဆင်းနေခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးထားကြတဲ့စပါးခင်းတွေဟာ ရေကြီးမှုကြောင့် ထပ်မံပျက်စီးခဲ့ရတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း အခုနှစ်မိုးစပါးစိုက်ပျိုးမှု အခြေအနေတွေ ပိုမိုလျော့ကျသွားနိုင်တယ်လို့ တောင်သူလယ်သမားသမဂ္ဂက ခန့်မှန်းပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ ‌တောင်သူအချို့ လယ်တွေမစိုက်နိုင်ကြ
ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ ‌တောင်သူအချို့ လယ်တွေမစိုက်နိုင်ကြ

လယ်တွေရေမြုပ်လို့ စပါးတွေပျက်နေသလို ပြည်တွင်းမှာလည်း ဆန်စျေးကကောင်းနေပါတယ်။

ရွှေဘိုပေါ်ဆန်းထိပ်စ အပါအဝင် အခြေခံလူတန်းစားတွေစားကြတဲ့ ဧည့်မထ ဆန်တွေ ပါ စျေး နှစ်ဆတက်လာတယ် လို့ ရန်ကုန်မြို့က ဆန်လက်လီရောင်းသူတစ်ဦးကပြောပါတယ်။

မနှစ်က သြဂုတ်လထဲ ရွှေဘိုပေါ်ဆန်းထိပ်စ တစ်အိတ်ကို ၇ သောင်းခွဲ၊ အခု တစ်အိတ်ကို တစ်သိန်းခွဲ ၊ ဧည့်မထ အုပ်စု ဆင်းသွယ် တို့ ဇီယာတို့ မနှစ်က သြဂုတ်လက တစ်အိတ်ကို ၃ သောင်းခွဲ လောက်ကနေ အခုနှစ် ၇ သောင်းခွဲ ၈ သောင်း ဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

အခု ဒီနှစ်ထဲမှာ လယ်တွေရေမြုပ်သလို ဆန်စပါးစိုက်ပျိုးမှုလျော့ကျနိုင်တာကြောင့် ဆန်စျေးတွေ ဆက်ပြီးကောင်းနေလိမ့်မယ်လို့ ယူဆမှုတွေရှိပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, KAUNG HTET/ GETTY IMAGES

ဆန်စပါး စိုက်ပျိုးမှုလျော့ကျရတဲ့ အထဲမှာ ရခိုင်ပြည်နယ်ကလို ရေကြီးတာကြောင့်ရှိသလို မြန်မာပြည် အထက်ပိုင်းက နယ်မြေဒေသတွေအတွင်း တိုက်ပွဲတွေကြောင့် လယ်တွေကို မစိုက်ကြတော့ စစ်ဘေးကနေ တိမ်းရှောင်သူတွေ များလာတာကြောင့် ဖြစ်ပါတယ်။

ကန့်ဘလူဘက်က အရင်လယ်စိုက်တဲ့သူတွေအချို့ ဒီနှစ်လယ်ကို ပစ်ပြီး မစိုက်တော့ဘဲ ပြောင်းသွားကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ရွာတွေမီးရှို့ခံရလို့ စစ်ဘေးရှောင်နေကြရသလို စစ်ကြောင်းထိုးမှုတွေကြောင့်လည်း လယ်တွေမစိုက်နိုင်သူတွေ အများအပြားရှိတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေထံက သိရပါတယ်။

အရင်က ရွှေဘိုနယ်က ဆန်မှာရင် ညမှာရင် ရန်ကုန်ကို မနက်ဖြန်မနက်ရောက်ပေမယ့် နယ်မြေဒေသ အခြေအနေကြောင့် အခုဆို ငါးရက်လောက်ကြာမှ ဆန်က ရန်ကုန်ကိုရောက်တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

သယ်ယူပို့ဆောင်ခတွေ စျေးတက်လာတာကလည်း ဆန်စျေးနှုန်းကို တက်လာစေတဲ့ အကြောင်းအရင်းဖြစ်တယ်လို့လည်း ဆန်ကုန်သည်တွေက ရှင်းပြပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာ မတ်လအတွင်း မီးရှို့ခံရလို့ ပြာဖြစ်သွားတဲ့ စပါးပုံ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာ မတ်လအတွင်း မီးရှို့ခံရလို့ ပြာဖြစ်သွားတဲ့ စပါးပုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရခိုင်မှာတော့ မုန်တိုင်းအပြီးမှာ‌ ရေထပ်ကြီးလို့ ဆက်တိုက်ဆိုသလို ဆုံးရှူံးနစ်နာမှုတွေနဲ့ ကြုံခဲ့ရတဲ့အတွက်ကြောင့် ဒီနှစ်ရာသီမှာ စပါးစိုက်နိုင်မှုက တော်တော်လေးကိုလျော့ကျသွားတယ်လို့ဆိုပါတယ်။ မြို့နယ်တိုင်းမှာ စိုက်ပျိုးမှု လျော့ကျသွားတဲ့ အနေအထားရှိတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောပါတယ်။

ရခိုင်က ရေမြုပ်နေတဲ့ လယ်တွေဟာ တစ်ပတ်နီးပါးကြာ ရေနစ်မြုပ်မှု ခံခဲ့ရတာကြောင့် စိုက်ပျိုးထားတဲ့စပါးခင်းတွေထဲ စပါးပင်တွေသေဆုံးသွားတာတွေ၊ နွံ ဖုံးလွှမ်းခံလိုက်ရတာတွေကြောင့် စပါးခင်းအများစုမှာ ပြန်လည်စိုက်ပျိုးကြရမယ့်အခြေအနေရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

မိုခါမုန်တိုင်းအလွန်ကာလ ရခိုင်ကတောင်သူတွေ စပါးပုံမှန်စိုက်ပျိုးနိုင်ရေးအတွက် စစ်ကောင်စီကနေ မျိုးစပါးတင်းပေါင်း ၇ သောင်း ချပေးထားတဲ့အတွက် တောင်သူအများစု စပါး စိုက်ပျိုး နိုင်ခဲ့ကြပါတယ်။

စပါးတွေ အကုန်လုံးရေမြုပ်သွားတော့ ထက်ဝက်တောင် မရတော့ဘူး။ အကုန်လုံး ပျက်စီးသွားတယ်။ ရေက သုံးလေးရက်လောက်မြုပ်ခဲ့တော့ လယ်သမားတွေ အကုန်လုံးပျက်စီးခဲ့ကြတယ်။ တချို့ဆိုလို့ရှိရင် စရန်ငွေတွေယူပြီး စိုက်ဖို့အတွက် စက်တွေနဲ့ ထွန်ကြသူတွေလည်းရှိတယ်။ ဆက်မထွန်ကြတဲ့သူတွေမှာလည်း မထွန်းတော့ဘူး။ မျိုးစပါးမရှိတော့ မလုပ်ကြတော့ဘူးပေါ့လို့ မင်းပြားမြို့နယ်က တောင်သူ ဒေါ်သိန်းသိန်းနုက ပြောပါတယ်။

လက်ရှိမှာတော့ စပါးတွေဈေးကောင်းရနေတဲ့အတွက် စပါးဖြစ်ထွန်းလို့ရှိရင် အမြတ်အစွန်းရရှိကြမှာဖြစ်ပေမယ့် သွင်းအားစုစရိတ်တွေ မစိုက်ထုတ်နိုင်တော့တဲ့အတွက် ဆက်မစိုက်ပျိုးကြတာဖြစ်တယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။