အမေရိကန်- ICE ဆိုတာဘာလဲ၊ ICE အရာရှိတွေ ဘယ်လောက်အထိ အင်အားသုံးခွင့်ရှိလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကေလာအက်ပ်စတိန်း
မိနီယာပိုလစ်မြို့မှာ အသက် ၃၇ နှစ်အရွယ် ရီနီး နီကိုးလ် ဂွတ်ဒ် ပစ်သတ်ခံရမှုကြောင့် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE)က အဲဒီအခင်းနေရာမှာ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
သမ္မတထရမ့် အိမ်ဖြူတော်ကို တကျော့ပြန် ပြန်လည်ဝင်ရောက်လာပြီးနောက်မှာ ICE အေဂျင်စီဟာ လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးမှုအများစုကို အများပြည်သူတွေ အထိတ်တလန့်ဖြစ်နိုင်တဲ့လူမြင်ကွင်းနေရာတွေမှာ ဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီလို ICE အရာရှိတွေရဲ့လူမြင်ကွင်းက လုပ်ဆောင်မှုတွေကြောင့် သူတို့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်နေသူအချို့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေလည်း မကြာခဏ ပေါ်ပေါက်လာခဲ့ပါတယ်။
ICE ဆိုတာ ဘာလဲ၊ ဘယ်အချိန်က ဖွဲ့စည်းခဲ့တာလဲ
ထရမ့်အစိုးရရဲ့ ရွှေ့ပြောင်းဝင်ရောက်သူ အများအပြားကို ပြန်ပို့ရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ICE က အဓိကကျတဲ့နေရာက ဦးဆောင်နေပါတယ်။ အမေရိကန်ကို ရွှေ့ပြောင်းဝင်ရောက်သူတွေကို စိစစ်မယ်ဆိုတာက ထရမ့်ရဲ့ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အဓိက ကတိပြုချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို ပြန်ဝင်လာပြီးနောက် ICE ရဲ့ လုပ်ပိုင်ခွင့်ကို ပိုတိုးချဲ့ခဲ့ပြီး၊ ဘတ်ဂျက်နဲ့ တာဝန်တွေကိုလည်း တိုးမြှင့်ခဲ့ပါတယ်။
ICE ကို ၂၀၀၂ ခုနှစ် "Homeland Security Act" (အမိမြေလုံခြုံရေးဌာနအက်ဥပဒေ) အစိတ်အပိုင်းတစ်ခုအဖြစ် တည်ထောင်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် တုံ့ပြန်မှုအနေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီ ဥပဒေက အမိမြေလုံခြုံရေးဌာန (DHS) အနေနဲ့ ICE ကို သူ့ရဲ့လုပ်ငန်းခွဲအေဂျင်စီများထဲမှတစ်ခုအဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။
ICE အရာရှိတွေမှာ ဖမ်းဆီးနိုင်တဲ့ အာဏာရှိလား
ICE က သူတို့ရဲ့တာဝန်ကို လူထုလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေး နှစ်ရပ်လုံးပါဝင်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရှိ ပြည်နယ်အလိုက် ဒေသအာဏာပိုင် ရဲတပ်ဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ နှိုင်းယှဉ်ရင်တော့ ကွာခြားချက်ရှိပါတယ်။
ICE အရာရှိတွေက အမေရိကန်နိုင်ငံမှာ တရားမဝင်နေထိုင်နေသူလို့ သံသယရှိသူကို ရပ်တန့်၊ ထိန်းသိမ်း၊ ဖမ်းဆီးနိုင်တဲ့အခွင့် အာဏာရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်က အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးခွင့်နဲ့ ပတ်သက်ရင်တော့ အကန့်အသတ်အချို့အတွက်သာ အသုံးချနိုင်ပါတယ်။
ဥပမာ- လူတစ်ဦးက ဖမ်းဆီးမှုနဲ့ပတ်သက်ရင် ICE ကို ဆန့်ကျင်မှုကို ဒါမှမဟုတ် အရာရှိတစ်ဦးကို ထိခိုက်မှုဖြစ်တဲ့အခါ ဖမ်းဆီးခွင့်ရှိပါတယ်။
ဒါပေမဲ့ သတင်းအဖွဲ့အစည်း ProPublica ရဲ့ ဖော်ပြချက်အရ ထရမ့် သမ္မတအဖြစ် အစိုးရတာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမ ၉ လအတွင်းမှာ ဖက်ဒရယ်အရာရှိတွေက အမေရိကန်နိုင်ငံသားတွေကိုတောင် ထိန်းသိမ်းခဲ့တဲ့ဖြစ်ရပ် ၁၇၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအမှုတွေထဲမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူလို့ စွပ်စွဲခံရပြီး ထိန်းသိမ်းခံရတဲ့ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ICE က အင်အားသုံးဖို့ ဘယ်လိုအာဏာရှိလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ICE ရဲ့ အင်အားအသုံးပြုမှုကို အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အမေရိကန်ဥပဒေနဲ့ အမိမြေလုံခြုံရေးဌာနရဲ့ကိုယ်ပိုင်မူဝါဒလမ်းညွှန်ချက်တွေနဲ့ ပေါင်းစပ်ထားပါတယ်။
အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရဲတပ်ဖွဲ့လို တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဟာ ''လူတစ်ယောက်က သူတို့ကို အန္တရာယ်ကြီးကြီးမားမားဖြစ်စေမယ့်သူဖြစ်စေ၊ ဒါမှမဟုတ် တခြားသူကို အန္တရာယ်ဖြစ်စေတာမျိုးဆိုရင်၊ အကြမ်းဖက်ရာဇဝတ်မှုကို တခြားလူတွေအပေါ် ကျူးလွန်တယ်လို့ဆိုရင် သေစေနိုင်တဲ့အင်အားကို အသုံးပြုခွင့် ရှိတယ်'' လို့ Vanderbilt တက္ကသိုလ် ဥပဒေကျောင်း Criminal Justice Program အမှုဆောင်ဒါရိုက်တာ Chris Slobogin က ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်တရားရုံးချုပ်(Supreme Court) ဟာ စနစ်တကျ ထောက်လှမ်းခြင်းမရှိဘဲ လတ်တလောအခြေအနေမှာပဲ တခုခုကို ချက်ချင်းဆုံးဖြတ်ချက်ချလုပ်ကိုင်ခဲ့တဲ့ အရာရှိတွေကို ကျယ်ကျယ်ပြန့်ပြန့် သက်ညှာမှုပေးခဲ့တဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က DHS မူဝါဒမှာ ဖက်ဒရယ်ဥပဒေစိုးမိုးရေး လိုအပ်တဲ့အခါမှာ ICE အရာရှိတစ်ဦးက "အဲဒီလို အင်အားသုံးမှုဟာ သူ့ကိုယ်သူ ဒါမှမဟုတ် အခြားသူတစ်ဦးကို သေအံ့ဆဲဆဲဖြစ်စေတဲ့ သေခြင်း ဒါမှမဟုတ် ပြင်းထန်တဲ့ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရစေတယ်" လို့ ကျိုးကြောင်းဆီလျော်စွာ ယုံကြည်ထားတဲ့အခါမှာ "သေစေနိုင်တဲ့ စွမ်းအားကို အသုံးပြုနိုင်တယ်'' လို့ ဖော်ပြထားပါတယ်။
ICE က ဘယ်နေရာတွေမှာ လည်ပတ်နေ
ပုံမှန်အားဖြင့် ICE ဟာ အမေရိကန်နိုင်ငံအတွင်းမှာ လုပ်ဆောင်ပြီး၊ နိုင်ငံခြားမှာလည်း အချို့ဝန်ထမ်းတွေ ရှိပါတယ်။ နယ်စပ်လုံခြုံရေးကိုစောင့်ကြပ်တဲ့ သူ့ရဲ့ညီအစ်မအဖွဲ့အစည်းဖြစ်တဲ့ Customs and Border Protection (CBP) ရဲ့ လုပ်ဆောင်ချက်နဲ့ လုပ်ငန်းလုပ်ကိုင်မှု ပုံစံတချို့တော့ အနည်းငယ်ကွဲပြားပါတယ်။
ဒါပေမဲ့ အဲဒီတာဝန်တွေကလည်း တကယ်က အများကြီးတော့ မရှင်းလင်းပါဘူး။ အကြောင်းက ထရမ့် အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့အတွက်လည်း ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက အရာရှိတွေကို ဆွဲထုတ်ခဲ့ပါတယ်။ နယ်စပ်စောင့်ကြပ်ရေးအရာရှိတွေက အမေရိကန်နိုင်ငံအတွင်းမှာ ပိုမိုလှုပ်ရှားလာပြီး ICE နဲ့အတူ ဖမ်းဆီးရေးလုပ်ငန်းတွေမှာ ပါဝင်နေကြပါတယ်။
ICE နဲ့ အခြားဖက်ဒရယ်အဖွဲ့အစည်းတွေဟာ လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနဲ့ ဒီတကြိမ်မှာ မင်နီပိုလစ်မြို့မှာ အရာရှိတွေ ရာဂဏန်းသုံးပြီး အော်ပရေးရှင်းလုပ်ခဲ့တာဖြစ်ပါတယ်။ AP သတင်းမှာဖော်ပြချက်အရဆိုရင် မင်နီပိုလစ်မြို့ ကဖြစ်ရပ်အတွက် ဖက်ဒရယ်အရာရှိ ၂,၀၀၀ ခန့် သုံးမယ်လို့ ဆိုပါတယ်။
ICE က ဖမ်းထားတဲ့သူတွေ ဘာဆက်ဖြစ်နေလဲ
သမ္မတထရမ့် လက်ထက်မှာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ပြန်ပို့ရေး (deportation) လုပ်ငန်းစဥ် တိုးလုပ်ခဲ့တာကို သိသိသာသာမြင်နိုင်ပါတယ်။ အစိုးရရဲ့ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ လူပေါင်း ၆၀၅,၀၀၀ ကို မူရင်းနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရမှာနဲ့ ထိန်းသိမ်းခံရမှာမျိုးကို ရှောင်ရှားနိုင်ဖို့ ကိုယ်တိုင်ဆန္ဒနဲ့ အမေရိကန်ကနေ ထွက်ခွာကြတဲ့ နိုင်ငံခြားသား ၁.၉ သန်းခန့် လည်းရှိတယ်လို့ ဆိုပါတယ်။
ICE နဲ့ ထိပ်တိုက်ကြုံရတဲ့ နိုင်ငံခြားသားတစ်ဦးအတွက်ဆိုရင် လက်ရှိအခြေအနေအရ ရလဒ်အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ အချို့အချိန်တွေမှာ လူတစ်ဦးကို ယာယီ ထိန်းသိမ်း မေးမြန်းစစ်ဆေးပြီးနောက် လွှတ်ပေးနိုင်ပါတယ်။ အချို့ အခြေအနေတွေမှာတော့ ICE က ဖမ်းဆီးထိန်းသိမ်းပြီး အမေရိကန်ထိန်းသိမ်းရေးစခန်းကြီးတွေထဲက တစ်ခုကို ပို့ဆောင်နိုင်ပါတယ်။
ထိန်းသိမ်းခံနေရချိန်အတွင်း နိုင်ငံခြားသားအများအပြားက ဥပဒေအရ နေထိုင်ခွင့်ရဖို့ ဆက်လက်ကြိုးပမ်းကြပေမဲ့ အောင်မြင်မှုမရရင်တော့ နောက်ဆုံးမှာ မူရင်းနိုင်ငံကို ပြန်ပို့ခံရနိုင်ပါတယ်။
Syracuse တက္ကသိုလ်အောက်ရှိ Transactional Records Access Clearinghouse (TRAC) ရဲ့ Immigration စီမံကိန်းက ရရှိထားတဲ့ အစိုးရဒေတာတွေအရ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ICE ထိန်းသိမ်းရေးစခန်းများအားလုံးရဲ့ စာရင်းအရ လူဦးရေ ခန့်မှန်းခြေအားဖြင့် ၆၅,၀၀၀ ခန့် ရှိနေတယ်လို့သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေး ရှေ့နေတွေက BBC ကို ပြောကြားချက်အရ ICE က လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မိသားစုဝင်များ ဒါမှမဟုတ် ရှေ့နေများက သိရှိနိုင်ဖို့ တစ်ခါတစ်ရံ ရက်အနည်းငယ်ကြာတတ်တယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ICE အပေါ် ထောက်ပြခံရတဲ့ ဝေဖန်ချက်တွေက ဘာတွေလဲ၊ ICE အရာရှိတွေက ဘယ်လို ဆန့်ကျင်မှုတွေကို ကြုံတွေ့နေရလဲ
ICE နဲ့ နယ်စပ်စောင့်ကြပ်ရေးအဖွဲ့ (Border Patrol) တို့လို မိတ်ဖက်အဖွဲ့အစည်းတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို အထူးစစ်ဆင်ရေးပုံစံနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်လာတဲ့အခါ လူထုအသိုင်းအဝိုင်းအများအပြားက ဆန့်ကျင်တုံ့ပြန်ခဲ့ကြပါတယ်။
အခုအခါမှာ ICE အေးဂျင့်တွေရဲ့ ဖမ်းဆီးမှုတချို့က သာမန်အခြေအနေဖြစ်ပေမဲ့ လူမြင်ကွင်းတွေမှာ ဖမ်းဆီးမှုတွေ ဒါမှမဟုတ် ဖမ်းဆီးဖို့ကြိုးစားမှုတွေက ပိုပြီး ပြင်းပြင်းထန်ထန် လုပ်လာတယ်လို့ဆိုပါတယ်။
အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့မှာဆိုရင် ICE က အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေချိန်မှာ မီဒီယာအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့က Border Patrol ကို တရားစွဲဆိုခဲ့ပါတယ်။
သူတို့ အဆိုအရ အရာရှိတွေက သတင်းထောက်များ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆန္ဒပြသူတွေ အပေါ် မသင့်လျော်တဲ့အင်အားကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဖက်ဒရယ်တရားသူကြီးတစ်ဦးက တရားစွဲသူဘက်က ထောက်ခံဆုံးဖြတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အယူခံတရားရုံးက အဲဒီအမိန့်ကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။
မင်နီယာပိုလစ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်အတွင်း လူတစ်ဦး ပစ်ခတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ်မဟုတ်ပါဘူး။
လော့စ်အိန်ဂျလိစ် သတင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၅ အောက်တိုဘာတုန်းက ICE အရာရှိတွေက ယာဉ်မောင်းတွေကို ပစ်ခတ်ခဲ့တဲ့ ဖြစ်ရပ် ၂ ခု ဖြစ်ပေါ်ခဲ့ပါတယ်။
DHS အဆိုအရ အဲဒီဖြစ်ရပ်နှစ်ခုစလုံးမှာ ယာဉ်မောင်းတွေက အရာရှိတွေကို သူတို့ရဲ့ ယာဉ်နဲ့ အန္တရာယ်ဖြစ်စေတဲ့အပြုအမူပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ICE အရာရှိတွေနဲ့ အခြား လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ မက်စ်(မျက်နှာဖုံး)တွေ တပ်ဆင်ထားကြတဲ့အတွက် ဝေဖန်ခံကြရပါတယ်။ DHS အရာရှိတွေက အဲဒီလိုလုပ်တဲ့အပြုအမူကို ခုခံပြောဆိုပြီး အရာရှိတွေက သူတို့ကို အန္တရာယ်ဖြစ်လာနိုင်ခြေကို ကာကွယ်တာလို့ ပြောပါတယ်။
အမေရိကန်ပြည်သူတွေက ICE နဲ့ ပြန်ပို့ရေး (deportation) အပေါ် ဘယ်လို ထားကြပါသလဲ
စစ်တမ်းများအရ အမေရိကန်ပြည်သူတွေက သမ္မတထရမ့် အပေါ် လူဝင်မှုကြီးကြပ်ရေး အစီအစဉ်တွေအပေါ် ရှုပ်ထွေးပြီး အမျိုးမျိုးအမြင်တွေရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်သူတစ်ဝက်ထက်နည်းနည်းပိုတဲ့ အရေအတွက်ရဲ့ ၂၀၂၅ အောက်တိုဘာက သဘောထားကတော့ အချို့လူတွေကို ပြန်ပို့တာက လိုအပ်တဲ့ကိစ္စဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ ဒါက မတ်လက ရရှိခဲ့တဲ့အချက်အလက်တချို့နဲ့ ဆင်တူနေပါတယ်။
ဒါပေမယ့် တူညီတဲ့ စစ်တမ်းက အမေရိကန်တွေဟာ ထရမ့် ရဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
စစ်တမ်းအရ ၅၃% က ထရမ့်အစိုးရက တရားမဝင်နေထိုင်နေသူတွေကို ပြန်ပို့တာက "အလွန်များတဲ့ ပမာဏ" လို့ ယုံကြည်ကြပါတယ်။ အနည်းငယ် ၃၆ % က အဲဒီနည်းလမ်းကို ထောက်ခံကြပါတယ်။
ရီနီး နစ်ကိုးလ် ဂွတ် ဆိုတာ ဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, FB
မင်နီယာပိုလစ်စ်မြို့ က ICE အရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ အမျိုးသမီး ရီနီးနီကိုးလ်ဂွတ်လို့ အတည်ပြုထားပြီး အသက် ၃၇ နှစ် ရှိသူ၊ ကလေးသုံးယောက် မိခင်ဖြစ်ပါတယ်။ အဲဒီမြို့ကို ပြောင်းရွှေ့လာတာမကြာသေးဘူးလို့သိရပါတယ်။
သူဟာ ICE ရဲ့လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ကိုက်ညီမှု ရှိ မရှိ လေ့လာနေသူဖြစ်ပါတယ်။ လက်ရှိမှာ ထရမ့်အစိုးရက သူ့ကို "နိုင်ငံတွင်း အကြမ်းဖက်သမား (domestic terrorist)" လို့ သတ်မှတ်လိုက်ပါတယ်။
ဂွတ်ရဲ့ သေဆုံးမှုကြောင့် နိုင်ငံတဝန်း ဆန္ဒပြမှုများဖြစ်ပေါ်ပြီး၊ လူအများက "Justice for Renee" ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြနေကြပါတယ်။












