ပုလောမြို့နယ်ထဲ စစ်တပ် ဗုံးကြဲလို့ ကျောင်းသားအများစုအပါအဝင် ၁၁ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, KNU
တနင်္သာရီတိုင်း၊ ပုလော(လယ်မူလား)မြို့နယ်ထဲမှာ စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတာကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီး အများစုဟာ ကျောင်းသားကလေးငယ်တွေလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။
တဖီလေးခိုကျေးရွာမှာ ရက်တို ကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်း ပေးနေတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က မတ် ၉ ရက်မှာ လေကြောင်းဗုံးကြဲခဲ့တာလို့ KNU ကပြောပါတယ်။
ဒီဗုံးကြဲမှုကြောင့် ဘုရားကျောင်းထဲမှာရှိတဲ့ အသက် ၁၂ နှစ်အောက် ကျောင်းသား ၇ ဦး သေဆုံးပြီး ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ပုလောမြို့နယ်ထဲက တကူကျေးရွာထဲကို စစ်တပ်က မတ် ၁၀ ရက်မှာ ပေါင် ၂၅၀ ဗုံးကြဲခဲ့တာကြောင့် ကလေးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ၁၂ ယောက်ထဲက ၃ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဒဏ်ရာပြင်းထန်တဲ့ ၃ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ထိုင်းနိုင်ငံက ဆေးရုံမှာ ဆေးကုသနိုင်ဖို့အတွက် KNU က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
တဖီလေးခိုရွာဟာကရင်လူမျိုးအများစုနေထိုင်တဲ့ရွာဖြစ်ပြီး တနင်္သာရီမြစ်ကမ်းဘေးမှာရှိပါတယ်။
တဖီလေးခိုရွာရဲ့ အပေါ်ဘက်မှာရှိတဲ့ အောင်သာဝရရွာမှာတော့ စစ်ကော်မရှင်တပ်ရဲ့ဗျုဟာစခန်းရှိပြီး အဲဒီနေရာကို ၂၀၂၄ ခုနှစ်ကတည်းက KNU လက်အောက်ခံတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပါတယ်။
လက်ရှိ ပုလောမြို့နယ်ထဲက ပလောက်မြို့မှာတော့ စစ်ကော်မရှင်တပ်တွေနဲ့ KNUလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
စစ်ကော်မရှင်ကတော့ ပုလောမြို့နယ်ထဲက စစ်ရေးအခြေအနေအပြင် လေကြောင်းတိုက်ခံရမှုနဲ့ ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။








