FATF အမည်ပျက်စာရင်းကနေ လွတ်ဖို့ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ အပူတပြင်းလှုပ်ရှား

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ ရန်ကုန်မြို့က ဗဟိုဘဏ်အဆောက်အဦ ပုံတို့ကို ပေါင်းစပ်ဓာတ်ပုံ
ဖတ်ရန်အချိန်: မိနစ် ၁၄

စစ်ကော်မရှင်ဟာ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းထဲကနေလွတ်မြောက်နိုင်ရေး အဖမ်းအဆီးနဲ့ ပိတ်ဆို့မှုတွေ တိုးလုပ်ပြီး အပူတပြင်းကြိုးပမ်းနေပါတယ်။

ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖေဖော်ဝါရီလအတွင်း မက္ကဆီကို နိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ရှင်းလင်းခဲ့တာကလည်း ဒီကြိုးပမ်းမှုရဲ့ အထင်ကရ လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါတယ်။

ဒီလိုလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် မြန်မာဟာ FATF သတ်မှတ်ချက်များကို "လုံးဝ မလိုက်နာသောနိုင်ငံ" ဆိုတဲ့အဆင့်ကနေ "တစိတ်တပိုင်း လိုက်နာဆောင်ရွက်နေတယ်"ဆိုတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။

စစ်ကော်မရှင်အနေနဲ့ FATF အမည်ပျက်စာရင်းက လွတ်မြောက်ရေးဟာ နိုင်ငံတကာရဲ့ ဘဏ္ဍာရေးဆိုင်ရာတားဆီးပိတ်ပင်မှုတွေကို လျော့ချနိုင်ရေးအတွက် အရေးကြီးတဲ့လှည့်ကွက်တစ်ခုအဖြစ် ရှုမြင်ထားပုံရတယ်လို့ စီးပွားရေးအကဲခတ်တချို့က ပြောပါတယ်။

အမည်ပျက်စာရင်းက ပယ်ဖျက်ခံရဖို့ လုပ်ဆောင်ရမယ့် အချက်တွေ ဘယ်လောက်ကျန်ရှိနေသေးသလဲ။ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ရဲ့ ဒီလိုကြိုးပမ်းမှုတွေက နိုင်ငံတွင်းမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနေပါသလဲ။

FATF အစီအမံတွေကို ဗဟိုဘဏ် ဘာကြောင့်လိုက်နာရတာလဲ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ က FATF အစည်းအဝေးတက်ရောက် နေတဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ က FATF အစည်းအဝေးတက်ရောက်နေတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့အတွက် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှာ ထည့်သွင်းဖို့ ၂၀၂၂ ခုနှစ်က ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ငွေကြေးခဝါခမှုနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးတွေ အားနည်းတာကြောင့် တိုးတက်မှုစောင့်ကြည့်ရမယ့် မီးခိုးရောင်းစာရင်း(Grey List) မှာ မြန်မာကို ထည့်သွင်းထားရာကနေ မြောက်ကိုရီးယား၊ အီရန်တို့နဲ့တန်းတူ အမည်ပျက်စာရင်း (Blacklist) အဖြစ် ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

FATF အဖွဲ့ရဲ့ အဓိကရည်မှန်းချက်က ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ရဲ့ ခိုင်မာမှုအပေါ် ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်တာဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၉၈၉ ခုနှစ်က ကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ (G7)အစည်းအဝေးမှာ တည်ထောင်ခဲ့တာပါ။

FATF မှာ စံချိန်စံနှုန်းတွေနဲ့အညီလုပ်ဆောင်နိုင်တဲ့ နိုင်ငံတွေစာရင်း(White List)၊ စောင့်ကြည့်နိုင်ငံများစာရင်း(Grey List)နဲ့ အမည်ပျက်စာရင်း (Black List) ဆိုပြီး အဆင့်သုံးဆင့် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံက FATF အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လို့ FATF ရဲ့ စည်းမျဉ်းတွေကို လိုက်နာရတာပါ။

FATF အဖွဲ့အစည်းမှာ စင်ကာပူ၊ မလေးရှား၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနဲ့ အနောက်နိုင်ငံအများစု ပါဝင်နေပါတယ်။ FATF က မြန်မာနိုင်ငံကို သူတို့ချမှတ်ထားတဲ့အစီအမံတွေကို မလိုက်နာရင် အရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။

မြန်မာအတွက် အစီအမံတွေ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လက ကျင်းပတဲ့ အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ရဲ့ နှစ်စဉ်အစည်းအဝေးမှာ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) ရဲ့ ခေါင်းဆောင် ရဲမှူးချုပ် ဇော်လင်းထွန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MFIU

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ ဩဂုတ်လက ကျင်းပတဲ့ အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ရဲ့ နှစ်စဉ်အစည်းအဝေးမှာ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) ရဲ့ ခေါင်းဆောင် ရဲမှူးချုပ် ဇော်လင်းထွန်း (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၄ ခုနှစ်က မြန်မာဘက်က အကောင်အထည်ဖော်ရမယ့် အချက် ၈ ချက်ထဲက ၂ ချက်ကို လိုက်နာအကောင်ထည်ဖော်ခဲ့တဲ့အတွက်ကြောင့် FATF က မြန်မာနိုင်ငံကို အရေးယူမှု မရှိခဲ့ပါဘူး။

မြန်မာက ဆောင်ရွက်ခဲ့တဲ့ ၂ ချက်ကတော့ ငွေကြေးခဝါချမှု အန္တရာယ်မြင့်မားတဲ့နေရာတွေကို နားလည်သဘောပေါက်မှု မြှင့်တင်ရမယ်ဆိုတဲ့အချက်နဲ့ ဟွန်ဒီငွေကြေးလုပ်ငန်း(တရားမဝင်ငွေလဲလုပ်ငန်း) လုပ်ကိုင်သူတွေကို မှတ်ပုံတင်တာ၊ ကြီးကြပ်တာတွေလုပ်ဖို့ ဆိုတဲ့အချက်ကို ဗဟိုဘဏ်က လုပ်‌ဆောင်ခဲ့တာပါ။

ကျန်နေတဲ့ ၆ ချက်ကတော့ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းတွေ (Myanmar Financial Intelligence Unit) ရဲ့ လုပ်ငန်းအစီရင်ခံမှုတွေကို အများပြည်သူသိအောင် သတင်းထုတ်ပြန်တာတွေ ပိုလုပ်ဖို့၊ နိုင်ငံဖြတ်ကျော်တဲ့ ငွေကြေးခဝါချမှုတွေမှာ နိုင်ငံတကာနဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးတာတွေလုပ်ဖို့၊ ရာဇဝတ်မှုဆိုင်ရာ ပိုင်ဆိုင်မှုတွေ၊ လက်နက်ကိရိယာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေနဲ့ ထိန်းချုပ်တာတွေ ပိုလုပ်ဖို့၊ လူအများအပြားသေကြေစေနိုင်တဲ့ လက်နက်ပြန့်ပွားမှုတွေအတွက် ငွေကြေးထောက်ပံ့နေတာတွေကို ဘဏ္ဍာရေးအရ ပစ်မှတ်ထား အရေးယူတာတွေ ပိုပြီးထိရောက်အောင် နည်းပညာလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

လက်ရှိမှာ FATF က မြန်မာနိုင်ငံကို စိစစ်ဆောင်ရွက်မှုတွေပြုလုပ်ဖို့တောင်းဆိုခြင်းခံရတဲ့ အန္တရာယ် မြင့်မားမှုရှိတဲ့နိုင်ငံ (High-Risk Jurisdictions subject to a Call for Action) အဖြစ်ဆက်ပြီး သတ်မှတ်ထားပါတယ်။

ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၃ ရက်အတွင်း ကျင်းပတဲ့ မက္ကဆီကိုနိုင်ငံက အစည်းအဝေးမှာတော့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ လူအများအပြားသေကြေစေတဲ့ လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အစဉ်ဆက်မပြတ် အပြည့်အဝအကောင်အထည်ဖော်နေတယ်လို့ ပြောခဲ့ပါတယ်။

ဥပဒေပိုင်းဆိုင်ရာမူဘောင်တွေ ပိုမိုခိုင်မာမှုရှိဖို့လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ယုံကြည်အပ်နှံမှုအက်ဥပဒေတွေကို ပြင်ဆင်ထုတ်ပြန်တာ၊ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေကိုလည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ငွေကြေးခဝါချမှုဥပဒေကို အသစ်ပြင်ဆင်ဖို့ လုပ်ဆောင်နိုင်ပြီး ဒါကို လုပ်နိုင်ခဲ့ရင် အကောင်အထည် ဖော်ရမယ့်အစီအမံ ၅ ချက်က တိုးတက်မှုရှိလာမယ်လို့ ဆိုပါတယ်။

အစီအမံ ၅ ချက်ထဲမှာ အာဏာပိုင်တွေရဲ့ စုံစမ်းမှုတွေမှာ ငွေကြေးဆိုင်ရာ နည်းပညာအချက်အလက်တွေကို ပိုပြီးအသုံးပြုဖို့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းတွေ (FIU) ရဲ့လုပ်ဆောင်ချက်တွေ ပိုလုပ်ဖို့၊ ငွေကြေးခဝါချမှုတွေကို အန္တရာယ်ရှိမှုအလိုက် စုံစမ်းဖော်ထုတ်ဖို့၊ နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းအရေးယူဖို့နဲ့ ရာဇဝတ်မှုဆိုင်ရာ ပိုင်ဆိုင်မှုတွေ၊ လက်နက်ကိရိယာပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေနဲ့ ထိန်းချုပ်တာတွေ ပိုလုပ်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်နေပါတယ်။

ဗဟိုဘဏ်က FATF ရဲ့ အမည်ပျက်စာရင်းကနေ လွတ်မြောက်ဖို့အရေး အစီအမံတွေကို အကောင်အထည်ဖော်ဖို့ စိုင်းပြင်းနေတာကို ပြည်တွင်းဘဏ်လုပ်ငန်းတွေကလည်း သိရှိထားတယ်လို့ ပုဂ္ဂလိကဘဏ်တစ်ခုမှာ အဆင့်မြင့်တာဝန်ယူထားသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"FATF ရဲ့ Recommendation တွေမှာ တစိတ်တပိုင်း လိုက်နာတယ်ဆိုတာတွေ ပိုများလာတယ်။ မလိုက်နာတဲ့အချက်ဆိုတာ မရှိသလောက်ပဲ။ တော်တော်ကိုသူတို့ လိုက်လုပ်နေကြတယ်" သူက ပြောပါတယ်။

FATF က မြန်မာနိုင်ငံအတွက် အကြံပြုချက် အချက် ၄၀ ရှိပါတယ်။ အကြံပြုချက် ၂၆ ချက်က လုံးဝလိုက်နာတာ (Largely Compliant) နဲ့ လိုက်နာတာ (Compliant) ဖြစ်တယ်လို့ FATF က ဖော်ပြပါတယ်။ ကျန်တဲ့အချက်တွေအများစုက တစိတ်တပိုင်းလိုက်နာပြီး လုံးဝမလိုက်နာတဲ့ အချက်ကတော့ ၆ ချက်ပဲရှိပါတယ်။

စစ်ကော်မရှင်ရဲ့ ဒီကြိုးစားမှုတွေက စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲလုပ်ပြီးသွားတဲ့အချိန် စီးပွားရေးအရ ပြန်ကုစားဖို့ ကြိုးစားချက်ပဲ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

"Business(စီးပွားရေး)သမားတွေ စီးပွားရေးရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် PESTEL ဆိုတာကို ကြည့်တယ်။ ပထမက နိုင်ငံရေး ကောင်းမကောင်း၊ ပြည်ပက လူတွေရဲ့ဆုံးဖြတ်ချက်ကိုကြည့်တယ်။ ပြည်တွင်းက နိုင်ငံရေးမှာ ရွေးကောက်ပွဲ လုပ်ထားတယ်။ ဒုတိယအနေနဲ့ စီးပွားရေးပါ။ စီးပွားရေးအရဆိုရင် ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းတွေက Blacklist လုပ်ထားတာ၊ Sanctions (အရေးယူပိတ်ဆို့မှု) လုပ်ထားတွေ ဖျက်လိုက်မယ်ဆိုရင် ကောင်းတယ်ဆိုတဲ့အကြံပြုချက်တစ်ခုနဲ့ မြန်မာနိုင်ငံကို ရောက်လာနိုင်တယ်" လို့ သူက ပြောပါတယ်။

PESTEL ဆိုတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင်၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဥပဒေစိုးမိုးမှုတွေကို အတိုကောက်ခေါ်တာ ဖြစ်ပါတယ်။

"FATF က ကမ္ဘာ့အသိအမှတ်ပြုတဲ့အဖွဲ့အစည်းဖြစ်တော့ Blacklist လွတ်သွားရင် ချက်ချင်းကြီးတော့ Long-term (ရေရှည်) ဖြစ်တဲ့ Telenor လို၊ Ooredoo လိုကုမ္ပဏီတွေ မဟုတ်ဘဲ ရရင် ရသလို လာပြီး ယူမယ့် Short-term (ရေတို) စီးပွားရေးတွေတော့ ဝင်လာနိုင်တယ်" လို့ သူက ဖြည့်ပြောပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း စစ်ခေါင်းဆောင်အပါအဝင် စစ်ကော်မရှင်နဲ့ ဆက်စပ်တဲ့လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းတွေကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေမှာပါ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြန်မာကို အရေးပေါ်အခြေအနေကြေညာတာနဲ့ စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုတွေလုပ်တဲ့ သမ္မတ အမိန့်အမှတ် (၁၄၀၁၄) ကို လက်မှတ်ထိုးပြီး သက်တမ်းထပ်တိုးလိုက်ပါတယ်။

တင်းကျပ်လာမယ့် စောင့်ကြည့်အရေးယူမှုတွေ

CB ဘဏ်ရဲ့ ငွေထုတ်စက်မှာ ငွေထုတ်ယူနေသူတစ်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, CB ဘဏ်ရဲ့ ငွေထုတ်စက်မှာ ငွေထုတ်ယူနေသူတစ်ဦး (ပုံဟောင်း)

FATF က ချမှတ်ထားတဲ့ အစီအမံတွေကို အကောင်အထည်ဖော်ဖို့ ဗဟိုဘဏ်က ကျားဖြန့်လုပ်ငန်းတွေရဲ့ငွေကြေးစီးဆင်းမှုတွေ၊ လောင်းကစားလုပ်ငန်းတွေနဲ့ ဒီဂျစ်တယ် ငွေကြေးစီးဆင်းမှုတွေကို ပိုပြီးစောင့်ကြည့်လာနိုင်တယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။

FATF ကလည်း သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေက ဘဏ်လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ဆက်နွယ်မှုတွေ၊ ငွေကြေးလမ်းကြောင်းတွေဟာ ပုံမှန် ဟုတ်၊ မဟုတ်၊ သံသယ ရှိမရှိ သတိကြီးကြီးနဲ့ စောင့်ကြည့်ဖို့ ပြောထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံကိုပို့မယ့် ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့လစာတွေကိုတော့ အနှောက်အယှက် ကင်းကင်းဖြစ်အောင် လုပ်ဆောင်ရမယ်လို့ ပြောထားပါတယ်။

ပြည်တွင်းက အမည်မသုံးလိုတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေးတစ်ဦးကတော့ " ကျားဖြန့်ကို အဓိက ကိုင်နိုင်တယ်။ အရင် က PDF ကို Support လုပ်လို့ ၊ Local Defense အဖွဲ့တွေကို Support လုပ်လို့ ဆိုပြီးပိတ်ခံရတာတွေ ရှိတယ်။ အခုကတော့ ကျားဖြန့်တွေကိုပို စောင့်ကြည့်နေတယ်။ ငွေအလွှဲအပြောင်း တစ်ကြောင်းချင်းစီကို ကြည့်လိုက်ရင် ဘယ်သူ့ကို ဘယ်လိုသွားတယ်ဆိုတာကအစ အသေးစိတ်သိနိုင်တဲ့စနစ်တွေသူတို့မှာ ရှိလာတယ်" လို့ ပြောပါတယ်။

ဒါပေမယ့် ဘဏ်လုပ်ငန်းကို လူတွေရဲ့ယုံကြည်မှု ရှိလာဖို့ဆိုရင် အခုလို သံသယရှိလို့ ဘဏ်အကောင့်ပိတ်ခံရသူတွေကို သက်သေတကွနဲ့ ပြန်လျှောက်လို့ ရမယ့် ပွင့်လင်းမြင်သာတဲ့စနစ်တစ်ခုကိုဗဟိုဘဏ်အနေနဲ့ လုပ်သင့်တယ်လို့ ဘဏ်လုပ်ငန်းလေ့လာသုံးသပ်သူက ပြောပါတယ်။

နောက်ပြီး ငွေပမာဏအများအပြား လွှဲတဲ့သူတွေကိုလည်း ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းက စောင့်ကြည့်နေတယ်လို့ ပြည်ထဲရေးသတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီလိုအခြေအနေကို အကြောင်းပြုလို့ ပြည်တွင်းမှာ မိုဘိုင်းဝေါလက်တွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းမှုတွေကို စစ်ကော်မရှင်နဲ့ သူ့ရဲ့ဗဟိုဘဏ်က တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေသလို ဖမ်းဆီးအရေးယူမှုတွေကိုလည်း ဆက်တိုက်လုပ်နေပါတယ်။

တဖက်မှာလည်း ပြည်တွင်းမှာ KBZ pay အကောင့် ပိတ်ခံထားရသူတွေကို လူတစ်ဦးချင်းစီကို စောင့်ကြည့်တဲ့ PSMS စနစ်နဲ့ ဖမ်းဆီးတာတွေ တောက်လျှောက်လုပ်လာနေတာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ထောက်ပြထားပါတယ်။

စစ်ကော်မရှင်ဟာ FATF ရဲ့ အကြံပြုချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို အကြောင်းပြပြီး ပြည်တွင်းထဲမှာ တော်လှန်ရေးအင်အားစုတွေဆီ ငွေကြေးစီးဆင်းမှုတွေကို ပစ်မှတ်ထားဖမ်းဆီးပြီး FATF ရဲ့ တောင်းဆိုချက်တွေကို အသုံးချနေတယ်ဆိုတဲ့ဝေဖန်မှုတွေရှိနေပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံက လည်ပတ်နေတဲ့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းအများစုကို လူနည်းစုကချုပ်ကိုင်ထားပြီး အဲဒီလူတွေကပဲ နိုင်ငံတကာမှာ အခြားအမည်နဲ့ ရင်းနှီးမြှုပ်နှံတာတွေကို လုပ်ထားကြတာမျိုးနဲ့ မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်ရေးစတာတွေနဲ့ ဆက်နွှယ်မှုရှိနေကြသူတွေနဲ့ အဲဒီကရတဲ့ငွေကြေးစီးဆင်းမှုတွေနိုင်ငံတွင်းမှာ ရှိနေတယ်ဆိုတဲ့ နိုင်ငံတကာသုတေသနအဖွဲ့တွေရဲ့ စစ်တမ်းတွေ့ရှိချက်တွေကလည်း FATF ရဲ့ အမည်ပျက်စာရင်းထဲကိုထည့်သွင်းတဲ့အထိ လုပ်ဆောင်ချက်ဖြစ်ခဲ့တာဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

တရားမဝင် ကျောက်စိမ်းထုတ်လုပ်တာတွေ၊ လက်နက်မှောင်ခိုကူးတာတွေ၊ သစ်ခိုးထုတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာငွေဖြူ၊ ငွေမည်းခဝါချတဲ့ ပြဿနာတွေ ပေါ်ပေါက်စေတယ်လို့ အမည်မည်းစာရင်း မထည့်ခင် ၂၀၂၂ ခုနှစ် အရှေ့ပိုင်းကာလတွေက FATF အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလည်း ပါခဲ့ဖူးပါသေးတယ်။

၂၀၂၂ ခုနှစ်က FATF ရဲ့ အမည်ပျက်စာရင်းသွင်းရတဲ့အဓိက အကြောင်းရင်းဟာ မြန်မာက ကာဆီနို လောင်းကစားရုံတွေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေကြောင့်ဖြစ်တယ်ဆိုပြီး ဒီအခြေအနေကိုသိရှိတဲ့ FATF အရာရှိတွေကို ကိုးကားပြီး နစ်ကီအေးရှားသတင်းက ဖော်ပြခဲ့ဖူးပါတယ်။

'အကြမ်းဖက်အဖွဲ့အစည်း' ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် က ဗဟိုဘဏ်ရှေ့ အမျိုးသမီးတစ်ဦး ဆန္ဒပြနေ တဲ့ မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် က ဗဟိုဘဏ်ရှေ့ အမျိုးသမီးတစ်ဦး ဆန္ဒပြနေ တဲ့ မြင်ကွင်း (ပုံဟောင်း)

ဗဟိုဘဏ်ဥက္ကဋ္ဌက မက္ကဆီကိုမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ လူအများအပြားသေကြေစေတဲ့လက်နက်တွေ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ်အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း FATF အကြံပြုချက်တွေမှာ မလိုက်နာတာကနေ တစိတ်တပိုင်းလိုက်နာတယ်ဆိုတဲ့အကြံပြုချက် ၂ ချက်တွေ့ရပြီး အကြံပြုချက်အမှတ် ၇ နဲ့ ၂၅ ပါ။ အကြံပြုချက် ၇ ကတော့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဖြစ်ပါတယ်။

အကဲဖြတ်မှုကို အာရှပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ လုပ်ဆောင်ခဲ့တာပါ။

အကြံပြုချက် ၇ ဖြစ်တဲ့အကြမ်းမှုတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဟာ မြောက်ကိုရီးယားအပေါ်ချမှတ်တဲ့ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၇၁၈) စံနှုန်းနဲ့အညီ ညိစွန်းသူတွေကို ‌အရေးယူနိုင်မယ့်အမိန့် ကြေညာရမှာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်က‌ လက်နက်ရောင်းချမှုအရေးယူရေး၊ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာ၊ အရေးယူခံရသူတွေကို ခရီးသွားလာမှု ပိတ်တာ၊ ဇိမ်ခံကုန်ပစ္စည်းတွေ၊ နျူကလီးယားနဲ့ တာဝေးပစ်စနစ်ဆိုင်ရာ ပစ္စည်းတင်သွင်းမှုတွေကို ပိတ်ပင်တာပါ။

ဒီအချက်တွေ ပါဝင်တဲ့ အမိန့်အမှတ် (၄/၂၀၂၃) ကို မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ကြေညာလိုက်တာကြောင့် အကဲဖြတ်မှုမှာ 'တစိတ်တပိုင်းလိုက်နာ' တယ်လို့ APG က သတ်မှတ်ခဲ့တာပါ။

ဒါပေမယ့်လည်း အဲဒီအမိန့်မှာ အားနည်းချက်တွေ ရှိနေသေးတယ်လို့ APG က ထောက်ပြပါတယ်။

ဖမ်းမိတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကို တရားခံက သူ့အကျိုးစီးပွားအတွက် ပြန်ရယူနိုင်တယ်ဆိုတဲ့ အချက်မပါတာ၊ ကုလအဖွဲ့အစည်းတွေက ဘဏ်လုပ်ငန်းတွေ၊ ပစ်မှတ်ထားခံရတဲ့ ငွေကြေးမဟုတ်တဲ့အဖွဲ့အစည်းတွေကို ဆက်သွယ်နိုင်မယ့် ယန္တရားတစ်ခု မရှိတာ၊ လူတစ်ယောက်က တခြားသူတစ်ယောက်ကို ထောက်ပံ့ပေးနေတဲ့ ငွေကြေးလမ်းကြောင်းတွေကို တစုံတယောက်က သတင်းပို့ခွင့်မရှိတာ၊ အရေးယူမယ့်စာရင်းမှာပါနေသူတွေကို အာဏာပိုင်တွေက သူတို့ရဲ့ဆန်းစစ်ချက်နဲ့သာ စာရင်းက ပယ်ဖျက် ပေးမယ်ဆိုတဲ့အချက်က ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၇၁၈) နဲ့ မကိုက်ညီဘူးလို့ ထောက်ပြပါတယ်။

စစ်ကော်မရှင် ဗဟိုဘဏ်ရဲ့ 'အကြမ်းဖက်မှု' ဆိုတဲ့အသုံးအနှုန်းဟာ နိုင်ငံရေးအရအသုံးချတာလို့ တော်လှန်ရေးအင်အားစုတွေဘက်က ရှုမြင်ပါတယ်။

"သူတို့ကတော့ အကြမ်းဖက်၊ ဒီဘက်ကတော့ တော်လှန်ရေးပေါ့။ စစ်တပ်က နိုင်ငံရေးအရ အသုံးချတယ်လို့ မြင်တယ်" လို့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းဘဏ်လုပ်ငန်းတစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ "FATF က နှစ်ဖက်လုံးကို ပြောတာဖြစ်နိုင်တယ်။ ဗဟိုဘဏ်ကတော့ သူတို့ဘက်ကိုပဲ ရပ်မှာပဲလေ။ ဒီဘက်ကို အရေးယူမှုမရှိဘဲ ဟိုဘက်ကို အရေးယူမှုလုပ်မှာမျိုး" လို့ ပြောပါတယ်။

ဗဟိုဘဏ်က ဒီဂျစ်တယ်ငွေကြေးစောင့်ကြည့်မှုတွေကိုလည်း ပိုပြီး တင်းကျပ်လာနိုင်တယ်လို့ သူက သတိပေးပါတယ်။

တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးနေသူကတော့ တော်လှန်ရေးအဖွဲ့တွေထက် ကျားဖြန့်လုပ်ငန်းတွေကသာ မြန်မာနိုင်ငံ ငွေကြေးခဝါချမှုရဲ့အဓိကထောက်တိုင်တွေဖြစ်တယ်လို့ ပြောလိုက်ပြီး ဗဟိုဘဏ်ကို မေးခွန်းထုတ်ပါတယ်။

"တကယ်တမ်းပြောရရင် သူတို့ပြောတဲ့အကြမ်းဖက်ဆိုတဲ့ တော်လှန်ရေးဘက်က သွားတဲ့ ငွေကြေးအလွှဲအပြောင်းထက်ထက် ကျားဖြန့်တွေက သွားတဲ့ပမာဏက ပိုများနေတာ။ တော်လှန်ရေးဘက်က အကြီးဆုံး ကမ်ပိန်းလောက်ကို လုပ်မှ ပိုက်ဆံ သိန်း ၂‌ ထောင်၊ ၃ ထောင် လောက်က အများဆုံးပဲ။ ဒီပမာဏက Scam(အွန်လိုင်းလိမ်လည်မှု)တွေရဲ့တစ်နေ့ဝင်ငွေလောက်ပဲရှိတာ"

"တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်ခေါင်းစဥ်တပ်ပြီး ဒီလိုဖမ်းတယ်ဆိုရင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ငွေကြေးခဝါချမှုတွေကို ဗဟိုဘဏ်က ဘာကြောင့် ထိထိရောက်ရောက်မလုပ်တာလဲ" လို့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးနေသူက ပြောပါတယ်။