မိသားစုခွေးလေးကိုသတ်ဖြတ်မှုအစ ဇိမ်ခံလေယာဥ်အဆုံး - သတင်းတွေထဲက ကရစ္စတီနုမ်း
- ရေးသားသူ, ကွာစီး ဂျမ်ဖီး အာစီးဒု
- ရေးသားပေးပို့သည့်နေရာ, ဝါရှင်တန်
- ဖတ်ရန်အချိန်: မိနစ် ၈
လပေါင်းများစွာ အငြင်းပွားဖွယ်ရာတွေနဲ့ ပါတီစွဲမရှိတဲ့ ဝေဖန်မှုတွေအပြီးမှာ ကရစ္စတီနုမ်းကို အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန အကြီးအကဲရာထူးကနေ ဖယ်ရှားလိုက်ပါပြီ။
သူဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိသူအကြီးအကဲအဖြစ် ခန့်အပ်ခံထားခဲ့ရတာပါ။
ထရမ့်ရဲ့လက်ရှိ သမ္မတသက်တမ်း ပထမဆုံးနှစ်အတွင်း မစ္စနုံးမ်ကြောင့် ပြည်နှင်ဒဏ်ပေးမှုတွေ ၆၇၅,၀၀၀ အထိ အရေးယူနိုင်ခဲ့ပါတယ်။
ဒါဟာ အိမ်ဖြူတော်က ချမှတ်ထားတဲ့တစ်နှစ်ကို တစ်သန်းဆိုတဲ့ ရည်မှန်းချက်အရေအတွက် နားကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
တစ်နှစ်ကျော်ခန့်သာ ရာထူးထမ်းဆောင်ခဲ့ရတဲ့ နုံးမ်ရဲ့နေရာကို ရီပတ်ဘလီကန် အထက် လွှတ်တော်အမတ် မာ့ခ်ဝေနေ မူလင် နဲ့ အစားထိုးမယ်လို့ ထရမ့်က ကြေညာခဲ့ပါတယ်။
မစ္စနုံးမ် လက်ထက်မှာ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို သတင်းခေါင်းကြီးပိုင်းမှာ ဖော်ပြခံခဲ့ရတဲ့အဖြစ်အပျက်တချို့ကို တင်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Alex Pretti နဲ့ Renee Good သတ်ဖြတ်ခံရမှုဖြစ်ရပ်များ
အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်းပြည်နယ်ဖြစ်တဲ့ မန်နီဆိုးတားမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆင်ရေးတွေဟာ သူရဲ့လုပ်သက်အတွင်း အကြီးမားဆုံး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အဲဒီဥပဒေစိုးမိုးရေး လှုပ်ရှားမှုဟာ မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသားနှစ်ဦးဖြစ်တဲ့ ရေးနီး ဂွတ်ဒ် (Renee Good) နဲ့ အဲလက်စ် ပရီတီ(Alex Pretti) တို့ ဖက်ဒရယ် အေဂျင်စီတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။
မစ္စနုံးမ်က ဖြစ်စဥ်မတူတဲ့ကိစ္စရပ်အတွင်း သူတို့နှစ်ယောက်ကို ပြည်တွင်းအကြမ်းဖက်သမားတွေလို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် မိုဘိုင်းဖုန်းနဲ့ ခန္ဓာကိုယ်ပေါ် တပ်ဆင်ထားတဲ့ ကင်မရာ ဗီဒီယိုဖိုင်တွေက သူမရဲ့ဌာနမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။
ရီပတ်ဘလီကန် အတော်များများဟာ မစ္စနုံးမ် အပေါ် စိတ်ကုန်လာပြီး ဒီမိုကရက်တွေနဲ့ပူးပေါင်းကာ သူ ရာထူးကနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီသီတင်းပတ်အတွင်း အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ကြားနာပွဲတွေမှာ မစ္စနုံးမ် က ICE အဖွဲ့တွေရဲ့ နှိမ်နင်းမှုအတွင်း သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပေမယ့် ပြည်တွင်းအကြမ်းဖက်မှု မှတ်ချက်တွေနဲ့ ပတ်သက်လို့ သူပြောခဲ့တာတွေအတွက် တောင်းပန်စကား ပြောကြားခြင်း မရှိခဲ့ပါဘူး။
ဇိမ်ခံဂျက်လေယာဉ်များ
ကရစ္စတီနုမ်းဟာ အေဂျင်စီရန်ပုံငွေတွေကို အလေအလွင့်ဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပါတယ်။
သူဟာ Gulfstream G700 ဇိမ်ခံဂျက်လေယာဉ်နှစ်စင်း ဝယ်ယူဖို့ အတည်ပြုခဲ့ပြီး ဌာနအနေနဲ့ တတိယမြောက်လေယာဉ်အဖြစ် Boeing 737 တစ်စင်းကို ဒေါ်လာ သန်း ၇၀ ဝန်းကျင် (ပေါင် ၅၂ သန်း) နဲ့ ထပ်မံဝယ်ယူဖို့ အစီအစဉ်ရှိခဲ့ပါတယ်။
နုံးမ် က အဲဒီလေယာဉ်တွေဟာ "တာဝေးပစ် ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေး လေယာဉ်" တွေဖြစ်သလို ပြည်နှင်ဒဏ်ပေးရေးအတွက်လည်း အသုံးပြုမယ်လို့ ပြောဆိုကာ အသုံးစရိတ်နဲ့ပတ်သက်လို့ ခုခံကာကွယ် ပြောကြားခဲ့ပါတယ်။
ဒီရက်သတ္တပတ်အတွင်း အထက်လွှတ်တော် ကြားနာပွဲတစ်ခုမှာ အထက်လွှတ်တော်အမတ်တစ်ဦးက ဂျက်လေယာဉ်တစ်စင်းပေါ်က ဇိမ်ခံအိပ်ခန်းတစ်ခုရဲ့ ပုံတစ်ပုံကို ပြသခဲ့ပါတယ်။
မစ္စနုံးမ်က လေယာဉ်မှာ အိပ်ခန်းပါတယ်ဆိုတာကို အသိအမှတ်ပြုခဲ့ပေမယ့် အဲဒါကို "ပြုပြင်မွမ်းမံ" နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ကို ဒေါသထွက်စေခဲ့တဲ့ ဝန်ကြီးမြင်းစီးကြော်ငြာ
ဒေါ်လာ သန်း ၂၂၀ (ပေါင် ၁၆၅ သန်း) ကုန်ကျတယ်လို့ သတင်းတွေထွက်တဲ့ နုံးမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာဟာ သမ္မတထရမ့် ကို ဒေါသထွက်စေခဲ့တယ်လို့ ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေးသမားတွေကို ကိုယ်တိုင်ပြည်နှင်ဒဏ်ခံဖို့ တိုက်တွန်းတဲ့ အဲဒီကြော်ငြာမှာ သူဟာ နွားကျောင်းသားဦးထုပ်ဆောင်းပြီး တန်ဖိုးကြီးလှတဲ့ သားရေဖိနပ်နဲ့ မြင်းစီးကာ နွားအုပ်ကြီးနဲ့အတူ လွင်ပြင်ကိုဖြတ်သွားတဲ့မြင်ကွင်းပါဝင်ပါတယ်။
ဒီရက်သတ္တပတ်အတွင်း ကွန်ဂရက်လွှတ်တော် ကြားနာပွဲတစ်ခုမှာ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်ကနေဒီက ဒီကြော်ငြာကို ထရမ့် အတည်ပြုခဲ့လားလို့ နုံးမ် ကို မေးမြန်းခဲ့ပါတယ်။
သမ္မတက အဲဒါကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သူက အရိပ်အမြွက်ပြောကြားခဲ့ပေမယ့် ထရမ့် က ရိုက်တာသတင်းဌာနကို "ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ဘူး" လို့ ပြောကြားခဲ့ပါတယ်။
ကြော်ငြာတွေအတွက် စာချုပ်ချုပ်ဆိုရေး လုပ်ငန်းစဉ်နဲ့ ရီပတ်ဘလီကန်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေကို လေလံဆုချီးမြှင့်ခဲ့ပုံတွေနဲ့ ပတ်သက်ပြီးလည်း နုံးမ် ကို လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် မေးမြန်းစစ်ဆေးခဲ့ပါတယ်။
စောင်ဘယ်မှာထားခဲ့လဲ မေးခွန်းနဲ့ နိုင်ငံရေးအရှုပ်တော်ပုံ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နုံးမ် ရဲ့ အုပ်ချုပ်ရေးဝန်ထမ်းအဖွဲ့ အကြီးအကဲဖြစ်တဲ့ ကော်ရေး လူဝင်ဒေါစကီး ကလည်း အငြင်းပွားဖွယ်ရာတွေကို ဖန်တီးခဲ့ပါတယ်။
ရိုက်တာနဲ့ ဝေါလ်စထရိ ဂျာနယ်သတင်းတွေအရ သူဟာ ခရီးစဉ်တစ်ခုမှာ လေယာဉ်တစ်စင်းကနေ နောက်တစ်စင်းကို ပြောင်းစီးတဲ့အခါ နုံးမ် ရဲ့စောင်ကို ပထမလေယာဥ်မှာ မှားထားခဲ့တဲ့အတွက် ကမ်းရိုးတန်းစောင့်တပ် လေယာဉ်မှူးတစ်ဦးကို အပြစ်တင်ကာ အလုပ်ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။
လီဝင်ဒေါစကီး ဟာ ကမ်းရိုးတန်းစောင့်တပ် လေယာဉ်ပေါ်ကို လေယာဉ်တက်နေချိန်မှာ လေယာဉ်မှူးခန်းဆီသို့ လျှောက်သွားပြီး နုံးမ် ရဲ့စောင်ဘယ်မှာလဲလို့ မေးခဲ့တယ်လို့ ဆိုပါတယ်။ လီဝင်ဒေါစကီး ဆီကို ရိုက်တာသတင်းဌာနက မက်ဆေ့ချ် ပေးပို့ မေးမြန်းခဲ့ရာမှာ မီဒီယာတွေက "စောင်ဂိတ်" လို့ ခေါ်ဆိုနေကြတဲ့ အဖြစ်အပျက်ရဲ့ပတ်သက်တဲ့ကိစ္စကို ငြင်းဆိုခဲ့ပါတယ်။
ဒီရက်သတ္တပတ်အတွင်း ကွန်ဂရက်လွှတ်တော် ကြားနာပွဲတစ်ခုမှာ လွှတ်တော်အမတ်တစ်ဦးက နုံးမ် ကို သူနဲ့ လီဝင်ဒေါစကီး အကြား အမျိုးသမီးချင်းချစ်ကြိုက်တဲ့ဆက်ဆံရေးရှိခဲ့လားလို့ မေးမြန်းခဲ့ပါတယ်။ သူက ဒါတွေဟာ "လူပြိန်းကြိုက် သတင်းတွေထဲက အနှစ်သာရ မရှိတဲ့အရာတွေ" လို့ ပြောကြားခဲ့ပါတယ်။ နှစ်ဦးစလုံးဟာ လက်တွဲဖော်မဟုတ်ဘဲ ဆက်ဆံရေးရှိတယ်ဆိုတဲ့ ကောလာဟလတွေကို အရင်က ငြင်းဆိုထားကြပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပဲ လီဝင်ဒေါစကီး ကလည်း ပြည်တွင်းလုံခြုံရေးဌာန ဝန်ထမ်း အဖြစ်ကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ သတင်း ပေါ်ပေါက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆယ်လ်ဗာဒိုးအကျဉ်းထောင်မှာ အရိုက်ခံခဲ့တဲ့ဓာတ်ပုံရိုက်
ပြီးခဲ့တဲ့ မတ်လက နုံးမ် ဟာ အမေရိကန်က ပြည်နှင်ဒဏ်ခံရသူတွေကို လက်ခံဖို့ သဘောတူထားတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဆီကော့ထ် အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။
နုံးမ် ဟာ လူအနည်းအကျဥ်းသာရှိတဲ့အကျဉ်းခန်းတစ်ခုရဲ့ သံတိုင်တွေမှာ တိတ်တဆိတ်ရပ်နေတဲ့ အကျဉ်းသားတွေရှေ့မှာ ဓာတ်ပုံရိုက်ခဲ့ပြီး အချုပ်ခံထားရသူတချို့ကို အဲဒီအကျဉ်းထောင်မှာ ထိန်းသိမ်းထားဖို့ စီစဉ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အကျဉ်းထောင်ခရီးစဉ်အတွင်း ဒေါ်လာ ၅၀,၀၀၀ (ပေါင် ၃၇,၀၀၀) တန်တဲ့ ရွှေရောင် ရိုးလက်စ် လက်ပတ်နာရီကို ဝတ်ဆင်ထားတာကြောင့်လည်း သူ့အပေါ် အာရုံစိုက်ခံခဲ့ရပါတယ်။
နုံးမ် ဟာ အရင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တစ်ခါဖူးတွေ့ဖူးတယ်ဆိုတဲ့ သူရဲ့ ၂၀၂၄ ခုနှစ် ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ ပါဝင်တဲ့ မဟုတ်မမှန်တဲ့အကြောင်းအရာတွေ ထည့်သွင်းရေးသားခဲ့တာကြောင့် အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ဖူးပါတယ်။
မိသားစုခွေးလေးကို ပစ်သတ်ခြင်း
သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ "မဆုံးမနိုင်တဲ့" နဲ့ "အန္တရာယ်များတဲ့" မိသားစုခွေးလေး ခရစ်ကတ်ကို သူကိုယ်တိုင်သတ်ပစ်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
ခရစ်ကတ် ဆိုတဲ့ အသက် ၁၄ လအရွယ် ဆံပင်တိုခွေးမလေးကို ဆုံးမဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တဲ့အတွက် သတ်ပစ်ဖို့ ဆုံးဖြတ်ပြီးနောက် နုံးမ် ဟာ ခွေးလေးကို ကျောက်စရစ်တွင်းဆီ ခေါ်သွားကာ သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
"ဒါဟာ သာသာယာယာနဲ့ လုပ်ခဲ့ရတဲ့အလုပ်တော့ မဟုတ်ပါဘူး" လို့ သူက ရေးသားခဲ့ပါတယ်။ "ဒါပေမယ့် လုပ်ဖို့လိုအပ်ခဲ့တယ်" လို့ ဆိုပေမယ့် အွန်လိုင်းမှာ ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အသက် ၂၂ နှစ်မှာ မိသားစုခြံကို တာဝန်ယူခဲ့တဲ့ နုံးမ်က လူမှုကွန်ယက် X မှာ ရေးသားထားတဲ့ ပို့စ်တခုမှာ "ကျွန်မတို့ဟာ တိရစ္ဆာန်တွေကို ချစ်ကြပါတယ်၊ ဒါပေမယ့် ဒီလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်မျိုးဟာ ခြံတွေမှာ အချိန်တိုင်းလိုလို ဖြစ်လေ့ရှိပါတယ်" လို့ ပြောကြားကာ သူရဲ့ လုပ်ရပ်ကို ခုခံကာကွယ်ခဲ့ပါတယ်။












