မင်နီယာပိုလစ်မှာ ပစ်သတ်ခံခဲ့ရတဲ့ အဲလက်စ် ပရက်တီ ဆိုတာ ဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, Family handout
- ရေးသားသူ, ဂျေကော့ဘ် ဖိလစ်စ်
မင်နီယာပိုလစ်မြို့မှာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်တာကို ခံခဲ့ရသူဟာ အသက် ၃၇ နှစ်အရွယ် အထူးကြပ်မတ်ကုသဆောင် သူနာပြု အဲလက်စ် ပရက်တီ ဖြစ်တယ်လို့ သူ့မိသားစုက အတည်ပြုပြောပါတယ်။
သူဟာ တောင်တက် စက်ဘီးနင်းတာ ဝါသနာပါပြီး အပြင်ထွက် လှုပ်ရှားသွားလာလေ့ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလ အစောပိုင်းက အသက် ၃၇ နှစ်အရွယ် ရီနီး ဂွတ်ဒ် ဆိုသူအမျိုးသမီး သူ့ကားထဲမှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် (ICE) အဖွဲ့ ရဲ့ ပစ်သတ်တာ ခံခဲ့ရအပြီးမှာ အဲလက်စ် ပရက်တီ ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့တာလို့ သိရပါတယ်။
သူသေဆုံးခါနီး ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။
အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) က အခင်းဖြစ်ချိန်မှာ အဲလက်စ် ဟာ သေနတ်တစ်လက် ကိုင်ထားတယ်လို့ ဆိုပြီး သူ့ဆီက သေနတ်သိမ်းယူဖို့ လုပ်တာကို မပေးဘဲ ခုခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြောဆိုချက်တွေဟာ မမှန်ဘူး ဆိုပြီး မျက်မြင်သက်သေတချို့နဲ့ တာဝန်ရှိသူတွေကရော အဲလက်စ် ပရက်တီရဲ့ မိသားစုကပါ ပြောနေကြပါတယ်။
အဲလက်စ် ပရက်တီ ဟာ မင်နီယာပိုလစ်မြို့ Veterans Affairs ဆေးရုံမှာ ICU အထူးကြပ်မတ်ကုသဆောင်သူနာပြုအဖြစ် အလုပ်လုပ်နေတာ ဖြစ်တယ်လို့ သူ့မိသားစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ မင်နီယာပိုလစ်မြို့မှာ လူဝင်မှုကြီးကြပ်ရေး စီးနင်းဖမ်းဆီးမှုတွေ လုပ်နေတာကို အဲလက်စ် ပရက်တီက ဒေါသထွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ သူ့မိသားစုက AP သတင်းဌာနကို ပြောပြပါတယ်။
ထရမ့်အစိုးရက ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းတွေ လျှော့ချပစ်တာအပေါ် အဲလက်စ် အရမ်း စိတ်ထိခိုက် ခံစားခဲ့ရတယ်လို့လည်း သူ့မိခင်က ပြောပြပါတယ်။
မြေယာတွေ ပြုန်းတီးအောင် လူတွေ လုပ်နေတာကို သူအရမ်း စက်ဆုပ်ခဲ့တယ်လို့ အဲလက်စ်ရဲ့ မိခင် ဆူစန် ပရက်တီက AP ကို ပြောပြပါတယ်။
"သူက အပြင်ဘက် သဘာဝတောတောင်နေရာတွေမှာ လှုပ်ရှားသွားလာရတာကို နှစ်သက်တယ်။ သူဘယ်သွားသွား သူ့ခွေးလေးကို ခေါ်သွားလေ့ရှိတယ်။ သူ့နိုင်ငံကို သူသိပ်ချစ်ပေမဲ့ နိုင်ငံကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့သူတွေကိုတော့ သူ မုန်းတီးရွံရှာတယ်"
ယာဉ်မောင်းရဲဆီက လက်မှတ်ရဖူးတာကလွဲလို့ အဲလက်စ် ပရက်တီ တစ်ခါမှ ရဲနဲ့ ပြဿနာ မတက်ခဲ့ဖူးဘူးလို့ သူ့မိသားစုပြော
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲလက်စ် ဟာ သူ့ရဲ့ ခွေးလေး ဂျူးလ်နဲ့ တောအုပ်တွေထဲ သွားရတာကို နှစ်သက်ပါတယ်။ သူ့ခွေးလေးက လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆုံးသွားခဲ့ပါတယ်။
သူဟာ ယာဉ်ထိန်းရဲဆီက လက်မှတ်အနည်းအပါး ရဖူးတာကလွဲလို့ တခါမှ ရဲနဲ့ ပြဿနာ မတက်ဖူးဘူးလို့ သူ့မိသားစုက ပြောပါတယ်။ သူ့မှာ ရာဇဝတ်ပြစ်မှု ရာဇဝင်မရှိခဲ့ဖူးဘူး ဆိုတာကို တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြနေတယ်လို့ AP က ဆိုပါတယ်။
ဆန္ဒပြနေတုန်းမှာ သတိထားဖို့ သူတို့ရဲ့ သားကို တလောလေးကပဲ သတိပေးခဲ့သေးတယ်လို့လည်း ဝစ်စ်ကော်ဆင်မှာ နေထိုင်တဲ့ သူ့မိဘတွေက ပြောပြပါတယ်။
"ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကပဲ သူ့နဲ့ ဒီအကြောင်း ပြောခဲ့သေးတယ်။ သွားတော့ ဆန္ဒပြပေါ့။ ဒါပေမဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုးတွေ ရှောင်၊ မိုက်မိုက်ကန်းကန်း မလုပ်နဲ့နော် ဆိုပြီး ဆုံးမခဲ့သေးတယ်" လို့ သူ့ဖခင် မိုက်ကယ် ပရက်တီ က AP ကို ပြောပြပါတယ်။
"သူက သူသိပါတယ်လို့ ပြောတယ်။ တကယ်လည်း သူသိပါတယ်။"
အဲလက်စ်မှာ သေနတ်တစ်လက် ရှိပြီး မင်နီယာပိုလစ်မြို့မှာ သေနတ်ကို ဖုံးဖုံးဖိဖိ ကိုင်ဆောင်ဖို့ ခွင့်ပြုချက် သူ့မှာ ရှိထားတယ်လို့လည်း သူ့ မိသားစုက ပြောပါတယ်။ ဒါပေမဲ့ သူတစ်ခါမှ သေနတ်ကိုင်တာ မတွေ့ဖူးဘူးလို့ ဆိုပါတယ်။
မင်နီယာပိုလစ်မြို့ ရဲချုပ် ဘရိုင်ယန် အိုဟာရာကလည်း အဲလက်စ် ပရက်တီဟာ သေနတ်ကိုင်ဆောင်ခွင့် ရှိပြီး စည်းမျဉ်းလိုက်နာသူ ဖြစ်တယ်ဆိုတာ ရဲက ယုံကြည်ထားတယ်လို့ ဘီဘီစီရဲ့ မိတ်ဖက်အသံလွှင့်ဌာန CBS ကိုပြောပါတယ်။
"သားရဲ့ အကြောင်း အမှန်တရားကို ကျေးဇူးပြုပြီး ဖော်ထုတ်ပေးကြပါ"
သူတို့သားဟာ ပြည်တွင်း အကြမ်းဖက်သမား တစ်ဦးဖြစ်တယ်ဆိုပြီး ပြောနေကြတဲ့ ဗီဒီယိုတွေကို တွေ့ခဲ့အပြီးမှာ အဲလက်စ် ပရက်တီရဲ့ မိသားစုက "ကျွန်တော်တို့ သားအကြောင်း အစိုးရပိုင်းက အော့နှလုံးနာစရာ မဟုတ်မမှန်လိမ်ဆယ် ပြောဆိုနေတာတွေက စက်ဆုပ်ရွံရှာစရာ ကောင်းလွန်းပါတယ်" ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဖယ်ဒရယ် တပ်ဖွဲ့၀င်တွေနဲ့ လုံးထွေးနေချိန်မှာ အဲလက်စ်ရဲ့ လက်ထဲမှာ သေနတ် ရှိမနေဘူးဆိုတာကို ဗီဒီယိုတွေမှာ ပြနေတယ်လို့ သူ့မိသားစုက ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ သားအကြောင်း အမှန်တရားကို ကျေးဇူးပြုပြီး ဖော်ထုတ်ပေးကြပါ။ သားက လူကောင်းတစ်ဦးပါ" ဆိုပြီး သူ့မိသားစုရဲ့ ထုတ်ပြန်ချက်မှာ ပန်ကြားထားပါတယ်။
အဲလက်စ် ပရက်တီ ဟာ ဒီမိုကရက်တစ်ပါတီကို ထောက်ခံမဲပေးသူ ဖြစ်ပြီး ၂၀၂၀ ခုနှစ်က မင်နီယာပိုလစ်မြို့ ရဲအရာရှိတစ်ဦးရဲ့ လက်ချက်နဲ့ ဂျော့ဂျ် ဖလွိုက်ဒ် သေဆုံးခဲ့ရအပြီး လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေမှာ ဆက်တိုက်ပါဝင်ခဲ့တယ် လို့ သူ့ဇနီးဟောင်းက AP ကို ပြောပြပါတယ်။
ဆန္ဒပြပွဲတွေမှာ အရာရှိတွေကို အော်ဟစ် ဆန္ဒပြကောင်း ပြမှာ ဖြစ်ပေမဲ့ ကိုယ်ထိလက်ရောက် ထိပ်တိုက်ရင်ဆိုင်တာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အီလီနွားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ အမေရိကန်နိုင်ငံသား အဲလက်စ် ပရက်တီ ဟာ ဝစ်စ်ကွန်ဆင်ပြည်နယ် ဂရီးန်ဘေးမြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ အဲဒီမှာ သူဟာ ဘောလုံး၊ ဘတ်စကက်ဘော ကစားခဲ့ပြီး ပရီဘဲလ် အထက်တန်းကျောင်း အတွက် အပြေးဝင်ပြိုင်ခဲ့ပါတယ်။ သူဟာ ကင်းထောက် အဖွဲ့၀င်ဖြစ်ခဲ့ပြီး ဂရီးန်ဘေး သံစုံသီဆိုတဲ့အဖွဲ့မှာ သီချင်းဆိုခဲ့ပါတယ်။
မင်နီယာဆိုတာ တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဇီဝဗေဒ၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်တွေနဲ့ ဘွဲ့ရခဲ့တယ်လို့ သူ့မိသားစုက ပြောပြပါတယ်။
လက်မှတ်ရ သူနာပြု ဖြစ်ဖို့ ကျောင်းပြန်မတက်ခင်မှာ သုတေသန သိပ္ပံပညာရှင်အဖြစ် အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
သူပစ်သတ်မခံရခင် နှစ်ရက်လောက်က မိဘတွေနဲ့ နောက်ဆုံးစကားပြောခဲ့ကြတုန်းက အဲလက်စ်အိမ်က ဂိုဒေါင်တံခါး ပြင်ခဲ့တဲ့ အကြောင်း ပြောခဲ့ကြတယ်လို့ မိဘတွေက ပြန်ပြောပြပါတယ်။
ဂိုဒေါင်တံခါးကို ပြင်ပေးတဲ့သူက လက်တင်အမေရိကနွယ်ဖွား အမျိုးသားတစ်ဦး ဖြစ်ပြီး အဲဒီအချိန်က မင်နီယာပိုလစ်မြို့မှာ နိုင်ငံရွှေ့ပြောင်းသူတွေကို လဝကရဲတွေက လိုက်ဖမ်းနေချိန်မို့ အဲလက်စ်က အဲဒီလူကို လုပ်ခအပြင် ဒေါ်လာတစ်ရာ အပိုငွေ ထပ်ဆောင်းပေးခဲ့တယ် လို့ သူ့မိဘတွေက ပြောပြပါတယ်။
အဲလက်စ် ပရက်တီနဲ့ အတူတူ အလုပ်လုပ်တဲ့ ဒေါက်တာ ဒီမစ်ထရီ ဒရီကွန်ယာ ကလည်း တောင်တက် စက်ဘီးစီး ဝါသနာပါသူအချင်းချင်းမို့ သူတို့နှစ်ဦး ရင်းနှီးခင်မင်ခဲ့ကြပြီး စက်ဘီးနင်းတဲ့ လမ်းကြောင်းတွေနဲ့ ပတ်သက်လို့ တစ်ယောက်နဲ့ တစ်ယောက် ပြောပြကြလေ့ ရှိတယ်လို့ ဆိုပါတယ်။
"အဲလက်စ် ဟာ ကိုယ့်အနားမှာ သူငယ်ချင်း အဖော်အဖြစ် နေစေချင်တဲ့ ပုံမျိုးပါ။ ဒီလောက် နောက်နောက်ပြောင်ပြောင်၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ဖော်ရွေ၊ ကူညီတတ်သူ တစ်ယောက်ကို အကြမ်းဖက်သမား ဆိုပြီး ပုံဖော် သတ်မှတ်တာကတော့ တော်တော်လေးကို ဒေါသထွက်စရာ ကောင်းပါတယ်" လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အဲလက်စ်ဟာ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပြီး စိတ်ထားကောင်းသူ ဖြစ်တယ်လို့ သူ့အိမ်နီးချင်းတွေကပြောပါတယ်။
အဲလက်စ် ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီတိုက်ခန်းကို ပြောင်းလာတာ ဖြစ်ပြီး လူကောင်းတစ်ဦးဖြစ်တယ်လို့ အိမ်အောက်ထပ်မှာ နေတဲ့ ဆူး ဂီထာ က AP သတင်းဌာနကို ပြောပြပါတယ်။ "စိတ်နှလုံးကောင်းသူ တစ်ဦးပါ။"
အဲလက်စ်က တစ်ယောက်တည်းနေပြီး သူနာပြုဖြစ်တာမို့ အလုပ်ချိန် အကြာကြီး လုပ်ရလေ့ရှိပါတယ်။ ဒါပေမဲ့ သူက တကိုယ်တည်း အထီးကျန်ဆန်သူတော့ မဟုတ်ပါဘူးလို့ အိမ်နီးချင်းတွေက ပြောပါတယ်။
"သေနတ်ကိုင်တဲ့သူလို့ သူ့ကို လုံးဝ မထင်မိခဲ့ပါဘူး"လို့ ဂီထာက ပြောပါတယ်။








