USCIS ဒုက္ခသည်မူဝါဒ -ကျွန်မတို့ကို စိတ်ဒဏ်ရာထပ်ပေးတာပဲ

USCIS ရုံးတစ်ခု

ဓာတ်ပုံ ရင်းမြစ်, USCIS

ဓာတ်ပုံ ပုံစာ, ဒုက္ခသည်တွေရဲ့မှတ်တမ်းကို ပြန်စစ်ပြီး ဒုက္ခသည်စံသတ်မှတ်ချက်နဲ့ မကိုက်ညီရင် ပြန်ရုပ်သိမ်းမယ်လို့ USCIS က ပြောထားတာပါ။

မြန်မာအပါအဝင် နိုင်ငံထဲရောက်နှင့်ပြီးသား ဒုက္ခသည် ၂ သိန်းကျော်ရဲ့ မှတ်တမ်းတွေ ပြန်လည် ဆန်းစစ်တာနဲ့ အင်တာဗျူးပြန်ဖြေခိုင်းဖို့ကို ထရမ့်အစိုးရက စီစဥ်နေပါတယ်။

အမေရိကန်ရဲ့ ဒုက္ခသည်ဥပဒေပြဋ္ဌာန်းပြီးကတည်းက ၄၅ နှစ်တာသမိုင်းမှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ ဖြစ်ရပ်လို့ ရွှေ့ပြောင်းအရေးကို နှစ်ဆယ်ချီအသိပညာပေးလာတဲ့ The Forum အဖွဲ့က ဆိုပါတယ်။

အမေရိကန် နိုင်ငံသားဖြစ်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနရဲ့ ဒီဌာနတွင်း ညွှန်ကြားချက်ဟာ ပြီးခဲ့တဲ့ သမ္မတဟောင်း ဘိုင်ဒန်လက်ထက်မှာ လက်ခံခဲ့တဲ့ ဒုက္ခသည်တွေကို ရည်ရွယ်တာပါ။

ဒုက္ခသည်လက်ခံရေးမှာ အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးခဲ့တယ်ဆိုတဲ့ ထရမ့်အစိုးရရဲ့ စွပ်စွဲချက်ကို ဒုတိယနိုင်ငံမှာ နှစ်ချီစောင့်ဆိုင်းကာ အထပ်ထပ်စစ်ဆေးခံပြီးမှ ပြန်လည် အခြေချခွင့် ရခဲ့ကြတဲ့ မြန်မာဒုက္ခသည်တချို့ကတော့ လက်မခံပါဘူး။

"အင်တာဗျူးပြန်ဖြေခိုင်းတာက ကျွန်မတို့ကို စိတ်ဒဏ်ရာထပ်ပေးတာပဲ"လို့ အမေရိကန်ရောက် မြန်မာ ဒုက္ခသည် မအယ်လာက ပြောပါတယ်။

မြန်မာဒုက္ခသည်တွေ ဘယ်လိုခံစားနေရလဲ

USCIS ရုံးရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ အနောက်ကနေထိုင်ကြည့်နေတဲ့ရဲ ၃ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Imgaes

ဓာတ်ပုံ ပုံစာ, လေးနှစ်ဝန်းကျင်အတွင်း အမေရိကန်နိုင်ငံကို ခိုလှုံခွင့်ရခဲ့တဲ့ မြန်မာဒုက္ခသည် ၂၀,၀၅၉ ဦးရှိနေတာကို USCIS အချက်အလက်အရ သိရပါတယ်

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုမှာ ပါဝင်လုပ်ကိုင်ခဲ့တဲ့ မအယ်လာဟာ မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးခံရနိုင်ခြေများလာတာကြောင့် ၂၀၂၂ ခုနှစ်ထဲမှာ ထိုင်းကိုရွှေ့ပြောင်းခဲ့သူ ဖြစ်ပါတယ်။

"ဒုတိယနိုင်ငံကလည်း လက်ကမ်းကြိုဆိုတာမဟုတ်လို့ စိတ်ပျက်အားငယ်မှုတွေနဲ့ နေခဲ့ရတယ်" လို့ သူက ထိုင်းမှာနေခဲ့ရတဲ့ အခြေအနေကို ပြန်စဥ်းစားတိုင်း ခေါင်းထဲပေါ်လာတဲ့ အတွေးကို ပြန်ပြောပြပါတယ်။

ကိုယ့်နိုင်ငံထဲကလည်း ပြန်ဝင်လို့ မရနိုင်သေးတဲ့ ကာလမှာ တတိယနိုင်ငံဆီ အခြေချနေထိုင်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အချိန် ၂ နှစ်ဝန်းကျင်စောင့်ဆိုင်းပြီး မြန်မာမှာ ဖမ်းခံရနိုင်ပါတယ်ဆိုတာကို အင်တာဗျူးတွေ အထပ်ထပ်ဖြေကာ စစ်ဆေးခံရပြီးမှ အမေရိကန်နိုင်ငံက သူနဲ့အတူ အသက် တစ်နှစ်ကျော်အရွယ်ကလေး၊ အမျိုးသားဖြစ်သူတို့ကို ဒုက္ခသည်အဖြစ် လက်ခံခဲ့ပါတယ်။

အမေရိကန် ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ အသိပညာပေးတဲ့ အဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ UNHCR ရဲ့ ဒုက္ခသည်လျှောက်ထားသူအချက်အလက် ပဏာမ စစ်ဆေးချိန်ကနေ အမေရိကန်ရောက်ချိန်အထိ တစ်နှစ်ခွဲကနေ နှစ်နှစ်ဝန်းကျင်ကြာနိုင်ပါတယ်။

ဒီထက်ပိုကြာပြီး နှစ်ဆယ်ချီစောင့်ဆိုင်းနေရသူတွေလည်း ထိုင်း-မြန်မာနယ်စပ်နဲ့ မလေးရှားလို ဒုတိယနိုင်ငံတွေမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။

"စိတ်သောက အဖုံဖုံနဲ့ ကိစ္စရပ်တွေကို ထပ်တလဲလဲပြန်ဖြေရမယ်။ အချိန်ပေါင်းများစွာ မျှော်လင့်ချက်များစွာနဲ့ နေခဲ့ရတာ စိတ်ဖိစီးခဲ့တယ်။ အခုပြန်ဖြေရနိုင်တဲ့သတင်းကြားတော့ ထပ် စိတ်ဖိစီးတယ်" လို့ မအယ်လာက ပြောပါတယ်။

သူတို့မိသားစုဟာ အခုချိန်ထိ အမေရိကန်မှာ အသားကျနိုင်အောင် ကြိုးစားကြရဆဲ ဖြစ်ပါတယ်။

"ဒီမှာ အခက်အခဲက အလုပ်အကိုင်နဲ့ စီးပွားရေးပြဿနာရှိတယ်။ ရဖို့ခက်ခဲတယ်။ အစ်မတို့ ယူခဲ့တဲ့ အသက်မွေးဝမ်းကျောင်းလက်မှတ်တွေက ပြန်အသုံးချဖို့ခက်ခဲတယ်။ နေထိုင်မှုစရိတ်မြင့်မားတယ်။ အိမ်လွမ်းဒဏ်လို စိတ်ပိုင်းဆိုင်ရာပြဿနာလည်း အတော်ကျော်လွှားနေရတယ်" လို့ ဆိုပါတယ်။

ထရမ့်အစိုးရရဲ့ ဒုက္ခသည်အချက်လက်ပြန်စိစစ်မှာနဲ့ အင်တာဗျူးပြန်ဖြေစေမယ့် မူဝါဒကြောင့် စိတ်ဖိစီးနေကြရတာက သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

မြန်မာမှာ ၂၀၂၁ ခုနှစ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်လို့ ထောင်ဒဏ်ကျခံရဖူးတဲ့ မနီလာကလည်း "မှတ်ဥာဏ်တွေ ပြန်ခေါ်ရတာ ပြန်ဖြေရမှာဆိုတော့ တရားမမျှတဘူးခံစားရသလို စိတ်ဖိစီးရတယ်။ ကိုယ်ခံစားခဲ့ရတဲ့အတွေ့အကြုံကို သံသယရှိတယ်ဆိုတဲ့ ခံစားချက်ရတယ်" လို့ ပြောပါတယ်။

အသက် ၂၀ ကျော်သာရှိသေးတဲ့သူဟာ ထောင်ထဲနေစဥ်မှာသာမက ပြန်ထွက်လာချိန်မှာလည်း လုံခြုံရေးနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရသူဖြစ်ပါတယ်။

"မိသားစုကို ဘယ်လိုလုပ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခံရတာနဲ့ ပြန်ထွက်လာတော့ ပုံစံ ၁၀မှာ မိသားစုဆွေမျိုးအချက်အလက်ပေးရလို့ မလုံခြုံတဲ့ စိတ်ကြောင့်သာ ထွက်လာရပေမဲ့ အများကြီးစဥ်းစားခဲ့ရတယ်" လို့ မနီလာကပြောပါတယ်။

"နိုင်ငံကြီးက တော်တော်လေးထိခိုက်ခံစားရချိန်မှာ အဝေးကို ထွက်သွားရမယ်ဆိုတာက ဘာနဲ့မှမတူဘူး။ နောက် အဘိုးအဘွားတွေကိုလည်း စိတ်မချဘဲထွက်လာခဲ့ရတယ်။ ထင်တဲ့အတိုင်းပဲ ဆုံးကုန်တယ်" လို့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။

သူကိုယ်တိုင်လည်း နှစ်နှစ်ကျော် သုံးနှစ်နီးပါး ထိုင်းမှာသောင်တင်နေခဲ့ပြီးမှ အမေရိကန်ကိုဒုက္ခသည် အစီအစဥ်နဲ့ ရောက်လာပြီး ပြန်လည်အခြေချနိုင်ဖို့ အသားကျနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

USCIS ရဲ့ ဒုက္ခသည် ပြန်လည်စိစစ်ဖို့ မူဝါဒညွှန်ကြားချက်ထဲမှာ၂၀၂၁ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၀၁၅ ဖေဖော်ဝါရီ ၂၀ ရက်အတွင်းဝင်လာခဲ့ကြတဲ့ ဒုက္ခသည်တွေလို့ ဆိုထားပါတယ်။

ဒီကာလအတွင်းဝင်ရောက်ခဲ့ကြတဲ့ မြန်မာဒုက္ခသည် ၂၀,၀၅၉ ဦးရှိနေတာကို USCIS အချက်အလက်အရ သိရပါတယ်။

ဒုက္ခသည်ပြန်လည်စိစစ်မယ့် မူဝါဒကြောင့် ဘာတွေဖြစ်လာနိုင်လဲ

Green Card အထောက်အထားပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မူဝါဒအသစ်ဟာ ဒုက္ခသည်၊ ဒုက္ခသည်နဲ့အတူဝင်လာတဲ့မိသားစု၊ ဒုက္ခသည်နဲ့ဝင်လာပြီး Green Card ရထားသူနဲ့ Green Card လျှောက်ထားသူတွေအပေါ်မှာပါ သက်ရောက်မှာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ထုတ်လာတဲ့ USCIS ဌာနတွင်းလမ်းညွှန်ချက်အရ ဒုက္ခသည်တွေရဲ့မှတ်တမ်းကို ပြန်စစ်ပြီး ဒုက္ခသည်စံသတ်မှတ်ချက်နဲ့ မကိုက်ညီရင် ပြန်ရုပ်သိမ်းမယ်လို့ ပြောထားတာပါ။

ဒါဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ထုတ်ခဲ့တဲ့ အမေရိကန်ဒုက္ခသည်လက်ခံရေး ပြန်လည်ချိန်ညှိရေး သမ္မတအမိန့်နဲ့ ဆက်စပ်တယ်လို့ ရွှေ့ပြောင်းသူများအရေး လုပ်ဆောင်နေတဲ့ The Forum အဖွဲ့က ဆိုပါတယ်။

အဲဒီတုန်းက ထုတ်ခဲ့တဲ့ ''ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို ဆိုင်းငံ့တဲ့ ဥပဒေ'' ကြောင့် ထိုင်း-မြန်မာဒုက္ခသည်စခန်းကနေ နှစ်ဆယ်ချီစောင့်ဆိုင်းခဲ့သူတွေ အမေရိကန်ကို ထွက်ခွာခါနီးမှ အိမ်မက်တွေ ပျက်ပြယ်ခဲ့ရပါတယ်။

ဒီဥပဒေကြောင့် ၂၀၂၁ စစ်အာဏာသိမ်းကာလအတွင်း ဒုက္ခသည်လျှောက်ထားခဲ့သူတွေလည်း အခုချိန်ထိ မျှော်လင့်ချက် ကင်းမဲ့နေဆဲပါ။

တစ်ကျော့ပြန်သမ္မတဖြစ်လာတဲ့ ထရမ့်အုပ်ချုပ်ရေးတစ်နှစ်မပြည့်သေးခင်မှာပဲ မြန်မာဒုက္ခသည်တွေအတွက် သောကပွေစေတဲ့ လမ်းညွှန်ချက်၊ အမိန့်နဲ့ ဥပဒေတွေထွက်ခဲ့ပါတယ်။

ဒုက္ခသည်တွေ ထပ်မခေါ်တော့တာ၊ မြန်မာကို ပြည်ဝင်ခွင့်ပိတ်ထဲနိုင်ငံစာရင်းထဲထည့်တာ၊ ယာယီ ကာကွယ်ပေးတဲ့ TPS ရုပ်သိမ်းတာနဲ့ နိုင်ငံထဲရောက်နှင့်ပြီးသား ဒုက္ခသည်တွေ ပြန်စိစစ်မယ့် သတင်း တွေက ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။

မြန်မာအသိုင်းအဝိုင်းအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ အထောက်အကူပြုနေတဲ့ USIRD ဦးဆောင်သူ ကိုရဲရင့်မြင့်မိုရ်ကတော့ USCIS က ပြန်လည်စိစစ်မယ့်အချက်အလက်တွေအကြောင်း ပြောပြထားပါတယ်။

"အမေရိကန်နိုင်ငံထဲကိုဝင်လာလို့မရတဲ့ Mandatory Bar ဆိုတာရှိတယ်။ လက်နက်ကိုင် ကို ထောက်ပံ့ခဲ့ရင်၊ သူများအန္တရာယ်ပေးတဲ့နေရာမှာ ကိုယ်က ပါဝင်ခဲ့ရင်၊ သူပုန်အဖွဲ့မှာ ပါဝင်ခဲ့ရင် အဲ့လိုအချက်တွေက ပြန်စီစစ်မယ့်သဘောဖြစ်တယ်။ နိုင်ငံထဲဝင်ချိန်မှာ identity မှန်မမှန်ပြန်စစ်မယ်"

"နောက်တစ်ခုက လူမျိုးရေး၊ဘာသာရေးအယူအဆ၊ နိုင်ငံသားဖြစ်တည်မှု၊ လူမှုအဖွဲ့အစည်းပါဝင်မှု တစ်ခုခုကြောင့် အန္တရာယ်ဖြစ်မှာကြောက်လို့ပြေးလာရတာလား ဆိုတာကို စစ်မယ်။ စစ်ပြီးတော့ အရေးယူမှာရှိမယ် မယူတာရှိမယ်"လို့ ဆိုပါတယ်။

ဒီလို ပြန်လည်ဆန်းစစ်တာဟာ ဒုက္ခသည်၊ ဒုက္ခသည်နဲ့အတူဝင်လာတဲ့မိသားစု၊ ဒုက္ခသည်နဲ့ဝင်လာပြီး Green Card ရထားသူနဲ့ Green Card လျှောက်ထားသူတွေအပေါ်ပါ သက်ရောက်မှာဖြစ်တယ်လို့ The Forum အဖွဲ့က သုံးသပ်ပါတယ်။

အနုတ်သဘောဆောင်မယ့် ဖြစ်လာနိုင်ခြေ ၃ ခုကတော့

  • ဒုက္ခသည်၊ အတူနေမိသားစုရဲ့ အထောက်အထားရုပ်သိမ်းခံရတာ
  • သတ်မှတ်ကာလအတွင်း ဝင်လာခဲ့တဲ့ ဒုက္ခသည်ရဲ့ Green Card လျှောက်ထားမှုကို ပယ်ချတာ
  • Green Card ရထားပြီးသူရဲ့ အထောက်အထားကို ပြန်ရုပ်သိမ်းခံရတာတို့ ဖြစ်ပါတယ်။

ဒုက္ခသည်အနေနဲ့ ဝင်လာတဲ့သူတွေဟာ အမေရိကန်နိုင်ငံထဲ နေထိုင်တာ တစ်နှစ်ပြည့်ရင် Green Card လျှောက်ထားနိုင်တာပါ။

Green Card နဲ့ ငါးနှစ်ဆက်တိုက်နေထိုင်ပြီးရင် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်တာ ဖြစ်ပါတယ်။​

Green Card ရရင် အသိမိတ်ဆွေတွေရှိရာ ထိုင်းကိုပြန်လည်နိုင်ဖို့ မျှော်လင့်ထားတဲ့ မနီလာက "ထိုင်းမှာက ပတ်စ်ပို့အနီဆိုရင် နှိမ်ခံရတယ်။ အခု ဒီကတ်လေးရရင်တော့ ကိုယ့်နိုင်ငံနဲ့နီးတဲ့နေရာ၊ ကိုယ့်လူတွေနဲ့နီးတဲ့နေရာကို လုံခြုံတဲ့စိတ်ခံစားချက်နဲ့ သွားလို့ရပြီလို့ တွေးထားပေမဲ့ အခုတော့ ဘယ်လိုဆက်ဖြစ်မလဲမသိဘူး" လို့ ပြောပါတယ်။

ထရမ့်အစိုးရရဲ့ ထုတ်ပြန်လာတဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒကို ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေကတော့ ဝေဖန်ထောက်ပြနေကြပြီး ထိခိုက်အလွယ်ဆုံးအသိုင်းအဝိုင်းဖြစ်တဲ့ ဒုက္ခသည်တွေအပေါ်အရေးယူတာမလုပ်ဖို့ တိုက်တွန်း ထားကြပါတယ်။

"ထရမ့်အစိုးရရဲ့ အခုနောက်ဆုံးထုတ်ထားတဲ့ ဒုက္ခသည်မူဝါဒကြေညာချက်ဟာ မယုံနိုင်စရာ၊ မကြုံစဖူးဖြစ်ပြီး ကြေကွဲစရာကောင်းသလို၊ ရက်စက်လွန်းတယ်"လို့ အမေရိကန် ဒုက္ခသည်ကောင်စီ ရဲ့ အမှုဆောင်ဒါရိုက်တာ ဂျွန်စလိုကန်က ကောင်စီရဲ့ နိုဝင်ဘာ ၂၅ ရက်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကလေးငယ်လေးနဲ့အတူ ရပ်တည်ရေးအတွက် ရုန်းကန်နေရဆဲ မအယ်လာက "ထရမ့်အစိုးရကိုပြောချင်တာက ဒုက္ခသည်တွေဟာ political tool တစ်ခုမဟုတ်ဘူး။ စိတ်ရုပ်လုံခြုံစွာပဲ ဆက်နေချင်တာပါ" လို့ ပြောပါတယ်။

ဘယ်လို ကြိုတင်ပြင်ဆင်သင့်လဲ

အမေရိကန် လူဝင်မှုကြီးကြပ်ရေးတရားရုံးအတွင်းမှာ ဝတ်စုံပြည့်နဲ့ မတ်တပ်ရပ်နေတဲ့ ICE တပ်ဖွဲ့ဝင် ၂ ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် လူဝင်မှုကြီးကြပ်ရေးတရားရုံးအတွင်းမှာမြင်ရတဲ့ ICE တပ်ဖွဲ့ဝင်တွေ

ဥပဒေပိုင်းဆိုင်ရာ အကြံပေးတာလုပ်နေတဲ့ ကိုရဲရင့်မြင့်မိုရ်ကတော့ မြန်မာဒုက္ခသည်တွေက အင်တာဗျူး ပြန်ဖြေရနိုင်ချေနည်းတယ်လို့ သုံးသပ်ပါတယ်။

သမ္မတဟောင်း ဘိုင်ဒန်လက်ထက်အတွင်း ဝင်လာတဲ့ ဒုက္ခသည် ၂၃၃,၀၀၀ ထဲမှာ မြန်မာက ၁၀ ရာခိုင်နှုန်းတောင်မရှိပါဘူး။

"ဒီတစ်နှစ်လုံးက မြန်မာတွေကို ခြောက်တဲ့ဟာ ခဏခဏဖြစ်နေတာလေ။ ပြန်စစ်မယ်ဆိုတာကလည်း လူထောင်သောင်းပေါင်းများစွာပြန်စစ်ရမှာ။ ရာဇဝတ်မှုမှတ်တမ်းရှိတဲ့သူတွေ၊ ရဲစခန်း အမှုဖွင့်ခံရသူ တွေကို အရင်စစ်လိမ့်မယ်။ ပြီးမှအချိန်ရရင် ကျန်တဲ့သူစစ်မှာ" လို့ သူကဆိုပါတယ်။

New York City Burmese Community (NYCBC) တာဝန်ခံ ဦးနေတင်မြင့်ကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ရာဇဝတ်ပြစ်မှုတွေမဖြစ်အောင် သတိထားနေထိုင်ဖို့ အကြံပြုပါတယ်။

"ရာဇဝတ်မှုရှိတယ်ဆိုရင် ကိုယ့်ဘက်က အားနည်းချက်ဖြစ်လိမ့်မယ်။ သမ္မတထရမ့်က ပြစ်မှုရှိသူကို အားနည်းချက်အနေနဲ့ ထောက်ပြပယ်ဖျက်ပြန်ပို့တာတွေရှိတယ်" လို့ ပြောပါတယ်။

အမေရိကန်လွှတ်တော်ကိုလည်း မြန်မာကအခြေအနေမှန်ကို သိရှိအောင် တင်ပြပြောဆိုသွားဖို့ရှိ တယ်လို့ သူကပြောပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ကျွမ်းကျင်တဲ့ ကိုရဲရင့်မြင့်မိုရ်ကတော့ လူ ၂ သိန်းကျော် လုံးကို အင်တာဗျူးပြန်ခေါ်ဖို့က လူ့စွမ်းအားအရင်းအမြစ်လည်း မလုံလောက်ဘူးလို့ ယူဆပါတယ်။

အခုချိန်မှာ မြန်မာဒုက္ခသည်တွေအနေနဲ့ စိုးရိမ်ချက်ရှိကြသလို တဖက်မှာလည်း ကိုယ့်ရဲ့ ဒုက္ခသည်ဖြစ်ရတဲ့ အမှုမှတ်တမ်းကို အကြေအလည် ပြန်ဖတ်ထားကြဖို့ အကြံပြုထားပါတယ်။

"နံပါတ် တစ်က ကိုယ့် case ကို ပြန်ဖတ်ဖို့၊ နံပါတ်နှစ်က case ကို ပြန်သုံးသပ်တဲ့ ဥပဒေကို နားလည်အောင်လုပ်ဖို့နဲ့ နံပါတ်သုံးက ခုခံချေပဖို့ ရှေ့နေရှာထားဖို့ အကြံပေးချင်ပါတယ်" လို့ USIRD က ကိုရဲရင့်မြင့်မိုရ်က ဆိုပါတယ်။

USCIS က ဒုက္ခသည်တစ်ဦးကို စံသတ်မှတ်ချက်နဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ရင် နိုင်ငံကနေ ချက်ချင်း ထွက်ခိုင်းလို့မရဘဲ ဒုက္ခသည်ဘက်က လဝကတရားရုံးမှာ ပြန်လည်ခုခံပိုင်ခွင့်ရှိပါသေးတယ်။

ဒါကလည်း လနဲ့ချီအချိန်ကြာနိုင်တာပါ။

တဖက်မှာ ဒီလိုအခွင့်အရေးရှိပေမဲ့ မြန်မာဒုက္ခသည်တွေအတွက် ရှေ့နေနဲ့ ဥပဒေအထောက်အကူပေးသူကို ငှားရမ်းဖို့က ငွေရေးကြေးရေးအရ မဖြစ်နိုင်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

အမေရိကန်မှာ ဒုက္ခသည်အေဂျင်စီတွေကနေ ဥပဒေအထောက်အကူအတွက် ဆောင်ရွက်ခဲ့ကြပေမဲ့ သမ္မတထရမ့်တက်လာပြီးနောက်ပိုင်း ရန်ပုံငွေဖြတ်တောက်တာကြောင့် ဒီအဖွဲ့တွေကနေ အကူအညီ ရဖို့မဖြစ်နိုင်သလောက်ပဲလို့ ဆိုကြတာပါ။

ရှေ့နေငှားရမ်းခက အမေရိကန်ဒေါ်လာ ၃၅၀၀ ကနေ ၆၀၀၀ ဝန်းကျင်ရှိပြီး ဒီပမာဏဟာ လနဲ့ချီအလုပ်လုပ်ပြီး စုဆောင်းမှ ရနိုင်တာဖြစ်ပါတယ်။

မြန်မာဒုက္ခသည် မနီလာက "နာမည်ကိုက ဒုက္ခသည်ဖြစ်တယ်။ဒုက္ခတွေကို ကြုံလာရပြီဖြစ်တယ်။ မူဝါဒက ဒုက္ခပေါ် ဒုက္ခဆင့် ဖြစ်စေတယ်။ မူဝါဒက ဒုက္ခသည်ကို အကူအညီဖြစ်စေတဲ့ မူဝါဒဖြစ်သင့်တယ်။ ဒါမှသာ ကျွန်မတို့ ဘဝတွေပြန်စတင်နိုင်မှာ" လို့ ပြောပါတယ်။

အသိပေးချက် -ဆောင်းပါးအတွက် မြန်မာဒုက္ခသည်တွေရဲ့ နာမည်တွေကို ဖြေဆိုသူတွေရဲ့လုံခြုံ ရေးအရ ပြောင်းလဲအသုံးပြုထားပါတယ်။