ထရမ့်ရဲ့ USAID ရန်ပုံငွေ ဆိုင်းငံ့မှု မြန်မာအပါ နိုင်ငံ ၅၀ ကို သက်ရောက်မှုရှိ

ဓာတ်ပုံ ရင်းမြစ်, Simsa Kasa Media
အမေရိကန်ရဲ့ ပြည်ပ အကူအညီ ဒေါ်လာသန်းပေါင်းသောင်းချီကို ဆိုင်းငံ့ထားတာကြောင့် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၅၀ ကျော်မှာ အိတ်(ချ်)အိုင်ဗွီ ၊ ပိုလီယို၊ အမ်ပေါက်(စ်)နဲ့ ငှက်တုပ်ကွေး ကာကွယ်ထိန်းချုပ်ရေးအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမေရိကန်အေဂျင်စီ(USAID) ကို ပိတ်သိမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သမ္မတ အပြောကတော့ အေဂျင်စီသုံးစွဲနေတဲ့ငွေကြေးပမာဏဟာ ''ရှင်းပြလို့မရနိုင်တဲ့အခြေအနေ'' ဖြစ်နေတာကြောင့်လို့ ပြောပါတယ်။
ဒါပေမဲ့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရို့စ် အက်ဟာနွန်ကတော့ သမ္မတ ထရမ့် အစိုးရအနေနဲ့ တခြားဖြေရှင်းနည်းရှာမတွေ့ခင်အထိ အကူအညီပေးရေးရန်ပုံငွေကို ပြန်လည် စတင်ပေးပို့ဖို့ တိုက်တွန်းပါတယ်။
ဒီလို ရန်ပုံငွေ ဆိုင်းငံ့ထားတာကြောင့် ဒီအကူအညီအပေါ်မီခိုနေတဲ့ နိုင်ငံပေါင်း ၅၀ မှာ HIV ကုသမှုနဲ့ တခြားဝန်ဆောင်မှုတွေလည်း ပျက်ပြားကုန်တယ်လို့ သူက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျီနီဗာမြို့မှာ အွန်လိုင်းကနေတဆင့်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ WHO အကြီးအကဲက အမေရိကန်ရဲ့ရန်ပုံငွေ အကူအညီ ဆိုင်းငံ့မှုအကြောင်း ပထမဆုံး လူသိရှင်ကြား ပြောလာတာဖြစ်ပါတယ်။
''အမေရိကန်အစိုးရ လုပ်ဆောင်နေတာတွေရှိပါတယ်။ ... ဒီနေရာမှာ ကျွန်တော်တို့ စိုးရိမ်တာက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအပေါ် ပြင်းထန်တဲ့ရိုက်ခတ်မှုရှိလာမှာကို ဖြစ်ပါတယ်'' လို့ ဒေါက်တာ တက်ဒရို့စ်က ပြောပါတယ်။
အဲဒီထဲမှာ သူထောက်ပြတာတော့ အကူအညီပေးရေးဆိုင်ရာ အမေရိကန်သမ္မတအရေးပေါ် ရန်ပုံငွေ အစီအစဥ်(PEPFAR) ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နိုင်ငံပေါင်း ၅၀ မှာ အိတ်(ချ်)အိုင်ဗွီ ကုသရေး၊ စမ်းသပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
''ဆေးပေးခန်းတွေလည်း မလည်နိုင်ဖြစ်နေပါပြီ။ ကျန်းမာရေးလုပ်သားတွေလည်း ခွင့် ပေးထားရတယ်လို့ ဒေါက်တာ တက်ဒရိုစ့် က ပြောပါတယ်။
ကမ္ဘ့ာကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ရောဂါ ပျံ့နှံ့မှုကို သတိပေးသလို ရန်ပုံငွေ ဖြတ်တောက်လိုက်တာကြောင့် ကုသဆေးဖော်မှုအပိုင်းနဲ့ ကုထုံးသစ်အပိုင်းတွေမှာ နှောင့်နှေးမှာကိုလည်း သတိပေးပါတယ်။
USAID က မြန်မာကို ဘယ်လို ကျန်းမာရေး အကူအညီတွေပေးနေလဲ

ဓာတ်ပုံ ရင်းမြစ်, Simsa Kasa Media
USAID ဟာ မြန်မာနိုင်ငံမှာလည်း တီဘီရောဂါအပြင် ခုခံအားကျဆင်းမှု အိတ်(ချ်)အိုင်ဗွီ(HIV) ပိုးရှိသူတွေအတွက်ပေးတဲ့ဝန်ဆောင်မှုတွေကိုလည်း ဒေါ်လာသန်းချီ အကူအညီ ပေးနေတာပါ။
အိတ်(ချ်)အိုင်ဗွီ ပိုးရှိသူတွေအတွက် ပေးတဲ့ ART ဆေး၊ ပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသရေးဝန်ဆောင်မှုတွေကို ဘက်စုံလွှမ်းခြုံတဲ့ပုံစံနဲ့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အထိစာရင်းအရ လူပေါင်း ၄၁၃,၀၆၉ ( ၄ သိန်းကျော်)ကို အိပ်ချ်အိုင်ဗွီရောဂါပိုး စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ကုသပေးတာနဲ့ အခြားလုပ်ငန်းစဉ်များအတွက် ဒေါ်လာသန်း ၁၀၀ ကျော်ကို အသုံးပြုခဲ့တယ်လို့ USAID က ၂၀၂၃ ခုနှစ်က ထုတ်ပြောထားပါတယ်။
USAID ရဲ့ အကူအညီပေးမှုတွေကို ဆိုင်းငံ့ဖို့ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာက တီဘီရောဂါဝေဒနာရှင်တွေအတွက်သာမက စီးပွားရေးမြို့တော်ကြီး ရန်ကုန်၊ မန္တလေးနဲ့ နိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အပါအဝင် နိုင်ငံတဝန်းက ခုခံအားကျဆင်းမှု အိတ်(ချ်)အိုင်ဗွီ HIV ရောဂါပိုး ကုသနေသူတွေအတွက်လည်း မရေမရာဖြစ်နေရပါတယ်။
USAID ကို ထရမ့် ဘာကြောင့် ဆိုင်းငံ့တာလဲ၊ WHO ဘာတွေကြုံနေရလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထရမ့်ကတော့ USAID မှာ ''အဂတိမှုနဲ့ မကျွမ်းကျင်မှုတွေ'' ရှိတယ်လို့ ခုခံကာကွယ်ပြောထားပါတယ်။
ဒါအပြင် ဝန်ထမ်းတစ်သောင်းထဲက အတော်များများကို လျှော့ချမယ်လို့ပြောထားပြီး အေဂျင်စီရဲ့ အကူအညီပေးရေး အစီအစဥ်တွေ အားလုံးနီးပါးကိုလည်း ချက်ချင်း ဆိုင်းငံ့ခိုင်းထားတာဖြစ်ပါတယ်။
USAID ရဲ့ အကူအညီပေးရေး ငွေကြေးအများစုကို အာရှ၊ အာဟာရ အာဖရိကနဲ့ ဥရောပမှာ အသုံးပြုတာဖြစ်ပြီး ယူကရိန်းအတွက်တော့ လူသားချင်းစာနာမှုအရေးတွေမှာ အဓိကထားပါတယ်။
ဖက်ဒရယ်အစိုးရဲ့ အရွယ်အစားကို ချုံ့ဖို့ အိမ်ဖြူတော် အားထုတ်နေတာကို လုပ်နေတဲ့ နည်းပညာ ဘီလျံနာ သူဌေး အီလွန် မက်စ်ခ် ကတော့ အေဂျင်စီကို ''ရာဇဝတ်မကင်းတဲ့အဖွဲ့''ဆိုပြီး အရင်တုန်းက ပြောထားဖူးပါတယ်။
သူတို့ရဲ့ အခုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ထရမ့်ရော၊ အီလွန်မက်စ်ပါ ရှင်းလင်းတဲ့သက်သေအထောက်အထားမပြနိုင်ကြသေးပါဘူး။
အမေရိကန်သမ္မတ ထရမ့်ဟာ USAID ကို ဆိုင်းငံ့တာအပြင် အမေရိကန်ပြည်ထောင်စုကို WHO ကနေ နုတ်ထွက်ဖို့ကိုလည်း တဆင့်ချင်း ပြုလုပ်နေပါတယ်။
ဘိုင်ဒန်အစိုးရလက်ထက်မှာ အမေရိကန်ဟာ ကုလသမဂ္ဂရဲ့ ကျန်းမာရေးအဖွဲ့ဖြစ်တဲ့ WHO အတွက် အကြီးမားဆုံးငွေကြေးထည့်ဝင်သူဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ WHO ရဲ့ အသုံးစရိတ် ၅ ပုံ၊ ၁ ပုံကို အမေရိကန်က ထည့်ဝင်ခဲ့တာဖြစ်ပါတယ်။
ဒေါက်တာ တက်ထရို့စ်ကတော့ ထရမ့်ရဲံဆုံးဖြတ်ချက်ဟာ ကမ္ဘာလုံးဆိုင်ရာကျမ်းမာရေးခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ရာမှာ နိုင်ငံတွေအချင်းချင်း ညှိနှိုင်း ဆောင်ရွက်မှုတွေအပေါ် သက်ရောက်မှုရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ လူသားမှာ ကူးစက်မှုတွေ့ရတဲ့ ငှက်တုပ်ကွေး ကူးမှု အခြေအနေတွေကို စာရင်းလျှော့ပြနေတယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကတော့ တုံ့ပြန်မှုအပိုင်းမှာ အိတ်(ချ်)အိုင်ဗွီ ဖြစ်နေသူတွေ ကိုယ်တွင်း ပိုးမပျံ့အောင်ပေးတဲ့ ART ဆေးလို အသက်ကယ်ဆေးတွေ မပြည့်စုံမလုံလောက်တဲ့အခြေအနေကြုံလာရမယ်ဆိုရင် ဟာကွက်တွေကို ဖြည့်ဖို့အတွက် ကိုဗစ်ကပ်ဘေးကာလတုန်းက အသုံးပြုခဲ့တဲ့ အရေးပေါ် အစီအမံတွေကို ကျင့်သုံးဖို့ ပြင်ထားတယ်လို့ ပြောပါတယ်။
WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ အိတ်(ချ်)အိုင်ဗွီ၊ အသည်းရောင်အသားဝါနဲ့ လိင်ကနေတဆင့်ကူးစက်တတ်တဲ့ရောဂါများ(STI) ကာကွယ်ရေး ညွှန်ကြားရေးမှူး မက်ခ် ဒိုဟာတီကတော့ လက်ရှိမှာ အရေးကြီးတဲ့ထောက်ပံ့ ဆေးဝါးတွေကို နိုင်ငံတွေအချင်းချင်း မျှသုံးဖို့ ညှိနှိုင်းဆောင်ရွက်နေပြီလို့ ပြောပါတယ်။
ဒါပေမဲ့ သူကတော့ ရေရှည်အတွက် အဖြေလိုတယ်လို့ ဆိုပါတယ်။
''မျှဝေသုံးစွဲမှုအပိုင်းမှာ ကျွန်မတို့ တစ်နိုင်ငံချင်းစီနဲ့ စကားပြော လုပ်ဆောင်ပြီး အကူအညီရှာနေတာရှိတယ်။ ဒါပေမဲ့ ဒါက ရေတိုချဥ်းကပ်မှုပဲ ဖြစ်နေပါသေးတယ်''











