USAID ဝန်ထမ်းတွေကို အလုပ်ဆိုင်းငံ့ထားမယ့် ထရမ့်ရဲ့ အစီအစဉ်ကို တရားသူကြီး ဟန့်တားလိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ခရစ္စတယ်လ် ဟေးစ်
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
USAID နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန်အေဂျင်စီအဖွဲ့ ဝန်ထမ်း ၂၂၀၀ ကို လစာနဲ့ ခွင့်မယူမနေရ ယူခိုင်းထားတဲ့ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အစီအစဉ် စခါနီး နာရီပိုင်းအလိုမှာပဲ ဒီအစီအစဉ်ကို တရားသူကြီးတစ်ဦးက ယာယီ ပိတ်ပင်လိုက်ပါတယ်။
USAID အေဂျင်စီအဖွဲ့ ဖျက်သိမ်းမခံရအောင် ကြိုးစားဖို့ သမဂ္ဂ နှစ်ခုက နောက်ဆုံးအချိန်ကလေးမှကပ်ပြီး ဥပဒေကြောင်းအရ လျှောက်တင်ခဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ တရားသူကြိး ကားလ် နီကိုးလ်စ် က အကန့်အသတ်နဲ့ ယာယီပိတ်ပင်တဲ့ အမိန့်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီအမိန့်က ဖေဖော်ဝါရီလ ၁၄ ရက် ညသန်းခေါင် အချိန်အထိ သီတင်းတစ်ပတ်ကြာ တည်မှာ ဖြစ်ပါတယ်။
USAID အဖွဲ့ဟာ အမေရိကန်ပြည်သူတွေရဲ့ အခွန်ငွေတွေကို တန်ဖိုးရှိရှိ အသုံးပြုနေတာ မဟုတ်ဘူးဆိုပြီး ဖျက်သိမ်းပစ်ဖို့ ထရမ့်က လိုလားနေတာ ဖြစ်ပါတယ်။ USAID အဖွဲ့ရဲ့ ဝန်ထမ်းတွေထဲက ၆၁၁ ဦးကလွဲလို့ ကျန်တဲ့ ဝန်ထမ်း တစ်သောင်း နီးပါး အားလုံးကို လစာနဲ့ ခွင့်မယူမနေရ ယူခိုင်းဖို့ ထရမ့်က စီစဉ်ခဲ့တာပါ။
ဝန်ထမ်း ၅၀၀ လောက်က အထက်အမိန့်နဲ့ ခွင့်ယူခဲ့ကြရပြီး ဖြစ်ပြီး နောက်ထပ်ဝန်ထမ်း ၂၂၀၀ လောက်ကလည်း ဒေသစံတော်ချိန် သောကြာနေ့ည သန်းခေါင်အချိန်ကစလို့ ခွင့်ယူကြရဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ "အစိုးရဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေပြီး အလုပ်သမားတွေ ထိခိုက်အောင် လုပ်နေတယ်"ဆိုပြီး သမဂ္ဂတွေက နောက်ဆုံးအချိန်ကလေးမှ ဥပဒေကြောင်းအရ ကန့်ကွက်ခဲ့ကြပါတယ်။
တရားသူကြီး နီကိုးလ်စ်က "တကယ်လို့ တရားရုံးကသာ ဝင်ရောက်မတားဆီးဘူးဆိုရင် အစိုးရအတွက် ဘာအန္တရာယ်မှ မရှိပေမဲ့ အလုပ်သမားတွေအတွက် ပြန်ပြင်လို့မရတဲ့ အန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်"လို့ ဆိုပြီး သမဂ္ဂတွေဘက်ကို အနိုင်ပေးခဲ့ပါတယ်။
ဒီအမိန့်အရ ခွင့်ယူထားရပြီးသား ဝန်ထမ်း ၅၀၀ လည်း အလုပ်ပြန်ဆင်းခွင့် ရမှာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် ထရမ့်ရဲ့ ဒီအစီအစဉ်ကို ရေရှည်ဆိုင်းငံ့ထားရေး ပန်ကြားလျှောက်တင်ထားချက်ကိုလည်း လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် ကြားနာစစ်ဆေးမှုမှာ သုံးသပ်မှာ ဖြစ်ပါတယ်။
တရားရုံး ဆုံးဖြတ်ချက်အမိန့် ထွက်ပေါ်လာချိန်မှာ တာဝန်ရှိသူတွေက ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ USAID ရုံးချုပ်က ဆိုင်းဘုတ်တွေကို ဖယ်ရှားတာတွေ၊ ဖုံးအုပ်တာတွေ လုပ်နေခဲ့ပါတယ်။ USAID အေဂျင်စီရဲ့ ဝက်ဆိုက်ကိုလည်း ဝင်ကြည့်လို့ မရတော့ဘဲ ဝန်ထမ်းတွေ ဖြတ်တောက်တဲ့အကြောင်း ဝက်ဆိုက်စာမျက်နှာဆီကိုပဲ ရောက်သွားပါတယ်။
USAID အေဂျင်စီအဖွဲ့ဟာ ကမ္ဘာပေါ်မှာ ကယ်ဆယ်ရေး အထောက်အပံ့အကူအညီတွေ အများဆုံး ပေးနေတဲ့ အဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ ဘတ်ဂျက်ငွေ အတော်များများကို ကမ္ဘာတဝန်းက ကျန်းမာရေးစီမံကိန်းတွေအတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ဝန်ထမ်း တစ်သောင်းထဲက သုံးပုံ နှစ်ပုံဟာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူတွေ ဖြစ်ပါတယ်။
USAID အဖွဲ့ဟာ အမေရိကန် ဖယ်ဒရယ်အစိုးရ အသုံးစရိတ်လျှော့ချဖို့ ကြိုးစားနေတဲ့ ထရမ့်အစိုးရရဲ့ ပစ်မှတ်ထား ခံရတဲ့ အေဂျင်စီတွေထဲက တစ်ခုဖြစ်ပါတယ်။
အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းမယ်လို့ ရီပတ်ဘလီကန်ပါတီက မဲဆွယ်စည်းရုံးပွဲတွေမှာ ကတိပြုခဲ့ပြီး ဘတ်ဂျက် အသုံးစရိတ်လျှော့ချဖို့ အစိုးရ စွမ်းဆောင်ရည်ဌာန (Doge) ဆိုတဲ့ အကြံပေးအဖွဲ့ဌာနတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီဌာနကို ဘီလျံနာ သူဌေးကြီး အီလွန် မတ်စ်ခ်က ဦးဆောင်နေပါတယ်။
USAID အေဂျင်စီရဲ့ ဝန်ထမ်းတွေဘက်ကနေ ကိုယ်စားပြုတဲ့ အမေရိကန် နိုင်ငံခြားဝန်ဆောင်မှုလုပ်ငန်း အစည်းအရုံး (American Foreign Service Association) နဲ့ အမေရိကန် အစိုးရအလုပ်သမားများ ဖယ်ဒရေးရှင်းအဖွဲ့ (American Federation of Government Employees) ဆိုတဲ့ သမဂ္ဂ နှစ်ခုရဲ့ အရေးပေါ် လျှောက်တင်လာမှုကို တရားသူကြီး နီကိုးလ်စ်က သောကြာနေ့က ကြားနာစစ်ဆေးပြီး စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။
တရားသူကြီး နီကိုးလ်စ်ဟာ ထရမ့်ရဲ့ ပထမသမ္မတ သက်တမ်းအတွင်းက ထရမ့်ရဲ့ အဆိုပြုခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ကြားနာစစ်ဆေးမှုအတွင်း တရားသူကြီး နီကိုးလ်စ် ဟာ ခွင့်ပြုမိန့်နဲ့ ကန်ထရိုက်တွေ ပြန်ပေးဖို့ ဒါမှမဟုတ် USAID ရုံးအဆောက်အအုံတွေ ပြန်ဖွင့်ဖို့ အပါအဝင် ဥပဒေကြောင်းအရ လျှောက်တင်ထားမှုတွေပါ တခြား ပန်ကြားချက်တွေကို ခွင့်ပြုပေးမယ့်ပုံ မတွေ့ခဲ့ရပါဘူး။
ဥပဒေကြောင်းအရ ကန့်ကွက်လျှောက်ထားမှုထဲမှာ သမ္မတ ဟာ USAID အဖွဲ့ကို ဖျက်သိမ်းဖို့ ကြိုးစားခြင်းအားဖြင့် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖယ်ဒရယ် ဥပဒေကို ချိုးဖောက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
"USAID အဖွဲ့ထဲမှာ အဂတိလိုက်စားမှုတွေ၊ လိမ်လည်မှုတွေ ရှိနေတယ်လို့ သမ္မတက ဆုံးဖြတ်ခဲ့ကြောင်း" ထရမ့်အစိုးရအဖွဲ့ကို ကိုယ်စားပြုတဲ့ တရားရေးဌာန တာဝန်ရှိပုဂ္ဂိုလ် ဘရက် ရှူးမိတ် က တရားသူကြီးကို လျှောက်တင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတရာထူး လက်ခံယူခဲ့အပြီး နာရီပိုင်းအတွင်းမှာပဲ ထရမ့်က နိုင်ငံခြားတိုင်းပြည်တွေကို ပေးနေတဲ့ အထောက်အပံ့တွေက သူ့ရဲ့ "အမေရိကန်သာ ပထမဦးစားပေး" ဆိုတဲ့ မူဝါဒနဲ့ ကိုက်ညီမညီ စစ်ဆေးပြီးချိန်အထိ အဲဒီလို အထောက်အပံ့တွေ အားလုံးကို ရပ်ဆိုင်းထားဖို့ သမ္မတအမိန့်အာဏာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒါကြောင့် ကမ္ဘာ့ အဆင်းရဲဆုံး ဒေသတွေအပါအဝင် နိုင်ငံပေါင်း ၁၂၀ လောက်မှာ ကျန်းမာရေးနဲ့ အရေးပေါ် စီမံကိန်းတွေ ဆောင်ရွက်နေတဲ့ USAID အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ ရပ်တန့်သွားစေခဲ့ပါတယ်။
"အဂတိလိုက်စားမှု မကြုံစဖူး မြင့်မားနေတဲ့ USAID ကို ဖျက်သိမ်းပစ်" ဆိုပြီး ထရမ့်က သူ့ရဲ့ အမှန်တရား ဆိုရှယ် ပလက်ဖောင်း ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားပါတယ်။
ဒါပေမဲ့ သမ္မတဟောင်း ဂျိုး ဘိုင်ဒန် လက်ထက်က USAID အဖွဲ့ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဆမန်သာ ပါဝါ က "အမေရိကန်သမိုင်းမှာ အဆိုးဆုံးနဲ့ ထိခိုက်မှု အဖြစ်စေဆုံး နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပေါ့ဆမှားယွင်းမှုကြီးကို မျက်မြင်ကြုံတွေ့နေရပါတယ်" လို့ New York Times သတင်းစာကြီးရဲ့ အမြင်ဆောင်းပါးတစ်ခုမှာ ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ လောလောဆယ်မှာ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို ကမ္ဘာတဝန်းမှာ တစ်နိုင်ငံတည်းနဲ့ အများဆုံး ထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ USAID ရဲ့ ဘတ်ဂျက်အသုံးစရိတ်ဟာ ၄၀ ဘီလျံ ဒေါ်လာလောက် ရှိပြီး ဒါဟာ အမေရိကန် အစိုးရရဲ့ နှစ်စဉ် စုစုပေါင်းအသုံးစရိတ် ၆ ဒဿမ ၇၅ ထရီလျံ ရဲ့ ၀ ဒဿမ ၆ ရာခိုင်နှုန်း ရှိပါတယ်။
အိတ်ဂျ်အိုင်ဗီ နဲ့ အေအိုင်ဒီအက်စ် HIV/AIDS ရောဂါ တိုက်ဖျက်ရေး ကုလသမဂ္ဂ စီမံကိန်းရဲ့ အမှုဆောင်ဒါရိုက်တာ ဝင်နီ ဗြန်ယီမာ ကလည်း "ထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်မှုကြောင့် ကမ္ဘာတဝန်းမှာ ဆိုးဝါးတဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်"လို့ ဘီဘီစီကို ပြောပါတယ်။
တကယ်လို့ အထောက်အပံ့တွေ ပြန်မပေးဘူးဆိုရင်တော့ အေအိုင်ဒီအက်စ် ကြောင့် လူသေဆုံးမှုဟာ လာမယ့် ၅ နှစ်တာအတွင်း ၆ သန်း ၃ သိန်းအထိ တိုးလာနိုင်တယ်လို့ သူက ပြောပါတယ်။








