ထရမ့်တက်လာပြီးနောက် စိုးရိမ်ချက်ရှိတဲ့ အမေရိကန်က မြန်မာတွေ

အမေရိကန် လွှတ်တော် အဆောက်အဦရှေ့မှာ TPS စနစ်အရေး လှုပ်ရှားသူ တစ်ဦး အလံလွှင့် ၂၀၂၀ ပြည့်နှစ်တုန်းက အလံလွှင့်ဆန္ဒပြနေပုံနဲ့ မြန်မာစစ်အာဏာသိမ်းမှုကို အမေရိကန် ပြည်ထောင်စုက နယူး‌ယောက်မြို့မှာ လက်သုံးချောင်းထောင် ဆန္ဒပြကြသူ မြန်မာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ကျောပုံတွေကို ပေါင်းစည်းထားတဲ့ဓာတ်ပုံ သရုပ်ဖော် ဖြစ်ပါတ်
ဓာတ်ပုံ ပုံစာ, ၂၀၂၀ ပြည့်နှစ်တုန်းကတောင် အကြောင်းအမျိုးမျိုးကြောင့် အယ်ဆာဗေဒိုး၊ ဟေတီ၊ ဟွန်းဒူးရပ်စ်၊ နီပေါ၊ နီကာရာဂွာနဲ့ ဆူဒန် နိုင်ငံတွေကနေ TPS နဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူ လေးသိန်းအထိ ရှိပါတယ်

သမ္မတထရမ့် ဒုတိယသက်တမ်း တစ်လမပြည့်ခင်မှာဘဲ သူ့ရဲ့ဆုံးဖြတ်ချက်တွေက ထိုင်း-မြန်မာ နယ်စပ်နဲ့ ပြည်တွင်းက မြန်မာနိုင်ငံသားတွေအပေါ် သက်ရောက်မှုပြင်းခဲ့သလို အမေရိကန်မှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်း သက်ရောက်မှု ရှိနေပါတယ်။

စစ်အာဏာသိမ်းထားလို့ နိုင်ငံ ပြန်မလာနိုင်သေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်အစိုးရက ယာယီ အကာအကွယ်ပေးထားတာ ရပ်ဆိုင်းပစ်မလားဆိုပြီး စောင့်ကြည့်နေရတဲ့အခြေအနေပါ။

ထရမ့်အိမ်ဖြူတော်ပြန်လာပြီး ၈ ရက်မြောက်နေ့မှာပဲ ဗင်နီဇွဲလား နိုင်ငံသား ၃ သိန်းကျော်ရဲ့ ယာယီ နေထိုင် ခွင့်တွေ ရုပ်သိမ်းခံလိုက်ရပါတယ်။

ဒီအထောက်အထားနဲ့နေတဲ့ မြန်မာနိုင်ငံသား ၂၃၀၀ ကျော်ဟာလည်း စိုးရိမ်မကင်းဖြစ်နေရပါပြီ။

"သမ္မတ ဘိုင်ဒန် မဆင်းခင် သက်တမ်းတိုးပေးခဲ့တဲ့ ဗင်နဇွဲလား TPS ကိုတောင် ဖျက်သိမ်းခဲ့တော့ မြန်မာနိုင်ငံသားတွေကိုလည်း ဖျက်သိမ်းမလားဆိုတာတော့ စိုးရိမ်ရတယ်" လို့ အမေရိကန်မှာ TPS နဲ့နေထိုင်နေသူ ကိုအုပ်စိုးခန့်က ဘီဘီစီကို ပြောပါတယ်။

TPS လို့ ယာယီကာကွယ်ပေးတဲ့အဆင့် ရုပ်သိမ်းခံရရင် အဆိုးဆုံးကတော့ အမေရိကန်ကနေ မြန်မာကို ပြည်နှင်ဒဏ်နဲ့ ပြန်ပို့ခံရနိုင်တာပါ။

အသစ်ဖြည့်စွက်ချက် - ထရမ့်အစိုးရက ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်ကစလို့ မြန်မာနိုင်ငံသားတွေ အမေရိကန်ပြည်ထောင်စုမှာ ယာယီခိုလှုံနေထိုင်ခွင့်ဆိုတဲ့ TPS အစီအစဥ်ကို နိုဝင်ဘာ ၂၅ ရက်ကစလို့ ရပ်ဆိုင်းလိုက်ပါပြီ။

ယာယီကာကွယ်ပေးတဲ့အဆင့်(TPS)ဆိုတာက ပဋိပက္ခ၊ သဘာဝဘေး ဒါမှမဟုတ် ကပ်ရောဂါဘေးနဲ့ သာမာန် မဟုတ်တဲ့ ဖြစ်စဉ်တွေ ကြုံနေရတဲ့နိုင်ငံက နိုင်ငံသားတွေကို အမေရိကန်နိုင်ငံမှာ ခေတ္တခိုလှုံခွင့်ပေးတဲ့ ယာယီအထောက်အထားဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်နိုင်ငံထဲ ရောက်နှင့်ပြီးသား သူတွေထဲကမှ အထူးသဖြင့် နိုင်ငံရေးအရ နိုင်ငံကို ပြန်ဖို့ မဖြစ်နိုင်သေးတဲ့သူတွေအတွက် လျှောက်ထားခွင့်ပေးတာဖြစ်ပါတယ်။ အမေရိကန်မှာ TPS ကိုင်ဆောင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၄ ထောင်နီးပါးရှိပါတယ်။

အခု TPS ဖျက်သိမ်းပြီဆိုတာကြောင့် TPS ကိုင်ဆောင်နေထိုင်ခွင့်ကနေ ကျောင်းသား ဗီဇာ၊ အလုပ် ဗီဇာ ကိုပြောင်းနိုင်သလို အမေရိကန်နိုင်ငံသားနဲ့ လက်ထပ်ပြီး ဗီဇာပြောင်းနိုင်တာမျိုးလည်းရှိပါတယ်။ ဒါအပြင် တရားဝင်နေထိုင်နိုင်မယ့် နိုင်ငံရေးခိုလှုံခွင့်(Asylum) လျှောက်ထားဖို့ကိုလည်း ရွေးချယ်စရာတစ်ခုအဖြစ် အကြံပေးထားကြပါတယ်။

ဒါပေမဲ့ ဒီလို အကြံပြုချက်တွေအားလုံးဟာ အချိန်လနဲ့ချီ ကြာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်မှာဖြစ်ပါတယ်။

နောက်တချက်တော့ နိုဝင်ဘာ ၂၅ ရက်မှာ စတင်ဖျက်သိမ်းပေမဲ့ နောက်ထပ် ရက်ပေါင်း ၆၀ တိတိပြည့်တဲ့နေ့ ဖြစ်တဲ့ ဇန်နဝါရီ ၂၆ ၂၀၂၆ မှ အသက်ဝင်မှာဖြစ်ပါတယ်။

ဒါကြောင့် TPS ကိုင်ထားသူတွေအနေနဲ့ ဒီ ရက် ၆၀ မှာ တခြားဗီဇာအမျိုးအစားတခု ဒါမှမဟုတ် နိုင်ငံရေးခိုလှုံခွင့်(Asylum) အတွက်ပြင်ဆင်ထားရမှာမျိုးဖြစ်ပါတယ်။

TPS အစီအစဥ်ကို ရပ်ဆိုင်းတဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ ကြေညာချက် မှာ

  • မြန်မာမှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့်အောင်မြင်တဲ့အပစ်ခတ်ရပ်စဲရေးရှိနေတာ
  • နိုင်ငံမှာအရေးပေါ်ကာလပြီးဆုံးပြီး နိုင်ငံသားများဘေးကင်းစွာနေရပ်ကို ပြန်နိုင်တာ
  • လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေအတွက် စီမံချက်တွေရှိနေတာ စတဲ့ အကြောင်းပြချက်တွေပေးထားပါတယ်။

အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ကွန်ဂရက်အမတ်တွေကတော့ DHS ရဲ့ အကြောင်းပြချက်ဟာ မြေပြင်အခြေအနေနဲ့ လွဲချော်နေတယ်လို့ ဝေဖန်နေကြပါတယ်။

DHS ရဲ့ ထုတ်ပြန်ချက်အရ မြန်မာကိုပြန်လိုသူတွေ ပြန်နိုင်ကြောင်းနဲ့ မြန်မာတွေကို အမေရိကန်မှာနေထိုင်ခွင့်ဆက်ပေးဖို့ဆိုတာဟာ အမျိုးသားအကျိုးစီးပွားနဲ့ မကိုက်ညီဘူးလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒီလွဲချော်နေတဲ့ အကြောင်းပြချက်ကို ပြန်လည်ပြင်ဆင်ပေးဖို့နဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်မလွှတ်ရေး လွှတ်တော် အမတ်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်ပြီးတင်ပြတောင်းဆိုတာတွေလုပ်မယ်လို့လည်း ပြောထားကြပါတယ်။

အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေ ကတော့ DHS ရဲ့ အကြောင်းပြချက်က လွဲချော်နေတာကြောင့် လွှတ်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြသွားဖို့ရှိတယ်လို့ ပြောပါတယ်။

ဦးဂျိမ်းရွှေ က အမေရိကန်လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂမှာ မြန်မာအတွက် အကူအညီနဲ့အထောက်အပံ့တွေရဖို့ လှုံ့ဆော်နေသူဖြစ်သလို အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေနဲ့ မြန်မာ့အရေး လက်တွဲအလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။

''ဒါက နိုင်ငံခြားရေးဝန်ကြီးဌာန ( State of Department ) ရဲ့ သဘောထားမဟုတ်ဘူး။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သဘောထားမဟုတ်ဘူး။ ဒါက ပြည်တွင်းဝန်ကြီးဌာနရဲ့ အကြောင်းပြချက် ပေးတဲ့အချက်တခုပဲ။ ဒါပေမဲ့ စိုးရိမ်စရာမကောင်းဘူးလားဆို စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ လွှတ်တော် အမတ်တွေနဲ့ ကော်မတီတွေအပါအဝင် နိုင်ငံခြားရေးဌာနကို အားလုံးက တင်ပြဆောင်ရွက်မှာဖြစ်ပါတယ်'' လို့ ဦးဂျိမ်းရွှေက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာလုပ်ခဲ့တဲ့ "No Exit Strategy: Burma's Endless Crisis and America's Limited Options" ဆိုတဲ့ မြန်မာ့အရေးကြားနာပွဲမှာတော့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီ ၂ ခုလုံးက လွှတ်တော်အမတ်တွေက စစ်တပ်ရွေးကောက်ပွဲကို အတုအယောင်လို့ သုံးနှုန်းခဲ့ကြပါတယ်။

ဒါအပြင် မြန်မာလူထုကြုံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အကြမ်းဖက်ခံရမှုတွေကိုသာမက ကွန်ဂရက်အနေနဲ့ အမေရိကန်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့မြန်မာကို ချက်ချင်းအရေးယူဆောင်ရွက်ရမယ်လို့ တိုက်တွန်းချက်တွေလည်းရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ လက်ခံထားတဲ့ ဒုက္ခသည်အဖြစ် ခိုလှုံလာသူတွေနဲ့ သူတို့ နေရပ်ရင်းနိုင်ငံတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ ဖိနှိပ်ခံခဲ့ရလဲ၊ ဘာကြောင့် မူရင်းနိုင်ငံမှာ ဆက်နေလို့ မရတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြန်လည်စစ်ဆေးဖို့လည်း ညွှန်ကြားချက်ရှိနေပါတယ်။

သမ္မတ ဘိုင်ဒန်လက်ထက်မှာ ဒုက္ခသည်တွေရဲ့ နောက်ကြောင်းရာဇဝင်ကို လုံလုံလောက်လောက် မစစ်ဆေးခဲ့ဘူးလို့ ထရမ့်အစိုးရက စွပ်စွဲထားတာလည်းဖြစ်ပါတယ်။

သဘောကတော့ သမ္မတဘိုင်ဒန်တာဝန်ယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ကနေ ၂၀၂၅ ဖေဖော်ဝါရီ အတွင်း အမေရိကန်ကို ဝင်ရောက်ခဲ့တဲ့ ဒုက္ခသည် ၂ သိန်းကျော်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန က ပြန်လည်စစ်ဆေးမယ့်အခြေအနေလို့

အမေရိကန်သတင်းတွေကဖော်ပြပါတယ်။

ဒီထဲမှာ မြန်မာဒုက္ခသည်သောင်းချီလည်းပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဂရင်းကဒ်လို့ သိကြတဲ့ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်အတွက် လျှောက်လွှာတင်တာ၊ စိစစ်တာနဲ့ ထုတ်ပေးရေး လုပ်ငန်းစဥ်အားလုံးကိုလည်း ရပ်ဆိုင်းထားမယ်လို့ နားလည်ရပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ သမ္မတဘိုင်ဒန်လက်ထက် အမေရိကန်မှာ ခိုလှုံတဲ့ မြန်မာဒုက္ခသည် အရေအတွက် သောင်းဂဏန်းထိ ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မြန်မာဒုက္ခသည် ၇ ထောင်ကျော် ဝင်ရောက်ခဲ့ပါတယ်။

ကွန်ဂို၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ ဆီးရီးယား ပြီးရင် မြန်မာဟာ ၂၀၂၄ ခုနှစ်အတွင်း ဒုက္ခသည်အများဆုံး ဝင်ရောက်ထားတဲ့ ၅ ခု မြောက် နိုင်ငံအဖြစ် တယ်လို့ အမေရိကန်သတင်းတချို့ကဖော်ပြပါတယ်။

မြန်မာမှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေငြိမ်နေပေမဲ့ နိုင်ငံရဲ့ နေရာအများစုမှာ စစ်ရေး ပဋိပက္ခတွေရှိနေဆဲဖြစ်သလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြုံနေရတယ်လို့ Human Rights Watch အပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တချို့က တုံ့ပြန်ထားကြပါတယ်။

TPS ဆိုတာဘာလဲ ၊ ဘယ်သူတွေ လျှောက်ထားကြတာလဲ

၂၀၂၁ ခုနှစ်အတွင်းက ဝါရှင်တန်က မြန်မာ့အရေးဆန္ဒထုတ်ဖော်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်မှာ မြန်မာနိုင်ငံသား သုံးသိန်းကျော်ဟာ ကျောင်းသားဗီဇာ၊ အလုပ်အကိုင်ဗီဇာတွေ၊ နိုင်ငံရေးခိုလှုံခွင့်တွေနဲ့ TPS ယာယီအကာကွယ်ပေးခွင့်တွေနဲ့ နေထိုင်နေကြပါတယ်

ယာယီကာကွယ်ပေးတဲ့အဆင့်(TPS)ဆိုတာက ပဋိပက္ခ၊ သဘာဝဘေး ဒါမှမဟုတ် ကပ်ရောဂါဘေးနဲ့ သာမာန် မဟုတ်တဲ့ ဖြစ်စဉ်တွေ ကြုံနေရတဲ့နိုင်ငံက နိုင်ငံသားတွေကို အမေရိကန်နိုင်ငံမှာ ခေတ္တခိုလှုံခွင့်ပေးတဲ့ ယာယီအထောက်အထားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံထဲ ရောက်နှင့်ပြီးသား သူတွေထဲကမှ နိုင်ငံကို ပြန်ဖို့လည်း မဖြစ်နိုင်သေးတဲ့သူတွေအတွက် လျှောက်ထားခွင့်ပေးတာပါ။

စစ်အာဏာသိမ်းခံထားရပြီး ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံကိုလည်း ၂၀၂၁ ခုနှစ်၊ မေ ၂၅ ရက်မှာ အမေရိကန်က TPS စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

သဘောကတော့ အမေရိကန်မှာ ကျောင်းကိစ္စ၊ အလုပ်ကိစ္စ၊ အလည်အပတ်ရောက်နေရင်း မြန်မာမှာစစ်အာဏာသိမ်းသွားလို့ ပြန်ဖို့အခက်အခဲ ဖြစ်သွားသူတွေကို ကာလတို တရားဝင် ဆက်နေခွင့်ပေးလိုက်တာဖြစ်ပါတယ်။

"TPS ကို လျှောက်ခဲ့တာကတော့ အခုချိန်မှာ မြန်မာနိုင်ငံကို မပြန်နိုင်သေးဘူး။ ဒါပေမဲ့ နိုင်ငံကို ပြန်ဖို့စိတ်ဆန္ဒရှိတာကြောင့် ဒါကို လျှောက်ပြီးနေတာပါ" လို့ ကိုအုပ်စိုးခန့်က ပြောပါတယ်။

အသက် ၂၀ ကျော်အရွယ် ကိုအုပ်စိုးခန့်ဟာ ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံ ဂုဏ်ထူးတန်း ပထမနှစ်ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ပြီး ပညာဆက်လက်သင်ယူဖို့ အမေရိကန်နိုင်ငံကို ထွက်ခဲ့တာပါ။

နည်းပညာစီမံခန့်ခွဲမှု (IT Management)နဲ့ အမေရိကန်မှာ ဘွဲ့ကြိုပြန်ယူထားသူဖြစ်ပါတယ်။

စစ်မှုထမ်းအသက် အကျုံးဝင်နေတာနဲ့ အမေရိကန်မှာ ဒေါက်တာဘွဲ့အထိ ရယူချင်တဲ့ ရည်မှန်းချက်တွေရှိနေတာကြောင့် မြန်မာကိုပြန်လို့ မဖြစ်သေးတာလို့ သူက ဆိုပါတယ်။

ကိုအုပ်စိုးခန့်လိုပဲ နိုင်ငံအခြေအနေစောင့်ကြည့်ရင်း အမေရိကန်ကို ဝင်လာတုန်းက တရားဝင်အထောက်အထား သက်တမ်းကုန်သွားရင် တရားမဝင်နေထိုင်သူ မဖြစ်ချင်သူတဲ့တွေက TPS ကို လျှောက်ထားတာ များပါတယ်။

သက်သေခံကတ်ပြား (State ID)၊ ယာဉ်မောင်းလိုင်စင် လျှောက်ခွင့်ရှိပြီး အလုပ်လုပ်ကိုင်ခွင့်လည်းရှိပါတယ်။ ဒါအပြင် ပြည်နှင်ဒဏ်ပေးခံရခြင်းကနေလည်း အကာအကွယ်ပေးထားပါတယ်။

TPS သက်တမ်းတစ်ခါတိုးရင် အနည်းဆုံး ၆ လကနေ အများဆုံး ၁၈ လအထိ တိုးပေးတာပါ။

မြန်မာနိုင်ငံသားတွေကိုတော့ အမေရိကန်သမ္မတဟောင်း ဘိုင်ဒန်လက်ထက် ၂၀၂၄ မေလတုန်းက ၁၈ လ သက်တမ်း ထပ်တိုး ပေးခဲ့တာကြောင့် ဒီနှစ် နိုဝင်ဘာမှာ သက်တမ်းကုန်ကြတော့မှာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နဲ့ရွှေ့ပြောင်းအရေးမှာ သဘောထားတင်းမာတဲ့ ထရမ့်အစိုးရ မတက်ခင်မှာ မြန်မာတွေရဲ့ TPSသက်တမ်းထပ်တိုးခွင့်ရဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေ ကြိုးစားခဲ့ပါသေးတယ်။ သမ္မတဟောင်းဘိုင်ဒန်ကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပေမဲ့ ရည်ရွယ်ချက် မအောင်မြင်ခဲ့ပါဘူး။​

TPS ဖျက်သိမ်းခံရင် TPS ကိုင်ထားတဲ့ မြန်မာတွေဘာတွေ ကြုံကြမလဲ

ဆန်ဖရန်စစ္စကိုက ဆန္ဒထုတ်ဖော်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, TPS ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား ၂,၃၀၀ ကျော်ဟာ စိုးရိမ်မကင်း ဖြစ်နေရပါတယ်

အမေရိကန်ရဲ့ အခြေချနေထိုင်ခွင့်ဆိုင်ရာဥပဒေကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နားလည်တတ်ကျွမ်းသူတွေကတော့ TPS လုံးဝဖျက်သိမ်းခံရရင် TPS ကိုင်ထားတဲ့ မြန်မာတွေလည်း တရားမဝင်နေထိုင်သူဖြစ်သွားပြီလို့ ရှင်းပြပါတယ်။

"နေ့ချင်းညချင်းပဲ ကိုယ့်မှာ ကြိုတင်ပြင်ဆင်ထားတာမရှိရင် တရားမဝင်ဖြစ်သွားမှာ" လို့ ဥပဒေအထောက်အကူ ပြုရေးအဖွဲ့တစ်ခုဖြစ်တဲ့ USIRD တည်ထောင်သူ ကိုရဲရင့်မြင့်မိုရ်က ဘီဘီစီကိုပြောပါတယ်။

USIRD က အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူဝင်မှုကြီး ကြပ်ရေးနဲ့ အခြေချနေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွေမှာ ဥပဒေကြောင်းအရအကူအညီပေးဖို့ ဖွဲ့ စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

TPS သက်တမ်းနဲ့ အတူရရှိထားတဲ့ အလုပ်လုပ်ကိုင်ခွင့်နဲ့ တရားဝင်အထောက်အထားတွေ အကုန်ရုပ်သိမ်းခံရမှာဖြစ်တယ်လို့ ကိုရဲရင့်မြင့်မိုရ်က ဆိုပါတယ်။

TPS နဲ့နေတဲ့ ဗင်နဇွဲလားနိုင်ငံသား ၃ သိန်းကျော်ကို ဧပြီ ၇ ရက်အထိပဲ ယာယီအကာအကွယ်ပေးမယ်ဆိုတာကို ဇန်နဝါရီလောက်မှာ အချိန်ကပ်ပြီး ကြေညာခဲ့တာက မြန်မာနိုင်ငံသားတွေကိုလည်း တပ်လှန့်သလိုဖြစ်ခဲ့ပါတယ်။

အမေရိကန်မှာ ဆက်လက်နေထိုင်ဖို့အတွက် တခြားအထောက်အထားဗီဇာအမျိုးအစားတစ်ခုကိုပြောင်းလဲ လျှောက်ထားဖို့အတွက် အချိန် လနဲ့ချီကြာနိုင်တာကြောင့် တရားမဝင်နေထိုင်သူအဖြစ်ဖမ်းဆီးခံရကာ ပြည်နှင်ဒဏ်ပေးခံရနိုင်ခြေရှိပါတယ်။

"ကျွန်တော် မြန်မာပြည်ကိုကလက်ရှိအခြေအနေအရကော စစ်မှုထမ်းဥပဒေကြောင့်ရောပြန်လို့မရတဲ့အနေထားမှာရှိတယ်။ ဒီမှာ ဗီဇာတခြားတစ်ခု ပြောင်းလို့မရခဲ့ဘူးဆိုရင်တော့ ဗီဇာမူဝါဒ သိပ်မတင်းကျပ်တဲ့နိုင်ငံတစ်ခုကို ပြောင်းဖို့ စဉ်းစားနေတယ်"လို့ TPS နဲ့ နေထိုင်သူ ကိုထက်နိုင်ဦးက ဘီဘီစီကို ပြောပါတယ်။

TPS ဗီဇာရရှိထားရရင် နိုင်ငံခြားထွက်လို့ရပြီး အလုပ်လုပ်ခွင့် ရတာမြန်လို့ ဒီ TPS ကို ယူကြသူတွေလည်း ရှိပါတယ်။

လက်ရှိအမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးတင်းကျပ်မှုတွေဟာ တရားမဝင်နဲ့ ပြစ်မှုကျူးလွန်သူတွေကို အာရုံစိုက်တာဖြစ်လို့ သတိရှိဖို့ အမေရိကန်က အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေးပါတယ်။

"TPS ရပ်တဲ့အချိန်မှာ ကိုယ်က အထောက်အထားတွေလည်းသက်တမ်းကုန်နေမယ်။ နိုင်ငံရေးခိုလှုံခွင့်(Asylum) လည်း မလျှောက်ထားဘူး။ အရက်မူး ကားမောင်းတာ၊ အိမ်တွင်းအကြမ်းဖက်တာလို ပြစ်မှုလည်းရှိရင်တော့ ဒီလူတွေမှာ ဖမ်းဆီးခံနိုင်ခြေ ရှိတာပေါ့" လို့ နယူးရောက်မြို့ မြန်မာကွန်မြူနတီအဖွဲ့ (NYCBC) ဦးဆောင်သူ ဦးနေတင်မြင့်က ဘီဘီစီကို ပြောပါတယ်။​

အမေရိကန်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်မှုရှိတဲ့ ဥပဒေအထောက်အကူပြုဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းက တာဝန်ရှိသူတွေကတော့ အချိန်မဆိုင်းဘဲ တရားဝင်နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သင့်ပြီလို့ သတိပေးပါတယ်။

" TPS ကနေ တခြားအထောက်အထားတစ်ခုကို ပြောင်းလို့ရတယ်။ ကျောင်းရှာပြီး F1ဗီဇာနဲ့ နေတာ၊ အလုပ်နဲ့ H1 ဗီဇာပြောင်းတာနဲ့ နောက်တစ်ခုကတော့ ဒီနိုင်ငံသားနဲ့ လက်ထပ်ပြီး ဗီဇာပြောင်းတာပေါ့" လို့ USIRD က ကိုရဲရင့်မြင့်မိုရ်က ပြောပါတယ်။

အနည်းဆုံးတော့ ဘာသာစကားသင်ကြားတဲ့ကျောင်းလိုမျိုး ရှာထားဖို့နဲ့ TPS ရုပ်သိမ်းရင် ကျောင်းဗီဇာပြောင်းဖို့ သူက အကြံပေးပါတယ်။

တရားဝင်နေထိုင်နိုင်မယ့် နိုင်ငံရေးခိုလှုံခွင့်(Asylum) လျှောက်ထားဖို့ကိုလည်း ရွေးချယ်စရာတစ်ခုအဖြစ် အကြံပေးထားကြတာပါ။

"နောက်ဆုံးရွေးစရာလည်း မရှိဘူးဆိုရင်တော့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာက ကိုယ့်အတွက်လည်းအကာကွယ်ဖြစ်မယ်လို့ ယူဆပါတယ်" လို့ ဦးနေတင်မြင့်က ဆိုပါတယ်။

ဒီအကြံပြုချက်တွေအားလုံးဟာ ရုံးလုပ်ငန်းစဉ်တွေအတွက် အချိန်လနဲ့ချီကြာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆော်သြနေကြပါတယ်။

စစ်ကောင်စီရဲ့ ထရမ့်ပြည်နှင်ဒဏ်အပေါ် စဉ်းစားချက်ရှိ

အမေရိကန်က ၂၀၂၅ ဇန်နဝါရီမှာ ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ဟွန်ဒူးရက်နိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်က ပြည်နှင်ဒဏ်ပေးတာနဲ့ပတ်သတ်လို့ စစ်ကောင်စီကိုဆက်သွယ်လာတာ မရှိသေးပါဘူး

အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်က စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကတော့ နေထိုင်ခွင့် တရားဝင်အထောက်အထား သက်တမ်းကုန်ဆုံးသူတွေနဲ့ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ ပြည်နှင်ဒဏ် မပေးခံရခင် ကြိုတင်ထွက်ခွာဖို့ သတိပေးချက်ထုတ်ထားပါတယ်။

ခရီးသွားလက်မှတ်မရှိတာနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးနေရင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ထုတ်ပေးမယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ကြိုင်ကတော့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က ဖေဖော်ဝါရီ ၆ ရက်အထိ ဆက်သွယ်ဆောင်ရွက်လာတာမရှိသေးဘူးလို့ ဘီဘီစီကို တုံ့ပြန်ထားပါတယ်။

"ပြန်ပို့လာရင်တော့ သူတို့ဟာ နိုင်ငံထဲက တရားမဝင်ထွက်သွားတာဆိုရင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဆက်သွယ်လာတာ မရှိသေးတော့ ဒီကိစ္စအပေါ် အသေးစိတ်မပြောနိုင်သေးပါဘူး" လို့ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ပြောပါတယ်။

အမေရိကန်က တရားမဝင်နိုင်ငံခြားသားရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးရေးကို အာရုံစိုက် လုပ်ဆောင်နေတယ်ဆိုပေမဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေကို TPS ဆက်မပေးတာက တရားဝင်ကနေ တရားမဝင်ဖြစ်အောင်တွန်းပို့ရာ ရောက်တယ်လို့ ဝေဖန်ချက်တွေရှိနေပါတယ်။

ဒါကြောင့်ပဲ TPS သာ ရပ်ဆိုင်းသွားရင် အထောက်အထားတစုံတရာ လက်ထဲမရှိထားသူတွေမှာ အန္တရာယ်ရှိနေတာပါ။

အမေရိကန်ရောက်မြန်မာ လူငယ်တွေကတော့ အချိန်မရွေးဖမ်းဆီးခံရနိုင်ပြီး စစ်မှုထမ်းခေါ်ဆောင်ခံရနိုင်တဲ့ မြန်မာနိုင်ငံ ပြန်ပို့မခံရရေးအတွက် အမေရိကန်မှာဆက်လက်နေထိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ချက်တချို့လုပ်နေကြပါတယ်။

ကိုအုပ်စိုးခန့် နည်းတူ သူ့ သူငယ်ချင်း ၅ ယောက်ကလည်း TPS သက်တမ်းဆက်မရခဲ့ရင် အမေရိကန်မှာ ဆက်နေထိုင်နိုင်ဖို့ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

မြန်မာမှာနိုင်ငံရေးအခြေအနေကောင်းတာနဲ့ အိမ်ပြန်ဖို့စဉ်းစားထားတဲ့ သူတို့သူငယ်ချင်းတစ်စုဟာ မြန်မာပြန်ခွင့်မရှိတော့တဲ့ နိုင်ငံရေးခိုလှုံခွင့်လမ်းထက် TPSကို အမေရိကန်နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်အထိ ရွေးခဲ့ကြတာပါ။

"အိမ်ကတော့ သူတို့သားသမီးတွေ လုံခြုံနေရင်ပဲ စိတ်ချမ်းသာရတာဆိုတော့ ဘာမှတော့မပြောပါဘူး။ လုံခြုံမယ့်နေရာနဲ့ အိမ်ပြန်မယ့်လမ်း နှစ်ခုထဲက တစ်ခု ရွေးလိုက်ရတာပေါ့"လို့ ကိုအုပ်စိုးခန့်က ပြောပါတယ်။

NYCBC အပါအဝင် အမေရိကန်က အရပ်ဘက်အဖွဲ့အစည်းတွေဘက်ကတော့ TPS သက်တမ်းတိုးရေး အပါအဝင် အမေရိကန်မှာ မြန်မာတွေ တရားဝင်နေထိုင်နိုင်ရေးအတွက် အစိုးရဘက်ကထည့်သွင်းစဉ်းစားအောင် တွန်းအားပေးသွားမယ်လို့ ဦးနေတင်မြင့်က ဆိုပါတယ်။

"မကြာသေးခင်ကပဲ သမ္မတထရမ့်က မြန်မာစစ်တပ်အာဏာသိမ်းတာက သူတို့ရဲ့အမျိုးသား လုံခြုံရေးကို ထိခိုက်ပါတယ် ဆိုပြီးတော့မှ ရှိနေတဲ့ ဒဏ်ခတ်မှုတွေကိုသက်တမ်းထပ်တိုးလိုက်ပါတယ်။ မြန်မာ့အရေးကိုလည်း စိတ်ဝင် စားတယ်လို့ယူဆရပါတယ်။ ဒါကြောင့် TPS ကို ကျွန်တော်တို့ အဖွဲ့တွေ ထပ်တွန်းမယ်ဆိုရင်တော့ သက်တမ်းတွေထပ်တိုးလာနိုင်ဖွယ် ရှိ ပါတယ်" လို့ ဦးနေတင်မြင့် သူ့ယူဆချက်ကိုပြောပါတယ်။