ထရမ့်အစိုးရဆီကနေ အီလွန် မတ်စ် ဘာအကျိုးအမြတ်တွေ ရလာနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, လီလီ ဂျာမာလီ
- ရာထူးတာဝန်, မြောက်အမေရိကဒေသဆိုင်ရာ ဘီဘီစီ နည်းပညာသတင်းထောက်
အိမ်ဖြူတော်ကို ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် ရောက်လာနိုင်တာဟာ သူ့ကို ပေါ်ပေါ်ထင်ထင် ထောက်ခံအားပေးခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ အီလွန် မတ်စ်အတွက်လည်း အောင်ပွဲတစ်ခုအဖြစ် ယူဆရပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ မစ္စတာ မတ်စ်ဟာ ရွေးကောက်ပွဲညမှာ ဖလော်ရီဒါပြည်နယ်မှာ ရှိတဲ့ ထရမ့်ပိုင် မာရာလာဂို အပန်းဖြေကမ်းခြေမှာ ထရမ့်နဲ့ အတူရှိနေခဲ့ပါတယ်။
"အမေရိကန်ပြည်သူတွေဟာ အပြောင်းအလဲတွေအတွက် ဒေါ်နယ်ထရမ့်ကို တိကျပြတ်သားတဲ့ လုပ်ပိုင်ခွင့် ဒီညမှာ အပ်နှင်းလိုက်ပါပြီ"လို့ မစ္စတာ မတ်စ် က သူပိုင်တဲ့ X လူမှုကွန်ရက်ပေါ်ကနေ ရေးခဲ့ပါတယ်။
ထရမ့်ကလည်း သူ့ရဲ့ အောင်ပွဲမိန့်ခွန်းထဲမှာ အီလွန် မတ်စ် နာမည်ကို ထည့်သွင်းပြောသွားခဲ့ပြီး မတ်စ်ရဲ့ Space X ရော့ကက်ကုမ္ပဏီအကြောင်း မိနစ်အတော်ကြာ ချီးကျူးခန်း ဖွင့်ခဲ့ပါတယ်။
သမ္မတလောင်း ထရမ့်နဲ့ ဆက်နွှယ်ပတ်သက်နေမှုကြောင့်လည်း မတ်စ်ရဲ့ တက်စ်လာ အီလက်ထရစ်ကားကုမ္ပဏီ ရှယ်ယာစျေးတွေ ထိုးတက်သွားခဲ့ပြီး အခုအခါ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ အမေရိကန် ဒေါ်လာ ဘီလျံ ၂၉၀ ရှိတယ်လို့ ခန့်မှန်းရပါတယ်။
ဇူလိုင်လတုန်းက ပန်ဆယ်လ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့မှာ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့ပြီးပြီးချင်းမှာပဲ မစ္စတာ မတ်စ်က ရီပတ်ဘလီကန်ပါတီကို ထောက်ခံအားပေးကြောင်း ထုတ်ပြလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီမတိုင်ခင်က နိုင်ငံရေးအရ ဘယ်ဘက်မှမပါတဲ့ အလယ်အလတ် ကြားနေသူတစ်ဦးအဖြစ် မတ်စ်က သူ့ကိုယ်သူ ဖော်ညွှန်းပြောခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲ ကျင်းပခါနီးအချိန်မှာတော့ ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ထရမ့်ကို ထောက်ခံဖို့ကလွဲလို့ သူ့မှာ တခြား ရွေးစရာလမ်းမရှိဘူးလို့ ခံစားမိခဲ့တယ်လို့ သူကပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ စီးပွားရေးကိစ္စတွေမှာ ဘိုင်ဒန်အစိုးရရဲ့ ချဉ်းကပ်ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း မစ္စတာ မတ်စ်က မကြာခဏ ထုတ်ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီမိုကရက်တစ်သမ္မတအစိုးရ တက်လာရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ထိခိုက်ဆုံးရှုံးလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ရွေးကောက်ခံ သမ္မတရဲ့ အရေးပါဆုံး ထောက်ခံအားပေးသူတစ်ဦးဖြစ်တဲ့ နည်းပညာ ဘီလျံနာသူဌေးကြီး အီလွန် မတ်စ် ဟာ ထရမ့် ပြန်အရွေးခံနိုင်ဖို့ ရည်ရွယ်ဖွဲ့ထားတဲ့ Super PAC အဖွဲ့ကို ဒေါ်လာ ၁၁၉ သန်းကျော် ငွေလှူဒါန်း ခဲ့ပါတယ်။
ဒါ့အပြင် အဆုံးအဖြတ်ပေးနိုင်တဲ့ အကြိတ်အနယ်ပြည်နယ်တွေမှာ ထောက်ခံမဲရရေး ကြိုးပမ်းတဲ့အနေနဲ့ ရွေးကောက်ပွဲနေ့ မတိုင်ခင် နောက်ဆုံးသီတင်းပတ်တွေမှာ အီလွန် မတ်စ်က နေ့စဉ် ဒေါ်လာတစ်သန်း မဲဖောက်ပေးတာမျိုးတွေအပါအဝင် မဲဆွယ်စည်းရုံးတာတွေ လုပ်ခဲ့ပါတယ်။
ဒီလို ငွေနဲ့မျှားပြီး မဲဖောက်မဲဆွယ်တာအပေါ် ဥပဒေကြောင်းအရ ကန့်ကွက်မှုတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ တရားသူကြီးက ဆက်လုပ်ခွင့်ပြုခဲ့ပါတယ်။
ထရမ့်ရဲ့ နောက်ကနေ သူ့ရဲ့ အမည်၊ ငွေကြေးနဲ့ ကုမ္ပဏီ ပလက်ဖောင်းတွေ အသုံးပြုခွင့် ပေးခဲ့တဲ့မစ္စတာ မတ်စ်ဟာ ထရမ့် ပြန်အရွေးခံခဲ့ရမှုကနေ အကျိုးအမြတ်တွေ အများကြီး ပြန်ရလာမှာ ဖြစ်ပါတယ်။
ရွေးကောက်ခံ သမ္မတ ထရမ့်က သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းမှာ အစိုးရငွေ အလေအလွင့် မရှိအောင် ဆောင်ရွက်ခိုင်းဖို့ မစ္စတာ မတ်စ်ကို သူ့အစိုးရအဖွဲ့ထဲ ဖိတ်ခေါ်မယ်လို့ ပြောခဲ့ပါတယ်။
ဒီဆောင်ရွက်မှုတွေကို "အစိုးရစွမ်းဆောင်ရည် ဦးစီးဌာန" "DOGE" ဆိုတဲ့အမည်နဲ့ လုပ်သွားဖို့ ရှိတယ်လို့ မစ္စတာ မတ်စ်က ပြောပါတယ်။ "DOGE" ဆိုတဲ့အမည်ဟာ လူတွေအကြား ရေပန်းစားအောင် မစ္စတာ မတ်စ် ကြော်ငြာနေတဲ့ ဒေါ့ချ်ကွိုင် ခရစ်ပ်တိုငွေကြေးစနစ် အမည်နဲ့ ဆင်တူပါတယ်။
ဒါ့အပြင် သူပိုင်ဆိုင်တဲ့ SpaceX အာကာသကုမ္ပဏီ ကလည်း ထရမ့်အစိုးရကနေတဆင့် အကျိုးအမြတ်တွေ ရလာနိုင်ပါတယ်။ အခုကတည်းကိုက အာကာသထဲ ဂြိုဟ်တု လွှတ်တင်တဲ့ အစိုးရလုပ်ငန်းတွေကို SpaceX က ကြီးစိုးနေပြီ ဖြစ်ပါတယ်။
အိမ်ဖြူတော်အစိုးရနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးအနေနဲ့ မစ္စတာ မတ်စ်ဟာ အစိုးရနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေကနေ နောက်ထပ် အခွင့်အရေးတွေ ရလာနိုင်ပါတယ်။
မစ္စတာ မတ်စ်က အစိုးရနဲ့ ကန်ထရိုက်စာချုပ်ချုပ်ထားတဲ့ ဘိုးအင်းကုမ္ပဏီ အပါအဝင် သူ့ရဲ့ စီးပွားပြိုင်ဘက်ကုမ္ပဏီတွေဟာ ပရောဂျက်စီမံကိန်းတွေကို ဘတ်ဂျက်အတိုင်း အချိန်မီ ပြီးစီးအောင် မလုပ်နိုင်ဘူးဆိုပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။
ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုတွေမှာ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်နဲ့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ဒေါ်လာ ဘီလျံပေါင်းများစွာ စ ရင်းနှီးမြှုပ်နှံလာနေချိန်မှာပဲ SpaceX အာကာသစခန်းကုမ္ပဏီကလည်း ထောက်လှမ်းရေး ဂြိုဟ်တုတွေ တည်ဆောက်မှုတွေ လုပ်လာနေပြီ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာ တက်စလာကားတွေအပေါ် " စည်းမျဉ်းကန့်သတ်မှုတွေ အနိမ့်ဆုံး" လုပ်မယ်လို့ ထရမ့်က ပြောထားတာမို့ မစ္စတာ မတ်စ်ရဲ့ တက်စလာ ကားကုမ္ပဏီကလည်း ထရမ့်အစိုးရကြောင့် အကျိုးအမြတ်တွေ ရလာနိုင်ဖွယ် ရှိနေပါတယ်။
ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီး ဗုဒ္ဓဟူးနေ့က တက်စလာကားကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက ၁၂ ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လကတင် တက်စလာရဲ့ မောင်းသူမဲ့ ဆော့ဖ်ဝဲ စနစ်ကို အတည်ပြုမယ်လို့ အမေရိကန် ယာဉ်စည်းကမ်းသတ်မှတ်ရေး အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ တက်စ်လာကားကုမ္ပဏီ ဝန်ထမ်းတွေကို သမဂ္ဂဖွဲ့ခွင့် ပိတ်ပင်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မစ္စတာ မတ်စ် ဝေဖန်ခံခဲ့ရပါတယ်။
X လူမှုကွန်ရက်ပေါ်မှာ ထရမ့်နဲ့ မတ်စ် အပြန်အလှန် ရေးသားပြောဆိုနေစဉ်မှာ ဆန္ဒပြအလုပ်သမားတွေကို မတ်စ်က အလုပ်ထုတ်ပစ်ခဲ့တယ်ဆိုတဲ့အကြောင်း ပြောမိခဲ့ကြအပြီးမှာ အလုပ်သမားတွေအပေါ် မတရားလုပ်မှုနဲ့ သူတို့နှစ်ဦးစလုံးကို United Auto Workers အဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။
ထရမ့်ကလည်း ကော်ပိုရေးရှင်းတွေနဲ့ ချမ်းသာကြွယ်ဝသူတွေအပေါ် အခွန်တွေ လျှော့ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
ထရမ့် ပေးခဲ့တဲ့ ကတိတွေထဲမှာ ဒီကတိကိုလည်း အကောင်အထည်ဖော်ပေးလိမ့်မယ်လို့ မစ္စတာ မတ်စ် မျှော်လင့်နေမယ့်ပုံ ရှိပါတယ်။











