ထရမ့် ဘာကြောင့် ဒုတိယအကြိမ် ရွေးကောက်ပွဲနိုင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, AP
- ရေးသားသူ, ဆာရာ စမစ်
- ရာထူးတာဝန်, မြောက်အမေရိက အယ်ဒီတာ
ဒီနှစ် အမေရိကန် ရွေးကောက်ပွဲ ရလဒ်ဟာ အမေရိကန် နိုင်ငံရေးသမိုင်းမှာ အထူးခြား အဆန်းကျယ်ဆုံး ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတ တာဝန်ပြန်ယူဖို့ သန်းနဲ့ချီတဲ့ ပြည်သူတွေဆီက ထောက်ခံမဲ ရခဲ့တာကြောင့် ၄ နှစ်ကြာ ကင်းကွာနေတဲ့ အိမ်ဖြူတော်ဆီ ပြန်ရောက်လာတော့မှာပါ။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်အတွင်း ထရမ့် နှစ်ကြိမ်တိုင် လုပ်ကြံခံရတာ၊ ရွေးကောက်ပွဲ ကျင်းပခါနီး လပိုင်းအလိုမှာ ကနဦးပြိုင်ဘက် သမ္မတ ဂျိုးဘိုင်ဒန် ဝင်မပြိုင်တော့ဘဲ ဒုသမ္မတ ကာမလာဟဲရစ်က ဝင်ပြိုင်တဲ့ ဖြစ်ရပ်တွေက သမိုင်းတွင်ရစ်ခဲ့ပါတယ်။
(အခုသတင်းရေးနေချိန်မှာ) အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲရေတွက်မှု မဆုံးသေးပေမဲ့ အရေးပါပြီး အကြိတ်အနယ် ပြိုင်ရမယ့် ပြည်နယ်တွေမှာ မစ္စတာ ထရမ့် အနိုင်ရခဲ့ပါတယ်။
မဲဆွယ်ပွဲတွေမှာ သူ အဓိကထား ပြောဆိုစည်းရုံးတာက နိုင်ငံ့စီးပွားရေး နဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
အခု အောင်ပွဲခံနေတဲ့ ထရမ့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပြီး ၂၀၂၀ မဲရလဒ်ကို လက်ခံဖို့ ငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီတုန်းက သမ္မတရာထူးမှာ ဆက်နေနိုင်အောင် ရွေးကောက်ပွဲ ရလဒ်ကို ပြန်ပြောင်းပစ်ဖို့ ကြိုးစားခဲ့တဲ့ သူ့လုပ်ရပ်ကို အခုထိ ဆန်းစစ်နေကြဆဲ ဖြစ်ပါတယ်။
၂၀၂၁ ဇန်နဝါရီ ၆ ရက် နေ့က အမေရိကန် လွှတ်တော်အဆောက်အအုံကို သူ့ထောက်ခံသူတွေ အကြမ်းဖက် ဝင်စီးနင်းတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ သူဟာ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေး မှတ်တမ်းတွေ မမှန်မကန် ပြုလုပ်တယ်ဆိုပြီး အပြစ်ရှိကြောင်း ကြီးလေးတဲ့ ပြစ်မှုတွေနဲ့ ပြစ်ဒဏ် စီရင်ခံထားရတဲ့ သမိုင်းမှာ ပထမဆုံး သမ္မတ ဖြစ်လာမှာပါ။
သူ့လက်ထက်မှာ ဘာကြောင့် တိုင်းပြည်တွင်း သဘောထားကွဲတဲ့ ဆန့်ကျင်ဘက် အုပ်စု နှစ်ရပ် ပေါ်ပေါက် လာရသလဲ ဆိုတာကတော့ သိပ်မဆန်းလှပါဘူး။
မဲဆွယ်ကာလအတွင်း ထရမ့်ဟာ ဆူပူအုံကြွမှု ဖြစ်စေတဲ့ စကားတွေ၊ တဖက်ကို ထိခိုက်စေနိုင်တဲ့ လှောင်ပြောင်ပြောဆိုမှုတွေ အပြင် နိုင်ငံရေးပြိုင်ဘက်အပေါ် အငြိုးနဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။
သူ့စီးပွားရေးအယူအဆကို လူတွေရင်ထဲထိခဲ့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထရမ့်နဲ့ပတ်သက်ရင် ကြားနေသူက အလွန်နည်းပါတယ်။
မဲဆွယ်ကာလအတွင်း မဲဆန္ဒရှင် တော်တော်များကို ဘီဘီစီက စကားပြောကြည့်တဲ့အခါ စကားလုံး ကြမ်းကြမ်းတမ်းတမ်းတွေ ပြောတတ်တဲ့ သူ့နှုတ်ကို ပိတ်ထားစေချင်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အတိတ်ကို အတိတ်မှာပဲ ထားပြီး မဲဆွယ်ပွဲတိုင်းမှာ သူအမြဲမေးလေ့ရှိတဲ့ မေးခွန်းဖြစ်တဲ့ "ခင်ဗျားတို့ လွန်ခဲ့တဲ့ ၂ နှစ် ကထက် အခြေအနေကောင်းမှာ နေနိုင်ကြရဲ့လား" ဆိုတာကို လူတွေ အာရုံစိုက်ကြပါတယ်။
ဒေါ်နယ်ထရမ့်ကို မဲပေးသူတွေ ထပ်တလဲလဲ ပြောနေကြတာက သူ့လက်ထက်တုန်းက စီးပွားရေး ဟာ အခုထက်ပိုကောင်းတယ်၊ စားဖို့သောက်ဖို့ အနိုင်နိုင် ရုန်းကန်နေရတဲ့ အခြေအနေကို စိတ်ကုန်လာတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒါတွေ အတော်များများက ကိုဗစ်ကပ်ရောဂါလို ကိစ္စတွေကြောင့် ဖြစ်ရတာ ဖြစ်ပေမဲ့ သူတို့က ရာထူးက ဆင်းပေးရတော့မဲ့ ဒီမိုကရက်တစ်အစိုးရကို အပြစ်တင်ကြပါတယ်။
ဘိုင်ဒန်အစိုးရ လက်ထက်မှာ စံချိန်တင် မြင့်တက်သွားခဲ့တဲ့ နိုင်ငံတွင်း အထောက်အထားမဲ့ ဝင်ရောက်သူ အရေအတွက် တိုးလာတာကိုလည်း မဲဆန္ဒရှင်တွေ အကြီးအကျယ် စိတ်ပူကြပါတယ်။
သူတို့ဟာ လူမျိုးရေး ခွဲခြားတဲ့ စကားတွေ ပြောလေ့မရှိသလို ထရမ့်နဲ့ သူ့ထောက်ခံသူတွေ ပြောနေတဲ့ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေဟာ ခွေးတွေ၊ ကြောင်တွေ သတ်ဖြတ် စားသောက်လေ့ ရှိတယ်ဆိုတဲ့ စကားတွေကိုလည်း အယုံအကြည်မရှိကြပါဘူး။ သူတို့ဖြစ်စေချင်တာက နယ်စပ်မှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားဖို့ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်အရေးက ပထမ
အမေရိကန်သာ ပထမ ဦးစားပေး ဖြစ်ရမယ်ဆိုတဲ့ ထရမ့်ရဲ့ ဆောင်ပုဒ်က မဲဆန္ဒရှင်တွေရဲ့ ရင်ထဲကို ရိုက်ခတ်သွားစေတဲ့ အချက်တွေထဲကတခု ဖြစ်ပါတယ်။ နိုင်ငံအနှံ့ လက်ယာယိမ်းဖြစ်ဖြစ်၊ လက်ဝဲယိမ်းဖြစ်ဖြစ် လူတွေ ပြောနေကြတာက ယူကရိန်းစစ်ပွဲမှာ ဒေါ်လာ ဘီလျံနဲ့ချီ သုံးစွဲနေတာတွေကို အပြစ်တင်နေကြပြီး ဒီငွေတွေကို ပြည်တွင်းရေးကိစ္စတွေမှာပဲ သုံးစေချင်နေကြတာ ဖြစ်ပါတယ်။
အဆုံးမှာတော့ ပြီးခဲ့တဲ့ ၄ နှစ် ဘိုင်ဒန် အစိုးရလက်ထက် ဒုသမ္မတ တာဝန်ယူခဲ့သူ ဟဲရစ်ကို အမေရိကန် ပြည်သူတွေ မဲမပေးတော့ပါဘူး။ သူ့ကို မဲပေးရင် အရင် ၄ နှစ်တုန်းကအတိုင်း ဖြစ်မှာပဲ ဆိုပြီး လူထုက အပြောင်းအလဲကို မြင်ချင်နေကြပါတယ်။
ဒီရွေးကောက်ပွဲမှာ လှည့်ကွက်တွေထဲက တခုဖြစ်တဲ့၊ တိုင်းပြည်ကို အပြောင်းအလဲ လုပ်ပေးနိုင်မယ့် သူဆိုတာဟာလည်း ပြီးခဲ့တဲ့ ၄ နှစ်တုန်းက သမ္မတ တာဝန်ယူခဲ့သူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင် ၄ နှစ်က အခြေအနေနဲ့ အခုက ကွာခြားနေပါပြီ။
သူအာဏာစယူခဲ့တဲ့ ၂၀၁၆ တုန်းက သူဟာ နိုင်ငံရေးအသိုင်းအဝိုင်းက မဟုတ်ပါဘူး။ အဲဒီတုန်းက သူ့နားမှာ နိုင်ငံရေးအကြံပေးတွေ၊ ဝန်ထမ်းတွေ ဝိုင်းရံနေပြီး သူလုပ်သမျှကို ထိန်းကျောင်းပေးခဲ့တာပါ။
အခုတော့ သူဟာ လိုက်နာသင့်၊ စောင့်ထိန်းသင့်တဲ့ စည်းမျဥ်းတွေကို စိတ်ဝင်တစား ရှိပုံ မရတော့ပါဘူး။
တချိန်က သူ့ကို ဝိုင်းဝန်းကူညီထိန်းကျောင်းပေးခဲ့သူတွေက သူ့ကို လူလိမ်၊ ဖက်ဆစ်ဝါဒီ၊ ရာထူးနဲ့ ထိုက်တန်သူ မဟုတ်ဘူးလို့ ပြောနေကြပါပြီ။
သူ့ကို သစ္စာခံတဲ့သူတွေနဲ့သာ ဝန်းရံသွားဖို့ ရှိနေတဲ့ အခြေအနေမှာ သူ့ရဲ့ အစွန်းရောက် အတွေးအခေါ်တွေ အထိန်းအကွပ် မဲ့သွားနိုင်တယ်လို့ သူတို့က သတိပေးထားပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ် သူရာထူးက ဆင်းပေးခဲ့ရတုန်းက လွှတ်တော် အဆောက်အအုံ စီးနင်းခံရမှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု တသီတတန်းကြီးကို ရင်ဆိုင်နေခဲ့ရတဲ့အပြင် အမျိုးသား လုံခြုံရေး ဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိမှု ၊ အပြာမယ်တယောက်ကို ငွေပေး နှုတ်ပိတ်စေမှု စတာတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သမ္မတဟာ တာဝန်ထမ်းဆောင်စဥ် လုပ်ငန်းတွေအတွက် အမှုစွဲဆိုခြင်းကနေ ကင်းလွတ်ခွင့်ရှိတယ်လို့ တရားရုံးချုပ်က အမိန့်ချထားတဲ့အတွက် သူ့ရဲ့ နောက်သက်တမ်းအတွင်းမှာ တရားစွဲရှေ့နေတွေက သူ့ကို စွဲချက်တင် အရေးယူဖို့ဆိုတာ တော်တော်ခက်ပါလိမ့်မယ်။
ပြီးတော့ သမ္မတတစ်ယောက်အနေနဲ့ သူ့ရဲ့ တရားရေးဌာနကို အမိန့်ပေးပြီး ဗဟိုအစိုးရနဲ့ဆိုင်တဲ့ သူ့အပေါ် စွဲဆိုထားတဲ့ ဇန်နဝါရီ ၆ ရက်တုန်းက လွှတ်တော် စီးနင်းတဲ့အမှုကို ရုပ်သိမ်းခိုင်းတာမျိုး လုပ်နိုင်တဲ့အတွက် ထောင်ဒဏ်အတွက် စိုးရိမ်ဖို့ မရှိပါဘူး။
ဒါ့အပြင် အဲဒီကိစ္စမှာ ပါဝင်လို့ ထောင်ဒဏ် ချခံထားရတဲ့ ရာနဲ့ချီတဲ့လူတွေကိုလည်း သူက ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်ပါတယ်။
အဆုံးမှာတော့ အမေရိကန်ပြည်သူတွေဟာ ချပြထားတဲ့ အမေရိကန်ပုံစံနှစ်မျိုးထဲက တစ်ခုကို ရွေးခဲ့ကြရတာပါ။
တိုင်းပြည်ဟာ ယိုယွင်းပျက်စီးနေပြီး သူသာလျှင် အမေရိကန်ကို ကြီးကျယ်မြင့်မြတ်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
တချိန်တည်းမှာ ဟဲရစ်ကတော့ ထရမ့်သာ နိုင်သွားရင် အမေရိကန်ရဲ့ ဒီမိုကရေစီ ဖြစ်တည်မှု အပေါ် ခြိမ်းခြောက် ခံရလိမ့်မယ်လို့ သတိပေးထားပါတယ်။ အဲဒါက အခုတော့ မမြင်သေးပါဘူး။ ဒါပေမဲ့ ထရမ့်က မဲဆွယ်ပွဲ အတွင်း ပြောခဲ့တာတွေက လူတွေရဲ့ အကြောက်တရားကို လုံးဝ လျော့မသွားစေခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့လို အာဏာရှင်တွေကို အများကြီး ချီးကျူးခဲ့ပြီး သူတို့တွေဟာ "ခင်ဗျားတို့ ကြိုက်ကြိုက်မကြိုက်ကြိုက် သူတို့အလုပ်ကို အကောင်းဆုံး လုပ်နိုင်ကြသူတွေ" လို့ ပြောပါတယ်။
မီဒီယာပေါ်က ဝေဖန်သုံးသပ်သူတွေ တိတ်ဆိတ်သွားအောင် ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။ မီဒီယာသမား တယောက်ယောက် အသတ်ခံရရင် သူ့စိတ်ထဲ ဘယ်လိုမှ ခံစားရမှာမဟုတ်ဘူး ဆိုတဲ့သဘောမျိုးကို ရွေးကောက်ပွဲရက် မတိုင်ခင်ရက်ပိုင်းမှာပဲ သူက ပြောခဲ့ပါသေးတယ်။
ရွေးကောက်ပွဲမှာ နောက်ဆုံး သူနိုင်ခဲ့ပေမဲ့ သူက လျှို့ဝှက်ပူးပေါင်းကြံစည်မှု အယူအဆတွေနဲ့ ရွေးကောက်ပွဲ လိမ်လည်မှု စတဲ့ စွပ်စွဲချက်တွေကို အကျယ်ချဲ့ပြောခဲ့ပါတယ်။
အခုတော့ မဲဆန္ဒရှင်တွေက သူပြောခဲ့တဲ့ စကားတွေ ဘယ်လောက် ဖြစ်လာမလဲ ဆိုတာ မြင်တွေ့ ကြရတော့မှာပါ။ ထရမ့် ဆိုတဲ့အတိုင်း ထရမ့်ကတော့ ထရမ့်ပါ။ ဒုတိယအကြိမ် သမ္မတတာဝန်ယူတော့မယ့် ထရမ့်အမှန်စစ်စစ်ကို အမေရိကန် ပြည်သူတွေချည်း ရင်ဆိုင်ကြရမှာ မဟုတ်ပါဘူး။ တကမ္ဘာလုံးကလည်း "အမေရိကန်သာ ဦးစားပေး" ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ် အပြည့်အဝကို ကြုံတွေ့လာရတော့မှာ ဖြစ်ပါတယ်။
အမေရိကန်ကို ပြည်ပကသွင်းလာတဲ့ကုန်တွေအပေါ် အခွန် ၂၀ % ကောက်ခံမှု မူဝါဒကနေ ဘယ်ဘက်က နိုင်နိုင် ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေ အဆုံးသတ်ရေး ကတိပြုချက်တွေကို သူဘယ်လို လုပ်မလဲ မြင်တွေ့ကြရမှာပါ။
ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၀၁၅- ၂၀၂၀ သမ္မတသက်တမ်းတုန်းက သူ့အစီအစဥ်တွေ အားလုံးကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အခု ဒုတိယသက်တမ်းမှာ သူလုပ်ချင်တာတွေအတွက်အတားအဆီးတွေ ပိုနည်းသွားချိန်မှာ သူဘယ်လောက် လုပ်ပြနိုင်မလဲဆိုတာ အမေရိကန်ပြည်သူတွေသာမက တကမ္ဘာလုံးက တွေ့မြင်ကြရတော့ ဖြစ်ပါတယ်။








