ဒေါ်နယ်ထရမ့် - အိမ်ခြံမြေစီးပွားရေးသမားကနေ နိုင်ငံရေးသမားဖြစ်လာသူ

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမေရိကန် သမ္မတနေရာအတွက် ‌ဒေါ်နယ်ထရမ့်ကြိုးစားတာ ရွေးကောက်ပွဲ ၃ ကြိမ် ဆက်တိုက်ရှိလာပါပြီ။ အဲဒီမတိုင်ခင်က သူဟာ ဝင့်ဝင့်ဝါဝါနေတတ်တဲ့ ဘီလျံနာ တယောက်ပါ။

အိမ်ဖြူတော်ရောက်ဖို့ သူရွေးကောက်ပွဲမဝင်ခင် ၂၀၁၅ - ၁၆ မတိုင်မီ ဆယ်စုနှစ် ပေါင်း များစွာမှာ နယူးရော့ခ် အိမ်ခြံမြေလုပ်ငန်းရှင်ကြီးဖြစ်သူ သူ့ရဲ့ သတင်းက တက်ဘလွိုက်သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ ခဏခဏပါနေကျပါ။

အိမ်တိုင်းက သိနေတဲ့ သူ့နာမည်ရယ်၊ စိတ်ထင်တိုင်း ပြောချတာတွေပါတဲ့ သူ့ရဲ့ ကမ်ပိန်း ပုံစံတွေကြောင့် ဝါရင့်နိုင်ငံရေးသမားတွေကို သူအနိုင်ရခဲ့ပြီး သမ္မတဖြစ်လာ ပါတယ်။ ဒါပေမဲ့ ငြင်းခုံစရာတွေပြည့်နေတဲ့ သူ့သမ္မတသက်တမ်းက တဆက်သာခံပြီး ရာထူးကနေ ဆင်းခဲ့ရပါတယ်။

အခုအချိန်မှာ အသက် ၇၈ နှစ်ရှိလာပြီဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီဝင်ဟာ စိန်ခေါ်မှု တွေကို ရင်ဆိုင်ရင်း ဘဲဥပုံ ရုံးခန်းက သမ္မတ ထိုင်ခုံမှာ ထိုင်ဖို့ ပြန်ကြိုးစား နေပါပြီ။

အမွေဆက်ခံသူ

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူ့မိသားစုရဲ့ စီးပွားရေးကို ၁၉၇၁ မှာ သူအမွေဆက်ခံခဲ့

ထရမ့်ဟာ နယူး‌ရော့ခ် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး ဖရက် ထရမ့်ရဲ့ သား တယောက်ပါ။

မိဘက ချမ်းသာပေမဲ့ သူ့အဖေကုမ္ပဏီမှာ အောက်ခြေဝန်ထမ်း အဆင့်ကနေ သူ စပြီး လုပ်ရမယ်လို့ ပဲမှန်းထားခဲ့သူပါ။ ကျောင်းမှာ စည်းကမ်းဖောက်တာတွေကြောင့် အသက် ၁၃ နှစ်အရွယ်မှာ စစ်အကယ်ဒမီ ကျောင်းကို အပို့ခံရ ပါတယ်။

ပင်ဆယ်ဗေးနီးယား တက္ကသိုလ် ဝါတန်စကူးလ်ကနေ ဘွဲ့တခု ရပြီးတဲ့ နောက်ပိုင်း သူ့ အစ်ကို ဖရက်ကလည်း လေယာဥ်မှူးဘဝကို ရွေးချယ်ခဲ့တာလည်း တကြောင်းကြောင့် သူဟာ သူ့ ဖခင် အရိုက်အရာကို ဆက်ခံပြီး မိသားစု လုပ်ငန်းကို ဦးစီးဖို့ ဖြစ်လာခဲ့ ပါတယ်။

သူ့ အစ်ကို ဖရက် ထရမ့်က အသက် ၄၃ နှစ်မှာ အရက်စွဲရောဂါနဲ့ ဆုံးပါးပါတယ်၊ အဲဒီအဖြစ်ကနေရတဲ့ သင်ခန်းစာကြောင့်လို့ ထင်ပါတယ်၊ သူဟာ တသက်လုံး အရက်နဲ့ စီးကရက်ကို ရှောင်ကြဉ်ပါတယ်။

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူက ကုမ္ပဏီကို ဘရွတ်ကလင်းနဲ့ ကွင်းစ်တို့ဘက်ထက် စာရင် လူကုံထံပိုများတဲ့ မန်ဟက်တန်ဘက်က အိမ်ခြံမြေတွေဘက် ပိုအာရုံထားလာစေ

သူက ကုမ္ပဏီအလုပ်ကို မဝင်ခင် သူ့ဖခင်ဆီကနေ “ငွေနည်းနည်းလောက်” (ဒေါ်လာ တသန်းလောက်) ချေးပြီး အိမ်ခြံမြေ လုပ်ငန်းကို လုပ်ခဲ့တာလို့ ထရမ့်က ပြောပါ တယ်။

သူ့ အဖေလုပ်နေတဲ့ နယူးရော့ခ် စီးတီး ရပ်ကွက်တွေက လူနေအိမ်ရာ စီမံကိန်း အများ အပြားကို သူ ဝင်ကူညီ စီမံပေးခဲ့ပြီး ၁၉၇၁ မှာ အဲဒီကုမ္ပဏီကို လွှဲပြောင်း ယူခဲ့ကာ ကုမ္ပဏီနာမည်ကိုလည်း ထရမ့် အဖွဲ့အစည်း (Trump Organization) လို့ အမည်သစ်မှည့်ခေါ်ခဲ့ပါတယ်။

သူက "ကျွန်တော် အားကျအတုယူရသူ"လို့ ခေါ်ခဲ့တဲ့ သူ့အဖေဟာ ၁၉၉၉ မှာ ဆုံးပါတယ်။

အမှတ်တံဆိပ် နာမည်

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူ့ရဲ့ နာမည်ကျော်မှု၊ သူ့ရဲ့အရှိန်အဝါတို့နဲ့ အတူ စီးပွားရေးလုပ်ငန်း နယ်ပယ်ကို ချဲ့ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မိသားစုစီးပွားရေးကို ထရမ့်လက်ထက်မှာ ဘရွတ်ကလင်းနဲ့ ကွင်းစ်က လူနေအိမ်ရာ လုပ်ငန်းကနေ မန်ဟက်တန်က တန်ဖိုးကြီး အိမ်ရာစီမံကိန်းတွေအဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့ပါတယ်။

ကျော်ကြားတဲ့ ၅ ခုမြောက် ရိပ်သာ (Fifth Avenue) အဆောက်အအုံဟာ ထရမ့် မိုးမျှော်တိုက် (Trump Tower) ဖြစ်လာပြီး အဲဒီမိုးမျှော်တိုက်ဟာ ထရမ့်ရဲ့ နာမည် အကျော်ဆုံး အဆောက်အအုံဖြစ်ခဲ့သလို၊ သူ့ အိမ်အဖြစ်လည်း နှစ်ပေါင်း အတော် ကြာရှိနေခဲ့ပါတယ်။ စီးပွားကျနေတဲ့ ကွန်မင်ဒါ ဟိုတယ်ကို ပြန်မွမ်းမံပြီး သူ ဂရန်း ဟားရက် (Grand Hyatt) ဟိုတယ် အဖြစ် လုပ်လိုက်ပါတယ်။

ထရမ့် အမှတ်တံဆိပ်နာမည်နဲ့ ကာစီနိုတွေ၊ ကွန်ဒိုတိုက်တွေ၊ ဂေါက်ကွင်းတွေ၊ ဟိုတယ်တွေကို အတ္တလန်တိတ်စီးတီး၊ ချီကာဂို၊ လပ်စ်ဗေးဂတ်စ် တို့မှာသာမက အိန္ဒိယ၊ တူရကီ၊ ဖိလစ်ပိုင် နိုင်ငံတွေအထိ လုပ်ငန်းချဲ့ထွင်နိုင်ခဲ့ပါတယ်။

ဖြေဖျော်ရေးလုပ်ငန်း အဝန်းအဝိုင်းမှာလည်း သူက ကြယ်တပွင့်ဖြစ်လာပါတယ်၊ ပထမတော့ မယ် စင်္ကြာဝဠာ၊ မစ္စ အမေရိကန်၊ မစ္စ ဆယ်ကျော်သက် အမေရိကန် အလှမယ်ပွဲတွေကို ဦးစီးကျင်းပပေးသူ အဖြစ်နဲ့ စတင်ခဲ့ပြီး အန်ဘီစီ ရုပ်သံလိုင်းက လွှင့်တဲ့ ဘဝဇာတ်စုံ အပိုင်းလိုက် တင်ဆက်မှု The Apprentice - အလုပ်သင် အစီ အစဥ်မှာ အဓိက တင်ဆက်သူလုပ်ခဲ့ ပါတယ်။

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Apprentice အစီအစဥ်ကို ရာသီပေါင်း ၁၄ ရာသီ သူ တင်ဆက်ခဲ့သလို တချို့ အစီအစဥ်တွေမှာ သူ့ ကလေးတွေကိုလည်း ပါဝင်စေခဲ့

The Apprentice ၁၄ တွဲလုံးမှာ သူ့လုပ်ငန်း မန်‌နေဂျာ အလုပ်အတွက် အလုပ်သင် အဖြစ် လာဝင်ပြိုင်ကြသူတွေထဲက ရှုံးသူတွေကို “မင်းကို အလုပ်က ထုတ်ပစ် လိုက်ပြီ” ဆိုတဲ့ သူ့ရဲ့ စကားနဲ့အတူ ဒေါ်နယ်ထရမ့်က အိမ်တိုင်းသိ နာမည် ဖြစ်လာ ပါတယ်။

ထရမ့်ဟာ စာအုပ်များစွာကို ရေးခဲ့ပါတယ်၊ ရုပ်ရှင်တွေမှာလည်း ပါဖူးသလို နပန်းပွဲ မြှင့်တင်ရေး အစီအစဥ်တွေမှာလည်း ပါဖူးပါတယ်။ စီးပွားရေးမှာလည်း အ‌ဖျော် ယမကာက အစ နက်ခ်တိုင် လည်စည်း အထိ ရောင်းပါတယ်။ ဒါပေမဲ့ သူ့ ပိုင်ဆိုင်မှု ဓနပမာဏက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ လျော့ကျခဲ့ပြီး အခုလောလောဆယ် ဒေါ်လာ ၄ ဘီလျံ ဝန်းကျင်လောက် ပိုင်ဆိုင်တယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထား ပါတယ်။

ထရမ့်ဟာ လုပ်ငန်း ကုမ္ပဏီ ဒေဝါလီခံတဲ့ စာရင်းသွင်းပေးဖို့ လျှောက်ခဲ့တဲ့ အချိန် ကာလ ၆ ခါ ရှိခဲ့သလို သူ့ရဲ့ လုပ်ငန်းအများအပြားလည်း ပြိုလဲခဲ့ဖူးပါတယ်။

သူဘယ်လောက်အခွန်ပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ အများမသိအောင် ဖုံးကွယ် ထားခဲ့ဖူးပါတယ်။ ၂၀၂၀ မှာ နယူးရော့ခ်တိုင်မ်း သတင်းစာက သူဘယ်နှစ်မှာ ဝင်ငွေခွန် မပေးဆောင်ဘဲ ရှောင်ခဲ့တယ်၊ ဘယ်နှစ်က ဘဏ္ဍာရေး အရှုံးပေါ်ခဲ့တယ် ဆိုတာတွေကို သတင်းပို့ခဲ့ပါတယ်။

မိသားစု

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူ အိုင်ဗင်နာ ဇယ်နစ်ခ်ကိုဗာနဲ့ လက်ထပ်တာ၊ နောက်ပြီး ကွာရှင်းတာ စတဲ့ သတင်း တွေက လူအများကြား အသိများခဲ့

ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးလူမှုဘဝကို အများပြည်သူတွေ သိပ်ကို အသိများခဲ့ပါတယ်။

ချက် အားကစားမယ်လည်းဖြစ်၊ မော်ဒယ် တယောက်လည်းဖြစ်တဲ့ အိုင်ဗင်နာ ဇယ်နစ်ခ်ကိုဗာက သူ့ရဲ့ ပထမဇနီးဖြစ်ပြီး သူ့ဇနီးတွေထဲ နာမည်အကြီးဆုံးလို့လည်း ဆိုနိုင်ပါတယ်။ သူတို့မောင်နှံဟာ ကလေး ၃ ယောက် - ဒေါ်နယ် ဂျူနီယာ၊ အိုင်ဗင်ကာ၊ အဲရစ်ခ် - ရခဲ့ပြီး ၁၉၉၀မှာ သူတို့ နှစ်ယောက် ကွာရှင်းခဲ့ကြပါတယ်။

အတင်းစကား ကဏ္ဍမှာ သူတို့ရဲ့ ခါးခါးသီးသီး တရားရုံးရင်ဆိုင်မှု တွေအကြောင်းက ထိပ်ဆုံးကနေ ပါခဲ့ပါတယ်။ မစ္စစ်ထရမ့်က အိမ်တွင်းအကြမ်းဖက်မှုတွေ ခံခဲ့ရတယ် လို့ စွပ်စွဲခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြန်လျှော့ချ ပြောခဲ့ပါတယ်။ ဒီအကြောင်းတွေဟာ ထရမ့် အကြောင်း ရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာလည်း ပါဝင်ပါတယ်။

ရုပ်ရှင်မင်းသမီး မာလာ မေပယ်လ်နဲ့ သူ ၁၉၉၃ မှာ လက်ထပ်ပါတယ်၊ လက်ထပ်ပြီး နောက် ၂ လလောက်ကြာတော့ သူတို့ရဲ့ ကလေး တက်ဖနီကို မွေးပါတယ်။ သူတို့ ၂ ယောက် ၁၉၉၉ မှာ ပြတ်စဲကြပါတယ်။

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ရှိ ဇနီး မယ်လန်နီယာ ထရမ့်နဲ့ သူ သားတယောက်ရ - ဘာရွန် အခု အသက် ၁၈ နှစ်ရှိပြီဖြစ်

ထရမ့်ရဲ့ လက်ရှိဇနီးက အရင် ဆလိုဗေးနီးယား အလှမော်ဒယ် မယ်လန်နီယာ ကနုစ် ပါ။ သူတို့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ဘာရွန် ဝီလျံ ထရမ့်လို့ အမည်ရတဲ့ သားတယောက်ရှိပါတယ်။ အခု အဲဒီသားက ၁၈ နှစ်ရှိပါပြီ။

ထရမ့် နိုင်ငံရေးသမားဖြစ်လာတော့ အရင်က သူဟာ လိင်ပိုင်း မတော်တလျော်တွေ လုပ်ခဲ့တယ်၊ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေက ပေါ်လာခဲ့ ပါတယ်။

လိင်စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ သူ့ကို စွပ်စွဲခဲ့တဲ့ စာရေးဆရာမ အီး ဂျင်း ကာရိုးလ်အပေါ် ထရမ့်က ပြန်ပြောတာတွေက အသရေဖျက်မှုကို ကျူးလွန်ကြောင်း တရားရုံး ၂ ခုက ဂျူရီတရားသူကြီး အဖွဲ့ ၂ ခုက ဒီနှစ် အစောပိုင်းမှာ ဆုံးဖြတ်ချက် ပေးခဲ့ကြပါတယ်။ မစ္စ ကာရိုးလ်ကို လျော်ကြေးငွေ ဒေါ်လာ ၈၈ သန်းပေးဖို့ သူ အမိန့်ချ ခံထိ ထားပါတယ်၊။ အဲဒါကို သူ အယူခံပြန်ဝင်ထားပါတယ်။

၂၀၀၆ တုန်းက သူနဲ့ အိပ်ဖူးခဲ့တယ်လို့ စွပ်စွဲတဲ့ အပြာရုပ်ရှင်ကား မင်းသမီး စတွန်မီ ဒန်နီယယ်ကို သတင်းပိတ်ပေးဖို့ လာဘ်ထိုးငွေပေးထားတာကို ဖျောက်ဖျက် နိုင်ရေး အတွက် စီးပွားရေး လုပ်ငန်း စာရင်းဇယားတွေ အတုလုပ်ရာမှာ ၃၄ နေရာမှာ အလိမ် အညာ တွေလုပ်ခဲ့ကြောင်းတွေ့ရှိကာ သူ ပြစ်ဒဏ်ချ ခံရဖူးပါတယ်။

ကိုယ်စားလှယ်လောင်း

အသက် ၃၄ နှစ်အရွယ် ၁၉၈၀ တုန်းက အင်တာဗျူးတခုမှာ ဒေါ်နယ်ထရမ့်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး "နိုင်ငံရေးလုပ်တဲ့သူတွေက အလယ်အလတ်တန်း လောက် သာ ရှိတဲ့လူတွေ" လို့ ပြောခဲ့သလို "စွမ်းဆောင်ရည် အရှိဆုံးလူတွေ" ဟာ နိုင်ငံရေး လုပ်မယ့်အစား စီးပွားရေး ကမ္ဘာကို ရွေးခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၈၇ လောက်မှာတော့ သမ္မတဝင်ပြိုင်ရင် ကောင်းမလားလို့ ရယ်ရွှန်း ပတ်ရွှန်းနဲ့ သူ စပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး ပါတီ (Reform Party) ဝင်အနေနဲ့ ၂၀၀၀ ခုနှစ်မှာ သမ္မတလောင်းရွေးပွဲထဲ သူ ခဏလောက် ဝင်ပြိုင်ခဲ့ပြီး ၂၀၁၂ မှာတော့ ရီပတ်ဘလီကန် ပါတီကနေ ဝင်ပြိုင်ခဲ့ပါတယ်။

ထရမ့်ဟာ အများမသိသေးတဲ့ဟာတွေလို့ ဆိုပြီး ဆင်ထားတဲ့ ဇာတ်လမ်းတွေကို အသုံးချ မေးခွန်းထုတ်ရာမှာ နာမည်ကျော်တဲ့သူတွေထဲက တယောက်ပါ။ ဥပမာ - ဘားရက် အိုဘားမားက အမေရိကန်မှာ မွေးခဲ့တာ ဟုတ်ရဲ့လား လို့ အမေးထုတ် တာမျိုးပါ။ ဒါကို သူလိမ်လည် ပြောခဲ့တာဆိုတာကို ၂၀၁၆ အထိ ဝန်မခံခဲ့ပါဘူး၊ ဝန်ခံပြီးနောက်ပိုင်းလည်း ဒီလို လိမ်ညာခဲ့တဲ့အပေါ် မတောင်းပန်ခဲ့ပါဘူး။

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စီမံချက်များစွာကို ထရမ့် တာဝါကနေ စတင်ခဲ့

၂၀၁၅ ဇွန်လကျမှ သူ အိမ်ဖြူတော်ခရီးအတွက် ဝင်ပြိုင်တော့မယ်လို့ တရားဝင် ကြေညာခဲ့ပြီး အမေရိကန် အိပ်မက်ဟာ သေဆုံးနေပြီ လို့ ဆိုကာ "ပိုကြီးကျယ်ပြီး ပိုကောင်းတဲ့ အမေရိကန် အိပ်မက်ကို ပြန်ယူကြစို့" လို့ ကတိပြုခဲ့ပါတယ်။

သူ့ချမ်းသာကြွယ်ဝမှုတွေ၊ သူ့ စီးပွားရေးတွေကို ထုတ်ထုတ်ကြွားပြီး အာသွက်သွက်နဲ့ ပြောတဲ့ သူ့မိန့်ခွန်းတွေအထဲ မက္ကဆီကိုဟာ အမေရိကန်ကို မူးယစ်ဆေးဝါးတွေ၊ ရာဇဝတ် ကောင်တွေ၊ မုဒိမ်းသမားတွေကို ပို့နေတာလို့ စွပ်စွဲကာ နယ်စပ်မှာ တံတိုင်း ဆောက်မယ်၊ အဲဒီ တံတိုင်းဆောက်ခကို မက္ကဆီကိုက ပေး‌အောင် သူ လုပ်မယ် ဆိုတာမျိုးတွေကို ကတိပေးလာပါတယ်။

အငြင်းအခုံဖြစ်စရာ စကားတွေကို စင်မြင့်ကပြောရင်း၊ အငြင်းပွားစရာ ပေါ်လစီ တွေကို ချပြရင်း သူ့ကို ချစ်ခင်နှစ်သက်တဲ့ ပရိသတ်တွေ ပေါ်လာသလို တူးတူးခါးခါး ‌ဝေဖန်သူတွေလည်း ရှိလာခဲ့ကာ မီဒီယာတွေမှာ သူ့ကို အရေးပေးဖော်ပြ လာကြ ပါတယ်။

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၅ - ၁၆ ရီပတ်ပလီကန် ပရိုင်မရီ ရွေးကောက်ပွဲမှာ သူ အသာစီးရခဲ့

သူ့ ကမ်ပိန်း ကြွေးကြော်သံ 'အမေရိကန်ကို ပြန်ကြီးကျယ်အောင် လုပ်ကြစို့ - Make America Great Again' နဲ့ အတူ ရီဘတ်ပလီကန်အတွင်းက သူ့ပြိုင်ဖက်တွေကို အနိုင်ရခဲ့ပြီး ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဟီလာရီ ကလင်တန်နဲ့ သူ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ခဲ့ပါတယ်။

သူ့ရဲ့ လိင်ပိုင်း စော်ကားပြောတဲ့ အပြောအဆို တိတ်ခွေတွေ ပေါက်ထွက်လာတာ အပါအဝင် တခြား အငြင်းပွားစရာတွေ ထွက်လာခဲ့တာမို့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ကမ်ပိန်းဟာ အထိအခိုက်တွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ လူထုစစ်တမ်းတွေမှာ သူက နောက်ကလိုက်ခဲ့ရသူ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ မစ္စ ကလင်တန်လို ဝါရင့် နိုင်ငံရေးသမားတယောက်ကို သူအနိုင်ရခဲ့ပြီး သုံးသပ်သူတွေ၊ စစ်တမ်းဆရာတွေ အံ့အားသင့်သွားအောင် သူ လုပ်ပြနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတ အဖြစ် သူ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

သမ္မတ

သမ္မတဖြစ်ပြီး နာရီပိုင်းကစလို့ သူက ဒရာမာ ဇာတ်လမ်းတွေထွက်လာအောင် လုပ်ခဲ့ ပါတယ်။ သူ့ ရဲ့ ထုတ်ပြန်ချက်တွေကို အဲဒီအချိန်တုန်းက တွစ်တာ (အခု အိတ်စ်) က တင်တယ်။ တခြား နိုင်ငံ့ခေါင်း‌ဆောင်တွေကို လူသိရှင်ကြား ရန်တွေ့ တဲ့ အကြိမ် ကလည်း မနည်းလှပါဘူး။

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့် သမ္မတဖြစ်နေစဥ်မှာ အမေရိကန်နဲ့ ပုံမှန် မဟာမိတ်တွေအဖို့ သူဘာပြောမယ်။ ဘယ်လို ရပ်တည်မယ်ဆိုတာတွေက မမှန်းဆနိုင်ခဲ့ပါဘူး

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ ကုန်သွယ်မှုဆိုင်ရာ အရေးကြီး စာချုပ်တွေထဲကနေ သူက နုတ်ထွက်တယ်၊ မွတ်ဆလင် နိုင်ငံကြီး ၇ နိုင်ငံက ခရီးသွားတွေကို သူက အမေရိကန်ကို မလာဖို့ ပိတ်ပင်တယ်၊ ပြည်ဝင်ခွင့်နဲ့ ပတ်သက်ပြီး နောက်ထပ် တင်းကျပ်တဲ့ ဥပဒေတွေကို ထုတ်တယ်၊ တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲ ဆင်တယ်၊ အခွန်တွေကို စံချိန်တင် ဖြတ်တောက်တယ်၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပုံစံပြောင်းပစ်တယ် စတာတွေကို သူလုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၆ ထရမ့် မဲဆွယ်ကမ်ပိန်းမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သလား ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် အချိန် ၂ နှစ်လောက်ယူပြီး အထူးစုံစမ်းရေးအဖွဲ့က ဆန်းစစ် ခဲ့ရပါတယ်။ ကွန်ပျူတာဟက်ခ်လုပ်တာ၊ ဘဏ္ဍာရေး ရာဇဝတ်မှုတွေ ကျူးလွန်တာ စတဲ့ အမှုတွေနဲ့ လူ ၃၄ ယောက် ရုံးတင်ခံခဲ့ရပါတယ်၊ အဲဒီအထဲ ထရမ့်ကတော့ မပါပါဘူး။ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာမျိုး ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က အတည် မပြုနိုင်ခဲ့ပါဘူး။

နောက်သိပ်မကြာခင်မှာပဲ သမ္မတအပေါ် လွှတ်တော်က စွပ်စွဲပြစ်တင် အရေးယူ ဆောင်ရွက်မှု (impeachment)ကို သူခံရပါတယ်။ အမေရိကန် သမ္မတ သမိုင်းမှာ ဒါမျိုးဖြစ်တာ သူပါနဲ့မှ ၃ ကြိမ်သာ ဖြစ်ခဲ့တာပါ။ ဒီမိုကရက်တစ်တွေ လွှမ်းမိုးတဲ့ အောက်လွှတ်တော်က သူ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ ရီပတ်ဘလီကန်တွေ အသာရတဲ့ ဆီးနိတ်အထက်လွှတ်တော်က သူ့ကို တရားသေ လွှတ်ပေးခဲ့ပါတယ်။

သူ့ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်နှစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်အရေးနဲ့ လွှမ်းမိုး ခဲ့ပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လူသေဆုံးရတဲ့ အရေအတွက် စာရင်းက ကမ္ဘာမှာ ထိပ်က ရှိနေခဲ့တာရယ်၊ ဒီဗိုင်းရပ်စ် သေသွားအောင် သန့်ရှင်းရေးသုံး ပိုးသတ်ဆေးတွေကို လူကို ထိုးပေးလို့ ရ၊ မရ သုတေသနလုပ်ကြပါလားလို့ ဆိုတဲ့ သူ့ရဲ့ ကရော်ကမည် မှတ်ချက်စကား တွေကြောင့် ဒီကပ်ဘေးကို သူကိုင်တွယ် ခဲ့ပုံနဲ့ ပတ်သက်ပြီး လူအများက သူ့ကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

ကိုဗစ်ပိုး သူကိုယ်တိုင် ကူးစက်ခံရလို့ ‌မဲဆွယ်ခရီးစဥ် လုပ်နေတုန်း အောက်တိုဘာလ ထဲမှာ သူနားခဲ့ရပါသေးတယ်။

ဒါပေမဲ့လည်း သူ မဲပေါင်း ၇၄ သန်းရခဲ့ပါတယ်၊ ဒီပမာဏဟာ အရင် သမ္မတ ဖြစ်ဖူး ခဲ့တဲ့ သူတွေ ရဖူးတဲ့ မဲအရေအတွက်ထက်များပါတယ်။ ဒါပေမဲ့ သူ့ထက် မဲ ၇ သန်း ပိုရတဲ့ မစ္စတာ ဘိုင်ဒန်ကို သူရှုံးသွားပါတယ်။

မဲတွေ အခိုးခံခဲ့ရတယ်၊ ရွေးကောက်ပွဲ မဲလိမ်တာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ အပြော တွေကို ၂၀၂၀ နိုဝင်ဘာနဲ့ ၂၀၂၁ ဇန်နဝါရီကြားမှာ သူက ထပ်ပြီး ပဲ့တင် လိုက်ခဲ့ ပါတယ်။ မဲလိမ်တယ်လို့ စွပ်စွဲပြောတဲ့ တရားရုံးအမှုပေါင်း ၆၀ ကျော်ရှိခဲ့ပြီး တရားရုံးတိုင်းမှာ မဲလိမ်တယ်လို့ စွပ်စွဲသူတွေဖက်က ရှုံးခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ ထရမ့်ဟာ ဇန်နဝါရီလ ၆ ရက်နေ့က သူ့ကို ထောက်ခံသူတွေကို ဝါရှင်တန်မှာ စုဝေးပွဲလုပ်ကာ မစ္စတာ ဘိုင်ဒန်ရဲ့ အောင်ပွဲကို တရားဝင်အသိအမှတ်ပြုတော့မယ့် လွှတ်တော် အဆောက်အဦ ကက်ပီတယ်ကို ဝင်သိမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီလူစုဝေးပွဲက လူအုပ်ကြီးဟာ လွှတ်တော်ကို ဝင်စီးနင်းကြလို့ သူ့ရဲ့ ဒုသမ္မတ အပါအဝင် လွှတ်တော်အမတ်တွေ အများအပြား အန္တရာယ်ကြားကို ရောက်ခဲ့ရ ပါတယ်။ အဲဒီအဖြစ်ကြောင့် သမိုင်းဝင် ဒုတိယမြောက် လွှတ်တော် စွပ်စွဲ ပြစ်တင် စီရင်မှုကို သူ ခံရပါတယ်။ ထရမ့်ဟာ ဒီတကြိမ်မှာလည်း ဆီးနိတ်ကြောင့် ခပ်သီသီ လေး လွတ်သွားခဲ့ပါတယ်။

အဲဒီနေ့က သူ့လုပ်ရပ်တွေကြောင့် သူ ရာဇဝတ်မှု ၂ ခုနဲ့ စွဲချက်တင်ထားတာကို အခု ရင်ဆိုင် ရဆဲပါ။

ပြန်လာပြီ

ကက်ပီတယ် လွှတ်တော်အဆောက်အဦ ဝင်စီးတဲ့ အဖြစ်ဖြစ်ပြီးနောက်ပိုင်း ထရမ့်ရဲ့ နိုင်ငံရေးက သေသလောက် ဖြစ်သွားတာပါ။ သူ့ကို ရန်ပုံငွေလှူသူတွေ၊ ထောက်ခံ သူတွေက သူ့ကို နောက်ထပ် မထောက်ခံတော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြသလို၊ သူ့ အနီးကပ် မဟာမိတ်တွေသည်ပင် သူ့ကို စွန့်ခွာခဲ့ကြတာပါ။

သူ့နေရာကိုလွှဲပေးရတဲ့ သမ္မတ တင်မြှောက်ပွဲအခမ်းအနားကို သူရှောင်နေခဲ့ပြီး သူ့မိသားစုက ဖ‌လော်ရီဒါကို သွားနေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို သစ္စာရှိရှိထောက်ခံသူတွေ ရှိနေဆဲဖြစ်လို့ ရီပတ်ဘလီကန်ပါတီကို သူ ပြန်လာပြီး သြဇာ လွှမ်းနိုင် ခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံရေးမှာ သမိုင်းထင်ကျန်ရစ်တဲ့ အမွေတွေအထဲ အထင်ရှားဆုံးကတော့ နှစ် ၅၀ လောက် သက်တမ်းရှိပြီဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကို ဖျက်သိမ်းနိုင်ခဲ့တဲ့ အဖြစ်ပါ။ သူ တရားရုံးချုပ်အတွက် အမည်စာရင်းတင်သွင်းခဲ့တဲ့ လက်ယာဝါဒီ တရားသူကြီး ၃ ယောက်က တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ်အမြင်ကို အများစုအဖြစ် ထိန်းထားနိုင်ပြီး အဲဒီ ဥပဒေကို ဖျက်နိုင်ခဲ့တာပါ။

၂၀၂၂ ခုနှစ် သက်တမ်းအလယ် (midterm) ရွေးကောက်ပွဲမှာ ရီဘတ်ပလီကန်တို့ အခြေမလှခဲ့ပေမဲ့ ထရမ့်က သူ နောက်ထပ် သမ္မတ သက်တမ်းအတွက် ယှဥ်ပြိုင်မယ် လို့ ကြေညာခဲ့ကာ နောက် မကြာမီမှာပဲ သူက သူ့ပါတီရဲ့ သမ္မတလောင်း အဖြစ် ပြက်ပြက်ထင်ထင် ပေါ်ထွက်လာပါတယ်။

သူ့ရဲ့ အရင် ဒုတိယ သမ္မတ အပါအဝင် တဒါဇင်လောက်ရှိတဲ့ ယှဥ်ပြိုင်သူတွေက သူ့ကို စကားစစ်ထိုးဖို့ စိန်ခေါ်ခဲ့ကြပေမဲ့ သူက ဒါတွေကို ဘိုင်ဒန်အတွက် ရည်စူးထား တယ်လို့ ဆိုပြီး ရှောင်ကြဥ်ခဲ့ပါတယ်။

ရာဇဝတ်မှု ၄ မှု နဲ့အတူ ဥပဒေချိုးဖောက်မှု ၉၁ မှုနဲ့ ရင်ဆိုင်နေရတဲ့ ထရမ့်ဟာ သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်နေပြီး တရားရုံးတက်ဖို့ အချိန်ဆွဲနေတဲ့ သူ့ရဲ့ ဗျူဟာက အောင်မြင်နေပါသေးတယ်။

ဇူလိုင်လ ၃၀ ရက်နေ့က ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ ဘတ်တလာမြို့မှာ ကမ်ပိန်း လူထုစုဝေးပွဲလုပ်နေစဥ် အသက် ၂၀ အရွယ် သေနတ်သမားတယောက်က ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ လူထုစုဝေးပွဲအနားက အဆောက်အဦ အမိုးတခု ပေါ်ကနေ သောမတ်စ် မက်သရူး ခရွတ်ခ်က အေအာ အမျိုးအစား ရိုင်ဖယ်နဲ့ ၈ ချက်ပစ်ခဲ့ပြီး ထရမ့်ရဲ့ ညာဘက် နားရွက်မှာ ဒဏ်ရာရခဲ့ပါတယ်။ နောက်ပိုင်းမှာ သေနတ်သမားလည်း လုံခြုံရေးတပ်ဖွဲ့က စနိုက်ပါတွေရဲ့ လက်ချက်နဲ့ သေသွားပါတယ်။

နောက်ရက်ပိုင်းအကြာမှာ လုပ်ခဲ့တဲ့ ရီပတ်ဘလီကန် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ သူ့ပါတီက သူ့ကို ကောင်းချီးပေးခဲ့ပြီး ရီဘတ်ပလီကန် သမ္မတလောင်းအဖြစ် တတိယအကြိမ် ဝင်ပြိုင်ဖို့ တခဲနက် ထောက်ခံခဲ့ကြပါတယ်။ သူ့ကို ဘိုင်ဒန်ကို ယှဥ်မယ့်သူအဖြစ် ရွေးခဲ့ကြပါတယ်။

ဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ် အစိုးရ သက်တမ်းဟာလည်း ကပ်ဘေးအလွန် စီးပွားရေး အခက်အခဲတွေ၊ ငွေကြေးဖောင်းပွတာတွေ၊ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများ အရေး၊ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ကသောင်းသနင်းကိစ္စတွေနဲ့ ပြည့်နေတာပါ။

မစ္စတာ ဘိုင်ဒန်က သူဝင်အရွေးမခံတော့ဘူးလို့ ဘေးထွက်လိုက်ပြီး သူ့ ဒုတိယ သမ္မတ ကာမလာ ဟဲရစ်ကို တင်တဲ့အခါ ထရမ့်က အုပ်ချုပ်ရေးဆိုင်ရာ မအောင် မြင်မှုတွေကို ထောက်ပြပြီး တိုက်ခိုက်ထိုးနှက်ခဲ့ပါတယ်။

လူထုစစ်တမ်းမှာတော့ မစ္စ ဟဲရစ်က လစ်ဘရယ်တို့ရဲ့ ထောက်ခံမှုတွေ ရထားသလို သူ့ကမ်ပိန်းအတွက် ရန်ပုံငွေ လှူတဲ့သူတွေကလည်း ဒေါ်လာ မီလျံများစွာ ထည့်ဝင် နေတာပါ။ သူတို့ ၂ ယောက်ရဲ့ ပြိုင်ပွဲကတော့ သူမသာ ကိုယ်မသာ အခြေအနေပါ။

အမေရိကန်သမ္မတရွေးကောက်ပွဲနေ့ဖြစ်တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ဟာ "ကျွန်ုပ်တို့ နိုင်ငံရဲ့ သမိုင်းမှာ အရေးအကြီးဆုံးနေ့" ဖြစ်လိမ့်မယ်လို့ ထရမ့်က သူ့ကို ထောက်ခံတဲ့ပြည်သူတွေကို ပြောခဲ့ပါတယ်။