ဒေါ်နယ် ထရမ့် သမ္မတဒုတိယသက်တမ်း ဘာတွေဖြစ်လာနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်ရင် သူ့ ပထမသက်တမ်းတုန်းက ရခဲ့တဲ့အတွေ့အကြုံတွေက ဒုတိယ သက်တမ်းအတွက် ကောင်းတဲ့လမ်းညွှန်ချက်တွေ ဖြစ်လာမယ်လို့ သုံးသပ်သူတချို့က ပြောကြပါတယ်။
၂၀၂၀ ပထမ သက်တမ်းတုန်းက မပြီးမြောက်ခဲ့တာတွေကို ဆက်လုပ်မယ်လို့ သူတို့က သုံးသပ်ကြပါတယ်။
သူ့ ပထမသက်တမ်းမှာ အမေရိကန်တောင်ပိုင်းနယ်စပ် ပိတ်ဆို့ရေးက ထင်ရှားတဲ့မူဝါဒတစ်ခုဖြစ်ခဲ့ပြီး အပြီးမသတ်နိုင်ခဲ့တဲ့ စီမံကိန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ဆောက်ဖို့လိုတယ်လို့ ထရမ့်မျှော်မှန်းထားတဲ့ တံတိုင်းရဲ့ တည်ဆောက်ရေး အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုချက်မရခဲ့တာကြောင့် အထမမြောက်ခဲ့တာပါ။
တံတိုင်းအပြီးတည်ဆောက်ရေးဆိုတဲ့ သူ့ရွေးကောက်ပွဲကတိကိုဆက်တည်နိုင်ဖို့လည်း တွေးထား ခဲ့ တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အစုလိုက်အပြုံလိုက် နယ်နှင်ဒဏ်ပေးခံရနိုင်ခြင်း
နိုင်ငံထဲမှာ တရားဝင်နေထိုင်ခွင့် မရထားတဲ့သူတွေကို အကြီးအကျယ် နယ်နှင်ဒဏ်ပေးရေးအတွက် သူ့အစီအစဥ်ကို ကွန်ဂရက် လွှတ်တော် ထောက်ခံမှုရလာအောင် သမ္မတထရမ့်ဘက်က ကြိုးစားလာနိုင်ခြေ ရှိပါတယ်။
၂၀၂၂ ခုနှစ်အတွင်း အမေရိကန်မှာ တရားမဝင်နေထိုင်သူ ၁၁ သန်း ဝန်းကျင်ရှိတယ်လို့ Pew သုတေ သန စင်တာက ခန့်မှန်းထားပေမဲ့ ထရမ့်နဲ့ သူ့ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က အဲဒါထက် သန်းပေါင်းများစွာပိုရှိတယ်လို့ ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေ အစုလိုက်အပြုံလိုက် နိုင်ငံထဲက နှင်ဖို့ဆိုရင် ကုန်ကျစရိတ်များနိုင်ပြီး အကောင်အထည်ဖော်ဖို့လည်း ခက်ခဲနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက်တစ်ခုက အထောက်အထားမဲ့အလုပ်သမားတွေဟာ စီးပွားရေးမှာ အရေးပါတဲ့ကဏ္ဍတစ်ခုမှာရှိနေတဲ့အတွက် တချို့ စီးပွားရေးကဏ္ဍတွေမှာ အနုတ်လက္ခဏာဆောင်လာနိုင်တယ်လို့ သုံးသပ်ကြတာပါ။
ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းအဖြစ် နာမည်တင်သွင်းတာကို ထရမ့်လက်ခံခဲ့တဲ့ ဇူလိုင်လ အတွင်းမှာ သူက “အကြီးအကျယ်ငွေကြေးဖောင်းပွတဲ့ပြသနာ ချက်ချင်းဖြေရှင်းဖို့၊ အတိုးနှုန်း တွေလျှော့ပေးဖို့ နဲ့ စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချဖို့” ကတိကဝတ်ပြုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့ပြီး နောက်နှစ်မှာ သက်တမ်းကုန်တော့မယ့် အခွန်လျှော့ချရေး အက်ဥပဒေ ကိုလည်း သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာပါ။
ဒါက ရိုးရှင်းလွယ်ကူတဲ့အခွန်ကောက်ခံတဲ့စနစ်ဖြစ်ဖို့ နဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ် များစွာအတွင်း အခွန်ဆိုင်ရာ အလုံးစုံပြုပြင် ပြောင်းလဲမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
အခွန်လျှော့ချရေးအက်ဥပဒေကနေ ချမ်းသာကြွယ်ဝသူတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေကသာ အကျိုးရှိနေတာကြောင့် ဒီမိုကရက်တွေဘက်က ဒါကိုပြုပြင်ဖို့တောင်းဆိုခဲ့ကြပါတယ်။
စီးပွာရေးလုပ်ငန်းကြီးတွေရဲ့အခွန်ကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့အပြင် အငြိမ်းစားတွေရဲ့ ထောက်ပံ့ ကြေး နဲ့ လူမှုဖူလုံရေးဆိုင်ရာအခွန်ကိုလည်း ကင်းလွတ်ခွင့်ပေးဖို့ ထရမ့်က ရည်စူးထားတာပါ။
နောက် ကုန်သွယ်ရေးတိုက်ပွဲ ဖြစ်လာမလား
စွမ်းအင်စရိတ်ကြီးတာကြောင့် ငွေကြေးဖောင်းပွတာလို့ ထရမ့်က ယုံကြည်နေပြီး အဲဒီစရိတ်ကို လျှော့ချဖို့ သူက ရေနံတွင်းတွေ ထပ်တူးချင်နေပေမဲ့ အကဲခတ်တွေကတော့ ဒါကို အပြည့်အဝ လက်မခံပါဘူး။
နိုင်ငံခြားသွင်းကုန်တွေကို အခွန် ၁၀ ရာခိုင်နှုန်းက နေ ၂၀ ရာခိုင်နှုန်းအထိ စည်းကြပ်ဖို့ စီစဥ်တယ်လို့ ဆိုပြီး တရုတ်သွင်းကုန်တွေကို ၆၀ ရာခိုင်နှုန်းအထိ အမြင့်ဆုံး ကောက်ခံမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်တာက အမေရိကန်စားသုံးသူတွေ ဈေးကြီးပေးဝယ်ရတဲ့ အခြေအနေဆိုက်သွားလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက သတိ ပေးထားကြပါတယ်။
သမ္မတထရမ့်က သူ ပထမ တစ်ကြိမ် သမ္မတသက်တမ်း တာဝန်ထမ်းဆောင်နေချိန်အတွင်းမှာ တရုတ်ကို မမျှတတဲ့ ကုန်သွယ်ရေးလုပ်ဆောင်သူ နဲ့ ဥာဏဆိုင်ရာပစ္စည်းခိုးယူ သူအဖြစ် စွပ်စွဲပြီး ကုန်သွယ်ရေးတိုက်ပွဲစခဲ့ပါတယ်။
ဒါပေမဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်ပေါင်းထားတဲ့ ကွန်ဂရက်လွှတ်တော်မှာ တက်လာမယ့် လွှတ်တော်အမတ်အသစ်တွေနဲ့ အခင်းအကျင်းမှာ ကွန်ဂရက်လွှတ်တော်မှာ ရီပတ်ဘလီကန် ကြီးစိုးမယ်ဆိုရင်တော့ သူ့ မူဝါဒတွေကို သူလုပ်ချင်တဲ့အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ အထောက်အပံ့ ဖြစ်မှာကတော့ သေချာသလောက်ပါ။
ဒါပေမဲ့ တစ်ခုရှိတာက ၂၀၁၇ - ၂၀၁၉ ခုနှစ် ကာလတွေမှာလည်း ရီပက်ဘလီကန်တွေက အောက်လွှတ်တော်ရော အထက်လွှတ် တော်ရော နှစ်ခုစလုံးကို ထိန်းချုပ်ထားခဲ့တာကိုတော့ မေ့ထားလို့ မရပါဘူး။
ဒါပေမဲ့ အဲဒီတုန်းက ကွန်ဂရက်လွှတ်တော်အတွေ့အကြုံ နည်းသေးတဲ့ ထရမ့်ဟာ လွှတ်တော် လုပ်ငန်းတွေနဲ့ စိမ်းနေခဲ့ပါတယ်။ ဒါတွေက အစိုးရအနေနဲ့ရော၊ ရီပတ်ဘလီကန်တွေ လွှတ်တော်မှာ အများစုရှိနေတာကိုရော အသုံးချပြီး သူတို့ရဲ့ အဓိက မူဝါဒတွေကို အောင်မြင်အောင်လုပ်ဖို့ အားနည်းခဲ့တယ်လို့ အဲဒီအချိန်က နိုင်ငံရေး သုံးသပ်သူတွေက ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ရီပက်ဘလီကန်တွေဟာ လွှတ်တော်နှစ်ရပ်စလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါပြီ။ ထရမ့်အစိုးရကလည်း တခြားကိစ္စရပ်တွေထက် နယ်စပ်လုံခြုံရေး၊ နယ်စပ်တံတိုင်း အကောင်အ ထည်ဖော်ရေး နဲ့ အခွန်လျှော့ချရေးတွေအတွက် ဘဏ္ဍာငွေရရှိအောင် ဥပဒေအတိုင်းလုပ်ဆောင်နိုင် တော့မှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဖြတ်ချခွင့် ပိတ်ပင်ခြင်း
ထရမ့်ဟာ သူ့ ပထမအကြိမ်သက်တမ်းတုန်းက ၁၉၇၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ Roe v Wade ဥပဒေကို ပြုပြင်ပြီး ကိုယ်ဝန်ဖြတ်ချခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတစ်ရပ်အဖြစ် ပြောင်းလဲရေးကိစ္စတွေအတွက် အခရာကျတဲ့ တရားရုံးချုပ်တရားသူကြီး ၃ ဦးကို ထရမ့်က ကိုယ်တိုင်ခန့်အပ်ခဲ့ပါတယ်။ သမ္မတသစ်က သူ့ဒုတိယသက်တမ်းမှာ ဘယ်လိုဆက်ကိုင်တွယ်သွားမလဲဆိုတဲ့အပေါ်လည်း စိတ်ဝင်စားသူများစွာရှိနေပါတယ်။
စက်တင်ဘာလအတွင်း ကာမလာ ဟဲရစ်နဲ့ ရုပ်သံစကားရည်လုပွဲတစ်ခုမှာတော့ ထရမ့်က ကိုယ်ဝန်ဖျက်ချခွင့်တားမြစ်ပိတ်ပင်ခြင်းဥပဒေကို ဖက်ဒရယ် လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
သူက “အားလုံးလိုလားချက်ကို ရထားပြီးသားမို့ တားမြစ်တဲ့ဥပဒေကို လက်မှတ်ထိုးစရာ မလိုတော့ဘူး”လို့ ပြောထားတာပါ။
တံခါးပိတ်ဝါဒ နဲ့ တစ်ကိုယ်တော်ဝါဒ
သမ္မတထရမ့်ရဲ့ ဒုတိယသက်တမ်းဟာလည်း ပထမသက်တမ်းတုန်းကလိုပဲ နိုင်ငံခြားရေးမူဝါဒဘက်မှာ တခြားကမ္ဘာ့နိုင်ငံတွေရဲ့ပဋိပက္ခတွေကနေ ခပ်ကင်းကင်းနေချင်တဲ့ သဘောဆောင်နိုင်ခြေရှိပါတယ်။
ယူကရိန်းစစ်ပွဲကိုလည်း ရုရှားနဲ့တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းနဲ့ ၂၄ နာရီအတွင်း စစ်ပွဲရပ်တန့် အောင်လုပ်မယ်လို့ ပြောဖူးပါသေးတယ်။
ဒီလုပ်ရပ်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပိုရဲတင်းအောင်ပေးသလိုဖြစ်မယ်လို့ ဒီမိုကရက်တွေက ဝေဖန်ထားကြတာပါ။
ထရမ့်က သူ့ကိုယ်သူ အစ္စရေးအမာခံထောက်ခံသူလို့ပြောထားပေမဲ့ ဂါဇာစစ်ပွဲရပ်တန့်အောင် ဘယ် လိုလုပ်မယ်ဆိုတာတော့ သိပ်မပြောပါဘူး။
“ထရမ့်အစိုးရဟာ တံခါးပိတ်ဝါဒ နဲ့ တစ်ကိုယ်တော်ဝါဒကိုစွဲကိုင်ပြီး ကမ္ဘာပေါ်က မငြိမ်မသက်မှု တွေကို ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုယူဆောင်လာနိုင်ခြေ ရှိပါတယ်”လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး နဲ့ အရေးပေါ် ကယ်ဆယ်ရေး ဒုတိယ ပူးပေါင်းညှိနှိုင်းရေးမှူးဟောင်း၊ ဝါရင့်ပဋိပက္ခ ကြားဝင်ဖြန်ဖြေရေးသမား မာတင် ဂရစ်ဖစ်က ပြောပါတယ်။
နေတိုးအရာရှိဟောင်း နဲ့ Exeter တက္ကသိုလ်ရဲ့ မဟာဗျူဟာ နဲ့လုံခြုံရေး ပါမောက္ခ ဂျေမီ ရှီးယားက တော့ “သမ္မတထရမ့်ရဲ့ ပထမသက်တမ်း လုပ်ဆောင်ချက်က သမားရိုးကျက ကွဲထွက်နေလို့ တမျိုး ဖြစ်နေပေမဲ့ အနှစ်သာရအရတော့ အကျိုးဆက်ရှိသွားတယ်”လို့ ပြောပါတယ်။
နိုင်ငံသမိုင်းမှာတော့ ဒေါ်နယ် ထရမ့်ဟာ သမ္မတသက်တမ်းနှစ်ခုကို တစ်ယောက်ခြားပြီးမှ ထမ်း ဆောင်ခွင့်ရတဲ့ ဒုတိယမြောက် သမ္မတဖြစ်ပါတယ်။
ပထမ သမ္မတကတော့ ၁၈၈၅ - ၁၈၈၉ ခုနှစ်မှာ သမ္မတဖြစ်ခဲ့တဲ့ ဂရိုဗာ ကလိဗ်လန်းဖြစ်ပါတယ်။
နောက်သက်တမ်းအတွက် ပြန်ရွေးကောက်မခံရဘဲ နောက် ၄ နှစ်အကြာ ၁၈၉၃ - ၁၈၉၇ သက်တမ်း အတွက်မှ ပြန်လည်ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။












