ထရမ့်ပေးတဲ့သောကနဲ့မြန်မာဒုက္ခသည်တွေ

ကမ္ဘာအနောက်ဖက်ခြမ်းက အမေရိကန်နိုင်ငံရဲ့ သမ္မတ အပြောင်းအလဲက ကမ္ဘာ့အရှေ့ခြမ်း ထိုင်း - မြန်မာနယ်စပ် ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည်တွေကို လှိုင်းဂယက်ပြင်းပြင်း ရိုက်ခတ်လာပါတယ်။
တကျော့ပြန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့် စတင်တာဝန်ယူတဲ့နေ့မှာပဲ အတည်ပြုထုတ်ပြန်တဲ့ ''ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို ဆိုင်းငံ့တဲ့ ဥပဒေ'' က အမေရိကန်ကိုအခြေချခွင့်ရထားတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ခရီးစဥ် ပျက်ပြယ်သွားစေခဲ့ပါတယ်။
နှစ် ၇၀ ကျော် မြန်မာပြည်တွင်းစစ်ကြောင့် ထိုင်း - မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းက ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ် ၃ စုမက ခိုလှုံရင်း အမေရိကန်အိပ်မက် မက်ကြတဲ့ ဒုက္ခသည်တွေ သောင်းနဲ့ချီ ရှိပါတယ်။
ဒါပေမဲ့ ၂၀၂၅ မှာ အမေရိကန်သမ္မတပြန်ဖြစ်လာတဲ့ မစ္စတာထရမ့်ရဲ့ အမိန့်တွေက မြန်မာဒုက္ခသည်တွေအတွက် "ဆောင်းတွင်းအိပ်မက်" လို မရေမရာဖြစ်လာပါတယ်။ ဘာကြောင့်ပါလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှုတ်ခမ်းဝရောက်ခါနီးမှ လွတ်ကျတဲ့ ထမင်းလုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၇ နှစ်တာနေခဲ့တဲ့ အုန်းပြန်ဒုက္ခသည်စခန်းကနေ အမေရိကန်ကို အခြေချခွင့်ရမယ့် အသက် ၄၆ နှစ် အရွယ် မနော်နော် အတွက် သမ္မတထရမ့်အစိုးရတက်မလာခင်ကတော့ မျှော်လင့်ချက်တွေအပြည့်ဖြစ်ခဲ့သူဖြစ်ပါတယ်။
"ကျွန်မစိတ်ကူးက ကိုယ်ပိုင်အိမ်လေးလိုချင်တယ်။ ကိုယ်ဝတ်ချင်တာလေးတွေ ဝတ်ရအောင် အလုပ်လုပ်မယ်၊ ကိုယ်သေရင်တောင် ကိုယ်ပိုင်အိမ်လေးမှာ ခေါင်းချချင်တယ်၊ အဲဒါကြောင့် အမေရိကန်ကို သွားချင်တာ"လို့ မနော်နော်က ပြောပါတယ်။
အုန်းပြန်စခန်းမှာ သူနေခဲ့တဲ့အိမ်ကို နေစရာလိုအပ်နေတဲ့ ဘဝတူဒုက္ခသည်တစ်ဦးကို လွှဲပေးခဲ့ပြီး ဇန်နဝါရီ ၉ ရက်မှာ IOM( ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့) ရဲ့ အစီအစဥ်နဲ့ မဲဆောက်ကို ထွက်လာခဲ့ရပါတယ်။
မဲဆောက်မှာ ဆေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးတာတွေလုပ်ပြီး လေယာဉ်လက်မှတ်ရဖို့သာစောင့်နေခဲ့တာဖြစ်ပါတယ်။ တတိယနိုင်ငံသွားရတဲ့လုပ်ငန်းစဥ်အတိုင်း မဲဆောက်မြို့က IOM စီစဥ်ပေးထားတဲ့ ဟိုတယ်မှာ စောင့်ဆိုင်းနေချိန်မှာ သတင်းဆိုးတစ်ခု က မနော်နော် ဆီရောက်လာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တကျော့ပြန် ပြန်လည်တာဝန်ထမ်းဆောင်တဲ့ ဇန်နဝါရီ ၂၀ ရက်က အမေရိကန်ကို ဒုက္ခသည်ခေါ်ယူရေးအစီအစဉ်တွေ ရပ်ဆိုင်းလိုက်တဲ့ အခါမှာတော့ သူထွက်လာခဲ့တဲ့ အုန်းပြန်ဒုက္ခသည်စခန်းကို မနော်နော် ပြန်ခဲ့ရပါတယ်။
တကယ်တော့ မနော်နော် တစ်ယောက်တည်းတင်မကပါဘူး။ သူနဲ့အတူ မဲဆောက်က ဟိုတယ်မှာစောင့်နေတဲ့ အုန်းပြန်စခန်း က မိသားစု ၈ ခု က လူ ၂၆ ယောက် လည်း ပြန်ခဲ့ရတာဖြစ်ပါတယ်။
'' အမေရိကန်သွားဖို့ စီစဉ်ပေးနေတဲ့ IOMက ဒုက္ခသည်စခန်းတွေကို ခဏပြန်ပြီး စောင့်ဆိုင်းဖို့ လာပြောခဲ့တာ'' လို့ မနော်နော်က ပြောပြပါတယ်။
လုံးဝသွားခွင့်မရသေးတာ၊ သွားခွင့်ရဖို့ လုပ်ငန်းစဥ် အဆင့်ဆင့်ကို စောင့်နေရတာမျိုးဆိုရင် ပြဿနာ မရှိပေမဲ့ သွားရဖို့ သေချာနေပြီးသားအချိန်မှာ တားဆီးခံထားရတာကြောင့် မျှော်လင့်ချက်ပျက်ခဲ့ရတယ်လို့ အမေရိကန်သွားခွင့်မရသူတွေက ရင်ဖွင့်ကြပါတယ်။
'' နှုတ်ခမ်းဝရောက်ခါနီးမှ ပြုတ်ကျသွားတဲ့ ထမင်းကို နှမြောမိသလို၊ လက်တကမ်းအရောက်မှ ပြန်စွန့်လွှတ်လိုက်ရတဲ့ ကံတရားကိုလည်း အားမလိုအားမရ ဖြစ်နေကြတာ'' လို့ မနော်နော် က သူနဲ့ဘဝတူဒုက္ခသည်တွေရဲ့ ခံစားချက်ကိုပြောပြပါတယ်။
မျှော်လင့်ခဲ့ကြတဲ့ တတိယနိုင်ငံအိပ်မက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ကို အခြေချခွင့်နဲ့ သွားဖို့အတွက်လေယာဥ်လက်မှတ်အထိ ရထားတဲ့ ထိုင်း - မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်း အုန်းပြန်ဒုက္ခသည်စခန်းက ဒုက္ခသည် အယောက် ၂၀ ခန့်ဟာ သမ္မတထရမ့် ကျမ်းသစ္စာကျိန်ဆိုတဲ့ ဇန်နဝါရီ ၂၀ ရက် မတိုင်ခင် မှာပဲ သူတို့ရဲ့ခရီးစဥ်တွေ ရပ်ဆိုင်းခံခဲ့ရပါတယ်။
"ဘာလို့ မသွားရတော့တာလဲ၊ ဘယ်တော့မှ သွားရမှာလဲဆိုတဲ့ မေးခွန်းတွေ ကျွန်တော်တို့ကို မေးလာပေမဲ့ ဖြေစရာ အဖြေမရှိဘူး။ ဒီတော့ နင်တို့လည်း သတင်းတွေဖတ်နေတာပဲ၊ အမေရိကန်နိုင်ငံရေး အခြေအနေက ဒီလိုဖြစ်နေတာပဲဆိုပြီးပဲ ပြန်ပြောနေရတယ်"လို့ ကရင်ဒုက္ခသည်များကော်မတီ -KRC က အတွင်းရေးမှူး စောပွယ်ဆေးက ဘီဘီစီကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ မယ်လ၊ အုန်းပြန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမဟင်နဲ့ အမှတ် (၁)နဲ့(၂) ကရင်နီဒုက္ခသည်စခန်း (၉) ခုရှိပြီး လူဦးရေ ၈ သောင်းဝန်းကျင် ရှိနေတယ်လို့ KRC ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မယ်လဒုက္ခသည်စခန်းဟာ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိလာပြီး ဒုက္ခသည်တွေရဲ့ တရားဝင်စည်းကမ်းအရ စခန်းအတွင်းကနေ ဘယ်မှထွက်ခွင့်မရှိဘဲ စခန်းအတွင်းမှာသာ ထွက်ပေါက်မရှိနေထိုင်နေကြရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအစိုးရရဲ့ ကန့်သတ်ချက်တွေအရ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေဟာ စခန်းပြင်ပကို ထွက်ခွာခွင့်၊ စခန်းပြင်ပမှာ အလုပ်လုပ်ခွင့်မရှိပါဘူး။
ဒါကြောင့်လည်း ဒုက္ခသည်စခန်း ၉ ခုလုံးက သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ သူတို့ အနာဂတ်ကင်းမဲ့ နေတာကြောင့် တတိယနိုင်ငံ တစ်ခုခုမှာ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဒီစခန်းမှာနေထိုင်ကြသူအများစုဟာ ၁၉၈၀ ကျော်ကာလတွေကစပြီး စစ်တပ်အစိုးရအဆက်ဆက် စစ်တပ်နဲ့ ကရင်၊ကရင်နီ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ တိုင်းရင်းသားတွေအများစုဖြစ်ပါတယ်။
ဒါတင်မ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့လို့တိမ်းရှောင်ခဲ့ရသူတွေ၊ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်မှာ စစ်တပ်ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်အောင် ထွက်ပြေးလာကြသူတွေလည်း ရှိနေပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရသူတွေဟာ လက်ရှိအချိန်မှာဆိုရင် တစ်လမှာ လူကြီးတစ်ယောက်ကို ၃၅၉ ဘတ်(ကျပ်လေးသောင်းခုနှစ်ထောင်ကျော်) ၊ အသက် ၆ လ ကနေ ၅ နှစ်အရွယ် ကလေးတစ်ယောက်အတွက် ၂၁၉ ဘတ်(နှစ်သောင်းရှစ်ထောင်ကျော်)ကို ရိက္ခာဖိုးအနေနဲ့ ရကြပါတယ်။
ဒါကြောင့် တစ်လ ရက် ၃၀ မှာ လူတစ်ယောက်အတွက် တစ်ရက်ကို ၁၁ ဘတ် (၁၅၀၀) ကျပ် ဝန်းကျင်နဲ့သာ ရရှိတာဖြစ်လို့ ဒုက္ခသည်တွေမှာ လောက်ငတာမရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။
နေ့စဥ်စားဝတ်နေရေး ကျပ်တည်းမှုကို ပြေလည်နိုင်ဖို့ ဒုက္ခသည်တွေဟာ စခန်းအပြင်ကိုထွက်ပြီး တရားမဝင်အလုပ်ထွက်လုပ်ပြီး ဖြေရှင်းကြပါတယ်။
" ထောက်ပံ့ငွေက မလောက်ကြဘူးလေ။ ဒါပေမဲ့လည်း ပေးတာကိုပဲ သုံးရတာဆိုတော့ အဲဒီလိုပဲဖြစ်နေတာ။ မလောက်တော့ အပြင်မှာထွက်ပြီး နေ့သွား၊ ညပြန်အလုပ်လုပ်ကြတယ်၊ ဒါပေမဲ့ ရဲအဖမ်းမခံရအောင် သတိထားရတာပေါ့"လို့ စောပွယ်ဆေးက ပြောပါတယ်။
ဒ့ါကြောင့် ဒုက္ခသည်စခန်းထဲမှာပဲ စိုက်ပျိုးရေးလုပ်ကြတာ၊ ကြက်၊ ဝက် အိမ်မွေးတိရစ္ဆာန်မွေးတာတွေနဲ့ နေ့စဉ်အသုံးစရိတ်ကို ပြန်ရှာနေကြရတယ်လို့ အုန်းပြန်ဒုက္ခသည်စခန်း ကော်မတီ ဒုဥက္ကဋ္ဌ က ပြောပါတယ်။
"ထိုင်းနိုင်ငံမှာနေပေမဲ့ သူများနိုင်ငံဆိုတော့ နိုင်ငံသား အခွင့်အရေးမရဘူးပေါ့။ ပညာရေးရော၊ အလုပ်လုပ်ရတာရော၊ သွားလာလှုပ်ရှားရတာလည်း အခွင့်အရေး မတူဘူးပေါ့"လို့ ဒုက္ခသည်အဖြစ် နေထိုင်ရသူတွေရဲ့ အခြေအနေကို အုန်းပြန်ဒုက္ခသည်စခန်း ကော်မတီ ဒုဥက္ကဋ္ဌက ပြောပြပါတယ်။
ကျန်းမာရေးအရ ဆေးကုသဖို့ အပြင်ထွက်မယ်ဆိုရင်တော့ မဲဆောက်ကိုသွားဖို့ နှစ်ညအိပ် သုံးရက် သွားလာခွင့်ကတ်နဲ့သာ သွားခွင့်ရကြတာပါ။
ဒါ့ကြောင့် တတိယနိုင်ငံ အိပ်မက်ကို သူတို့မက်နေကြတာလို့ပြောကြပါတယ်။
တတိယနိုင်ငံကို ခိုလှုံခွင့်ကို ၂၀၁၅ ခုနှစ်မှာ တကြိမ်ရခဲ့ကြပါသေးတယ်။ အဲဒီတုန်းက ဩစတြေးလျ၊ နော်ဝေ၊ နယူးဇီလန်၊ အမေရိကန် စတဲ့ နိုင်ငံကြီးတွေက ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကနေ ထွက်ခွာခွင့် ရခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်း ပြန်ရပ်ဆိုင်းသွားပြီး ၂၀၂၃ ခုနှစ်မှာ တဖန် လူတွေ့စစ်ဆေးတာတွေ ရှိခဲ့ပေမဲ့အမေရိကန်တစ်နိုင်ငံတည်းကသာ ခေါ်ယူတာဖြစ်ပါတယ်။
လူတွေ့စစ်ဆေးပြီးသူတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ ထမဟင်၊ ဘမ့်ဒုံယမ်းနဲ့ အုန်းပြန်ဒုက္ခသည်စခန်းကနေ အမေရိကန်ကို ခေါ်ယူပြီးတဲ့ ဒုက္ခသည် ၄၅၀ ကျော်ရှိခဲ့တယ်လို့ ကရင်ဒုက္ခသည်များကော်မတီ -KRC ကပြောပါတယ်။
ထိုင်း - မြန်မာနယ်စပ် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း တတိယနိုင်ငံမှာ အခြေချခွင့်ရသူ ခြောက်သောင်းကျော် ရှိတယ်လို့ စာရင်းတွေအရ သိရပါတယ်။
ကျောတခင်းစာ ပြန်ရှာရတော့မယ့် ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မနော်နော် အပါအဝင် အမေရိကန်ခရီးရပ်ဆိုင်းခံရသူတွေဟာ မူရင်းနေရနေရပ် အုန်းပြန်ဒုက္ခသည်စခန်း ကိုပြန်ချိန်မှာလည်းအခက်အခဲတွေဖြစ်နေကြပါတယ်။
"ကျွန်မအိမ်ကတော့ နှစ်ခန်းပါတော့ ကိစ္စမရှိဘူးပေါ့။ ကျွန်မပေးခဲ့တဲ့သူနဲ့ကိုယ်နဲ့ တစ်ခန်းစီနေလို့ရတယ်။ ကျွန်မနဲ့ အတူ ခရီးစဉ်ဖျက်ခံရတဲ့ အစ်ကိုတစ်ယောက်ဆိုရင် သူပေးခဲ့တဲ့ မိသားစုကများတော့ ပြန်နေဖို့ မဖြစ်တော့ဘူး။ သူတို့ ကင်းတဲမှာ သွားအိပ်နေရတယ်" လို့ မနော်နော်က ပြောပါတယ်။
သူတို့နဲ့အတူ စခန်းကိုပြန်ခဲ့ရတဲ့ မိသားစုဝင်မှာလည်း နေရာပြန်ရဖို့အခက်အခဲဖြစ်နေကြတာဖြစ်ပါတယ်။
KRC ဒုဥက္ကဋ္ဌကတော့ ဒီမိသားစုတွေအတွက် နေရာထိုင်ခင်း ပြန်ပေးဖို့စီစဉ်နေတယ်လို့ ပြောပါတယ်။
လက်ရှိအမေရိကန်သွားခွင့်ရဖို့ ထမဟင်၊ ဘမ့်ဒုံယမ်းနဲ့ အုန်းပြန်ဒုက္ခသည်တွေက စာရင်းသွင်းထားသူ တစ်သောင်းသုံးထောင့်ငါးရာဝန်းကျင်ရှိနေပါတယ်။
အဲဒီထဲမှာ အမေရိကန်သွားခွင့် အမည်စာရင်းထွက်ထားသူတွေ၊ ထွက်ခွာခွင့် သတ်မှတ်ရက် စာရင်းထွက်ထားသူတွေကို လူတွေ့စစ်ဆေးတာ၊ ကျန်းမာရေး ဆေးစစ်တာစတဲ့ လုပ်ငန်းစဉ်တွေရပ်နားခံထားရတာဖြစ်ပါတယ်။
အမေရိကန်လှိုင်းနဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တကျော့ပြန်အာဏာရလာတဲ့ ဒေါ်နယ်ထရမ့် တယောက် ထရမ့် တူးပွိုင့်ဇီးရိုး (Trump 2.0) ကို စတင်မယ်လို့ပြောထားတာဖြစ်ပါတယ်။
"အမေရိကန်ကိုသာ ပထမဦးစားပေး" ("America First") ဆိုတဲ့ သူ့ကြွေးကြော်သံနဲ့ အတူ ပေါ်လစီတွေ ပြန်ပြောင်းမယ့် သူ့ရဲ့ လုပ်ဆောင်မှု တွေက အမေရိကန်နိုင်ငံပြင်ပက လူသန်းပေါင်းများစွာရဲ့ ဘဝတွေကို သက်ရောက်လာခဲ့ပါပြီ။
အထူးသဖြင့် တရုတ်၊နေတိုး၊ယူကရိန်း-ရုရှားစစ်၊ အရှေ့အလယ်ပိုင်းသာမက စစ်အာဏာသိမ်းခံထားရတဲ့မြန်မာအထိ သက်ရောက်လာတာဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒုက္ခသည်ခေါ်ယူရေး ရပ်ဆိုင်းလိုက်တာအပြင် နိုင်ငံတကာကို အကူအညီပေးနေတာတွေကိုပါ ရက် ၉၀ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး စီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်မယ်ဆိုပြီး နိုင်ငံတကာ ထောက်ပံ့ငွေတွေကို ရက် ၉၀ ရပ်ဆိုင်းလိုက်တဲ့ ဂယက်ဟာ မယ်လနဲ့ အုန်းပြန်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
ထောက်ပံ့ရေး ရန်ပုံငွေတွေ ရပ်ဆိုင်းခံရတဲ့နောက် မယ်လနဲ့ အုန်းပြန်ဒုက္ခသည်စခန်းတွေမှာဖွင့်လှစ်ထားတဲ့ ဆေးရုံတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေလည်းရပ်ဆိုင်းသွားပြီဖြစ်ပါတယ်။
"အခုက အုန်းပြန်ရော၊ မယ်လရော ဆေးရုံတွေ ပိတ်မယ်၊ အရေးပေါ်မှာ လူတွေ လက်မခံတော့ဘူးဆိုပြီး လူနာတွေကို အကုန်ပြန်လွှတ်တယ်။ မယ်လစခန်းက ဆေးရုံမှာဆို ကိုယ်တိုင် မထူမထနိုင်တဲ့ လူနာ ၁၁ ယောက်ပဲ ကျန်တော့တယ်"လို့ KRC ဒုဥက္ကဋ္ဌက ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက်မှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဖွင့်ပေးထားတဲ့ ဆေးရုံတွေမှာ လူနာတွေကို ပြန်လွှတ်နေပြီး ဆေးရုံတွေကိုလည်း ပိတ်လိုက်ပြီလို့ ဒုက္ခသည်စခန်းကြီး ၂ ခုရဲ့ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတချို့က ဘီဘီစီကို အတည်ပြုပြောပြပါတယ်။
အုန်းပြန်ဒုက္ခသည်စခန်းထဲက ဆေးရုံမှာ ကိုယ်ဝန်ဆောင်မိခင်တချို့ ကိုဆေးရုံက တာဝန်မယူပေးတော့တာကြောင့် နီးစပ်ရာတခြားဆေးရုံဆီ ကူးပြောင်းနေရတဲ့ ဓာတ်ပုံတချို့လည်းထွက်ပေါ်လာပါတယ်။
အမေရိကန်အစိုးရက နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ဖို့ ထောက်ပံ့ငွေပေးတာကို ရက် (၉၀) ဆိုင်းငံ့လိုက်တဲ့နောက် နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ(IRC) ဘက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ရပ်နားလိုက်ပြီလို့ စခန်းတာဝန်ရှိသူတွေက ဆိုပါတယ်။
အမေရိကန်ဘက်က ထောက်ပံ့ရေးရပ်ဆိုင်းလိုက်တဲ့နောက် ဖြစ်လာနိုင်တဲ့ အကျိုးဆက်အခြေအနေတွေအပါအဝင် ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စတွေနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့အမေရိကန်သံရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပြီး သံရုံးက"ဝါရှင်တန်ရဲ့ ညွှန်ကြားချက်နဲ့ ပြန်လည်ဖြေကြားပါမယ်"လို့ တုံ့ပြန်ထားပါတယ်။
ဝင်ငွေမရှိ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိ၊ ငွေကြေးမတတ်နိုင်ကြတဲ့ နယ်စပ်က ဒုက္ခသည်တွေဟာ ဒီဆေးရုံတွေကို အမှီသဟဲ ပြုနေကြရတာဖြစ်ပါတယ်။ ပိတ်ခံလိုက်ရတဲ့အခါ သူတို့တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လာကြပါတယ်။
"အမျိုးသမီးကို အုန်းဖြန်ဆေးရုံမှာ မွေးဖို့ အပ်ထားတာ၊ အခုပဲ ဆေးရုံက လက်မခံတော့ဘူးဆိုတော့ ဘာဆက်လုပ်ရမလဲမသိတော့ဘူး။ မွေးစရိတ်တွေတော့ ပိုကုန်တော့မှာ၊ ရူးတောင်ရူးချင်တယ်"လို့ အုန်းပြန်ဆေးရုံမှာ သူ့ဇနီးကို ကိုယ်ဝန်အပ်ထားတဲ့ ဒုက္ခသည်အမျိုးသားတစ်ဦးက ပြောပါတယ်။
အမေရိကန်ရဲ့ တကျော့ပြန်သမ္မတထရမ့် တာဝန်ထမ်းဆောင်မှုစတင်တဲ့ ၁၀ ရက်အတွင်းစတင်လာတဲ့ ထရမ့်တူးပွိုင့်ဇီးရိုး (Trump 2.0) လှိုင်းခတ်မှုက မြန်မာနိုင်ငံသားတွေကိုရိုက်ခတ်လာတာဖြစ်ပါတယ်။











