"မြန်မာနိုင်ငံဟာ လက်ရှိမှာ အဆိုးရွားဆုံး အကျပ်အတည်းကာလ တစ်ခုကို ကြုံတွေ့နေရပါတယ်" အိုင်စီအာစီဥက္ကဋ္ဌ

ICRC president
ဓာတ်ပုံ ပုံစာ, အိုင်စီအာစီ ဥက္ကဋ္ဌဟာ စက်တင်ဘာ ၅ ရက်နေ့မှာ မြန်မာပြည်ခရီးစဥ် စတင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ မစ် မီရာဂျနာစပိုဂျရစ်ဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၅ ရက်ကနေ ၉ ရက်နေ့အထိ ငါးရက်ကြာ လာရောက်ခဲ့ပြီး ခရီးစဥ်အတွင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေလည်းတွေ့ဆုံခဲ့ပါတယ်။

စစ်ခေါင်းဆောင်က အိုင်စီအာစီဥက္ကဋ္ဌ နဲ့တွေ့ချိန်မှာ လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေ မသက်ဆိုင်တဲ့အဖွဲ့တွေဆီ မရောက်ဖို့ ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အိုင်စီအာစီဘက်ကရော ဒီတွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့ပါသလဲ။

ကိုဗစ်ကာလတည်းက အကျဥ်းထောင်တွင်းဝင်ရောက်ခွင့် ပိတ်ခံထားရပြီး ထောင်တွင်းပြန်လည်ဝင်ရောက်ခွင့်ရရေး တောင်းဆိုမှုတွေက တိုးတက်မှုတစ်စုံတစ်ရာရှိနေပါပြီလား။

ICRC ဥက္ကဋ္ဌ ကို ဘီဘီစီမြန်မာပိုင်း သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းခဲ့တာတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

Army Chief and ICRC president meeting at Naypyidaw

ဓာတ်ပုံ ရင်းမြစ်, SAC Information committee

ဘီဘီစီ- မြန်မာပြည်သူတွေအနေနဲ့ ICRC ဥက္ကဋ္ဌရဲ့ ခရီးစဉ်ကနေ ဘာတွေမျှော်လင့်နိုင်မလဲ။

အိုင်စီအာစီ-ပြင်းထန်လာတဲ့ ပဋိပက္ခတွေနဲ့အတူ ဖြစ်လာနေတဲ့ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကြောင့် မြန်မာနိုင်ငံဟာ လက်ရှိမှာ အဆိုးရွားဆုံး အကျပ်အတည်းကာလ တစ်ခုကို ကြုံတွေ့နေရပါတယ်။

ကျွန်မရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်းမှာ အိုင်စီအာစီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ပြီး ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူတွေနဲ့လည်း စကားပြောဆိုခဲ့ရတဲ့အပြင် ကြားနေပြီး ခွဲခြားမှုမရှိဘဲ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေရဲ့ အရှိန်အဟုန်က ပြင်းထန်လာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှုကတော့ အလွန်အကန့်အသတ်နဲ့ရှိနေပါတယ်။

ဒါပေမဲ့ကျွန်မတို့အနေနဲ့ အများဆုံးထိခိုက်ခံစားရတဲ့ သူတွေဆီ ရောက်ရှိနိုင်ဖို့ မရပ်မနား ကြိုးပမ်းနေပါတယ်။

ဘီဘီစီ-မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက် တွဲ အခြေအနေတွေကို မျက်မြင်ကြုံတွေ့ခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီအတွက် မြန်မာ စစ်ခေါင်းဆောင်တွေကို ဘယ်လိုတိုက်တွန်းမှုမျိုး ပြုလုပ်ခဲ့ပါသလဲ။

အိုင်စီအာစီ-ဒီခရီးစဥ်က ကျွန်မအတွက် အိုင်စီအာစီ ဥက္ကဋ္ဌအနေနဲ့ ပထမဆုံးမြန်မာနိုင်ငံခရီးစဥ်ဖြစ်ပြီးတော့ ရပ်ရွာလူထု အပေါ်ကျရောက်နေတဲ့ ပဋိပက္ခကြောင့်ဖြစ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။

အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့စဉ်က မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒီမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ တခြားသော အကြမ်းဖက်မှု အခြေအနေတွေကြောင့် ထိခိုက်ခံစားနေရသူတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့စိုးရိမ်မှုတွေနဲ့ လိုအပ်ချက်တွေကို နားထောင်ခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ မိသားစု တော်တော်များများ က အပူတပြင်းလိုအပ်နေတဲ့ လိုအပ်ချက်တွေ၊ အဓိကအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာတို့အပြင် သန့်ရှင်းတဲ့ရေနဲ့ မိလ္လာစနစ်ရရှိသုံးစွဲနိုင်မှု ဆိုတဲ့ လိုအပ် ချက်တွေ ပြည့်မီနိုင်ဖို့ကိုတောင် ရုန်းကန်နေကြရတာ တွေ့ရှိခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိတော့တဲ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုတွေ ပေးဖို့ အခက်အခဲတွေ ရှိလာတဲ့အတွက် မရေမတွက်နိုင်အောင် များပြားတဲ့လူထုအတွက် ဆက်လက် အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ မရှိတော့ဘဲ ဖြစ်လာရပါတယ်။

ကျွန်မရဲ့ တွေ့ဆုံဆွေးနွေးမှုတိုင်းမှာ ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုတွေကို ထပ်တလဲလဲ ထုတ်ဖော်ပြောဆိုခဲ့ပြီး လိုအပ်မှုတွေရှိနေတဲ့ရပ်ရွာလူထုတွေဆီကို သွားရောက်နိုင်ခွင့်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်လက်ပေးအပ်နိုင်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law) ကို လေးစားလိုက်နာဖို့ အိုင်စီအာစီက ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ဆက်သွယ်ပြီး တိုက်တွန်းနှိုးဆော်ပါတယ်။

ICRC President

ဓာတ်ပုံ ရင်းမြစ်, ICRC

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ICRC က ပြောထားပါတယ်။

ဘီဘီစီ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တော့ ဘာတွေဆွေးနွေးခဲ့ပါသလဲ။

အိုင်စီအာစီ-ဟုတ်ကဲ့။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တုန်းက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လိုတဲ့ အိုင်စီအာစီရဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးနိုင်စွမ်းတို့ကို ဆွေးနွေးခဲ့တဲ့အပြင် ပဋိပက္ခဒဏ်ခံနေရတဲ့ နေရာတွေကို သွားရောက်ခွင့်

ပိုမိုရရှိနိုင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အိုင်စီအာစီရဲ့ ကြားနေခြင်း၊ တစ်ခုတည်းသော လူသားချင်းစာနာထောက်ထားမှုအခန်းကဏ္ဍနဲ့ ထိခိုက်မှုအများဆုံးခံရတဲ့ ဒေသတွေက လူထုတွေဆီ ရောက်ရှိနိုင်ဖို့ဆိုတဲ့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို အဓိကထားပြောဆိုခဲ့ပါတယ်။

ဒါက မြန်မာနိုင်ငံမှာသာမက ကမ္ဘာတဝန်းမှာရှိတဲ့ ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ကျွန်မတို့ စဉ်ဆက်မပြတ် အပြန်အလှန်ပြောဆိုဆွေးနွေးမှုတွေရဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ သက်ဆိုင်တဲ့သူ အားလုံးနဲ့ အပြန်အလှန်ပြောဆို ဆွေးနွေးခြင်းဆိုတာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ် အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် အိုင်စီအာစီရဲ့ ပွင့်လင်းမြင်သာမှုအပြည့်နဲ့ လုပ်ငန်းဆောင်ရွက်ပုံဆောင်ရွက်နည်းတွေကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။ ဆိုလိုတာက ကျွန်မတို့က သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ကျွန်မတို့ရဲ့ လုပ်ငန်းပမာဏအတိုင်းအတာနဲ့ ရည်ရွယ်ချက်တွေကို တင်ပြပေမယ့် ကျွန်မတို့ရဲ့ အကူအညီပေးတဲ့လုပ်ငန်းတွေကိုတော့ ကိုယ်တိုင် လေ့လာဆန်းစစ်ထားတဲ့လိုအပ်ချက်အပေါ်မှာ အခြေခံပြီး ဆောင်ရွက်ပါတယ်။ တခြားနိုင်ငံရေးဆိုင်ရာ ထည့်သွင်းစဥ်းစားမှုတွေ မပါဝင်ပါဘူး။

ICRC President

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, အိုင်စီအာစီအနေနဲ့ အကျဥ်းထောင်တွေအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရရေးကိုလည်း စစ်ခေါင်းဆောင်ကို ထပ်မံတောင်းဆိုခဲ့ပါတယ်။

ဘီဘီစီ-ခရီးစဉ်အတွင်းမှာ ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲ။ အဓိကထားဆွေးနွေးခဲ့တာတွေက ဘာတွေလဲ။

အိုင်စီအာစီ-ကြက်ခြေနီနဲ့ လခြမ်းနီ လှုပ်ရှားမှုဝင် မိတ်ဖက်အဖွဲ့အစည်းတွေ၊ တခြား လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သံတမန်အသိုင်းအဝိုင်းတွေ အပါအဝင် အဖွဲ့အစည်းများစွာနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ပြောဆိုဆွေးနွေးမှုတိုင်းမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက ရပ်ရွာလူထုတွေအပေါ် သက်ရောက်နေတဲ့ လူသားချင်းစာနာထောက်ထားမှု နောက်ဆက်တွဲအကျိုးဆက်တွေကို ပိုမိုသိရှိလာစေဖို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို သဘောတူခွင့်ပြုပြီးတာနဲ့ ကြားနေပြီး ခွဲခြားမှုမရှိဘဲ လွတ်လပ်စွာဆောင်ရွက်တဲ့ သူတို့ရဲ့ မူဝါဒတွေအပေါ်မှာ အခြေခံထားတဲ့ နည်းလမ်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အလေးထားလေးစားရမှာဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုကို နိုင်ငံရေးကိစ္စရပ်တစ်ခုအဖြစ် သဘောထားပြောဆိုဆောင်ရွက်မှု မရှိဖို့လိုပါတယ်။ ဒါဟာ အားလုံးရဲ့ အကျိုးအတွက်ဖြစ်ပါတယ်။ ဒါကသာ အကူအညီ အလိုအပ်ဆုံးသူတွေထံ ကို ရောက်ရှိနိုင်စေတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

Bangkok IDP camp, Army Air Strike

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ပဋိပက္ခတွေမြင့်တက်လာမှုကြောင့် လူထုတွေ ဆက်လက် အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ မရှိတော့တဲ့အထိ ဆိုက်ရောက်နေတယ်လို့ အိုင်စီအာစီက ပြောပါတယ်။

ဘီဘီစီ-အိုင်စီအာစီက အကျဉ်းထောင်တွေထဲ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခွင့်ရဖို့ ဆွေးနွေးနေတယ်လို့ သိထားပါတယ်။ တိုးတက်မှုတစ်စုံတစ်ရာ ရှိပါသလား။ အာဏာပိုင်တွေဘက်က ဒီအပေါ် ဘယ်လိုတုံ့ပြန်ပါသလဲ။

အိုင်စီအာစီ-အိုင်စီအာစီမြန်မာကိုယ်စားလှယ်ရုံးအတွက်ကတော့ အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာ သုံးသပ်ခွင့် ရဖို့ဆိုတာ ထိပ်တန်းဦးစားပေးတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝင်ရောက်ခွင့်တွေကိုဆိုင်းငံ့ထားတဲ့ ၂၀၂၀ ခုနှစ် ကတည်းက နှစ်ဦးနှစ်ဖက်အပြန်အလှန်ပြောဆိုဆွေးနွေးနေတဲ့ ကိစ္စဖြစ်ပါတယ်။

အခုအချိန်မှာတော့ အိုင်စီအာစီအနေနဲ့ အကျဉ်းထောင်တွေထဲ ပြန်လည်ဝင်ရောက်ခွင့် ရနိုင်မယ့်အပြုသဘောဆောင်တဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ကျွန်မတို့ အကျဥ်းထောင်တွေကို သွားရောက်လေ့လာခြင်းရဲ့ ရည်ရွယ်ချက်က အကျဥ်းထောင်တွေရဲ့ အခြေအနေတွေနဲ့ အကျဥ်းချ ထိန်းသိမ်းထားသူတွေအပေါ်ကို ပြုမူဆက်ဆံမှုတို့ဟာ အပြည်ပြည်ဆိုင်ရာနဲ့ ပြည်တွင်းဥပဒေ စံနှုန်းတွေနဲ့အညီ ဖြစ်စေဖို့ ဖြစ်ပါတယ်။

အိုင်စီအာစီက အကျဉ်းထောင်တွေထဲ ဝင်ရောက်ခွင့် မရသေးပေမဲ့ အကျဉ်းသားတွေကို ဆက်လက် ထောက်ပံ့နေပါတယ်။

ဥပမာ အကျဥ်းထောင်ကလွတ်မြောက်လာသူတွေဟာ သူတို့ရဲ့ မိသားစုတွေဆီ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိ ပေါင်းဆုံနိုင်စေဖို့အတွက် ‘နေအိမ်သို့ဘေးကင်းစွာ ပြန်လည် ရောက်ရှိရေးအစီအစဥ်’နဲ့ အကူအညီပေးနေပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ပထမခြောက်လတာ ကာလအတွင်းမှာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အိုင်စီအာစီ ကိုယ်စားလှယ်ရုံးက အကျဉ်းထောင်ကနေ လွတ်မြောက်လာသူပေါင်း ၂,၂၀၀ ကျော်ကို နေအိမ်ပြန်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒါ့အပြင် ‘မိသားစုထောင်ဝင်စာတွေ့ဆုံရေး အစီအစဉ်’ အရ အိမ်နဲ့ဝေးတဲ့ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ဆွေမျိုးသားချင်းတွေဆီ ထောင်ဝင်စာ သွားရောက်တွေ့ဆုံလိုတဲ့ မိသားစုဝင်တွေကိုလည်း အိုင်စီအာစီက ပံ့ပိုးကူညီနေပါတယ်။

ICRC

ဓာတ်ပုံ ရင်းမြစ်, ICRC

ဓာတ်ပုံ ပုံစာ, လက်နက်ကိုင်ပဋိပက္ခနဲ့အတူ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေတည်ရှိနေခြင်းက ရပ်ရွာလူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းတဲ့ရေ၊ မိလ္လာစနစ်၊ အစားအစာနဲ့ နေထိုင်ရန်အမိုးအကာ ရရှိနိုင်မှုအပေါ် သက်ရောက်မှုတွေ ဆက်ဖြစ်နေ။

ဘီဘီစီ- အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေတဲ့သူတွေ အများကြီးရှိလာပါတယ်။ အရေအတွက်အားဖြင့်ဆို ရာကျော်ရှိပါတယ်။ အိုင်စီအာစီအနေနဲ့ ပျောက်ဆုံးနေတဲ့လူတွေရဲ့ မိသားစုဝင်တွေဆီကနေ မေးမြန်းအကူအညီတောင်းတဲ့စာ ဘယ်လောက်လက်ခံရရှိသလဲဆိုတာနဲ့ စာရင်းဇယားတွေရှိရင် ဖော်ပြပေးလို့ရမလား။

ဒီလိုမျိုး မေးမြန်းအကူအညီတောင်းတဲ့စာတွေ ရရှိတဲ့အခါမှာ အိုင်စီအာစီက ဘယ်လို ကိုင်တွယ် ဖြေရှင်းပါသလဲ။

အိုင်စီအာစီ-ပဋိပက္ခ၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ရွှေ့ပြောင်းနေထိုင်ခြင်း သို့မဟုတ် သဘာဝဘေးအန္တရာယ် တွေကြောင့် ကွဲကွာသွားတဲ့ ကိစ္စရပ်မျိုးတွေနဲ့ ဖမ်းဆီးခံရတယ်လို့ သံသယရှိတဲ့ ကိစ္စရပ်တွေအပါအဝင် ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားတဲ့ မိသားစုတွေက အိုင်စီအာစီကို ရှာဖွေပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။ မြန်မာနိုင်ငံက မိသားစုတွေအပါအဝင် ကမ္ဘာတစ်ဝန်းက အကူအညီတောင်းခံမှုပေါင်း ထောင်ပေါင်းများစွာ ကျွန်မတို့ လက်ခံရရှိထားပါတယ်။ သူတို့ကို ကူညီပေးနိုင်ဖို့ ကျွန်မတို့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။

အိုင်စီအာစီရဲ့ ဘက်လိုက်မှုမရှိတဲ့ ကြားနေ ဆောင်ရွက်မှုအခန်းကဏ္ဍက လက်ရှိအခြေအနေအတွက် အကျိုးရှိနိုင်ပါတယ်။

ဒါကလည်းပဲ ဘက်ပေါင်းစုံက ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဆီကို သွားရောက် တွေ့ဆုံဖို့နဲ့ ရန်သူ့ဘက်ခြမ်းမှာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေ ပြန်လည်သယ်ယူဖို့အတွက် အဖွဲ့အားလုံးက အိုင်စီအာစီကို ယုံကြည်ဖို့လိုတဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။

ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေတဲ့အခါမှာ ကျွန်မတို့ရဲ့ ကြက်ခြေနီနဲ့ လခြမ်းနီ လှုပ်ရှားမှုဝင် မိတ်ဖက်အဖွဲ့အစည်းတွေ၊ ခွင့်ပြုပေးနိုင်တဲ့ တာဝန်ရှိသူတွေအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အတူ ဆောင်ရွက်ပါတယ်။ ကူညီပေးနိုင်တဲ့ တာဝန်ရှိသူတွေဆီကနေ ပျောက်ဆုံးနေတဲ့လူတွေရဲ့ ကံကြမ္မာနဲ့ သူတို့ ဘယ်ကို ရောက်နေလဲဆိုတာတဲ့ အချက်အလက်တွေ ရှိ၊မရှိ သိရှိနိုင်ဖို့ သတင်းအချက်အလက် တွေကို တောင်းခံပါတယ်။

ဒီနောက်မှာတော့ အိုင်စီအာစီက ရှာဖွေမှုရဲ့ ရလဒ်ကို မိသားစုတွေဆီ အကြောင်းကြားပါတယ်။ ရှာဖွေမှုအောင်မြင်တဲ့အခါ သူတို့ရဲ့ဆွေမျိုးသားချင်းတွေ ဘယ်မှာရောက်နေတယ် ဆိုတာ အကြောင်းကြားပေးပြီး ဖြစ်နိုင်ရင် မိသားစုတွေ ပြန်လည်ပေါင်းဆုံနိုင်ဖို့ ကူညီပေးပါတယ်။

ဘီဘီစီ-အာဏာသိမ်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားဝင်ဖြစ်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာရှိနေပါတယ်။ ဒါကြောင့် အချို့သော နိုင်ငံတွေဟာ မြန်မာနဲ့ သံတမန်ဆက်ဆံရေးကို လျှော့ချတာတွေလုပ်ထားပါတယ်။ အိုင်စီအာစီရဲ့ မူဝါဒကရော ဘယ်လိုရှိပါသလဲ။

အိုင်စီအာစီ-ကျွန်မတို့ရဲ့ ခွဲခြားမှုမရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုတွေ၊ ကျွန်မတို့ရဲ့ ကွင်းဆင်း လုပ်ငန်းတွေ ဘေးကင်းလုံခြုံစေဖို့နဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (အိုင်အိတ်ချ်အယ်လ်)အရ လိုက်နာဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေကို ထပ်မံအသိပေးဖို့အတွက် အိုင်စီအာစီက သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်ပါတယ်။

ကမ္ဘာတဝန်းမှာလည်း နိုင်ငံပေါင်းစုံ၊ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးအစား ပေါင်းစုံနဲ့ ပဋိပက္ခမှာပါဝင်တဲ့ သူတွေအပေါ် လွှမ်းမိုးနိုင်သူတွေနဲ့ နှစ်ဦးနှစ်ဖက်အပြန်အလှန် ပြောဆိုဆွေးနွေး တာတွေ ရှိပါတယ်။

ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပဋိပက္ခနဲ့ စစ်ကြောင့် ထိခိုက်နစ်နာသူတွေကို သူတို့ဟာ ဘယ်ဘက်ကဖြစ်နေပါစေ ဂျီနီဗာ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ ဖြစ်ပါတယ်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေက နိုင်ငံရေးလည်းမဟုတ်သလို တစ်စုံတစ်ခုကို ထောက်ခံပြောဆိုတာလည်း မဟုတ်ပါဘူး။

ကျွန်မတို့ရဲ့ ကတိကဝတ်နဲ့ အနေအထားက လက်နက်ကိုင်ပဋိပက္ခ ကြောင့် ထိခိုက်ခံရသူတွေကိုသာ အဓိကထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်သက်သာဖြစ်ပြီး နိုင်ငံရေးအရ ထည့်သွင်းစဥ်းစားခြင်းမရှိပါဘူး။

ဘီဘီစီ-ကျေးဇူးတင်ပါတယ်။