ဂါဇာစစ်ပွဲ - ICRC ရဲ့ ဂါဇာရုံးခန်းအနီး လက်နက်ကြီးကျည်တွေကျပြီး လူ ၂၂ ယောက် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေး စစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ် အဖွဲ့ ချေမှုန်းရေး စစ်ဆင်မှု ခေါင်းစဉ်အောက် ရက်ပေါင်း ၂၆၀ မြောက် ဆက်လက် တိုက်ခိုက် နေပါတယ်။
မနေ့သောကြာ နေ့တုန်းက ဂါဇာတောင်ပိုင်း ကမ်းရိုးတန်းမြို့ အယ်လ်-မာဝါဆီမှာ ရှိတဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC ရဲ့ ရုံးခန်းနေရာ အနီး လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲခဲ့တဲ့နောက်၊ အရပ်သားနဲ့ စာနာမှု ဆိုင်ရာ အကူအညီပေးရေး နေရာထိုင်ခင်းတွေ မထိခိုက်အောင် နှစ်ဘက်စလုံးက ရှောင်ကြပါ ဆိုပြီး ICRC က တိုက်တွန်းပါတယ်။
အဲဒီ ပေါက်ကွဲမှုတွေကြောင့် သူတို့ရဲ့ အယ်လ်-မာဝါဆီ ရုံးခန်း အနီးတဝိုက်မှာပဲ လူ ၂၂ ယောက် သေဆုံးခဲ့ရတယ်လို့ ICRC က ပြောပါတယ်။ ရာဖာမှာ ရောက်နေတဲ့ ICRC ရုံးအဖွဲ့ တာဝန်ခံ ဝီလျမ် ရွှန်းဘာ့ဂ် ဘီဘီစီကို ပြောတာက ….
“ဒဏ်ရာရသူတွေလည်း များလှပြီး၊ မြင်ကွင်းက တုန်လှုပ်ဖို့ ကောင်းလှပါတယ်။ တသက်နဲ့တစ်ကိုယ် အခြောက်ခြားရဆုံး မြင်ကွင်းကို ကြုံခဲ့ရတာပါ။ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုတွေကြောင့် ကလေးသူသယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူအများအပြား ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရကြပါတယ်။ အဲဒီ အနီးမှာပဲ ICRC ရဲ့ မြေပြင် ယာယီ ဆေးရုံတစ်ရုံလည်း ဖွင့်ထားတဲ့ အတွက် အဲဒီနေရာကို ပို့ပြီး ရသမျှ အသက်တွေကို ကယ်ရပါတယ်” လို့ မစ္စတာ ရွှန်းဘာ့ဂ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ICRC
အယ်လ်-မာဝါဆီ မှာ ရှိတဲ့ ICRC ရဲ့ ရုံးခန်းနဲ့ ဝန်ထမ်းတွေ နေထိုင်ရာ အိမ်တွေအနီး မီတာ အနည်းငယ် အကွာမှာပဲ ပြင်းထန်တဲ့ လက်နက်ကြီး ကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ICRC ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။
အဲဒီ အနီးဝန်းကျင်မှာပဲ ရာပေါင်းများစွာသော အရပ်သားဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီတဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ICRC ကို ကူညီပေးနေတဲ့ ပါလက်စတိုင်း အရပ်သား အများအပြားလည်း နေထိုင်နေကြတယ်လို့ သိရပါတယ်။
အစ္စရေး စစ်တပ် ပြောခွင့်ရကတော့ သူတို့ရဲ့ ကနဦး စုံစမ်းမှုတွေ အရ အခု ပြောတဲ့ နေရာတွေမှာ အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ဘယ်လို သတင်းအချက် အလက်မှ ရှိမနေဘူး ဆိုပြီး ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် ဆက်လက် စုံစမ်းသွားမယ်လို့လည်း ဆိုပါတယ်။
ဒီ တိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက် သေဆုံးကြောင်း အတည်ပြုထား နိုင်ပြီး၊ ဒဏ်ရာရသူတွေ ၄၅ ယောက်ထက် မနည်း ရှိနေတယ်လို့ ICRC က ထုတ်ပြန်ပြီး၊ အခုလိုမျိုး လူတွေ အစုလိုက် အပြုံလိုက် ထိခိုက် သေဆုံးရတဲ့ ဆိုးရွားတဲ့ ဖြစ်ရပ်မျိုးတွေဟာ အခု ရက်ပိုင်းတွေမှာ ဆက်တိုက် ပေါ်ပေါက် နေခဲ့တယ်လို့ လည်း ဆိုထားပါတယ်။
ဟားမတ်စ် အဖွဲ့ရဲ့ ကျန်းမာရေးဌာနကတော့ လူ အထိအခိုက် အသေအဆုံး ဒီ့ထက်များတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ အဆိုအရ ၂၅ ယောက် သေဆုံးပြီး၊ အယောက် ၅၀ ဒဏ်ရာရတယ်လို့ ဆိုထားပြီး အစ္စရေး ပစ်ခတ်တဲ့ လက်နက်ကြီး ဆိုပြီး ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေးတောင်ပိုင်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ် ဦးဆောင်တဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေ မကြုံစဖူး ထိုးဖောက် ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ အရပ်သား အများစု ဖြစ်တဲ့ လူ တစ်ထောင့်နှစ်ရာ ဝန်းကျင် သေဆုံးခဲ့ရပြီး၊ နှစ်ရာငါးဆယ့်တစ်ယောင်ကို ဓားစာခံတွေ အဖြစ် ဖမ်းခေါ် သွားပါတယ်။
အဲဒီအပေါ် လက်တုံ့ပြန်ပြီး အစ္စရေး စစ်တပ်ဟာ ဂါဇာထဲက လက်နက်ကိုင်တွေကို အပြတ်ချေမှုန်းမယ် ဆိုပြီး တိုက်ခိုက် နေခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ဂါဇာထဲမှာ လူပေါင်း သုံးသောင်း ခွန်နှစ်ထောင့် ငါးရာငါးဆယ့် တစ်ယောက် သေဆုံးကြောင်း ဟားမတ်စ် ကျန်းမာရေးဌာနက မှတ်တမ်း တင်ထားနိုင်ပါတယ်။
အဲဒီအရေအတွက်ဟာ တိုက်ပွဲထဲမှာ သေဆုံးတဲ့သူတွေရော၊ အရပ်သား သေဆုံးမှုပါ ပါဝင်တယ်လို့ ဆိုပါတယ်။
ဧပြီလ အကုန်ထိ သေဆုံးစာရင်းထဲ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုပေါင်း တစ်သောင်းလေးထောင် ခြောက်ရာ့ရှစ်ဆယ် ပါဝင်တယ်လို့လည်း ဟားမတ်စ် ကျန်းမာရေး အဖွဲ့က ဆိုပါတယ်။








