စစ်ခေါင်းဆောင်ကိုတပ်ထောက်ခံသူတွေဝေဖန်လာ

ဓာတ်ပုံ ရင်းမြစ်, AFP
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း စဉ့်ကူး၊ မိုးကုတ်၊ နောင်ချို၊ မိုးမိတ် စတဲ့ မြို့ (၄) မြို့ ကို လက်လွှတ်ခဲ့ရသလို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပါ ဆုံးရှုံးခဲ့ရတာကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တပ်တွင်း ဝေဖန်မှုတွေများလာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုက်ခိုက်ခံနေရချိန် ပြုလုပ်တဲ့အစည်းအဝေးတွေမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စစ်ရေးအကြောင်း မပါဝင်ဘဲ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ နဲ့ အမျိုးသားအားကစားပြိုင်ပွဲ ကျင်းပဖို့ အဓိကပြောဆိုခဲ့တဲ့အပေါ် တပ်ထောက်ခံသူအများစုအသုံးပြုကြတဲ့ တစ်တော့ခ် ( TikTok) နဲ့ တယ်လီဂရမ် စာမျက်နှာတွေမှာလည်း ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
ဘူးလက်လှဆွေလို့ ကျော်ကြားတဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်အရာရှိဟောင်းဖြစ်သလို ကြံ့ခိုင်ရေးပါတီ ရဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖြစ်တဲ့ လွှတ်တော်အမတ်ဟောင်း ဦးလှဆွေ ကလည်း “ကျွန်တော်သာဆိုရင်အားကစားပွဲမလုပ်ဘူးဗျာ ... စစ်ပဲတိုက်မှာ” လို့ ဇူလိုင်လထဲမှာပဲ သူ့ရဲ့ တစ်တော့ခ် စာမျက်နှာပေါ်မှာ ရုပ်သံဖိုင်တင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကနေ ဇူလိုင်လကုန်အထိ အရေးပေါ်ကာလ ပထမခြောက်လအတွင်း စစ်ကောင်စီ ဥက္ကဋ္ဌတက်ရောက်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၊ စစ်ကောင်စီအစည်းအဝေးတွေက မိန့်ခွန်းတွေကို ဘီဘီစီက ခွဲခြမ်းလေ့လာထားပါတယ်။
ရမခ ကျဆုံးခန်းနဲ့အတူ တပ်ထောက်ခံသူတွေရဲ့ ဝေဖန်သံ

ဓာတ်ပုံ ရင်းမြစ်, MOI
“ရှေ့တန်းရောက်တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက်စားသောက်ဖွယ်ရာ လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့အတူ ဝန်ထမ်းမိသားစုဝင်တွေ ချက်ပြုတ်ပြင်ဆင်နေတဲ့ ဓာတ်ပုံတွေက နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာရဲ့ သြဂုတ်လပထမအပတ်ထုတ်ဝေမှုမှာ အများဆုံး နေရာယူထားပါတယ်။
မြေပြင်အခြေအနေကိုကြည့်ရင်လည်း ဇွန်လ ၂၅ ရက်မှာပြန်လည်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအတွင်း မန္တလေးတိုင်းထဲက မိုးကုတ် နဲ့ စဉ့်ကူး၊ ရှမ်းပြည်နယ်ထဲက နောင်ချို နဲ့ မိုးမိတ် စတဲ့ (၄) မြို့ကို ဆုံးရှုံးခဲ့ပါတယ်။
သမိုင်းကြောင်းကြီးတဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA က တစ်လအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာကလည်း မြန်မာစစ်တပ်သမိုင်းမှာ အကြီးမားဆုံး အမဲစက်တစ်ခု ဖြစ်လာတယ်လို့ တပ်အရာရှိဟောင်းတွေနဲ့ တပ်ထောက်ခံသူတွေကပြောဆိုနေကြပါတယ်။
ရမခ တိုက်ခိုက်ခံနေရတဲ့ ဇူလိုင် ၃ ရက်ကစလို့ သြဂုတ် ၃ ရက်အထိ တစ်လတာအတွင်း ဇူလိုင် ၂၉ ရက်နဲ့ ၅ ရက်တွေမှာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ရေးနဲ့ တိုက်ပွဲတွေအကြောင်းတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထည့်မပြောခဲ့ပါဘူး။
နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြချက်အရ ဇူလိုင် ၁၆ ရက်မှာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ တက်ရောက်သလို ဇူလိုင် ၂၂ ရက်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေကို ဆုချီးမြင့်ပွဲတက်ရောက် တာကိုတွေ့ရပါတယ်။
အထူးသဖြင့် ရမခ ကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သြဂုတ် ၃ ရက်နေ့မှာ နေပြည်တော်က မီးရထားစက် ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ နဲ့ အမျိုးသားပြတိုက်ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်အပေါ် စစ်တပ်မိသားစုဝင်တွေရော တပ်ထောက်ခံသူတွေကပါ ဝေဖန်မှုတွေ ပိုကျယ်လောင်လာခဲ့တာပါ။
သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ရေးသားပြောဆိုချက်တွေကို ဘီဘီစီလေ့လာကြည့်ချက်အရ ရမခ တိုက်ပွဲတစ်လတာအတွင်း စစ်တပ်ထောက်ခံသူတွေရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် ဝေဖန်ချက် ကို တွေ့ရှိရပြီး မြန်မာစစ်တပ်ကိုအားပေးထောက်ခံနေဆဲဆိုတဲ့အချက်ကို မြင်ရပါတယ်။
“တပ်ထောက်ခံသူတွေ ဝေဖန်သလို၊ တပ်တွင်းမကျေနပ်တာလည်းရှိလာတယ်လို့ သိထားရတယ်” လို့ CDM တပ်ကြပ်ကြီး ကိုနောင်ရိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီထုတ်ပြန်တဲ့အစည်းအဝေးသတင်းထုတ်ပြန်ချက်တွေအရ ဇွန်လ ၂၅ ရက်နောက်ပိုင်းပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး နှစ်ကြိမ်စလုံးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ပွဲတွေအကြောင်း ထည့်သွင်းပြောကြားတာမတွေ့ရပါဘူး။
ဒါပေမဲ့ ဇူလိုင် ၃၁ ရက်က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာတော့ တိုက်ပွဲတွေရှိနေတာကို အကြောင်းပြပြီး နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို နောက်ထပ် ၆ လ တိုးမြှင့်ခဲ့ပါတယ်။
“ကာလုံပြီးနောက်ပိုင်း ပိုပြီးမကျေနပ်မှုတွေများလာတယ်။ အရင်က သူ့လုပ်ပုံပျော့တယ်လို့ပြောကြတာဆို ပေမဲ့ အခုက အာဏာမက်နေတယ်လို့ ပိုပြောလာကြတာပါ”
တပ်တွင်းဝေဖန်သံတွေအကြောင်း CDM တပ်ကြပ်ကြီး ကိုနောင်ရိုးက သူ့သိရှိရတဲ့အခြေအနေကို ပြောပြခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, The Kokang
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကနေ ဇူလိုင်လကုန်အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် မိန့်ခွန်းပြောခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၅) ကြိမ် နဲ့ စစ်ကောင်စီအစည်းအဝေး (၃) ကြိမ်မှာ တိုက်ပွဲတွေ အကြောင်းထုတ်ပြောခဲ့တာ နှစ်ကြိမ်သာရှိပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၁ ရက် နဲ့ ဇွန် ၇ ရက်တို့မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးတွေမှာဖြစ်ပြီး ပြည်ပနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ရိုက်သွယ်ဝှက်ကူညီပေးနေကြောင်း နဲ့ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းမှာ ကိုးကန့်တပ် MNDAA အသုံးပြုခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေအကြောင်း ထုတ်ပြော ခဲ့ပါတယ်။
ဒီလိုတိုက်ပွဲအကြောင်းထုတ်ပြောတဲ့နှစ်ကြိမ်စလုံးဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးနဲ့ နီးကပ်တဲ့ကာလတွေမှာ ပြောခဲ့တာကို သူ့ရဲ့ မိန့်ခွန်းတွေအရ တွေ့ရှိခဲ့ရပါတယ်။
အခုနှစ်အစောပိုင်းပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးနှစ်ကြိမ်မှာတော့ ကာကွယ်ရေး အသုံးစရိတ်အကြောင်း ထုတ်ပြောခဲ့ပြီး “အသုံးပြုနေတဲ့ လက်နက်၊ ယန္တရား၊ စက်ကိရိယာတွေ နဲ့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးစွမ်းအားရှိတဲ့ ပစ္စည်းတွေဖြစ်ဖို့လိုအပ်တယ်” လို့သာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
စစ်ရေးဆုံးရှုံးမှုများနေတဲ့ အခုလိုကာလမှာ စစ်တပ်ဦးဆောင်သူအနေနဲ့ စစ်ရေးအလေးပေးမပြောတာဟာ ပကတိအဖြစ်အပျက်ကို မျက်ကွယ်ပြုတာလို့ အချို့ကထောက်ပြသလို တပ်တွင်းစိတ်ဓာတ်မကျဆင်း စေရေးနဲ့လည်း သက်ဆိုင်တယ်လို့လည်း နိုင်ငံရေးအကဲခတ်အချို့က ယူဆကြပါတယ်။
“လူအင်အား၊ လက်နက်အင်အားရှိလို့ ခံတိုက်ရင်တောင် နိုင်မယ့်အနေအထားမရှိဘူးဆိုတဲ့ စိတ်ဓာတ်ပိုင်း ပျက်ပြားနေတာကိုတွေ့ရတယ်” လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်ကိုယ်တိုင်ဆုံးရှုံးမှုတွေကိုပြောခဲ့ရင် စစ်တပ်ရဲ့စိတ်ဓာတ်သာမက တိုက်ခိုက်နိုင်စွမ်းပါ ဒီထက်ပိုပြီးကျဆင်းလာလိမ့်မယ်လို့ သူက သုံးသပ်ထားတာပါ။
ဒီလိုစစ်ရေးအရေးနိမ့်နေပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်စီးပွားရေးတိုးတက်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောပြီး သုံးနှစ်တာအတွင်း နိုင်ငံရေးအရဆူပူအကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ ကိုဗစ် ရောဂါ နဲ့ နိုင်ငံတကာက အပြုသဘောမဆောင်တဲ့တုံ့ပြန်မှုတွေသာမရှိခဲ့ရင် ဒီထက်ပိုပြီးတိုးတက်မယ် လို့ သူ့အစည်းအဝေးတွေမှာ ပြစ်တင်ထားပါတယ်။
စိုက်ပျိုးမွေးမြူရေးနဲ့ နိုင်ငံ့လူဦးရေတဝက်ရဲ့ လူမှုဘဝတိုးတက်စေမယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP
စိုက်ပျိုးမွေးမြူရေးကိုတိုးတက်အောင်လုပ်ပြီး ထုတ်ကုန်တွေရှိလာရင် စက်ရုံ၊ အလုပ်ရုံတွေလည်ပတ်နိုင်ကာ ဘဏ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေပါလည်ပတ်နိုင်မယ့်အကြောင်း အစည်းအဝေးတိုင်းမှာ စစ်ခေါင်းဆောင်ထည့်ပြောလေ့ရှိပါတယ်။
ဇူလိုင် ၂၉ ရက်ကနောက်ဆုံးပြုလုပ်ထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာတောင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်၊ အာလူး တွေကို ရည်မှန်းချက်အတိုင်း ရောက်အောင်စိုက်ပျိုးဖို့သာမက ကြက်၊ ဝက်၊ နွား၊ ဆိတ်တွေကို မွေးမြူရေးပိုလုပ်ဖို့ကို ဦးစားပေး ပြောခဲ့တာပါ။
“စိုက်ပျိုးရေးနဲ့ပတ်သက်လို့ အရင်အစိုးရတွေထက်စာရင် ပိုပြောလာပေမဲ့ အောက်ခြေကတော့ တခြားစီပါပဲ” လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ဘီဘီစီကိုပြောပါတယ်။
အခုနှစ်မှာကြုံတွေ့ရတဲ့ နိုင်ငံတဝန်းရေကြီးမှုက တောင်သူလယ်သမားတွေအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိနေပြီး ထိရောက်တဲ့ကူညီမှုတွေအချိန်မီမပေးနိုင်ရင် ပြည်တွင်းရိက္ခာဖူလုံဖို့အတွက်ပါ စိန်ခေါ်ချက် ဖြစ်လာလိမ့်မယ် လို့ သူက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hpa An Rescue
ဇူလိုင်ပထမအပတ် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ကစတင်တဲ့ မြစ်ရေကြီးမှုဟာ တစ်လအကြာမှာတောင် မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ရေနစ်မြုပ်ဆဲအခြေအနေ ပါ။
မြန်မာပြည်သူတွေအဓိကစားသုံးတဲ့ ဆန်စပါးစိုက်ပျိုးရာသီလည်းဖြစ်တာကြောင့် အခုနှစ်အထွက်နှုန်းမပြည့် နိုင်သလို အရည်အသွေးမပြည့်မီမှာကိုပါ စိုးရိမ်ရတယ်လို့ ဘီဘီစီမေးမြန်းခွင့်ရခဲ့တဲ့ လယ်သမားတွေက တပြေးညီပြောကြပါတယ်။
ရေကြီးမှုအစောဆုံးခံစားခဲ့ရတဲ့ဒေသတွေထဲကတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့နယ်က ချင်းတွင်းမြစ်ကမ်းတလျှောက် ကျေးရွာတွေမှာဆိုရင် ရေပြန်ကျသွားပေမဲ့ ရွှံ့နွံ့ကျန်ရစ်ခဲ့တာကြောင့် လယ်ထွန်စက်မောင်းနှင်လို့မရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလိုရေကြီးတာက တောင်သူလယ်သမားတွေအပေါ် ဘယ်လိုသက်ရောက်လဲလို့ ဘီဘီစီက မေးခွန်းထုတ်ချိန်မှာတော့ “လယ်ပျက်သွားပြီ” လို့သာ ခန္တီးမြို့နယ်၊ စိန်နန်းရွာသားတစ်ဦးက ခပ်တိုတိုတုံ့ပြန်ပါတယ်။
ဒါကြောင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီဖို့ဆိုတာထက် တောင်သူလယ်သမားတွေနှစ်စဉ်ကြုံတွေ့နေရတဲ့ ရေကြီးတဲ့ဒဏ်ကနေ ကာကွယ်ဖို့၊ အရေးပေါ်တုံ့ပြန်မှုတွေပေးနိုင်ဖို့ ပိုဦးစားပေးသင့်တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ က ဝေဖန်ထားပါတယ်။
ဒီလိုရေဘေးသင့်နေပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ “စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း တွေကိုအခြေခံပြီး နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်းရဲ့ လူမှုဘဝဖွံ့ဖြိုးရေးကို အမှန်တကယ်ဆောင်ရွက်နိုင်မယ်” လို့ ဇူလိုင် ၂၉ ရက် အစည်းအဝေးမှာ ထပ်ပြောခဲ့ပါတယ်။
ပိုမိုကျပ်တည်းလာတဲ့ လူမှုဘဝအခြေအနေအကြောင်း မိန့်ခွန်းပြောတာမရှိ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စီးပွားရေးကဏ္ဍတိုးတက်ဖို့ “သမဝါယမ” စနစ်က အသင့်တော်ဆုံးလို့ ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြောလာပါတယ်။
အရင်စစ်အစိုးရလက်ထက်တွေက လူသုံးကုန်သာမကစားသောက်ကုန်ပစ္စည်းတွေကိုပါ အကန့်အသတ်နဲ့ တန်းစီထုတ်ယူခဲ့ရတဲ့ သမဝါယမ စနစ်တကျော့ပြန်ဖြစ်လာမှာကို ပြည်သူတွေပိုပြီးစိုးထိတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းတာ သုံးနှစ်ခွဲကာလအတွင်း လူထုတွေ အလူးအလဲရင်ဆိုင်နေရတဲ့ အဆမတန် ကုန်ဈေးနှုန်းမြင့်တက်လာမှု၊ စက်သုံးဆီ ရှားပါးမှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းစံချိန်တင်မြင့်တက်လာမှုနဲ့အတူ လျှပ်စစ်မီးမလုံလောက်တဲ့ ပြဿနာတွေအကြောင်းကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရံဖန်ရံခါမှသာ ထုတ်ပြောလေ့ရှိပါတယ်။
ဘီဘီစီလေ့လာကြည့်ချက်အရ ပထမအရေးပေါ်ကာလ ခြောက်လအတွင်း ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး ငါးကြိမ်အတွင်း ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်လို့ တစ်ကြိမ်နဲ့ နယ်စပ်ကုန်သွယ်ရေး အကြောင်း တစ်ကြိမ်သာ ပြောထားပါတယ်။
“ရွှေဈေး၊ ငွေဈေးတွေတက်တာ သဘာဝမကျဘူး” လို့သာ ဇွန် ၇ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်ပြောခဲ့ပြီး နိုင်ငံစီးပွားရေးကျဆင်းအောင် အဖက်ဖက်က တိုက်ခိုက်ခံနေရတယ်လို့ ပြောခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းတွေထဲ နောက်ထပ်ပါဝင်လာလေ့ရှိတဲ့အကြောင်းအရာတွေက ရွေးကောက်ပွဲ မဖြစ်မနေကျင်းပပေးမှာဖြစ်ပြီး အောက်တိုဘာလမှာ သန်းခေါင်စာရင်းကောက်ယူမယ်ဆိုတဲ့အကြောင်း နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမယ့်အကြောင်း ခပ်စိပ်စိပ်ပါဝင်လာပါတယ်။
စစ်ရေးမပါဝင်တဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းတွေက ဘယ်လိုသဘောထားကိုမြင်တွေ့ ရလဲလို့ နိုင်ငံရေးအကဲခတ်တချို့ကတော့ စစ်ခေါင်းဆောင်ပြောတဲ့ ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့ရင် သူယူထားတဲ့လက်ရှိတာဝန်တွေကို ကာလအတော်ကြာဆက်ယူထားနိုင်ချေရှိတယ်လို့ ပြောကြပါတယ်။
ဒါပေမဲ့ စစ်တပ်မိသားစုအသိုင်းအဝိုင်းမှာတော့ စစ်ရေးအရေးနိမ့်မှု၊ အထွေထွေကျပ်တည်းမှုတွေကြောင့် စစ်ခေါင်းဆောင်ကို ဖိအားပေးပြောနေသူတွေ ပိုများလာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဒီလောက်ဖြစ်နေပေမဲ့ ဆိုကရေးတီးလုပ်မယ့်အကြောင်းပဲပြောနေတာမျိုးပေါ့” လို့ တပ်တွင်းမှာတောင် အရင်နဲ့ လက်ရှိကာလ စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းတွေအပေါ် ရှုမြင်ပုံကွာခြားလာတဲ့အကြောင်း CDM တပ်ကြပ်ကြီး ကိုနောင်ရိုးက ဘီဘီစီကို ပြောပြပါတယ်။









