အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ ကို ဝိုင်းထားတဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထိုးစစ်

ဓာတ်ပုံ ရင်းမြစ်, MNDAA
ကိုးကန့်တပ် (MNDAA) ရဲ့ ကာကွယ်ရေးနယ်မြေကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ MNDAA ကထုတ်ပြန်ပြီး ၄ ရက် အကြာမှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိတဲ့ ရှမ်းမြောက်၊ လားရှိုးမြို့ ရဲ့ ၁၅ မိုင် ပတ်လည်အထိ တိုက်ပွဲတွေရောက်လာပါတယ်။
လားရှိုးမြို့ ထဲပါတဲ့ မန်ဆန်ရေကျ၊ နမ္မဗေါဒ၊ နောင်မွန်၊ နမ့်ပေါင်ကျေးရွာတွေတဝိုက်နဲ့ မြို့ရှောင်လမ်းဘက်တွေမှာ စစ်ကောင်စီနဲ့ MNDAA- ကိုးကန့်တပ်တို့ကြားမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာလို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
လားရှိုးမြို့နဲ့ မိုင် ၂၀ ကျော်သာကွာဝေးတဲ့ နမ္မဗေါဒကျေးရွာကိုတော့ မြောက်ပိုင်းမဟာမိတ်တပ်တွေက ထိန်းချုပ်တပ်စွဲထားတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဇူလိုင် ၂ ရက် ညပိုင်းကတည်းက လားရှိုးမြို့မှာ လက်နက်ကြီးပစ်ခတ်သံတွေ၊ ဒရုန်းနဲ့ ဗုံးကြဲချသံတွေ ဆူညံနေခဲ့ပြီး ဇူလိုင် ၃ ရက် နဲ့ ၄ ရက်မှာတော့ နှစ်ဖက်ပစ်ခတ်မှုတွေကြား အရပ်သားတွေသေဆုံးတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။
အပြန်အလှန်စွပ်စွဲနေတဲ့ လူသေဆုံးမှု

ဓာတ်ပုံ ရင်းမြစ်, Screen Grab
တိုက်ပွဲတွေပြန်စတဲ့ ဇူလိုင် ၃ ရက် မနက်အစောပိုင်းမှာပဲ လားရှိုးမြို့ ရပ်ကွက် (၁) က နေအိမ်တစ်အိမ်အပေါ်ကို လက်နက်ကျရောက်ပေါက်ကွဲခဲ့လို့ မိသားစုဝင် ၆ ဦးစလုံး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
သေဆုံးတဲ့အထဲ ကလေးငယ်အပါအဝင် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၃ ဦးပါဝင်ပါတယ်။
ရပ်ကွက် (၁) ဟာ စစ်ကောင်စီရဲ့ ရမခ ရှိတဲ့ ရပ်ကွက် (၁၀) နဲ့ ကပ်လျက်ရှိပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်ရက်တည်းမှာပဲ လားရှိုးမြို့၊ နမ့်ပေါင်ကျေးရွာက နေအိမ်တစ်အိမ်ပေါ်ကိုလည်း လက်နက်ကြီးကျခဲ့တာကြောင့် နောက်ထပ် အရပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဒီပေါက်ကွဲမှုကို မြို့အရှေ့မြောက်ဘက် မီတာ ၄ ထောင်လောက်ကနေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းချက်ထုတ်ပါတယ်။
ဒါပေမဲ့ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာမျိုးတော့ စစ်ကောင်စီက နာမည်ထုတ်မပြောဘဲ အကြမ်းဖက်သောင်းကျန်းသူတွေလို့ သုံးနှုန်းပြီး ထုတ်ပြန်ပါတယ်။
ဒါအပြင် လက်နက်ကိုင်တပ်ဖွဲ့တွေကို ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတန်ပြန်ချေမှုန်းစစ်ဆင်ရေး(Counter – Terrorism Operation)ကို တိုးမြှင့်သွားမယ်လို့ လည်း ထည့်ပြောထားပါတယ်။
တဖက်မှာတော့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ရဲ့အဖွဲ့ ဝင် တအာင်းတပ် (TNLA) က စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။
TNLA ရဲ့ ဒီထုတ်ပြန်ချက်ကြောင့်ပဲ လားရှိုးမြို့ပတ်တိုက်ပွဲတွေဟာ MNDAAတပ်ဖွဲ့ တစ်ခုတည်းနဲ့ ဖြစ်နေတာ မဟုတ်ဘဲ သူ့ရဲ့ မဟာမိတ် TNLA - တအာင်းတပ်လည်းပါတယ်လို့ လားရှိုးမြို့ခံ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
ဒါပေမဲ့ TNLA ကတော့ လားရှိုးမြို့နယ်နဲ့ ပတ်လည်ကတိုက်ပွဲတွေမှာ သူတို့မပါဘဲ MNDAA နဲ့ စစ်တပ်ကြားက တိုက်ပွဲတွေလို့ ပြောပါတယ်။
'' TNLA က လားရှိုးမြို့တိုက်ပွဲမှာ မပါပါဘူး။ တအာင်းပြည် တပ်မဟာ (၆) စစ်ဒေသထဲက နေအိမ်ကိုကျရောက်ပေါက်ကွဲလို့ ကျွန်တော်တို့ ဘက်က သတင်းထုတ်ပြန်တာပါ'' လို့ TNLA စစ်ရေးရင်းမြစ်က ပြောပါတယ်။
တဖက်မှာလည်း လားရှိုးတိုက်ပွဲဟာ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ သီပေါဖြစ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအဆက် နာမည်တပ်ဖို့ ခက်နေတယ်လို့ လည်း နောက်ထပ်စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
'' စစ်တပ်ဘက်ကလည်း သူနဲ့တိုက်နေတဲ့ အဖွဲ့ နာမည်တွေကိုထုတ်မပြောသလို မဟာမိတ်တပ်တွေဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး အဆက်လို့ နာမည်တပ်တာမရှိဘူး'' လို့ သူက ပြောပါတယ်။
လားရှိုးမြို့ရပ်ကွက် (၄)အပါအဝင် ရပ်ကွက် (၅) ပန်အုပ်ဘုန်းကြီးကျောင်းအနီးကိုလည်း ဇူလိုင် ၃ ရက် ညနေပိုင်းအထိ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေကပြောပါတယ်။
“ကိုရင်လေးတွေ ထိသွားတယ်ကြားတယ်၊ အတိအကျသိရအောင်လည်း ထွက်မကြည့်ရဲဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့က ကူညီရေးအဖွဲ့တွေကလည်း နေရာရွှေ့ပြောင်းလိုသူတွေ ဘေးလွတ်ရာကိုကြိုတင်ရှောင်တိမ်းထွက်ခွာနိုင်ရေးလည်း ကူညီနေကြပါတယ်။
စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရှော့တိုက်ဒုံးပစ်ခတ်မှုတွေကြောင့် ဇူလိုင် ၃ ရက်မှာပဲ ဒေသခံ ၈ ဦးထက်မနည်းသေဆုံးနေပြီလို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားတာတွေ့ရပါတယ်။
ဇူလိုင် ၄ ရက် မနက်ပိုင်းမှာတော့ လားရှိုးမြို့ ရပ်ကွက် (၉) ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် သားအမိနှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရပ်ကွက် ၉ ထဲက နယ်မြေ ၃ မှာ လက်နက်ကြီး ၁ ကြိမ်နဲ့ နယ်မြေ ၁ ထဲမှာ လက်နက်ကြီး ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့တာပါ။
လူသေဆုံးမှုဖြစ်တဲ့နေရာက နယ်မြေ ၃ ထဲကလို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“ဒီမနက်ပိုင်းမှာ ရွှီး ဆိုတဲ့ အသံအရှည်ကြီးကြားပြီးမှ ဒုန်းဆိုတဲ့ ပေါက်ကွဲသံကို ကြားလိုက်ရတာ။ အိမ်ထဲမှာရှိနေတဲ့သားအမိနှစ်ယောက်ထဲမှာ အမေဖြစ်သူက နေရာမှာတင် ဆုံးသွားတယ်။ သားက ဆေးရုံကိုပို့ရင်း ဆုံးတယ်”လို့ ဒေသခံက ပြောပါတယ်။
စစ်မျက်နှာပြင်ကျယ်လာတဲ့ မန္တလေး - ရှမ်းမြောက်တခွင်

ဇွန် ၂၅ ရက် က ပြန်ဖြစ်ခဲ့တဲ့ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ ၊နောင်ချို၊ သီပေါ အပြင် စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးတိုင်းအထိပါစစ်မျက်နှာပြင် ကျယ်ပြန့်လာတာပါ။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက တအာင်းတပ် (TNLA) က ရှမ်းပြည်(မြောက်ပိုင်း)မှာ ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့တွေကို ထိုးစစ်ဆင်ပါတယ်။
မန္တလေးဘက်မှာတော့ မိုကုတ် - မတ္တရာ - မန္တလေး ဘက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) နဲ့ ပူးပေါင်းပြီး မိုကုတ်မြို့ကို ထိန်းချုပ်ရေး ကြိုးပမ်းနေတာပါ။
ဒါပေမဲ့ တရုတ်ကြားဝင်ထားတဲ့ ၁၀၂၇စစ်ဆင်ရေးအပစ်ရပ်ဟိုင်ဂင်သဘောတူညီချက်ကိုစစ်တပ်ဘက် က စပြီးချိုးဖောက်လို့ တိုက်ပွဲပြန်ဖြစ်တာလို့ TNLAဘက်က ပြောထားပါတယ်။
စစ်တပ်ဘက်ကလည်း မြောက်ပိုင်းတပ်တွေဘက် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တာလို့စွပ်စွဲထားပါတယ်။
ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ နဲ့သီပေါ ဘက်မှာ TNLA နဲ့ MDY- PDF ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ ဖော်နေချိန်မှာပဲ ကိုးကန့် တပ် (MNDAA) ရဲ့ လားရှိုးမြို့ကို ဗဟိုပြုတဲ့ထိုးစစ် ( မြို့ရဲ့ မိုင် ၁၀ မိုင်နဲ့ မိုင် ၂၀ ပတ်လည်အထိ ) နီးနီးကပ်ကပ်ရောက်လာတာဖြစ်ပါတယ်။
လားရှိုးမြို့ ပတ်လည်က တိုက်ပွဲတွေမှာ MNDAA နဲ့ အတူ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP လည်း ပါနေတယ်လို့ မြောက်ပိုင်းစစ်ရေးရင်းမြစ်က ပြောပါတယ်။
ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးလို့ SSPP နဲ့ မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) ဦးဆောင်တဲ့တပ်ဖွဲ့တွေကတော့ မန္တလေးမြို့ကိုဦးတည်တဲ့ စဉ့်ကူး - မတ္တရာမြို့တွေဘက်ကနေမန္တလေးကို ဦးတည်တဲ့တိုက်ပွဲတွေ ဖော်နေတာပါ။
တိုက်ပွဲကာလ ၈ ရက်အတွင်း စစ်တပ်စခန်း ၈ ခုကို သိမ်းနိုင်ခဲ့တယ်လို့ ဇူလိုင် ၂ ရက်မှာ MDY PDF ဘက်က ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတုန်းက လားရှို့မြို့အထိ တိုက်ပွဲတွေနီးကပ်ခဲ့ပေမယ့် တရုတ်ကမကထလုပ်မှုကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ( MNDAA၊ TNLA ၊AA ) နဲ့ ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ “ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်စာချုပ်” ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမအပိုင်းမှာ TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်း နဲ့ ကွတ်ခိုင် အစရှိတဲ့ ၇ မြို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
TNLA နဲ့ နီးစပ်တဲ့ စစ်ရေးအကဲခတ် သတင်းရင်းမြစ်ကတော့ TNLA ရဲ့ ရည်ရွယ်ရင်းထဲမှာ ကျောက်မဲ၊ မိုးမိတ်၊ လားရှိုးနဲ့ မူဆယ်မြို့တွေကို ဆက်သိမ်းဖို့ရှိနေချိန်မှာပဲ ဟိုင်ဂင်အပစ်ရပ်စာချုပ် ပေါ်ပေါက်ခဲ့တာလို့ အစောပိုင်းတည်းက ပြောထားပါတယ်။
'' ဟိုင်ဂင် အရဆိုရင် TNLA က ၇ မြို့ ရတယ်ပြောရမယ်။ ဒါပေမဲ့ အဲဒီအထဲမှာ TNLA လိုချင်တဲ့ နယ်မြေတွေမပါခဲ့ဘူးလို့ သိရတယ်။ သူတကယ်လိုချင်တာက မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနဲ့ လားရှိုးလို့ တွက်ချက်မိတယ်။ အခု ၅ လလောက်ကြာတော့ နှစ်ဖက် ( စစ်တပ်နဲ့ မြောက်ပိုင်း ၃ ဖွဲ့ ) လုံးက အရှိန်ယူပြီး တိုက်ပွဲပြန်စတာလို့ပဲ ယူဆတယ် ''
နောက်ထပ် လားရှို့မြို့ခံ စစ်ရေးအကဲခတ်တစ်ဦးကတော့ မြောက်ပိုင်း ၃ ဖွဲ့ဘက်ကလည်း ဟိုင်ဂင်စာချုပ်ကိုသူတို့ ဘက်က ချိုးဖောက်တာမဟုတ်ဘူးဆိုတာမျိုးကိုပြချင်တဲ့အတွက် ရှမ်းမြောက်စစ်ရေးခွင်ထဲမှာတဖွဲ့ချင်းအလိုက် ထိုးစစ်ဆင်နေတာလို့ သူ့ရှုမြင်ချက်ကို ပြောပါတယ်။
'' ဟိုင်ဂင်က ၃ ဖွဲ့ပေါင်းချုပ်ထားတာဖြစ်တယ်။ ဒီတော့ အခုစစ်ဆင်ရေးတွေကို စစ်တပ်ဘက်ကစချိုးဖောက်လို့ သူတို့ဘက်ကလည်း တစ်ဖွဲ့ချင်းအလိုက် ဒေသအလိုက်ပြန်တိုက်နေတာဆိုတာမျိုး ပုံဖော်ထားလို့ပဲမြင်တယ်။ ဒါတွေ အားလုံးက ၁၀၂၇ စစ်ဆင်ရေးအဆက်ပါပဲ။ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးပါပဲ'' လို့ သုံးသပ်ပြပါတယ်။
စစ်ရေးရင်းမြစ်တွေရဲ့ အပြောအရ လားရှိုးမြို့ ပတ်လည် ၃ နေရာကို MNDAA က နေရာယူထားပါတယ်။
လားရှိုးမြို့ အရှေ့ဘက် ကွမ်လုံ - သိန္နီ လမ်းပိုင်း ၊ မြောက်ဘက် မှာ တန့်ယန်း - မိုင်းယော် - မန္တလေး လမ်းပိုင်း နဲ့ အနောက်ဘက်မှာ နမ္မတူ - အီနိုင်းဘက်ခြမ်းတွေက ကပ်လာပြီး စစ်တပ်ရဲ့ ကာကင်းစခန်းတွေကို ထိုးစစ်ဆင်နေတာပါ။
'' MNDAA က စစ်တပ်ရဲ့ မြို့ အစွန်ဆုံးမှာ ချထားတဲ့ ကာကင်းတွေကို အရင်တိုက်နေတာပါ။ တိုက်ရင်းမြို့နဲ့ ကပ်လာတဲ့ အခြေအနေဖြစ်နေပါပြီ'' လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
လားရှိုးလေဆိပ် ပိတ်လိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, CJ
တိုက်ပွဲပြင်းထန်လာတဲ့ ဇူလိုင် ၃ ရက်မှာပဲ လားရှိုးလေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်ဝန်ဆောင်မှုလုပ်ငန်းတချို့က ကြေညာထားပါတယ်။
ဒါ့အပြင် လားရှိုးအခြေစိုက် စစ်ကောင်စီလေတပ်နဲ့ ကပ်လျက်မှာရှိတဲ့ လားရှိုးလေဆိပ်ကိုလည်း ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းကလည်း လားရှိုးလေဆိပ်ကို ၄ လခွဲနီးပါး ပိတ်ခဲ့ရပြီး ၂၀၂၄ ၊ မတ်လ ၁၆ ရက်ကမှ လေကြောင်းခရီးစဉ်တွေပြန်ဆွဲခဲ့တာဖြစ်ပါတယ်။
အခု တကျော့ပြန် လားရှိုးမြို့ တဝိုက်ကတိုက်ပွဲတွေကြောင့် လေဆိပ်အပြင် လားရှိုးမြို့ကနေ တခြားဒေသတွေဆီ အဝင်/အထွက်လမ်းတွေကို စစ်ကောင်စီက ပိတ်လိုက်ပါတယ်။
လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းနဲ့ တံတား ၃ စင်း ထက်မနည်းလည်း ဖျက်ဆီးခံထားရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
ဇူလိုင် ၃ ရက် ပြန်စတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် လားရှိုး-သီပေါလမ်းနဲ့ မူဆယ်-လားရှိုးလမ်းပိုင်းတချို့မှာ ကုန်သွယ်ရေးနဲ့ ခရီးသည်တင်ကား ရာနဲ့ချီဟာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ရဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတယ်ဒေသတွင်းမီဒီယာတချို့ကဖော်ပြပါတယ်။
“ကိုယ့်ကားသမား အဖွဲ့တွေကတော့ ကားထားပြီး ဘေးလွတ်ရာပြေးနေရတယ်” လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လူမှုကွန်ရက်မှာတက်လာတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ဒရုန်းတွေပျံသန်းနေတာနဲ့ ပစ်ခတ်သံတွေကြားမှာ ကားသမားနဲ့ ခရီးသည်တွေ ရုန်းရင်းဆန်ခတ်ပြေးလွှားနေကြတာကို တွေ့ရပါတယ်။
အဲဒီကားတွေက မူဆယ်ကနေ လားရှိုးကိုလာတဲ့လမ်း မိုင်းတင်ကျေးရွာနားမှာ ပိတ်မိနေတာဖြစ်ပါတယ်။ အလားတူ လားရှိုး-သီပေါလမ်းက နောင်မွန်ရွာမှာလည်း တိုက်ပွဲဖြစ်နေတာကြောင့် ကားတွေဆက်သွားမရဖြစ်နေတယ်လို့ ကားသမားတစ်ဦးကပြောပါတယ်။
သမ္မတဟောင်းရဲ့တရုတ်ခရီးစဉ်တစ်ဖက်ခြမ်း

ဓာတ်ပုံ ရင်းမြစ်, CCTV
နေပြည်တော် နဲ့ ဘေဂျင်းကြား အပြန်အလှန် ခရီးစဉ်တွေ ရှိနေချိန်မှာတောင် မြေပြင်မှာ တိုက်ပွဲတွေ မရပ်နိုင် ဖြစ်နေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံဆက်ဆံရေး အဆင်မပြေဘူးလို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေ သုံးသပ်နေချိန်မှာပဲ သမ္မတဟောင်း ဦးသိန်းစိန်ကို “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ချမှတ်ခဲ့တဲ့ နှစ် (၇၀) ပြည့်အခမ်းအနားကို တက်ရောက်ဖို့ တရုတ်က ဖိတ်ကြားခဲ့ပါတယ်။
အခမ်းအနားပြီးတဲ့နောက် ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ မြန်မာပြည်တွင်းအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ တရုတ်ဘက်က သတင်းတွေမှာတော့ မြန်မာပြည်တွင်းအခြေအနေတွေ ဆွေးနွေးခဲ့တယ်ဆိုတာမျိုး ကြေညာထားတာ မရှိပါဘူး။
စစ်ရေးအကဲခတ်တစ်ဦးကတော့ မြန်မာရဲ့ အကျပ်အတည်းကို တရုတ်က အဆုံးသတ်ချင်တဲ့အတွက် ဒါကိုဖြေရှင်းဖို့ ဦးသိန်းစိန်ကိုသုံးဖို့ ရည်ရွယ်ချင်တာလို့ သုံးသပ်ပါတယ်။
တရုတ်-မြန်မာဆက်ဆံရေးကျွမ်းကျင်သူတစ်ဦးကတော့ နိုင်ငံရေးထွက်ပေါက်မရှာဘဲ ခေါင်းမာတဲ့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်က သဘောမကျဘူးလို့ ပြောပါတယ်။
မြန်မာပြည်မှာ စစ်ပွဲတွေကြာရှည်လေလေ တရုတ်ရဲ့ မဟာဗျူဟာ အစီအစဉ်တွေ ကြီးကြီးမားမား ထိခိုက်မှာကို တရုတ်က မကြိုက်တာလို့လည်း သူကဆက်ပြောပါတယ်။
တရုတ်အနေနဲ့ စစ်အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်ကလွဲလို့ စစ်ကောင်စီဝန်ကြီးတွေကိုတော့ ဘေဂျင်းကို အကြိမ်ကြိမ်ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့စစ်ခေါင်းဆောင်ကိုတော့ တရုတ်ကိုဖိတ်တာမရှိသေးပါဘူး။
တရုတ်က ဟိုင်ဂင် သဘောတူညီချက် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ နဲ့ စစ်ကောင်စီကြား ဝင်ရောက်ညှိနှိုင်းခဲ့ပေမယ့် မြေပြင်မှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ လားရှိုးမြို့အထိ တိုက်ပွဲက ရောက်လာတာဖြစ်ပါတယ်။











