စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲအစီအစဉ်က ဘာတွေလဲ

ဓာတ်ပုံ ရင်းမြစ်, MUN
အရေးပေါ်ကာလသက်တမ်းကုန်ဆုံးချိန် ဇူလိုင် ၃၁ ရက်မှာ ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကနေ စစ်ကောင်စီကို နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးပေးလိုက်ပါတယ်။
တစ်နာရီကျော် ကြာခဲ့တဲ့ အဲဒီကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်ပြောကြားချက်အားလုံးကို ခြုံ ကြည့်ရင် တည်ငြိမ်ရေးဆက်လိုနေလို့ အာဏာသက်တမ်းဆက်တိုးမယ်ဆိုတဲ့ အကြောင်းနဲ့ စစ်ကောင်စီပြင်နေတယ်ပြောတဲ့ ရွေးကောက်ပွဲ ကို ကျင်းပဖို့ အချိန်လိုအပ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်က အဓိကတွေ့ရပါတယ်။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပဖို့ အခင်းအကျင်း နှစ်ခု ပြောခဲ့ပြီး ရွေးကောက်ပွဲကျင်းပပေးမယ့် ကာလကိုတော့ ပြောသွားတာမတွေ့ရပါဘူး။
ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ် သမ္မတ ရွေးဖို့အထိ စစ်တပ်က ဘယ်လိုစဉ်းစားနေသလဲဆိုတာကိုတော့ ကာလုံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
အခင်းအကျင်းနှစ်သွယ်

ဓာတ်ပုံ ရင်းမြစ်, mun
စစ်ကောင်စီ ပြောတဲ့ ပထမ အခင်းအကျင်းက မတည်ငြိမ်တဲ့ ဒေသတွေကို ချန်ထားပြီး တည်ငြိမ်တဲ့နေရာတွေမှာပဲ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ စဉ်းစားချက်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးမြောက်ဘက်ခြမ်း နေရာအချို့၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း နဲ့ တနင်္သာရီတိုင်းဒေသကြီး အတွင်းက နေရာအနည်းငယ်ကို ချန်လှပ်ပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
ဒီစဉ်းစားချက်ဟာ ၁၉၅၁ ခုနှစ် က ပြည်တွင်းစစ်အတွင်း အေးချမ်းတဲ့နေရာတွေမှာ ရွေးကောက်ပွဲကို လနဲ့ချီ ပြုလုပ်ခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲကို ပုံစံ ယူထားတာလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ မြို့နယ်တစ်ခုလုံးအလိုက် ရွေးကောက်ပွဲ မကျင်းပနိုင်တာထက် စာရင်လုံခြုံမှုရှိတဲ့နေရာတွေမှာ ကျင်းပပေးနိုင်ဖို့ စဉ်းစားသင့်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒုတိယ အခင်းအကျင်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပရေးပဲ ဖြစ်ပါတယ်။
အခင်းအကျင်းနှစ်ခုလုံးမှာ အားသာချက်၊ အားနည်းချက်တွေ ရှိနေတာ တွေ့ရတယ်လို့ ယာယီသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ မဲစာရင်းမှန်ကန်ဖို့လိုတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောခဲ့ပြီး မဲစာရင်းမှန်ကန်ဖို့ သန်းခေါင်စာရင်း ကောက်ယူမှု အောင်မြင်မှ ဖြစ်မယ် လို့ ချိတ်ဆက် ပြောခဲ့ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲဘယ်တော့ကျင်းပမလဲဆိုတာကို သန်းခေါင်းစာရင်းကောက်ယူမှု ဘယ်တော့ပြီးမလဲဆိုတာနဲ့ ချိန်ဆနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးချိန်မှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကိုကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရမယ်လို့ ကာလုံအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်ကတော့ ရွေးကောက်ပွဲကို စစ်တပ်က ဦးဆောင်ကျင်းပပေးတာထက် အခုထက်ပိုပြီးလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုက ကျင်းပပေးနိုင်ရင် ပိုကောင်းမယ် လို့ သုံးသပ်ပါတယ်။
‘’အခုက စစ်တပ်ကိုယ်တိုင်က Conflict Partner(ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ) ဖြစ်နေတယ်။’’ လို့ သူကပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့ စိုးရိမ်ချက်

ဓာတ်ပုံ ရင်းမြစ်, MUN
အခင်းအကျင်း နှစ်ခုလုံးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စိုးရိမ်ချက်တွေ ရှိနေတာကို သူ့အပြောက ထင်ဟပ်ပါတယ်။
ပထမ အခင်းအကျင်းဖြစ်တဲ့ မတည်ငြိမ်တဲ့ ဒေသတွေကို ချန်ထားပြီး တည်ငြိမ်တဲ့နေရာတွေပဲ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ စဉ်းစားချက်ကြောင့် အကျိုးဆက်အနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့အခါ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၃၁၅ မြို့နယ်ထက်ပို နည်းပါးသွားနိုင်တယ်လို့ သူကပြောပါတယ်။
ရွေးကောက်ပွဲကျင်းပမှုကနေ ချန်လှပ်ခဲ့တဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဒေသကိုယ်စားပြု ကိုယ်စားလှယ်မရှိတာ၊ လွှတ်တော်ခေါ်ဖို့နဲ့ အစိုးရဖွဲ့ဖို့ အားနည်းချက်တွေ ဖြစ်လာမယ် လို့ လည်း ဆိုပါတယ်။
‘’ နိုင်ငံတကာအမြင် နဲ့ ပြည်သူလူထုအမြင်မှာ လွှတ်တော်ကိုမဖြစ်ဖြစ်အောင် ခေါ်တယ်ဆိုတဲ့ အနေ အထားကို ရောက်သွားနိုင်တယ်’’ လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒုတိယ အခင်းအကျင်းအရ တစ်နိုင်ငံလုံး အတိုင်းအတာ ရွေးကောက်ပွဲကျင်းပရင်လည်း အကျိုးဆက်တွေ ရှိလာနိုင်သေးတယ်လို့ သူကပြောပါတယ်။
လက်နက်အားကိုးခြိမ်းခြောက်ပြီး မဲပေးမှုကို တားမြစ်ပိတ်ပင်တာ၊ ဗုံးဖောက်ခွဲတာ နဲ့ တိုက်ခိုက်တာတွေ ဖြစ်လာမယ်လို့ စစ်ခေါင်းဆောင်က မျှော်လင့်ထားပြီး ရလဒ်အနေနဲ့ မဲပေးနှုန်းကျဆင်းလိမ့်မယ် လို့ သူကပြောပါတယ်။
ဒီလိုအခြေအနေတွေ မဖြစ်အောင် လတ်တလော လုံခြုံရေးအခြေအနေဆိုးနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် နေရာ ဒေသတွေကို လိုအပ်တဲ့ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ခေါင်းဆောင်က ဆိုပါတယ်။
၂၅ ရာခိုင်နှုန်း ဗဟိုပြုစဉ်းစားချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ လွှတ်တော်အစည်းအဝေးတစ်ခု အထမြောက်ဖို့ လွှတ်တော် ပထမနေ့မှာ တက်ရောက်ခွင့်ရှိတဲ့ကိုယ်စားလှယ် ထက်ဝက်ကျော် တက်ရောက်ရင် အစည်းအဝေး အထမြောက်တယ်လို့ ပြဋ္ဌာန်းပါတယ်။
ဒီ အချက်ကိုကိုင်ပြီး စစ်ခေါင်းဆောင်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကို သုံးနိုင်တဲ့ သဘောပြောလာပါတယ်။
သူ့အပြောအရ စစ်တပ်ကိုယ်စားလှယ်နဲ့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိရုံနဲ့ လွှတ်တော်အစည်းအဝေး အထမြောက်အောင် ဆောင်ရွက်နိုင်တယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
အလားတူ ပြည်ထောင်စုအဆင့် သမ္မတ၊ ဒုသမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးတဲ့အခါမှာလည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကို အသုံးပြုနိုင်တယ် လို့ သူကပြောပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် စစ်တပ်ကို အပြစ်ဖို့နိုင်တာကိုလည်း သူကစိုးရိမ်တဲ့သဘောပြောခဲ့ပါတယ်။
‘’ တပ်မတော်က အတင်း လုပ်ယူတယ်လို့ သတ်မှတ်သွားနိုင်ပြီး ပုံရိပ်အရ မသင့်တော်တာတွေ ဖြစ်လာနိုင်တယ်’’ လို့ သူကပြောပါတယ်။
ရွေးကောက်ခံကိုယ်စားလှယ်အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်အထိ ရွေးချယ်ခွင့်ရဖို့ ကြိုးပမ်းဆောင်ရွက်နေပေမယ့် ခက်ခဲမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အချိန်လိုအပ်နေဆဲ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, MUN
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရွေးကောက်ပွဲပြန်ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ် လို့ ကတိပြုထားပါတယ်။
ဒါပေမဲ့ ကာလုံအစည်းအဝေး ငါး ကြိမ်ခေါ်ပြီး အရေးပေါ်ကာလကို စုစုပေါင်း သုံးနှစ်အထိ သက်တမ်းတိုးထားရပါတယ်။
သက်တမ်းတိုးတဲ့အခါတိုင်း စစ်ခေါင်းဆောင်ပြောခဲ့ရတဲ့ စကားက ‘အချိန်လိုအပ်နေသေးတယ်’ ဆိုတာပဲ ဖြစ်ပါတယ်။
ဇူလိုင် ၃၁ ရက် ကာလုံအစည်းအဝေးမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူအချိန်ယူဖို့ လိုအပ်နေတဲ့ ကဏ္ဍတွေကို ထပ်ပြောတာပါ။
နိုင်ငံရေးအကဲခတ်တချို့ကတော့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုတွေဟာ စစ်ကောင်စီရဲ့ဘေးကျပ်နံကျပ် ဖြစ်မှုကို ပြသနေတယ်လို့ သုံးသပ်ကြပါတယ်။
‘’ရွေးကောက်ပွဲကျင်းပပေးမယ် တွင်တွင်ပြောနေပေမဲ့ မြေပြင်မှာ ကျင်းပလို့မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း သူပြောပြသွားတာတွေ့ရတယ်။’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ အချိန်လိုအပ်နေသေးတယ်ဆိုတဲ့ ရှင်းပြချက်တွေကို ယာယီသမ္မတ ဦးမြင့်ဆွေ အပါအဝင် ကာလုံအဖွဲ့ဝင်တွေက ထောက်ခံပြီး အရေးပေါ်ကာလကို သက်တမ်းထပ်တိုးပေးလိုက်ပါတယ်။
ဇူလိုင် ၁ ရက် အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ကာလုံအဖွဲ့ဝင်တွေ စုံလင်စွာတက်ရောက်ခဲ့ပြီး ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူလည်း ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။
အထူးဖိတ်ကြားထားသူတွေအနေနဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့အပြင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တို့လည်း တက်ရောက်ခဲ့ပါတယ်။
ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ အကျယ်တဝင့် ရှင်းပြခဲ့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကိုတော့ ကာလုံအစည်းအဝေးကို ဖိတ်ကြားတာ မတွေ့ရပါဘူး။
NUCC / NUG အထူးအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, NUG
စစ်ကောင်စီက ဇူလိုင် ၃၁ ရက် အာဏာသိမ်း ကာလ ၂ နှစ်ခွဲ ပြည့်ချိန် သူ့အာဏာ သက်တမ်းကို တိုးနေချိန်မှာပဲ တဖက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး အထူးအစည်းအဝေးခေါင်းစဥ် နဲ့ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအထူးအစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီလ က အချက် ၂ ချက်ကို အဓိကပြောခဲ့ပြီး စစ်ကောင်စီရဲ့ အကွက်ဆင်တဲ့ဘက်ကို မလိုက်သွားဖို့ အရေးကြီးတယ်ဆိုပြီးပြောပါတယ်။
NUG ပြောတဲ့ ပထမအချက်က အာဏာရှင်လုံးဝအမြစ်ပြတ်ရေးနဲ့ ဒုတိယအချက်က ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး လို့ဆိုပါတယ်။
‘’ ကျွန်တော်တို့ နိုင်ငံရေးလမ်းကြောင်း (political path) ကရပြီးသားဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုပဲဖြစ်ဖြစ် အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်တဲ့ဘက် မလိုက်သွားဖို့ အရေးကြီးပါတယ်”လို့ NUG ယာယီသမ္မတက ဆိုပါတယ်။
စစ်တပ်က သပ်လျှိုလာတာတွေက နည်းလမ်းမျိုးစုံသုံးနေတယ်လို့ဆိုပြီး ဒီအခြေအနေမှာ ခေါင်းဆောင်တွေနဲ့ အစုအဖွဲ့ကြား အားလုံးညီညီညွတ်ညွတ် ရှေ့ဆက်သွားကြဖို့ လိုတယ်လို့ ဆွေးနွေးကြတာတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို စစ်တပ်က ထုတ်သုံးလာမယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိလာတာကိုလည်း အဲဒီအစည်းအဝေးမှာဆွေးနွေးကြပါတယ်။
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျွန်တော်တို့ လုံးဝမပြောင်းပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။’’ လို့ ပြောပါတယ်။
အာဏာသိမ်းကာလ ၂ နှစ်ခွဲပြည့်ခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ နှစ်ဖက်လုံးက စဥ်းစားချက်နဲ့ ဆွေးနွေးချက်တွေကို ချပြကြတဲ့နောက် လာမယ့် ၆ လအတွင်း မြန်မာ့နိုင်ငံရေး ဆက်ဖြစ်နိုင်ခြေတွေကို အကဲခတ်တွေကြား သုံးသပ်ချက်တွေရှိလာပါတယ်။
ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်ကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းက ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်တဲ့ အခင်းအကျင်းမဟုတ်ဘူး လို့ ပြောပါတယ်။
‘’ရွေးကောက်ပွဲကျင်းပခဲ့ရင်တောင် ၁၉၉၀ ရွေးကောက်ပွဲကနေ ၂၀၂၀ ရွေးကောက်ပွဲအထိ ပြည်သူလူထု စိတ်ဝင်စားမှု အနည်းဆုံး ရွေးကောက်ပွဲ တစ်ခုဖြစ်လာပါလိမ့်မယ်’’ လို့ ဦးစိုင်းညွန့်လွင် က ပြောပါတယ်။








