သေဒဏ်စီရင်မှုတွေ ဆက်လုပ်မယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီက သေဒဏ်စီရင်မှုတွေ ဆက်လုပ်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
သေဒဏ်ကျ အကျဥ်းသားလေးဦးကို စီရင်ပြီးစီးတယ်လို့ စစ်ကောင်စီဘက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့အပြီး ကျန်သေဒဏ်ချမှတ်ခံထားရသူတွေနဲ့ ပတ်သက်လို့မေးမြန်းရာမှာ သူက အခုလို ပြောခဲ့တာဖြစ်ပါတယ်။
နှစ် ၃၀ ကျော်အကြာခန့် သေဒဏ်စီရင်တာမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ သေဒဏ်စီရင်မှုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။
"သေဒဏ်ချမှတ်ခံရသူတိုင်းကိုတော့ စီရင်မှာ မဟုတ်ပါဘူး၊ ဥပဒေပြဋ္ဌာန်းချက်တွေ အတိုင်း သေဒဏ်ချမှတ်ရမယ်ဆိုရင် သေဒဏ် ချမှတ်လိုက်တာပေါ့ အယူခံဝင်ခွင့်တို့ အသနားခံစာ တင်ခွင့်တို့ ဆောင်ရွက်ပါလိမ့်မယ်၊ သူတို့ ကျူးလွန်တဲ့ ပြစ်မှုတွေအပေါ်ပဲ မူတည်ပါလိမ့်မယ်၊ သေဒဏ် အကြိမ်ကြိမ်ကျခံသင့်တဲ့ အမှုတွေဆိုရင်တော့ တရားဥပဒေအတိုင်းပေါ့"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီက ဖမ်ဆီးပြီး သေဒဏ်စီရင်ထားသူ ၇၄ ဦးရှိပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မြန်မာနိုင်ငံက ထင်ရှားတဲ့ စစ်ကောင်စီကို ဆန့်ကျင်သူ နိုင်ငံရေးသမား ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက သေဒဏ်စီရင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ သေဒဏ်စီရင်မိန့် နောက်ဆက်တွဲ ကြီးမားပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ပြည်တွင်းပြည်ပရှိနေဆဲဖြစ်ပြီး ဒီအခြေအနေမှာပဲ စစ်ကောင်စီက သေဒဏ် ကွပ်မျက်မှုတွေဆက်လုပ်မယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social media
ကုလသမဂ္ဂ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း သေဒဏ်စီရင်မှုကို ကန့်ကွက်ခဲ့ပြီးတော့ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကြောင့် စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေကြားမှာ စိုးရိမ်မှုတွေက ပိုတိုးလာနေပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကတော့ ဘယ်လိုအခြေအနေမျိုးနဲ့ဖြစ်ဖြစ် သေဒဏ်ပေးတာကို ကန့်ကွက်တယ်လို့ ပြောသလို အခုစီရင်မှုဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ နောက်ထပ်ယိုယွင်းမှု ပိုတိုးလာတယ်ဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ သြစတေးလျ၊ နယူဇီလန်၊ နော်ဝေ၊ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
"သက်သေအထောက်အထားအပြည့်အစုံပေါ်မှာ အခြေပြုဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်၊ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ဆေးစီရင်ပြီး ပြစ်ဒဏ် အတည်ပြု ချမှတ်ဆောင်ရွက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက်နေ့ ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်တဲ့စာရင်းအရဆိုရင် လက်ရှိမှာ သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်တွင်းရှိနေသူကအမျိုးသမီး ၉ ဦးအပါအ၀င် ၇၄ ဦးရှိနေပါတယ်။
စစ်ကောင်စီက သေဒဏ်ချမှတ်ထားသူတွေထဲက အသက် ၁၉ နှစ်အရွယ် ဒဂုံတက္ကသိုလ်က ဓာတုဗေဒဌာန ဒုတိယနှစ်ကျောင်းသူ မဆောင်းလေပြေကို သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ လျှော့ချပြီး အယူခံဝင်ခွင့်ရခဲ့ပါတယ်။
အရပ်ဘက် တရားရုံးကဖြစ်ဖြစ် စစ်ခုံရုံးကဖြစ်ဖြစ် သေဒဏ်ချမှတ်ခဲ့ရင် ၇ ရက်အတွင်း အယူခံတင်ရတာဖြစ်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး စစ်တိုင်းမှူး ကနေ နောက်ဆုံးအဆင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဖြစ်စေ၊ ကာကွယ်ရေး ဦးစီးချုပ်ဆီကို အဆင့်ဆင့် အယူခံတင်ရတာဖြစ်ပါတယ်။
ဦးဂျင်မီ ဦးဖြိုးဇေယျသော်တို့ အမှုတွေဟာ စစ်ခုံရုံးကနေစစ်ဆေးပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
စစ်ခုံရုံးတွေက အယူခံဝင်ရင် သက်ဆိုင်ရာ စစ်တိုင်းမှူးဆီကို အယူခံ ဝင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းမှူးကနေ ပယ်ချလိုက်ရင်တော့ ကာကွယ်ရေးဦးစီးချုပ်ဆီကို တင်ရပြီး ကာကွယ်ရေးဦးစီးချုပ်က ပယ်ချရင်တော့ လက်ရှိယာယီသမ္မတ တာဝန်ယူထားသူထံအထိ အဆင့်ဆင့် အယူခံ ဝင်ရတာဖြစ်ပါတယ်။
သူတို့အားလုံးက အသနားခံစာနဲ့ ပြင်ဆင်ခွင့်တွေကို ပယ်ဖျက်ရင်တော့ စစ်တိုင်းမှူးက စစ်ခုံရုံးနဲ့ အကျဥ်းထောင်တို့စာပို့ပြီး တစ်လ တစ်လခွဲခန့် အတွင်း စီရင်လေ့ရှိတယ် လို့ အငြိမ်းစားထောင်မှူးကြီးတစ်ဦးက ပြောပြပါတယ်။
အရပ်ဘက် တရားရုံးတွေက သေဒဏ်ချခဲ့ရင်လည်း အသနားခံစာတင်တဲ့ အဆင့်ဆင့်ကလည်း ခရိုင်တရားရုံး တိုင်းတရားလွှတ်တော် ပြည်ထောင်စုလွှတ်တော်ချုပ် သမ္မတဆီအထိထိ အဆင့်ဆင့်တင်ရလေ့ရှိပြီး ပြီးမှ စီရင်လေ့ရှိပါတယ်။
ဒီအသနားခံစာတင်တဲ့ အဆင့်တွေဟာ ၃ နှစ်ကနေ ၅ နှစ်အထိ ကြာလေ့ရှိတယ်လို့ အငြိမ်းစားထောင်မှူးကြီးတစ်ဦးက ရှင်းပြပါတယ်။
ဦးဂျင်မီကို အောက်တိုဘာ ၂၄ ရက်နေ့က ဖမ်းမိခဲ့ပြီး ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့ ကဖမ်းမိခဲ့ကာ ပုဒ်မ ၄၉ က၊၅၀ စျ၊၅၀ ညတို့နဲ့တရားစွဲခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သေဒဏ်အမိန့်အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဖမ်းမိပြီးကိုးလခန့်အတွင်းစစ်ကောင်စီက စီရင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မတ်လ ၂၀ ရက် ၂၇ ရက်တွေမှာ မန္တလေးနဲ့ တောင်ငူ အကျဥ်းထောင်တွေကနေ သေဒဏ်စီရင်ခဲ့တာရှိတယ်လို့ အငြိမ်းစားထောင်မှူးဟောင်တစ်ဦးကပြောပြပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း သေဒဏ်ကျခဲ့တဲ့ အကျဥ်းသား ၃၀၀ ကျော်ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်မတ်လ ၂၇ ရက် နောက်ပိုင်း တစ်ဦးတစ်ယောက်မှ သေဒဏ် မစီရင်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်လာပြီလို့ အငြိမ်းစားထောင်မှူးဟောင်းတစ်ဦးက ပြောပြပါတယ်။
သေဒဏ်ကို မနက် ၄ နာရီ နဲ့ ၄ နာရီခွဲကြား အကျဥ်းထောင်တာဝန်ခံဦးစီးတဲ့ ကြိုးပေးတပ်ဖွဲ့က စီရင်ပြီးတော့ အကျဥ်းထောင်တာဝန်ခံ ၊ပြစ်ဒဏ်ချတဲ့ တရားသူကြီး၊ထောင်တာဝန်ခံ ဆရာဝန်၊ မြို့နယ်ထွေအုပ် ၊ခရိုင်ထွေအုပ် ၊မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲ တပ်ဖွဲ့၊ဒီလူတွေအကုန်စုံမှ သေဒဏ်ပေးရလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။
သေဒဏ်ကျခံရသူကိုတော့ သေဒဏ်မစီရင်မီမှာ ၂၄ နာရီထက်မစောဘဲ ကြိုတင်အသိပေးလေ့ရှိတယ်လို့ ပြောပါတယ်။
"သေဆုံးသူနဲ့ပတ်သက်ပြီးရုပ်အလောင်းပြန်ပေးခြင်း၊မပေးခြင်းသည် ထောင်မှူးရဲ့ဆုံးဖြတ်ချက်အတိုင်းဖြစ်တယ်၊ထောင်အာဏာပိုင်ရဲ့ ဆုံးဖြတ်ချက်အတိုင်းဖြစ်တယ်"လို့ ဦးဂျင်မီ ဦးဖြိုးဇေယျာသော်တို့ ရဲ့အလောင်းတွေကို မိသားစုကို ပြန်မပေးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးက ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

စစ်ကောင်စီ သေဒဏ်ချမှတ်ခံထားရသူ ၇၀ ကျော်ထဲက မဆောင်းလေပြတစ်ဦးသာ အယူခံအောင်မြင်တယ်လို့သိရပြီး ကျန် ချမှတ်ခံထားရသူတွေရဲ့ အယူခံနဲ့ပတ်သက်လို့တော့ စစ်ကောင်စီက ရှင်းရှင်းလင်းလင်း ပြောကြားတာမရှိသေးပါဘူး။
ဒါ့အပြင် အခုလို အယူခံအောင်တဲ့သူ ရှိလာတာကြောင့် ကျန်သူတွေရော အယူခံ၀င်တဲ့အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီက သေဒဏ်ချမှတ်ခံထားရသူနှစ်ဦးရဲ့ မိသားစု၀င်တွေထံကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ပြင်ပရှေ့နေတွေနဲ့အယူခံတင်ဖို့ကြိုးစားတာကို အင်းစိန်ထောင်က လက်မခံကြောင်းနဲ့ ထောင်တွင်းကနေသာ အယူခံတင်ပေးမယ်လို့ အကြောင်းပြန်ကြားကြောင်း၊ အခုထိလည်း အယူခံတင်မတင်နဲ့ အယူခံ အောင်မအောင်မသိရကြောင်း ဖြေကြားကြပါတယ်။
စစ်ကောင်စီရဲ့ သေဒဏ်စီရင်ချက်နဲ့ နောက်ထပ်စီရင်ချက်တွေလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီးနောက်မှာပဲ ရန်ကုန်အပါအဝင်မြိုကြီးတွေမှာ စစ်ကောင်စီစခန်းတွေနဲ့ ရဲစခန်းတွေကိုပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေက နေ့စဥ်လို့လိုဖြစ်ပေါ်နေပါတယ်။
ဒီကနေ့ဇူလိုင်လ ၂၈ ရက်မှာလည်း ရန်ကုန်ကမြို့ပြပြောက်ကျားအဖွဲ့တွေက ဗိုလ်တစ်ထောင် မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီဘက်ကလည်း မြို့ကြီးတွေမှာ လုံခြုံရေးတင်းကျပ်နေသလို မြို့ပြပြောက်ကျားအဖွဲ့တွေကလည်း မြို့ပြစစ်ဆင်ရေးတွေအရှိန်မြှင့်လုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားကြပါတယ်။
Please refresh your browser.








