စစ်ကောင်စီရဲ့တစ်ကျော့ပြန် သေဒဏ်စီရင်မှုကို လူတွေဘယ်လိုတုံ့ပြန်ကြသလဲ

သေဒဏ်စီရင်ကွက်မျက်ပြီးနောက် ရန်ကုန်တစ်မြို့လုံး အတားဆီးအစစ်ဆေးတွေကြားက ဆန့်ကျင်တဲ့သပိတ်

ဓာတ်ပုံ ရင်းမြစ်, AAMIJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက သေဒဏ်စီရင်ကွပ်မျက်ပြီးနောက် ရန်ကုန်တစ်မြို့လုံး အတားဆီးအစစ်ဆေးတွေကြားက ဆန့်ကျင်တဲ့သပိတ်ထွက်လာ

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက သေဒဏ်စီရင်ကွက်မျက်ပြီးနောက် ရန်ကုန်တစ်မြို့လုံး အတားဆီးအစစ်ဆေးတွေကြားက "ငါတို့ ဘယ်တော့မှမကြောက်ဘူး" ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တစ်ခု ရန်ကုန်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ လုံခြုံရေးတင်းကျပ်လွန်းတဲ့ ရန်ကုန်မြို့မှာ အခက်အခဲများစွာနဲ့ စစ်ကောင်စီဆန့်ကျင်နေတဲ့ လူငယ်တွေက ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက သူ့ကို ဆန့်ကျင်နေသူတွေကို နည်းလမ်းမျိုးစုံနဲ့ ရှာဖွေဖမ်းဆီးမှုတွေ၊ အကြမ်းဖက်မှုတွေ၊ လူအခွင့်ရေးချိုးဖောက်မှုတွေ စတဲ့ နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်နေပေမယ့် လူငယ်တွေက သပိတ်မှောက်နေကြဆဲဖြစ်ပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စီရင်လိုက်ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဂျပန်ရောက် မြန်မာတွေက တိုကျိုမြို့က နိုင်ငံတကာကြက်ခြေနီ(ICRC)ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို အရေးယူဆောင်ရွက်ပေးဖို့ ဂျပန်ရောက် မြန်မာ ၁၀၀ နီးပါးက ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

တိုကျိုက ICRC ရုံးရှေ့ မြန်မာတွေ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, ရောင်စုံနွေဦး

ဓာတ်ပုံ ပုံစာ, တိုကျိုက ICRC ရုံးရှေ့ မြန်မာတွေ ဆန္ဒပြ

မြန်မာနိုင်ငံမှာ လူကြိုက်နည်းတဲ့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ သတင်းစာတွေ ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့ ထူးထူးခြားခြား ရောင်းမလောက် ဖြစ်သွားခဲ့ရပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် (ခ) ဦးမောင်ကျော် (ခ) ဦးရေခဲစတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားနှစ်ဦးနဲ့ အရပ်သားတွေဖြစ်ကြတဲ့ လှိုင်သာယာမြို့နယ်က ဦးလှမျိုးအောင် (ခ) ကိုမျိုး (ခ) ကိုဝက်ကြီး၊ ဦးအောင်သူရဇော် (ခ) ကိုကတုံး (ခ) ကိုသူရတို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေ အတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးကြောင်း ကြေညာချက်ကို ဇူလိုင် ၂၅ရက်ထုတ် စစ်ကောင်စီထိန်းချုပ် ထားတဲ့သတင်းစာတွေမှာ ခပ်တိုတိုသာ ရေးသားဖော်ပြခဲ့ပါတယ်။

" ဒီသတင်းဖတ်ချင်လို့ သတင်းစာသွားဝယ်တော့၊ ဆိုင်မှာတောင် သတင်းစာမရှိတော့ဘူး။ အဲ့ဒါနဲ့ဆိုင်က မိတ္တူကူးထားတာလေးကို ဖတ်လိုက်ရတယ်။ ကြေးမုံ သတင်းစာမျက်နှာ ၁၅ ရဲ့ ထောင့်စွန်းလေးမှာ ရေးထားတယ်" လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က သူဖတ်လိုက်ရတဲ့သတင်းကို ပြန်ပြောပြပါတယ်။

"ဒါက စစ်ကြေညာလိုက်ပြီ"လို့ ဒီလုပ်ဆောင်ချက်ရဲ့ သဘောကို သူက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာပါကြေညာချက်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာပါကြေညာချက်

ရန်ကုန်မြို့ပေါ်မှာ ဇူလိုင် ၂၅ရက်ထုတ် သတင်းစာတွေဝယ်ရ ခက်သွားခဲ့သလို ရန်ကုန်မြို့ခံတွေရဲ့ မျက်နှာတွေပေါ်မှာလည်း စိုးရိမ်ကြောင့်ကြမှုတွေ အထင်းသားမြင်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

"ပုံမှန် တနင်္လာနေ့ဆို ရုံးတက်ချိန် ဟုတ်ဟုတ် မဟုတ်ဟုတ် ကားရှိတယ်။ အခုက လမ်းမှာ စစ်ကားတွေ တောက်လျှောက်ပတ်နေတာ၊ ယာဉ်ထိန်းရဲတွေဝတ်စုံပြည့်နဲ့ စောင့်နေတာပဲမြင်ရတယ်။ ပြည်သူကတော့ ရှင်းနေတာပဲ" လို့ မနက် ၁၁နာရီဝန်းကျင် ရန်ကုန်မြို့လမ်းမတွေပေါ်က မြင်ကွင်းကို ကုမ္ပဏီဝန်ထမ်းတစ်ဦးက အခုလို ပြောတာပါ။

ဒါ့အပြင် လူအများစုဝေးနေတဲ့ ရပ်ကွက်ထဲက လမ်းတွေ၊ စျေးတွေမှာလည်း နှစ်ပေါင်း ၃၀ကျော်ကြာ ‌‌သေဒဏ်စီရင်မှု မရှိတော့တဲ့ မြန်မာနိုင်ငံမှာ ဒါကို တစ်ကျော့ပြန်အကောင်အထည်ဖော်လာတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ပြင်းပြင်း ထန်ထန်ဝေဖန်နေကြတယ်လို့ ဆိုပါတယ်။

"ဒေါသထွက်တယ်" ဒီသတင်းကို ကြားကြားချင်း ဘယ်လိုခံစားရလဲလို့ ရန်ကုန်မြို့၊ စျေးကြီးတစ်ခုမှာ စျေးရောင်းချနေတဲ့ အမျိုးသမီးကြီးတစ်ဦးကို မေးကြည့်တဲ့အခါမှာ လေသံခပ်မာမာနဲ့ အခုလို တုံ့ပြန်ခဲ့တာပါ။

"မနက်ဆိုင်ဖွင့်ဖို့လုပ်တော့ စျေးစောင့်ကနေ ဆိုင်ရှင်တွေကို ဒီသတင်းကို ပြောပြတယ်။ တစ်မနက်လုံး စျေးဝယ်သူလာလည်း ဒီအကြောင်းပဲ၊ ကျွန်မတို့ စကားပြောရင်းလည်း ဒီအကြောင်းပဲ ဒေါသတွေထွက်နေကြတယ်" လို့ လူအများ စုစုဝေးသွားလာနေတဲ့ စျေးရုံကြီးအတွင်းက မြင်ကွင်းတွေကို ပြန်ပြောပြပါတယ်။

"ရုပ်အလောင်းမရဘူးလို့ ပြောကြတယ်၊ ဒါဆိုရင်တော့ စစ်ကောင်စီက ဆိုက်ဝါးထည့်တာများလား။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်က အခြေအနေမကောင်းတော့ဘူး" လို့ ဒီစျေးသည်အမျိုးသမီးက သူ့အမြင်ကို ဆက်ပြောပါတယ်။

ဒီဝေဖန်သံတွေမှာ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ခံပြင်းဒေါသ ထွက်နေတဲ့အသံတွေကို ဘီဘီစီမေးမြန်းကြည့်သူတိုင်းရဲ့ ပြန်လည်ဖြေကြားမှုတွေမှာ ကြားခဲ့ရပါတယ်။

ဇူလိုင် ၂၅ရက်၊ ရန်ကုန်မြို့၊ ယုဇနပလာဇာမှာ စာတန်းချိတ်ဆွဲဆန္ဒထုတ်ဖော်ထားတဲ့မြင်ကွင်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၅ရက်၊ ရန်ကုန်မြို့၊ ယုဇနပလာဇာမှာ စာတန်းချိတ်ဆွဲဆန္ဒထုတ်ဖော်ထားတဲ့မြင်ကွင်းဖြစ်ပါတယ်။

"လူထု စိတ်ဝင်စားမှုမြင့်တက်နေလို့ တရားဥပဒေနဲ့အညီဆိုပြီး သတ်လိုက်တာဟာ လေးယောက်ဆိုရင် လူမသိဘဲ လူမမြင်ဘဲ သတ်ခံရတာတွေလည်း ရှိနေမလားဆိုတာ ဆက်တွေးစရာဖြစ်လာတယ်"

"စစ်ကောင်စီက စီရင်နေတဲ့ တရားရေးဥပဒေတွေ အောက်နေရတဲ့ ပြည်သူတွေက ကိုယ့်အသက်တောင် ကိုယ်မပိုင်ဘူးလို့တွေးမိတယ်"

ဒီဖြစ်စဉ်ကြားပြီး နောက်ဆက်တွဲ အတွေးတွေ ပိုများလာတဲ့အကြောင်း အသက် ၂၃နှစ်အရွယ်၊ ရန်ကုန်မြို့ခံတစ်ဦးဖြစ်တဲ့ မပြည့်ပြည့်ကပြောပြပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ဒီသတင်းကိုမအံ့သြဘူးလို့ပြောလာသူတွေ

"ကျွန်မတို့နားမှာဆို ဒေသကာကွယ်ရေးတွေ အသတ်ခံရဖူးတယ်။ လက်တွေ၊ လျှာတွေ အပိုင်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ်ခဲ့တာလို့ကြားနေရတာ။ ဒီလိုစီရင်တဲ့ သတင်းကြားတော့ ထူးပြီး မအံ့သြတော့ဘူး"လို့ မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ခံ၊ အသက် ၂၆နှစ်အရွယ် အမျိုးသမီးက အခုလို တုံ့ပြန်ပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအတွက် သက်သေဖြစ်လာနိုင်တာကြောင့် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကိုတော့ စစ်ကောင်စီကနေ ပြစ်ဒဏ်မစီရင်လောက်ဘူးလို့ သူကအစောပိုင်းကာလတွေမှာ တွေးထင်ခဲ့ဖူးပါတယ်။

ဘာကြောင့်လည်းဆိုတော့ သူတို့လေးဦးကို အမှန်တကယ်စီရင်မယ်လို့ စစ်ကောင်စီထုတ်ဖော်ပြောချိန်မှာ ပြည်တွင်းရော နိုင်ငံတကာကပါ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၂ရက်ညနေပိုင်မှာ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို မိသားစုနဲ့ အွန်လိုင်းကတွေ့ဆုံခွင့် ပေးချိန် ဒါဟာ နောက်ဆုံးတွေ့ဆုံခြင်းလို့လည်း အကျဉ်းထောင်ဘက်က မိသားစုဝင်တွေကို မပြောခဲ့သလို ဘီဘီစီကဆက်သွယ်မေးချိန်မှာလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သေဒဏ်စီရင်မှုနဲ့ပတ်သက်လို့ လောလောဆယ်တော့ မဟုတ်သေးဘူးလို့ ဇူလိုင် ၂၃ရက်မှာ ဖြေကြားခဲ့ပါတယ်။

ရက်ပိုင်းအတွင်းမှာတင် စီရင်ပြီးဖြစ်ကြောင်း စစ်ကောင်စီဘက်ကပဲ သတင်းထုတ်ပြန်လာခဲ့ပြီး ဒီသတင်းဟာ ရန်ကုန်လိုမြို့ကြီးအပြင် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေကိုပါ တစ်မဟုတ်ချင်း သတင်းပျံ့လာခဲ့ပါတယ်။

"ကျွန်တော်တို့ အင်တာနက်ဖြတ်ခံရတယ်၊ ဒါပေမဲ့ ဒီသတင်းကျွန်တော်တို့ဆီ ရောက်လာတယ်။ ကြားကြားချင်း မိသားစုနဲ့ ထပ်တူ ရင်ထဲကို ဆို့နစ်မှုကိုခံစားရတယ်" လို့ စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက အမျိုးသားတစ်ဦး ဘီဘီစီကိုပြောပါတယ်။

"တောင်သူတွေဆိုရင် ယာလုပ်နေရင်းကို နောက်ဆက်တွဲ ဘာသတင်းထူးပြီးလည်း အချင်းချင်းမေးကြတယ်၊ ကြားသူတိုင်းက စိတ်မကောင်းဖြစ်ကြတယ်" လို့ သူကဆက်ပြောပါတယ်။

လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံးအချက်ဖြစ်တဲ့ အသက်ရှင်ပိုင်ခွင့်ကို ချိုးဖောက်နေတဲ့ ဒီပြစ်ဒဏ်စီရင်တဲ့ လုပ်ရပ်ကြောင့် အာဏာသိမ်းဆန့်ကျင်ရေးလုပ်ဆောင်မှုကို အဆုံးထိလုပ်ဆောင်သွားကြမယ်လို့ ဘီဘီစီမေးမြန်းခဲ့သူတွေက ပြောကြပါတယ်။

ဇူလိုင် ၂၅ရက်သတင်းအပေါ် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတုံ့ပြန်ဆန္ဒပြမှုများ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၅ရက်သတင်းအပေါ် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတုံ့ပြန်ဆန္ဒပြမှုများ

"အခု စစ်ခေါင်းဆောင်က အဲ့လောက်ထိ ရက်စက်မယ်ထင်မထားခဲ့ဘူး။ အသက်ပေးခဲ့ရတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အသက်တွေဟာ တန်ဖိုးရှိတယ်။ ကျွန်တော်တို့ အောင်နိုင်ဖို့ တတ်နိုင်တာ အကုန်လုပ်ရမယ်" လို့ ကလေးမြို့နယ်တောင်ပိုင်းက ရွာခံအမျိုးသားက သူ့ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာပြောပါတယ်။

စစ်ပွဲတွေပိုဖြစ်လာမှာကို စိုးရိမ်နေကြသူတွေ

မကြာခဏ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား စစ်ရေးတင်းမာလေ့ရှိတဲ့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ဒေသခံတွေကတော့ ဒီလိုစီရင်မှု နောက်ဆက်တွဲအနေနဲ့ စစ်ပွဲတွေပိုဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

"အားလုံးက စစ်ပိုဖြစ်နိုင်တယ်လို့ တထစ်ချကို ထင်ကြတယ်။ ဟိုပင်မြို့မှာလည်း နည်းနည်း တင်းမာနေတယ်။ ဒီရက်ပိုင်းမှာ စာတွေထုတ်ထားတယ်" လို့ ကချင်ပြည်နယ်၊ ဟိုပင်မြို့နဲ့ထိစပ်နေတဲ့ မိုးညှင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီရက်သတ္တပတ်အတွင်းမှာဘဲ ဟိုပင်မြို့ရဲစခန်း၊ စစ်တပ်အနီးနားက ဆိုင်ခန်းတွေကို အကုန်ပိတ်ထားဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စာထုတ်ထားပါတယ်။ ဒါကြောင့်လည်း အခုဖြစ်စဉ်ထပ်မံဖြစ်ပွားချိန်မှာ စစ်ပိုဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါ တယ်။

"ဟိုပင်၊ နန်းမား၊ မိုးညှင်းက တစ်ဆက်တည်း ဖြစ်ရင်အတူတူပဲဖြစ်လာမှာ" လို့ မြေပြင်အခြေအနေကို မိုးညှင်းဒေသခံက ဆက်ပြောပြပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က စစ်ကောင်စီက သူတို့လေးဦးကို စီရင်လိုက်ပြီဆိုတဲ့ သတင်းထုတ်ပြန်ချက်ဟာ စစ်ကောင်စီကို ဆန့်ကျင်နေသူတွေအများစုကြားမှာ လှုပ်ခတ်ခဲ့ပြီး မြန်မာပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပြင် ပြည်သူတွေဟာ ဥပဒေမဲ့ အသက်သေဆုံးနိုင်တယ်ဆိုတာကို ထင်ထင်ရှားရှားပြနေတဲ့ သာဓကတစ်ခုအဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်းရှိပါတယ်။