လူမသိတဲ့မျက်ရည်နဲ့ ဂုဏ်ယူမှုတွေ၊ မှန်းဆလုပ်ရမယ့် နာရေး

ကိုအောင်သူရဇော်အပါအဝင် ၄ဦးလုံးကို ဘယ်အချိန်မှာ ကွပ်မျက်လိုက်တယ်ဆိုတာကို မိသားစုဝင်တွေကိုယ်တိုင်ကို မသိရှိခဲ့ကြရသလို၊ သတင်းအတိအကျထုတ်ပြန်တာမျိုးလည်းမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MWD

ဓာတ်ပုံ ပုံစာ, ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ကာ စီရင်ခံရသူ ၄ ဦးထဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ နာမည်ကျော်အဆိုတော်လည်းဖြစ်၊ လွှတ်တော်အမတ်ဟောင်းလဲဖြစ်ခဲ့တဲ့ ကိုဇေယျာသော်တို့နဲ့အတူ ရန်ကုန်မြို့ ဆင်ခြေဖုန်း ရပ်ကွက်တစ်ခုက သာမန်ပြည်သူတစ်ဦးဖြစ်တဲ့ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင် (ခေါ်) ကိုဝက်ကြီးတို့လည်း ပါဝင်ပါတယ်။

ကိုအောင်သူရဇော်အပါအဝင် ၄ဦးလုံးကို ဘယ်အချိန်မှာ ကွပ်မျက်လိုက်တယ်ဆိုတာကို မိသားစုဝင်တွေကိုယ်တိုင်ကို မသိရှိခဲ့ကြရသလို၊ သတင်းအတိအကျထုတ်ပြန်တာမျိုးလည်းမရှိပါဘူး။

အဲဒီလိုကွပ်မျက်တာမလုပ်ခင်ကို သူတို့ ၄ဦးလုံးက မိသားစုဝင်တွေနဲ့ Zoom ကနေတဆင့်၊ အွန်လိုင်းကသာတွေ့ဆုံ ခဲ့ကြရပါတယ်။

'' ၂၃ ရက်နေ့ကတွေ့ရတော့ သားကြီးက ကျန်းကျန်းမာမာနဲ့ ဝလို့ဖြိုးလို့၊ အိမ်ကိုပြန်လာတော့ ပတ်ဝန်းကျင်က လူတွေကိုပြောနေတာ ကျွန်မသားကြီးက ဝဖြိုးပြီး နှုတ်ခမ်းမွှေးရေးရေးနဲ့ပိုချောလာတယ်ဆိုပြီးပြောနေလို့ မှမဆုံးသေးဘူး နောက်တရက် အသတ်ခံလိုက်ရပြီဆိုတာကြားရတာ။နောက်ဆုံးတွေ့တုန်းက သွားတိုက်ဆေးနဲ့ ဖိနပ်မှာနေတယ်။ သူ့မမြင်ရသေးတဲ့ သူ့သားလေး ၉လသားလေးနဲ့တွေ့လို့ရဖို့လည်းထောင်အာဏာပိုင်တွေကို တောင်းဆိုထားတာ အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောခဲ့တာလေ''

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က စစ်ကောင်စီက သေဒဏ်ပေးကွပ်ချက်လိုက်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ကိုဇေယျာသော်တို့ နဲ့ အတူတူ‌ သေဒဏ်ချမှတ် ခံရတဲ့နှစ်ဦးထဲက ကိုအောင်သူရဇော် (ခေါ်) ကိုကတုံးရဲ့ မိခင်က သူ့သားနဲ့နောက်ဆုံးတွေ့ခဲ့ရချိန်ကို ပြန်ပြောပြ နေခဲ့တာပါ။

အဲဒီနေ့က ထောင်အာဏာပိုင်တွေကိုတော့ နောက်တကြိမ်တွေ့ခွင့်ရဖို့နဲ့ ကိုအောင်သူရဇော် မမြင်တွေ့ရသေးတဲ့ သူ့ရဲ့ ၉ လသားလေးနဲ့ အတူ ဇနီးဖြစ်သူနဲ့ မိသားစုဝင်တွေ စုံစုံလင်လင်တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပြီး ထောင်ဘက်က အဆင်ပြေ အောင်လုပ်ပေးမယ်လို့ ပြောခဲ့တယ်လို့ကိုအောင်သူရဇော်ရဲ့ မိခင်ဖြစ်သူကပြောပြပါတယ်။

ဇူလိုင် ၂၃ ရက်နေ့မှာ နောက်ဆုံးတွေ့ခဲ့ရတာဖြစ်ပေမယ့် အဲဒီနေ့ကနောက်ဆုံးတွေ့ဆုံခြင်းဆိုတာတော့ ကိုအောင်သူရဇော်ရဲ့ မိခင် ဒေါ်မြင့်မြင့်သန်းရော ကိုအောင်သူရဇော်ကိုယ်တိုင်ရောမသိခဲ့ကြပါဘူး။

"ထောင်ဘက်က လုံးဝမပြောခဲ့သလို သားကြီးကိုယ်တိုင်လည်း သူဒီလိုဖြစ်မယ်ဆိုတာမသိဘူးဆိုတာ ကျွန်မရဲရဲကြီး ပြောရဲတယ်။ သွားတိုက်ဆေးဘူးရယ်၊ ဖိနပ်ရယ်ကို သူသေချာမှာနေတာ''လို့ မိခင်ဖြစ်သူက မချိတင်ကဲသံနဲ့ ထပ်ကာ ထပ်ကာ ပြန်ပြောပြနေခဲ့တာပါ။

စစ်တပ်က သေဒဏ်ချခံထားရသူတွေထဲက ပထမဆုံး ကွပ်မျက်သူ ၄ ဦးထဲက ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင် ( ခေါ်) ကိုဝက်ကြီးတို့ဟာ လှိုင်သာယာမြို့နယ်၊ အောင်မေတ္တာရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးတဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီကဖမ်းဆီးပြီး ပြီးခဲ့တဲ့ မတ်လတုန်းက သေဒဏ် ချမှတ်ခဲ့တာပါ။

အခုတော့ ကိုအောင်သူရဇော်ရဲ့ အလောင်းကိုလည်း အခြားသုံးဦးနည်းတူ မိသားစုလက်ဝယ်ပြန်လည် မပေးဘူးလို့ မိသားစုတွေထံကသိရပါတယ်။

အခုတော့ ကိုအောင်သူရဇော်ရဲ့ အလောင်းကိုလည်း အခြားသုံးဦးနည်းတူ မိသားစုလက်ဝယ်ပြန်လည် မပေးဘူးလို့ မိသားစုတွေထံကသိရပါတယ်။
ဓာတ်ပုံ ပုံစာ, အခုတော့ ကိုအောင်သူရဇော်ရဲ့ အလောင်းကိုလည်း အခြားသုံးဦးနည်းတူ မိသားစုလက်ဝယ်ပြန်လည် မပေးဘူးလို့ မိသားစုတွေထံကသိရပါတယ်။

မှန်းဆပြီးလုပ်ရတဲ့ နာရေးရက်လည်နေ့နဲ့ အမျှမဝေဖို့ဆုံးဖြတ်ထားတဲ့ မိသားစုဝင်တွေ

သေဒဏ်စီရင်ခံလိုက်ရသူ ၄ ဦးလုံးရဲ့အလောင်းတွေကို သက်ဆိုင်ရာမိသားစုဝင်တွေကပြန်မရခဲ့သလို သေဒဏ် စီရင်လိုက်တဲ့နေ့ရက်ကို အတိအကျထုတ်မပြောတာကြောင့်ထုံးတမ်းစဥ်လာအတိုင်း နာရေးရက်လည် အလှူအတန်း လုပ်မယ့်ရက်ကိုလည်း မှန်းဆပြီးလုပ်ဖို့ သာ ထောင်ဘက်က ပြောခဲ့ပါတယ်။

''တပတ်လုံးတော့ တရားနာတာတွေလုပ်ရမှာပေါ့၊ ရက်လည်ကိုတော့ လကုန် ဇူလိုင် ၃၁ ရက်လောက်မှန်းပြီး လုပ်သွားမယ်။ လောလောဆယ်တော့ အလှူလုပ်ဖို့လည်းအဆင်ပြေအောင်မနည်းကြိုးစားရအုံးမယ်'' လို့ ကိုလှမျိူးအောင်ရဲ့ မိခင်ဖြစ်သူကပြောပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေထဲက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့မိသားစုဝင်တွေကတော့ မိသားစုတွေကိုယ်တိုင် အလောင်းကိုမြင်တွေ့ရတာမရှိတဲ့အတွက်နာရေးလုပ်မှာမဟုတ်ဘူးလို့ ဘီဘီစီကိုပြောပါတယ်။

''ဆွမ်းမသွပ်ပါ၊ နာရေးမလုပ်ပါ၊ အမျှမဝေပါ'' လို့ ကိုဂျင်မီရဲ့ ဇနီးဖြစ်သူမနီလာသိန်းကလည်း သူရဲ့လှုမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြောထားပါတယ်။

လူမသိတဲ့မျက်ရည်နဲ့ ဂုဏ်ယူမှုတွေ

သေဒဏ်ချမှတ်ခံထားရသူ ၄ ဦးထဲမှာတော့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ အကြောင်းကိုတော့ နိုင်ငံရေးအရ ထင်ရှားသူတွေဖြစ်လို့ပြည်သူအများကသိကြပေမယ့် နောက်ထပ်နှစ်ဦးရဲ့အကြောင်းကိုတော့ သိရှိသူနည်းကြပါတယ်။

သတင်းဖော်ပြချက်တွေနဲ့ ဝမ်းနည်းကြောင်း ဖော်ပြတဲ့အခါ ကိုဂျင်မီနဲ့ကိုဇေယျာသော်အပါအဝင် ၄ ဦးလို့ မရေး သားဘဲ ကိုလှမျိူးအောင်နဲ့ ကိုအောင်သူရဇော်တို့ရဲ့ နာမည်ကို ပါ တိတိကျကျဖော်ပြဖို့ကိုလည်း လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ရေးသားတောင်းဆိုမှုတွေလည်းရှိနေပါတယ်။

ကိုအောင်သူရဇော်ရဲ့ မိခင်ဖြစ်သူကတော့ နာရေးအခမ်းအနားကို ရပ်ကွက်အာဏာပိုင်တွေက လူမအုံအောင်လုပ်ဖို့ တောင်းဆိုထားတာကြောင့် တိတ်တဆိတ်လုပ်ရဖို့ရှိနေပါတယ်။

'' ကျွန်မတို့က နိုင်ငံရေးနားမလည်ပါဘူး။ ကျွန်မသားကိုလုပ်ထုံးလုပ်နည်းအတိုင်းမလုပ်ဘူးဆိုတာတော့သိတယ်။ အလောင်းပြန်ရပြီးနာရေးလုပ်ချင်တယ်။ မိခင်တစ်ယောက်ရဲ့ ခံစားချက်ဘယ်လိုဖြစ်နေလဲဆိုတော ပြောပြလို့ တတ်ရင်ပြောပြချင်တယ်။ အခုကဘယ်လိုခံစားနေရတယ်ဆိုတာ ပြောမပြတတ်အောင်ခံစားရတယ်။ ဒါပေမယ့် ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိရဲ့သားနဲ့ လုပ်သွားတဲ့ သားကြီးအတွက် ကျွန်မဂုဏ်ယူတယ်'' လို့ ကိုအောင်သူရဇော်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

နှစ်ပေါင်း ၄၀ ကြာတဲ့ အထိ သေဒဏ်စီရင်တာမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တကျော့ပြန်စစ်အာဏာသိမ်းပြီးမှ ပထမဆုံး ပြန်စီရင်တဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားနှစ်ဦးအပါအဝင် ၄ ဦးအတွက် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ အသိုင်းအဝိုင်း တွေရဲ့စစ်ကောင်စီအပေါ် ရူတ်ချကြောင်းထုတ်ပြန်ချက်တွေဟာလည်းသေဒဏ်စီရင်ပိုင်းရက်ပီုင်းအထိ ဆက်တိုက် ထုတ်ပြန်နေကြပါတယ်။