မိုခါ ကြောင့် အရေးပေါ်အခြေအနေဖြစ်သွားတဲ့ ရခိုင်ပြည်နယ်

သာယာလှပတဲ့ ရခိုင်ကမ်းရိုးတန်းက စစ်တွေမြို့လေးဟာ မေလ ၁၄ ရက်မှာ ဖျက်အားပြင်းမိုခါ မုန်တိုင်းရဲ့ဝါးမြိုခြင်းဒဏ်ကို ခံခဲ့ရပြီး မြို့ဟာ မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားခဲ့ရပါတယ်။
လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ နှုန်းနဲ့ တိုက်ခတ်ခဲ့လို့ အိမ်ထဲမှာ နာရီနဲ့ချီ ပုန်းခိုခဲ့ရတဲ့မြို့ခံတွေဟာ မုန်တိုင်းစဲပြီးလို့ အိမ်ပြင်ထွက်လာတဲ့အခါ နေရာတိုင်းမှာအပျက်အစီးတွေ လက်ညှိုးထိုးမလွဲဖြစ်နေခဲ့တာပါ။
ဒါပေမဲ့ ဒီအခြေအနေကိုကြုံခဲ့ရတာ စစ်တွေတစ်မြို့တည်းမဟုတ်ဘဲ ရခိုင်ပြည်နယ်(မြောက်ပိုင်း)က မြို့နယ်တွေ အကုန်လုံးနီးပါးပဲ ဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ မြို့တွေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ရပါတယ်။
‘’ဒီတစ်ခါမသေရင် ဘယ်တော့မှ မသေတော့ဘူးလို့ကို ထင်ခဲ့ရတဲ့အထိ မုန်တိုင်းက ကြောက်စရာကောင်းခဲ့တယ်’’ လို့ စစ်တွေမြို့ခံ စာရေးဆရာ ဝေဟင်အောင်က သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။
ဖျက်အားပြင်း မိုခါ

ဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ ယဉ်ပါးခဲ့တဲ့ စစ်တွေမြို့ခံတွေက ဒီမုန်တိုင်းဟာ သူတို့ကြုံခဲ့သမျှထဲမှာ ဖျက်အားအပြင်းဆုံးမုန်တိုင်းလို့ ပြန်ပြောပြကြပါတယ်။
၂၀၁၀ တုန်းက ကြုံခဲ့တဲ့ ဂီရိ မုန်တိုင်းနဲ့ အချက်အလက်တွေအရ လေတိုက်နှုန်းမကွာလှပေမယ့် မိုခါမုန်တိုင်းက အပျက်အစီး ပိုများခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
‘’အဓိကကတော့ လေကြမ်းတာပဲ။ အိမ်ဘယ်အချိန်ပွင့်ထွက်မလဲဆိုပြီး ကြောက်နေရတာ။ အပြင်မှာလည်း သွပ်တွေကပျံနေတယ်’’လို့ စစ်တွေမြို့ ကမ်းနားလမ်းအနီးမှာနေတဲ့ မဖြိုးက ဘီဘီစီကိုပြောပါတယ်။
မိုခါမုန်တိုင်းဟာ မလာခင်ကတည်းက သတင်းကြီးခဲ့လို့ မြို့ကနေ ရှောင်တိမ်းသူ အမြောက်အများရှိခဲ့ပေမယ့် မဖြိုးတို့ မိသားစုအပါအဝင် မြို့ခံတချို့ကတော့ အိမ်ဟာ အလုံခြုံဆုံးပဲလို့ မှတ်ယူခဲ့ကြပါတယ်။
လေကြမ်းလွန်းလို့ အိမ်ကမလုံခြုံတော့လို့ မုန်တိုင်းထဲ အသက်လုပြေးပြီး လုံခြုံတဲ့နေရာ ရှာခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။
နေ့ခင်းဘက် လင်းတဲ့အချိန်မှာ မုန်တိုင်းဝင်ရောက်ခဲ့လို့သာ သေဘေးကလွတ်ခဲ့တာလို့ စစ်တွေမြို့ခံတချို့က ပြောပါတယ်။

မုန်တိုင်းရှောင်အဆောက်အအုံတွေမှာ သွားရောက်ခိုလှုံနေသူ တချို့ကတော့ သူတို့အိမ်တွေကိုပြန်လာတဲ့အချိန်မှာ အိမ်မရှိကြတော့လို့ ငိုယိုနေကြပါတယ်။
လေငြိမ်သွားတဲ့ မေလ ၁၄ ရက် ညနေမှာ စစ်တွေမြို့ခံတွေဟာ အိမ်အပြင်ကိုထွက်လာကြပြီး မြို့ကို ပတ်ကြည့်ကြတဲ့အခါ မြို့ဟာ ရစရာမရှိအောင်ပျက်စီးနေခဲ့ပါပြီ။
ဓာတ်တိုင်တွေဟာ လမ်းတွေပေါ်မှာလဲကျနေပြီး အလုံးလိုက်လဲပြိုနေတဲ့ အိမ်တွေနဲ့ အမြစ်ကကျွတ်နေတဲ့အပင်တွေလည်း အမြောက်အများတွေ့ရပါတယ်။

မုန်တိုင်းဒဏ်ခံနိုင်အောင်ဆောက်ထားတဲ့ ခိုင်ခံ့တဲ့အဆောက်အအုံတွေရဲ့အမိုးတွေမှာလည်း သွပ်တွေ မရှိတော့ပါဘူး။
တိုက်အိမ်တစ်လုံးဆို ရှေ့မျက်နှာစာက အကုန်ကွာကျသွားလို့ အိမ်ထဲကို ဟာလာဟင်းလင်းမြင်နေရတယ် လို့ စစ်တွေမြို့ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
‘’အဲဒီလောက်အထိ မြို့က ပျက်စီးသွားမယ်လို့ မထင်ထားခဲ့မိဘူး’’ လို့ မုန်တိုင်းမတိုက်ခင်ကတည်းက စစ်တွေကိုရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အချပ်လိုက်ပြိုကျနေတဲ့ အုတ်တံတိုင်းတွေ နဲ့ တစ်စစီပြန့်ကျဲနေတဲ့ အင်္ဂတေအပိုင်းအစတွေက မုန်တိုင်း နဲ့ မုန်တိုင်းဒီရေ ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတဲ့ သင်္ကေတတွေပဲ ဖြစ်ပါတယ်။
မေလ ၁၅ ရက် မနက်ပိုင်းမှာတော့ မြို့ခံအများစု အပြင် ပြန်ထွက်လာကြပြီး အပျက်အစီးတွေကြားကနေပဲ မြို့ကို လှည့်ပတ်ကြည့်ရှုခဲ့ကြပါတယ်။
‘’အရင်ကစစ်တွေနဲ့ ဘာမှမဆိုင်တော့လောက်အောင် မြို့ကပြောင်းလဲသွားခဲ့ပြီ။ မြို့မှာပုံမှန်လည်ပတ်နေတဲ့ ယန္တရားတွေအားလုံးရပ်သွားပြီ’’ လို့ မဖြိုးက ပြောပါတယ်။

စျေး၊ဆေးရုံ၊ကျောင်းနဲ့ ဘဏ်တွေ ရပ်တန့်သွားသလို လမ်းပေါ်က အပျက်အစီးတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်သွားခဲ့ရပါတယ်။
ရန်ကုန်-စစ်တွေ လမ်းမကြီး ပေါ်မှာ ဓာတ်တိုင်တွေလဲကျနေပြီး လမ်းတွေပိတ်ဆို့နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လေဆိပ်က ဆက်သွယ်ရေးတာဝါတိုင်တွေလည်း ပျက်စီးသွားလို့ ခရီးသည်တင် လေယာဉ်တွေ ဆင်းသက်လို့မရသေးပါဘူး။
မြို့ကအရေးပေါ်အခြေအနေကို ရောက်သွားပြီး ကူညီကယ်ဆယ်ရေးတွေ အမြန်လိုအပ်နေပြီဆိုတာ မြို့ခံတွေ နားလည်လိုက်ကြပါတယ်။
ဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ ဒီအကြောင်းတွေကို ပြင်ပကမ္ဘာကို ချက်ချင်းပြောပြဖို့ အခွင့်အရေးမရှိခဲ့ကြပါဘူး။
စစ်တွေမြို့ဟာ နာရီပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက် သွားခဲ့ပြီး မေလ ၁၅ ရက် နေ့လယ်ပိုင်းမှ ဖုန်းလိုင်းတွေပြန်ရခဲ့ပါတယ်။
အရေးပေါ်အကူအညီ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, TN
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ မြို့တွေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ပြီး စစ်တွေမြို့နဲ့ ရသေ့တောင် တို့ဟာ အပျက်အစီး အများဆုံးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အိမ်ခြေ ခြောက်ရာဝန်းကျင် နဲ့ အခြေခံအဆောက်အအုံ နှစ်ရာကျော် ပျက်ဆီး ခဲ့တယ်လို့ စစ်ကောင်စီက ကနဦးထုတ်ပြန်ထားပြီး အပျက်အစီး စာရင်းက ပိုတက်လာမယ်လို့ ခန့်မှန်းထားကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အပျက်အစီးများတဲ့ မြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေကို မေလ ၁၅ ရက်ညပိုင်းအထိ အဆက်အသွယ်ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
မိုခါကြောင့် လူ ၅ ဦး သေဆုံးတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပြီး ဘီဘီစီရဲ့ သီးခြားစုံစမ်းမှုတွေအရ ရခိုင်ပြည်နယ်မှာ လူတစ်ဒါဇင်ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်နေပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြီး စစ်တပ်က လေကြောင်းနဲ့ရော ရေကြောင်းကပါ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေပြီလို့ ဆိုပါတယ်။
‘’လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် နိုင်ငံတကာကိုဖိတ်ခေါ်တယ်’’ လို့ သူက ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း စစ်တွေကို မေလ ၁၅ ရက် က နေ့ချင်းပြန် သွားရောက်ခဲ့ပါတယ်။
အဲဒီ သွားရောက်မှုမတိုင်ခင် ရန်ကုန်မှာ မိုခါအတွက် အလှူငွေ ပေးအပ်ပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး တစ်မနက်အတွင်း ငွေကျပ် ၁၀ ဘီလီယံ ကျော် ရရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA
မိုခါကြောင့် ရခိုင်ပြည်နယ်က လူဦးရေ ၂ သန်းနီးပါး မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)ကလည်း ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်(မြောက်ပိုင်း)က မြို့ရွာတွေအားလုံးနီးပါး ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ပျက်ဆီးခဲ့တယ်လို့ အေအေကထုတ်ပြန်ပါတယ်။
မုန်တိုင်းမတိုင်မီ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ကို ရွေ့ပြောင်းပေးခဲ့တဲ့အတွက် ရက်ကြာလာတာနဲ့အမျှ အစားအသောက်က အခက်အခဲ ဖြစ်လာမယ်လို့ အေအေ ပြောခွင့်ရ ဦးခိုင်သုခ က ဘီဘီစီကိုပြောပါတယ်။
‘’ဒီလောက်ကြီးမားတဲ့ သဘာဝဘေးကြီးကနေ ပြန်လည်ထူထောင်ဖို့ အေအေတစ်ဖွဲ့တည်းနဲ့ မတတ်နိုင်ဘူး’’ လို့ ဦးခိုင်သုခက ပြောပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီပေးကြဖို့ တိုက်တွန်းတောင်းဆိုပါတယ်။
မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊သောက်သုံးရေ နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ် လို့ ဦးခိုင်သုခက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အပါအဝင် ပြည်နယ်နဲ့တိုင်းအချို့က လူ ၁၇ သန်းလောက်ဟာ မိုခါမုန်တိုင်းဒဏ် သက်ရောက်မှုရှိနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း ခန့်မှန်းထားပြီး အဲဒီ ထဲမှာ ရခိုင်ပြည်နယ်က လူဦးရေ ၄ သန်းဟာ မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အနောက်စံပြ ကျေးရွာကို ရောက်ခဲ့တဲ့ ဘီဘီစီသတင်းထောက်ကတော့ သူမြင်တွေ့ခဲ့ရတာတွေကို အခုလို ပြောပါတယ်။
"ဒီရွာကလူတွေက အင်္ကျီတွေကို သူများတွေဆီက ငှားဝတ်ထားရတယ်။ အိမ်လည်းလေထဲပါသွားတော့ ငွေလည်းမရှိကြတော့ဘူး ပြန်လည်းမဆောက်နိုင်တော့ဘူးလို့ ပြောကြတယ်"








