မိုခါမုန်တိုင်းကြောင့် စစ်တွေမှာ အနည်းဆုံး ငါးဦး သေဆုံး ၊ကျန်မြို့နယ်တွေမှာ သေဆုံးသူရှိပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်

စစ်တွေမှာ အနည်းဆုံး ငါးဦး သေဆုံး
ဓာတ်ပုံ ပုံစာ, စစ်တွေမှာ အနည်းဆုံး ငါးဦး သေဆုံး

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အပါအဝင် ဒေသအချို့ မှာ လူသေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေက တစ်ဆင့်သိရပါတယ်။

မုန်တိုင်းဗဟိုချက် ရခိုင်ပြည်နယ် စစ်တွေမြို့ မှာတင် အမျိုးသမီးတစ်ဦး အပါအဝင် သေဆုံးသူ ၅ ဦးရှိတယ်လို့ ဒေသအေခြစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

မေလ ၁၄ ရက် မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း မုန်တိုင်းရှောင်တွေ နေထိုင်နေတဲ့ အဓိဌာန်ကျောင်းရဲ့ အဆောက်အအုံ ပျက်စီးပြီး မှန်တွေကွဲကျရာကနေ အမျိုးသမီး တစ်ဦး ဗိုက်ထိမှန်ခဲ့ပြီးသေဆုံးခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ဘီဘီစီသတင်းထောက်ဆီက ကနဦးသိထားရပါတယ်။

စစ်တွေမြို့က ကျန်သေဆုံးသူ ၄ ဦး နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်ကောင်စီကတော့ အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ နဲ့ တောင်ကုတ် က ဒေသခံ ၂ ဦး၊ ဧရာဝတီတိုင်း ရေကြည်မြို့က ဒေသ ၁ ဦးတို့ အပါအဝင် မုန်တိုင်းကြောင့် ဒေသခံ ၅ ဦး‌သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။

 စစ်တွေမြို့မှာ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့
ဓာတ်ပုံ ပုံစာ, စစ်တွေမြို့မှာ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့မှာ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး စစ်တွေမြို့ဟာ အများဆုံးပျက်စီးခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

စစ်တွေမြို့မှာ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီးသွားပြီလို့ ဘီဘီစီဆက်သွယ်လို့ရခဲ့တဲ့ ဒေသခံဆီက သိရပါတယ်။

"အခုတစ်မြို့လုံးကိုပတ်ကြည့်နေတာ။ လမ်းတွေအကုန်ပျက်စီးနေပြီ၊ အထင်ကရနေရာတွေဖြစ်တဲ့ စစ်တွေဆေးရုံ၊ တက္ကသိုလ်တွေဆို အကုန်အမိုးလန်ကုန်တယ်။ ကမ္ဘောဇဘဏ်က တစစီဖြစ်သွားပြီ။ ရွာတွေကတော့ ရွာပျက်ကုန်ပြီပဲ" လို့ စစ်တွေဒေသခံက ပြောပါတယ်။

လေဘေးသင့် စစ်တွေဒေသခံတွေအတွက် လူအင်အားနဲ့ ကူညီပေးကြဖို့အပြင် နေစရာ၊စားစရာတွေပါ ကူညီဖို့လိုအပ်နေပြီလို့ စစ်တွေဒေသခံက ဆိုပါတယ်။ မနေ့က မေလ ၁၄ ရက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီခွဲဝန်းကျင်ဟာ မုန်တိုင်းတိုက်ခတ်မှု အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။

no tag

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်က ဇရပ်ကုန်းခင်ကျေးရွာ နဲ့ ကုန်းခင်ကျးရွာမှာလည်း လူသေဆုံးမှုရှိပြီး အနည်းဆုံး ၂ ဦးသေဆုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် သတင်းတွေကို အဓိက ဖော်ပြတဲ့ နိရဉ္စရာ သတင်းဌာနက ဖော်ပြပါတယ်။

ကျောက်တော်မြို့မှာ ၄ ဦး သေဆုံးပြီး ရသေ့တောင်မြို့နယ်မှာ လူသေဆုံးမှုတွေရှိတယ်လို့ သတင်းတွေ ကနဦးသိရှိရပြီး ဘီဘီစီက ဒေသခံတွေနဲ့ ဆက်သွယ်အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ရသေ့တောင်မြို့နယ်ဟာ စစ်တွေမြို့ပြီးရင် ပျက်စီးမှု ဒုတိယအများဆုံးဖြစ်ပြီးတော့ ရသေ့တောင်မြို့နယ်ဒေသခံတွေနဲ့ အခုအထိ အဆက်အသွယ်မရသေးပါဘူး။

မုန်တိုင်းကြောင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ကို သဘာဝ ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ်လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရမ်းဗြဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့မှာလည်း လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။စစ်တွေအနီးက ဒုက္ခသည်စခန်းတွေဘက်ကလည်း အပျက်အစီး အသေအပျောက်သတင်းတွေမရသေးပါဘူး။

no tag
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီဘက်ကတော့ ဆိုင်ကလုန်းမိုခါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိကျေးရွာတွေမှာ လူနေအိမ် ၈၆၄ လုံး သာသနိက အဆောက်အအုံ ၁၁ လုံး ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်း စာသင်‌ကျောင်း ၆၄ ကျောင်း၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု လမ်းမီးတိုင် ၇၁ တိုင် ဌာနဆိုင်ရာ အဆောက်အဦ ၃၈ လုံး၊ ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာပဲ စစ်ခေါင်းဆောင်ဟာ ရန်ကုန်မှာ မုန်တိုင်းအတွက်အလှူငွေပေးအပ်ပွဲတက်ရောက်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ငွေကျပ် ၁၀ ဘီလီယံကျော် (သိန်းပေါင်း ၁၃၁,၈၁၀ သိန်း ) အလှူငွေရရှိထားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီအလှူငွေတွေကို ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ ဧရာဝတီ စတဲ့ ဒေသတွေက ထိခိုက်ပျက်စီးမှုတွေအတွက် စစ်ကောင်စီက ဦးဆောင်ပြီး ပြန်လည်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေ လုပ်မယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက်လည်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေပြီလို့လည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့မှာ ကျေးရွာ ၂၀ ရေမြုပ်နေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဆင်ဖြူကျွန်းမြို့မှာ ကျေးရွာ ၂၀ ရေမြုပ်နေ

မိုခါမုန်တိုင်းဟာ မနေ့ကညပိုင်းကလည်း မကွေးတိုင်းရဲ့ အနောက်မြောက်ဘက်ကို အဓိကဖြတ်သန်းပြီး ဝင်ရောက် ခဲ့ပါတယ်။

မကွေးတိုင်းအပြင်၊ စစ်ကိုင်းတိုင်းဘက်တွေမှာလည်း မိုးကြီးတာလေထန်တာအပြင် အညာ ဒေသက တောင်ကျချောင်းတွေ ရေလျှံပြီး လူထိခိုက် သေဆုံးတဲ့အထိ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲနဲ့ ယင်းမာပင်မြို့နယ်အတွင်း မြောက်ယမားချောင်း တစ်လျှောက်က ကျေးရွာအနည်းဆုံး ၃၀ လောက် က ဒေသခံ အနည်းဆုံး ၇၀၀၀၀ လောက် ရေဘေးသင့်နေတယ်လို့သိရပါတယ်။

ရုတ်တရက်ချောင်းရေကြီးတာကြောင့် ရေနဲ့မျောပါပြီး လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ယင်းမာပင်ဒေသခံတွေထံက သိရပါတယ်။

“ချောင်းရေနဲ့ မျောလာတာ အလောင်း ၃ လောင်း အနည်းဆုံးတွေ့ထားတယ်၊ ထော်လာဂျီတွေလည်း မျောလာတာရှိတယ်”လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မေလ ၁၄ ရက်နေ့ ညပိုင်းတုန်းကတော့ မိုးရွာတာရပ်သွားပြီး လေပြင်းမုန်တိုင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ မတိုင်ခင် ၃ရက်လောက်ကတည်းက အဲဒီဘက်မှာ မိုးရွာသွန်းခဲ့ပြီး အခုလိုမြောက်ယမားချောင်းထဲ ရေကြီး ရေလျှံတာတွေ ရှိခဲ့တာလို့ပြောပါတယ်။ ချောင်းဘေးက နေအိမ်တွေရေဝင်တာမျိုးရှိသလို၊ ရေလုံးဝွမြုားတာတွေလည်း ရှိခဲ့တယ်လို့ မျက်မြင်သိရှိသူတွေက ပြောပြကြပါတယ်။

အဲဒါအပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်မှာ စလင်း‌ချောင်းရေတက်တာကြောင့် ချောင်းတစ်လျှောက် က ကျေးရွာပေါင်း ၂၀ လောက် ရေနစ်မြုပ်ပြီး နွယ်တမယ်ကျေးရွာက သားအမိ နှစ်ယောက် ရေထဲမျောပါ သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေဆီကနေ သိရ ပါတယ်။

ချင်းပြည်နယ်ဘက်က လူအသေအပျောက်စာရင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။