တရုတ်က ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီး ရာထူးက ဖယ်ရှားခံရတာ ဘာကြောင့်လဲ

ကျန်းယို့ရှာက စားပွဲမှာ ထိုင်နေပြီး ဆုတံဆိပ်တွေနဲ့ အလှဆင်ထားတဲ့ စစ်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ သူ့ရဲ့ ပခုံးပေါ်မှာ ရွှေရောင် ကြယ်သုံးပွင့်နဲ့ ရွှေရောင်တောင်ပံတံဆိပ်တွေ တပ်ဆင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျန်းယို့ရှာက အသက် ၇၅ နှစ်ရှိပြီး တရုတ်နိုင်ငံ ဗဟိုစစ်ရေးကော်မရှင် (Central Military Commission) ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
    • ရေးသားသူ, စတီဖင်မက်ဒေါနယ်
    • ရာထူးတာဝန်, တရုတ်ဌာန၊သတင်းထောက်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အဆင့်မြင့်အရာရှိတွေ ဖြုတ်ထုတ်ခံရမှုတွေဖြစ်နေပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေက တရုတ်နိုင်ငံရဲ့ ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီး ကျန့်ယိုရှာနဲ့ တခြားထိပ်တန်း စစ်အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လျူကျင်လီကို ရာထူးက ဖယ်ရှားခဲ့တာတွေတရုတ် ထိပ်ပိုင်းအာဏာပိုင်တွေကြား အခုလိုအားပြိုင်မှုတွေ ဘယ်ကစဖြစ်လာတာလဲ။

ဒီဖြုတ်ချမှုတွေက တရုတ်ရဲ့ စစ်ဆင်ရေးလုပ်ဆောင်နိုင်စွမ်းအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလာမလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာစေခဲ့ပါတယ်။ ထိုင်ဝမ်ကို အင်အားသုံး သိမ်းယူလိုတဲ့ ရည်မှန်းချက်နဲ့ပတ်သက်လို့ဖြစ်ဖြစ် ဒါမှမဟုတ် ဒေသတွင်းမှာ စစ်ရေးအရထိပ်တိုင်ရင်ဆိုင်မှု ကြီးကြီးမားမားတွေရှိလာရင် ဖြစ်ဖြစ် ဒီအခြေအနေက တရုတ်ရဲ့ တိုက်စွမ်းရည်အပေါ် သက်ရောက်မှုတွေရှိနိုင်မှာလားဆိုတဲ့ မေးခွန်းတွေပါ။

အသက် ၇၅ နှစ်ရှိတဲ့ ကျန့်က ဗဟိုစစ်ရေးကော်မရှင် Central Military Commission (CMC) ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ CMC ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သမ္မတရှီကျင့်ဖျင် ဦးဆောင်တဲ့ စစ်တပ်အားလုံးကို ထိန်းချုပ်တဲ့ ဗဟိုအဖွဲ့ဖြစ်ပါတယ်။

ဗဟိုစစ်ရေးကော်မရှင် (CMC) မှာ ပုံမှန်အားဖြင့် အဖွဲ့ဝင် ခုနစ်ဦးနဲ့ ဖွဲ့စည်းထားလေ့ရှိပေမဲ့ အခုတော့ အဖွဲ့ဝင် နှစ်ဦးသာ ကျန်ရှိပါတော့တယ်။ သူတို့က သမ္မတရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်ကြီး ကျန်းရှင်မင်တို့ ဖြစ်ပါတယ်။

ကျန်တဲ့အဖွဲ့ဝင်အားလုံးက "အကျင့်ပျက်ခြစားမှုရှင်းလင်းရေး" စီမံချက်နဲ့ ဖမ်းဆီးမှုတွေ လုပ်ခဲ့ချိန်အတွင်း ဖယ်ရှားခံခဲ့ကြပါတယ်။

ဗဟိုစစ်ရေးကော်မရှင် (CMC) က စစ်သားအင်အား သန်းပေါင်းများစွာကို ထိန်းချုပ်အုပ်ချုပ်ရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီဌာနရဲ့ အာဏာက သိပ်အားကောင်းတာကြောင့် ၁၉၈၀ ပြည့်နှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်ခဲ့တဲ့ တိန့်ရှောင်ဖိန်က အဲဒီကာလက အချိန်တော်တော်များများမှာ CMC ဥက္ကဋ္ဌနေရာ တစ်ခုကိုပဲ ယူခဲ့ပါတယ်။

အာရှ လူမှု မူဝါဒသုတေသနအဖွဲ့ (Asia Society Policy Institute) က လိုင်းလ် မောရစ် ကတော့ ဗဟိုစစ်ကော်မရှင် CMC မှာ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်တစ်ဦးပဲ ကျန်ရှိတဲ့ဖြစ်စဥ်က မကြုံစဖူးတဲ့ကိစ္စလို့ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ အကွဲကွဲအပြားပြား ဖြစ်နေပြီ" လို့သူကဆိုပြီး တရုတ်စစ်တပ်အတွင်း အခုဆို "ခေါင်းဆောင်မှုလစ်ဟာချက်" တစ်ရပ် ဖြစ်ပေါ်နေပြီလို့ ဆက်ပြောပါတယ်။

ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို ဒီလောက်အများကြီးကို ဖယ်ရှားလိုက်ရတဲ့ တကယ့်အကြောင်းရင်းက ဘာလဲလို့ သူ့ကို မေးကြည့်တော့ သူက "ကောလာဟလတွေ အများကြီး ပျံ့နှံ့နေပါတယ်။ အခုအချိန်မှာ ဘယ်အရာတွေက အမှန်၊ ဘယ်အရာတွေက မမှန်ဆိုတာ မသိနိုင်သေးပါဘူး… ဒါပေမယ့် ဒီအခြေအနေကတော့ ရှီကျင့်ဖျင်အတွက်၊ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ PLA ကို ထိန်းချုပ်နိုင်စွမ်းအတွက် မကောင်းဘူးဆိုတာကတော့ သေချာပါတယ်" လို့ဖြေပါတယ်။

စင်္ကာပူအမျိုးသားတက္ကသိုလ်က တွဲဖက်ပါမောက္ခ ချုံကျာအီရန် က ကျန့်ယိုရှာ ဖြုတ်ထုတ်ခံရတဲ့ အကြောင်းရင်း အမှန်က ဘာကြောင့်လဲဆိုတာ သူ အသေအချာ မသိသေးကြောင်းပြောပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေအများအပြား ရှိနေတယ်လို့ဆိုပါတယ်။

"အမေရိကန်ကို နျူကလီးယား လျှို့ဝှက်ချက်တွေ ပေးခဲ့တယ်ဆိုတာကနေ အာဏာသိမ်းဖို့ ကြံစည်မှု၊ အုပ်စုကွဲတွေကြား ပဋိပက္ခတွေအထိ အမျိုးမျိုး ပြောဆိုနေကြပါတယ်။ ဘေကျင်းမှာ သေနတ်နဲ့ ပစ်တာခတ်တာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေတောင် ရှိနေပါတယ်" လို့ သူက ပြောပါတယ်။

''ဒါပေမဲ့ ကျန့်နဲ့ လျူတို့ ဖြုတ်ချခံရတာနဲ့ တဆက်တည်းမှာ ခန့်မှန်းပြောဆိုမှုတွေ အမျိုးမျိုးထွက်လာတာက အချက်နှစ်ချက်ကို ပြနေပါတယ်။ ပထမတစ်ချက်က ရှီကျင့်ဖျင်ရဲ့ အာဏာနဲ့ အနေအထားက မထိခိုက်နိုင်သေးဘဲ ခိုင်မာနေဆဲ ဖြစ်တယ်ဆိုတာ၊ ဒုတိယတစ်ချက်က ဘေကျင်းမှာ သတင်းအချက်အလက်တွေကို ကန့်သတ်ထားမှု အလွန်ကြီးမားနေပြီး၊ အဲဒီကန့်သတ်မှုတွေကြောင့် မသေချာမရေရာမှုတွေ ပိုမိုဖြစ်ပေါ်လာပြီး ဒီလို ခန့်မှန်းပြောဆိုမှုတွေကို ပိုပြီး အားပေးဖြစ်စေတယ် ဆိုတာပါ။"

ကျန့်နဲ့ လျူ တို့ "စုံစမ်းစစ်ဆေးမှု ခံနေရတယ်" လို့ ဖော်ပြထားတဲ့ တရားဝင်ကြေညာချက်မှာသူတို့ကို "စည်းကမ်းနဲ့ ဥပဒေကို ပြင်းထန်စွာချိုးဖောက်ခဲ့မှုတွေ" ရှိတယ်လို့ စွပ်စွဲထားပါတယ်။ ဒါက တကယ်တော့ အကျင့်ပျက်ခြစားမှုကို ကြားကောင်းအောင် အစားထိုးဖော်ပြတဲ့စကားလုံးဖြစ်ပါတယ်။

PLA Daily ပြည်သူ့တပ်မတော်နေ့စဥ်သတင်းစာက အယ်ဒီတာအာဘော်မှာ ဒါကို ပိုပြီးထင်ရှားအောင်ဖော်ပြခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုက ကွန်မြူနစ်ပါတီဟာ အကျင့်ပျက်ခြစားမှုကို အရေးယူရာမှာ "လုံးဝ သည်းမခံနိုင်မှု (zero tolerance)" ကို ပြသတာလို့ဆိုပါတယ်။ "ဘယ်သူဖြစ်ဖြစ်၊ ဘယ်လိုအနေအထားနဲ့ ဘယ်လောက်ရာထူးကြီးပါစေ" အရေးယူမယ်ဆိုတာကို ဖော်ပြနေတာလို့ ရေးထားပါတယ်။

ကွန်မြူနစ်ပါတီ အရာရှိများ ပါဝင်တဲ့ ထိပ်တန်းအဆင့်မြင့်အရာရှိတွေရဲ့ အစည်းအဝေးမှာ တရုတ်စစ်တပ် အဆင့်မြင့်ခေါင်းဆောင် လေးဦးက လက်ယာလက်ကိုထောင်ပြီး လက်သီးဆုပ်မြှောက်ကာ သစ္စာပြု ကျိန်ဆိုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လျိုကျန်းလီ(ဘယ်ဘက်) နဲ့ ကျန့်ယို့ရှာ (ညာဘက်မှ ဒုတိယ) တို့ဟာ အကျဉ်းထောင်ကို ရောက်သွားနိုင်ခြေ မြင့်မားနေကြောင်း ခန့်မှန်းထားကြပါတယ်။

ဒီစစ်ဗိုလ်ချုပ်တွေအားလုံးနဲ့ ပတ်သက်ပြီး တိတိကျကျ စွပ်စွဲထားတဲ့ အချက်အလက်တွေကို အများပြည်သူဆီ မထုတ်ပြန်ထားသေးသလို၊ နောက်လည်း ထုတ်ပြန်မယ့် အလားအလာ မရှိပါဘူး။ ဒါပေမဲ့သူတို့ "စုံစမ်းစစ်ဆေးမှု ခံနေရတယ်" လို့ ဖော်ပြခံရတဲ့အတွက် အနည်းဆုံး ထောင်ဒဏ်တော့ချမှတ်ခံရဖို့ သေချာသလောက်ရှိပါတယ်။

PLA နေ့စဥ်သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာတော့ ကျန့်နဲ့ လျူတို့ကို အပြစ်ရှိနေပြီလို့ ယူဆထားသလို စကားသုံးထားပြီး၊ သူတို့ဟာ "ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေအပေါ် ပြင်းထန်စွာ သစ္စာဖောက်ခဲ့ကြတယ်" ဒါ့အပြင် "ဗဟိုစစ်ရေးကော်မရှင်ကို နင်းချေ ဖျက်ဆီးသလိုဖြစ်အောင် လုပ်ခဲ့ကြတယ်" လို့လည်းရေးသားထားပါတယ်။

ဗိုလ်ချုပ်တွေကို ဦးတည် အရေးယူနေခြင်းဟာ အကျင့်ပျက်ခြစားမှုကြောင့် ဖြစ်နိုင်သလို၊ အတိတ်က ဒီလို ဖြုတ်ထုတ်မှု လုပ်ဆောင်ချက်တွေ ဘယ်လို ဖြစ်လာခဲ့သလဲဆိုတာကို ကြည့်ရင် အာဏာနိုင်ငံရေးနဲ့ ဆက်နွှယ်နေနိုင်တယ်လို့လည်း ယူဆနိုင်ပါတယ်။

ရှီကျင့်ဖျင် အာဏာရလာတဲ့အချိန်မှာ တရုတ်နိုင်ငံမှာ အကျင့်ပျက်ခြစားမှု ပြဿနာ အမှန်တကယ်ရှိနေခဲ့တာ သေချာပါတယ်။ ဒါပေမဲ့ တစ်ဖက်ကနေကြည့်ရင်လည်း၊ သူဟာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုကို အသုံးချပြီး ပါတီအတွင်း ကြောက်ရွံ့စေတဲ့ စည်းကမ်းစစ်ဆေးရေး အဖွဲ့တွေကို အသုံးပြုကာ နိုင်ငံရေး ပြိုင်ဘက် ဖြစ်လာနိုင်သူတွေကို ဖယ်ရှားတာ၊အစိုးရအဖွဲ့အတွင်း သူ့အပေါ် အပြည့်အဝ သစ္စာမပြနိုင်ဘူးလို့ ရှုမြင်ခံရသူတွေကို ပစ်မှတ်ထား အရေးယူခဲ့တာဆိုတဲ့ စွပ်စွဲမှုတွေကိုလည်း ခံနေရပါတယ်။

ဒီအခြေအနေတွေကြောင့် သမ္မတလည်းဖြစ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ရှီ အနေနဲ့ ဥက္ကဋ္ဌကြီးမော်စီတုန်း နောက်ပိုင်းမှာ မတွေ့ရတော့တဲ့ စိန်ခေါ်သူမရှိ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းကို ရရှိလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဒီလို ခေါင်းဆောင်မှုပုံစံမျိုးက တစ်ခါတစ်ရံမှာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိလာစေနိုင်ပါတယ်။ ဥပမာအားဖြင့် စစ်တပ်အတွင်းမှာဆိုရင် ယုံကြည်မှုပျောက်ဆုံးလို့ သံသယတွေပြန့်နှံ့နေတဲ့ ပတ်ဝန်းကျင်တစ်ရပ်ဟာ ဆုံးဖြတ်ချက်တွေချရာမှာ အလွန်အမင်း သတိထားရင်း နောက်ဆုံးမှာ အားနည်းတဲ့ ဆုံးဖြတ်ချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျန့်ရဲ့ အဖေဟာ ရှီရဲ့ အဖေနဲ့ တော်လှန်ရေးကာလက မိတ်ဖက်ရဲဘော်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးကျန့်ယိုရှာ ဟာ သမ္မတ ရှီနဲ့ ဆက်ဆံရေးရှည်ကြာရှိလာသူဖြစ်ပြီး၊ မကြာသေးခင်အချိန်ထိ သူတို့နှစ်ဦးကို နီးစပ်တဲ့ မဟာမိတ်တွေလို တွေ့မြင်ခဲ့ကြပါတယ်။ အခုနောက်ဆုံး သူဟာ ဖြုတ်ဖယ်ခံလိုက်ရတဲ့ အခါမှာတော့ "ဘယ်သူမှ မလုံခြုံဘူး" ဆိုတဲ့ ခံစားချက်တွေ အားကောင်းလာခဲ့ပါတယ်။

သူဟာ PLA အတွင်းမှာ တိုက်ခိုက်ရေး အတွေ့အကြုံရှိထားတဲ့ အဆင့်မြင့်အရာရှိနည်းနည်းထဲက တစ်ဦးဖြစ်တဲ့အတွက်၊ သူ့ကိုဆုံးရှုံးလိုက်ရတာက စစ်တပ်အတွက် အလွန်အရေးပါတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။

လိုင်းလ် မောရစ်ကတော့ ဗိုလ်ချုပ်ကြီးကျန့်ကို ဖယ်ရှားလိုက်တာက ရှီအတွက် ရေရှည်အမြင်နဲ့ ကြည့်ရင် ပြဿနာတွေလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

ရှီဟာ သူ့ရဲ့အာဏာကို ထပ်မံခိုင်မာစေခဲ့ပေမယ့် ဒီလိုအပြောင်းအလဲကြီးတွေကြောင့် အချိန်ကြာကြာ ဆက်ဖြစ်နေမယ့် ပဋိပက္ခတွေဆီကိုလည်း ဦးတည်စေမယ်လို့ပြောပါတယ်။

"ဒါဟာ ရှီအတွက် မကောင်းတဲ့ ပုံရိပ်တစ်ခုဆိုတော့ သေချာပါတယ်၊ နောက်လာမယ့် နှစ်တွေမှာ ရှီနဲ့ သူ့ရဲ့ ခေါင်းဆောင်အဖွဲ့အတွက်၊ အထူးသဖြင့် PLA အတွင်းမှာ မတည်ငြိမ်မှုတွေ အကြီးအကျယ် ဆက်ဖြစ်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။"

အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်တွေကို သန့်စင်ဖယ်ရှားလိုက်တာကြောင့် နောက်တစ်ဆင့် အရာရှိအဖွဲ့တွေအပေါ်ကိုလည်း စောင့်ကြည့်စစ်ဆေးမှုတွေ တင်းကျပ်လာစေပြီး၊ "နောက်တစ်ယောက်က ဘယ်သူဖြစ်မလဲ" လို့ သူတို့ကြားမှာလည်း မေးခွန်းထုတ်နေကြနိုင်ပါတယ်။

ကိုယ့်အထက်က လူတွေ ကြုံတွေ့ခဲ့ရပုံတွေကို ကြည့်ပြီး သူတို့ကလည်း ရာထူးတိုးယူဖို့ကို တွန့်ဆုတ်နေနိုင်ကြပါတယ်။ အထက်ဆုံးကို ရောက်ပြီဆိုရင် ကိုယ့်အပေါ်ကိုလည်း ရှီရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အလင်းမီးက အချိန်မရွေးရောက်လာနိုင်တဲ့ "အန္တရာယ်ရှိတဲ့ နယ်ပယ်ထဲ"ကို ရောက်သွားမှာမို့ဖြစ်ပါတယ်။

ဒါတွေအားလုံးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကိုပြန်ရယူဖို့ ဘေကျင်းက စစ်အင်အားအပြည့်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ ဖိအားတွေတိုးမြှင့်ပေးနေတဲ့ အချိန်အခါနဲ့ တိုက်ဆိုင်နေပါတယ်။

ဗိုလ်ချုပ်ကြီးတွေကို ဖယ်ရှားလိုက်တာကြောင့် ထိုင်ဝမ်ကိုရယူဖို့ ဘေဂျင်းရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ထိခိုက်သွားမလဲဆိုတာ လေ့လာသုံးသပ်သူတွေကတော့ ချိန်ဆနေကြမှာ ဖြစ်ပေမယ့်၊ တချို့ကတော့ ဘာမှထိခိုက်မှာ မဟုတ်လောက်ဘူးလို့ ယူဆနေကြပါတယ်။

စင်္ကာပူအမျိုးတက္ကသိုလ်က ချုံ ကတော့ "ဒီလို ဖယ်ရှားမှုတွေက ထိုင်ဝမ်ကို ထိန်းချုပ်လိုတဲ့ တရုတ်ရဲ့ ရည်မှန်းချက်တွေကို မထိခိုက်ပါဘူး။ အဲဒီကိစ္စက ကွန်မြူနစ်ပါတီ (CCP) တစ်ရပ်လုံးနဲ့ အထူးသဖြင့် ရှီကိုယ်တိုင်ပေါ်မှာ မူတည်နေပါတယ်" လို့ ပြောပါတယ်။

"ဒီလို ဖယ်ရှားမှုတွေက သက်ရောက်နိုင်တဲ့နေရာကတော့ စစ်ရေးလက်တွေ့လုပ်ဆောင်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ အဆင့်မြင့်စစ်ရေးပညာရှင်တွေမရှိတော့ဘဲ ကြောက်ရွံ့သွားအောင် ဖိအားပေးခံထားရတဲ့ စစ်ရေးပညာရှင်တွေသာ ကျန်နေမယ်ဆိုရင် ထိုင်ဝမ်နဲ့ပတ်သက်ပြီး အခြေအနေတင်းမာအောင် လုပ်မလား၊ တိုက်ခိုက်မလားဆိုတဲ့ ဆုံးဖြတ်ချက်တွေက ရှီရဲ့ တစ်ကိုယ်ရည်ဆန္ဒတွေ၊ လိုလားမှုတွေအပေါ်ကို ဗဟိုပြုသွားနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

BBC သတင်းထောက် Yvette Tan ပါဝင်ရေးသားထားပါတယ်။