ပုန်ကန်ချင်တဲ့တရုတ်လူငယ်တွေကို စာရိတ္တကျောင်းတွေက ဘယ်လိုပညာပေးလဲ

- ရေးသားသူ, မန်ချန်ကျန်း၊ ဂျက်လူနဲ့ အန်ကာရှား
- ရာထူးတာဝန်, ဘီဘီစီ Global China Unit နဲ့ Eye Investigations
ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှု အသေးစိတ်ဖြစ်ရပ်တွေနဲ့ သေကြောင်းကြံစည်မှုအကြောင်းဖော်ပြချက်တွေ ဒီသတင်းမှာပါဝင်တဲ့အကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
မနက်ခင်း မိုးဖွဲဖွဲအပြီးမှာ ထွက်လာတဲ့မြေသင်းနံ့သင်းသင်းကို ရှုမိတိုင်း ပေါင်ပေါင်းတစ်ယောက် ရင်တထိတ်ထိတ် ဖြစ်နေရတုန်းပါပဲ။
ဒီအနံ့က သော့ခတ်ထားတဲ့ဂိတ်တွေရဲ့နောက်မှာ စစ်ရေးပြလေ့ကျင့်ခဲ့ရတဲ့နေ့တွေဆီ သူ့ကို ပြန်ခေါ်ဆောင်သွားတတ်တာကြောင့်ပါ။ ဒီအနံ့ကပဲ သူ တစ်နေ့မပြတ် ကြောက်လန့်ခဲ့ရတဲ့ လီကျောင်း အဆင့်မြင့်ပညာရေးကျောင်း တက်ခဲ့ရတဲ့ နေ့တွေကို ပြန်အမှတ်ရစေပါတယ်။
အသက် ၁၄ နှစ်သာရှိသေးတဲ့အရွယ်မှာ သူဟာ တရုတ်ကျေးလက်ဒေသဘက်က အနီနဲ့ အဖြူရောင်ဆေးသုတ်ထားတဲ့ အဆောက်အဦ တစ်ခုထဲကနေ ၆ လလုံး အပြင်မထွက်ရသလောက် နေခဲ့ရပါတယ်။
အဲဒီကျောင်းမှာ မိဘတွေ မနိုင်လို့၊ အိမ်မှာ ကလန်ကဆန်ပြုမူလို့ မကောင်းကျောင်းဖို့ ခံရတဲ့ ကလေးတွေဟာ ''တည့်မတ်ပေးတယ်'' ဆိုတဲ့ခေါင်းစဉ်အောက်ကနေ သင်တန်းနည်းပြဆရာတွေနဲ့ကြုံရပါတယ်။
စည်းကမ်းမလိုက်နာနိုင်တဲ့ ကလေးတွေဆိုရင် ဆိုးဆိုးရွားရွားရိုက်နှက်ခံရပြီး ရက်အတော်ကြာ ကျောချမအိပ်နိုင်တာ ဒါမှမဟုတ် မထိုင်နိုင်တဲ့အထိ ဖြစ်ရတယ်လို့ သူကပြောပါတယ်။
"စက္ကန့်တိုင်းက ဝဋ်ကြွေး ခံနေရသလိုပဲ" လို့ အခုချိန်မှာ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ပေါင်ပေါင်းက ပြောပါတယ်။ တုံ့ပြန်ခံရမှာစိုးတဲ့စိုးရိမ်ချက်ကြောင့် ပေါင်ပေါင်းရဲ့ နာမည်ကို နာမည်အရင်းမသုံးထားပါဘူး။
သူကိုယ်တိုင်လည်း သေကြောင်းကြံဖို့အထိ တွေးခဲ့သလို တခြားကျောင်းသားတွေလည်း အဲဒီလိုကြံခဲ့ကြတယ်လို့ သူက ပြောပါတယ်။
"အဓမ္မကျင့်တယ်၊ ရိုက်တယ်"
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီကျောင်းတစ်ကျောင်းတည်းသာမက ကျောင်းကွန်ရက်ထဲက တခြားကျောင်းတွေမှာလည်း ရုပ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု စွပ်စွဲချက်တွေကို ဘီဘီစီ Eye စုံစမ်းထောက်လှမ်းသတင်းအဖွဲ့က တွေ့ရှိခဲ့သလို လူငယ်တွေ အဲဒီကျောင်းတွေဆီ ပြန်ပေးဆွဲ ခေါ်ဆောင်ခံရတာတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
တရုတ်မှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ခတ်အပြစ်ပေးတာကို တားမြစ်ထားတာ ဆယ်စုနှစ်ချီနေပါပြီ။
ဒါပေမဲ့ ကျောင်းသားဟောင်း ၂၃ ဦးက သူတို့ဟာ ရိုက်နှက်ခံရတာ ဒါမှမဟုတ် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို အတင်းအကျပ်ဖိအားပေး လုပ်ခိုင်းခံရတယ်ဆိုတဲ့ထွက်ဆိုချက်တွေကို ဘီဘီစီက ရရှိထားပါတယ်။
ကျောင်းသူတစ်ဦးက အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ပြောသလို ပေါင်ပေါင်းနဲ့ နောက်နှစ်ဦးကလည်း သင်တန်းနည်းပြဆရာတွေရဲ့လိင်ထိပါးတာ ဒါမှမဟုတ် နှောင့်ယှက်တာခံခဲ့ရတယ်လို့ ဆိုကြပါတယ်။
အာဏာပိုင်အယောင်ဆောင်ထားတဲ့ဝန်ထမ်းက လူငယ်တွေကို သူတို့အဖွဲ့အစည်းတွေဆီ အတင်း အဓမ္မ ပို့ဆောင်ခဲ့တဲ့ အသွင်ယူ ရုပ်သံကိုလည်း လျှို့ဝှက်ရိုက်ကူး ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဝန်ထမ်းတွေဟာ ရဲ၊ အရာရှိတွေအသွင် အယောင်ဆောင်ပြီး မိဘတွေရဲ့သဘောတူညီချက်ရယူကာ သူတို့ကို လိမ်လည်ခေါ်ဆောင်ခဲ့တယ်လို့ ကျောင်းသား ၁၃ ဦးက ပြောပါတယ်။
ဘီဘီစီ ကမ္ဘာတလွှားဌာနရဲ့ အင်တာဗျူးတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရဲမှတ်တမ်းတွေနဲ့ အစိုးရမီဒီယာတွေ ကောက်ယူထားတဲ့သတင်းဖော်ပြချက်အရ ဒီဖြစ်ရပ်တွေဟာ ကျောင်း ၅ ကျောင်းနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။
ဒါကလည်း အနည်းဆုံး ကျောင်း ၁၀ ကျောင်းလောက်ပါဝင်တဲ့ ကွန်ရက်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး အားလုံးကို လီကျောင်းလို့ခေါ်တဲ့ စစ်မှုထမ်းဟောင်းတစ်ဦးက လုပ်ကိုင်တာ ဒါမှမဟုတ် သူနဲ့ နီးနီးစပ်စပ် ဆက်စပ်တာ ဖြစ်ပါတယ်။

ဒီစင်တာတွေဟာ ဆိုဆုံးမလို့ မရ၊ အင်တာနက်စွဲလမ်း၊ ရည်းစားရှာချင်စိတ်များတဲ့နေတဲ့ကလေးတွေအပြင် လိင်စိတ်ခံယူချက်ကွဲပြားတဲ့ကလေးတွေကိုပါ စစ်သင်တန်းကျောင်းတစ်ခုလို တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ ပဲ့ပြင်ပေးမယ်လို့ ယူဆခံရတာကြောင့် ပေတေတေကလေးတွေ အတွက်ဆိုရင် မိဘတွေအတွက် အားထားစရာဖြစ်လာပါတယ်။
ရတက်ပွေတဲ့မိဘတွေကြောင့်ပဲ တရုတ်မှာ ဒီလိုကျောင်းတွေက ရေပန်းစားလာပြီး ဒီကျောင်းလုပ်ငန်းနယ်ပယ်လည်း ပွင့်လင်းလာပါတယ်။
တချို့မိဘတွေဆိုရင် ၁၈ နှစ်ကျော်ပြီးတဲ့ အရွယ်ရောက်ပြီးသား သားသမီးတွေကိုပါ ပို့ကြတာပါ။
လီကျောင်း ကျောင်းတွေနဲ့ တခြားဒီလိုအဖွဲ့အစည်းတွေက နှိပ်စက်ညှဥ်းပန်းတဲ့အကြောင်းတွေဟာ မကြာသေးတဲ့နှစ်ပိုင်းကစလို့ တရုတ်သတင်းခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်လာပါတယ်။
ဒီထဲက အချို့ကိုပဲ အရေးယူဖမ်းဆီးတာ၊ ကျောင်းတွေ အပိတ်ခံရတာမျိုးရှိခဲ့ပေမဲ့ ဒီနယ်ပယ်ဟာ စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းမတ်ဖို့ ခက်တာကြောင့် ကျောင်းတွေဟာ နောက်တစ်နေရာတစ်ခုမှာ နာမည်နောက်တစ်မျိုးနဲ့ ပြန်ဖွင့်နေကျပါတယ်။
ဒီနှစ်အစပိုင်းမှာ မစ္စလီ ဖမ်းဆီးခံလိုက်ရပြီလို့ ဘီဘီစီက သိထားရပေမဲ့ မကြာသေးခင်ကမှ သူ့လုပ်ဖော်ကိုင်ဖက်တွေက နောက်ထပ်ကျောင်းသစ်တစ်ကျောင်းဖွင့်လိုက်တယ်လို့ သိရပါတယ်။
ကွန်ရက်ထဲပါနေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကတော့ ဆက်သွယ်လို့မရတာ ရှိသလို တချို့ကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
ယူကေမှာရှိတဲ့ တရုတ်သံရုံးကတော့ ပညာရေးကျောင်းတွေအားလုံးဟာ စည်းမျဥ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
''တစ်ကိုယ်လုံးကို နေရာမလပ် နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေတယ်''
ပေါင်ပေါင်း ကျောင်းပြေးတဲ့ကိစ္စနဲ့ သားအမိချင်းကြား စိတ်အခန့်မသင့်ဘဲ ရန်ဖြစ်စကားများကြပြီး အရင်ကတည်းက မပြေလည်တဲ့ဆက်ဆံရေး ပိုဆိုးခဲ့ပြီးတဲ့နောက် သူ့အမေက ပေါင်ပေါင်းကို ဟူနန်ပြည်နယ်ထဲက လီကျောင်းအဆင့်မြင့်ပညာရေးကျောင်းကို ပို့ခဲ့ပါတယ်။
သူက ကျောင်းပတ်ဝန်းကျင်ကို လိုက်ကြည့်နေတုန်းမှာပဲ အမေဖြစ်သူက ထားသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်တော့ သူအပြင်ထွက်ခွင့်မရှိဘူးဆိုတာကို နားလည်လိုက်ပါတယ်။
"ကျွန်မ ကောင်းကောင်းနေရင် အပြင်ထွက်ခွင့်ရနိုင်မယ်လို့တော့ သူတို့ပြောခဲ့တယ်"
အစပိုင်းမှာတော့ သင်တန်းနည်းပြဆရာတွေကို ထိုးတာ၊ ကန်တာလုပ်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ သူ့ဖိနပ်ကြိုးနဲ့ သူ့ကို ပြန်ချုပ်နှောင်လာချိန်မှာတော့ အလိုက်သင့်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီတော့ သူ့ကိုရှာဖွေရေး လုပ်ကြပါတယ်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တဲ့ပုံစံအတိုင်း ရှာဖွေကြတာလို့ သူက မြင်သာအောင် ပြောပြ ပါတယ်။
"ဒါကအလွန်ကိုမှ စက်ဆုပ်စရာကောင်းတယ်။ ... သူကကျွန်မရဲ့ မထိမကိုင်သင့်တဲ့ အတွင်းပိုင်း နေရာတွေကိုပါ ကိုင်တယ်"
ဒီကျောင်းက သူ့ကို ဘာစာပေမှ သင်ကြားပေးတာမရှိဘဲ ခြောက်လစာအတွက် မိခင်ဖြစ်သူက ယွမ် ၄၀,၀၀၀(အမေရိကန်ဒေါ်လာ ၅,၇၀၀)ပေးခဲ့ရပါတယ်။
ပြုပြင်ထိန်းသိမ်းရေးကျောင်း အနည်းစုကပဲ သင်ကြားရေးလုပ်တာရှိပြီး သင်ပေးတယ်ဆိုရင်လည်း ပိုက်ဆံ ပိုတောင်းတတ်ကြပါတယ်။
အခုချိန်မှာ ဆယ်ကျော်သက်တွေအတွက် အဆင့်မြင့်ပညာရေးကျောင်းအနေနဲ့ သိထားကြတဲ့ အဲဒီကျောင်းဟာ ဆက်လက်ဖွင့်လှစ်ထားဖြစ်ပြီး အသက် ၈ နှစ်ကနေ ၁၈ နှစ်အထိ ကျောင်းသား ၃၀၀ ဝန်းကျင်ရှိပါတယ်။
မိဘအယောင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးက ၁၅ နှစ်အရွယ်သားဖြစ်သူကို ကျောင်းအပ်ဖို့ စုံစမ်းသလိုနဲ့ အဲဒီကျောင်းကို ဒီနှစ်စမှာ ရုပ်သံလျှို့ဝှက်ရိုက်ကူးခဲ့ပါတယ်။
သူ့သားက ဆေးလိပ်၊ ရည်းစားကိစ္စအပြင် မိခင်ရဲ့ကားကိုလည်းယူမောင်းနေတယ်လို့ ကျောင်းကိုပြောပါတယ်။
ကျောင်းဘက်က သူ့ကို လှေကားခွင်တွေမှာ သော့ပိတ်ထားတဲ့ဂိတ်တွေ၊ သံပန်းကာထားတဲ့ စင်္ကြန် လမ်းတွေနဲ့ CCTV နဲ့စောင့်ကြည့်နေတဲ့ ကလေးတွေ နားနေတာ၊ အဝတ်စားလဲတာနဲ့ ရေချိုးတဲ့အဆောင်တွေကို လိုက်ပြခဲ့တာပါ။

လူငယ်ရဲ့အပြုအမူပိုင်းဆိုင်ရာ တိုးတက်လာဖို့ အနည်းဆုံး အချိန် ၆ လလိုအပ်တယ်လို့ ဝန်ထမ်းတစ်ဦးက သူ့ကိုပြောပါတယ်။
ဒါပေမဲ့ အာမခံ ၃ နှစ်ကာလအတွင်း ကလေးရဲ့ အမူကျင့်ဟောင်းပြန်ပေါ်လာရင် ကျောင်းကို စားစရိတ်၊ နေစရိတ်လောက်ပဲပေးပြီး ပြန်ပို့နိုင်တယ်လို့ ပြောပါတယ်။
သူ့ရဲ့သားကို ကျောင်းအသစ်ကိစ္စမပြောဖို့လည်း ကြိုသတိပေးပါတယ်။
"သူ့ကိုလာခေါ်တဲ့အချိန်ကျရင် တမျိုးပြောပြီး လိမ်ခေါ်သွားမယ်"လို့ ကျောင်းဝန်ထမ်းက ပြောပါတယ်။
သင်တန်းနည်းပြဆရာတွေက အင်တာနက်စည်းကြပ်ရေးဌာနရဲ့ အရာရှိတွေအယောင်ဆောင်လာပြီး စစ်မေးစရာရှိလို့လာခေါ်တာဖြစ်တယ်လို့ ပြောပြီး စင်တာကို ခေါ်လာမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။
"ဒါမှအဆင်မပြေရင် သင်တန်းဆရာတွေက သူ့ကိုချုပ်ပြီး လာခေါ်တဲ့ကားပေါ်တင်ကြမယ်" လို့ သူကပြောပါတယ်။
အခုအသက် ၂၀ အရွယ်ရောက်နေပြီဖြစ်တဲ့ နောက်ထပ်ကျောင်းသူ ကျောက်အန်းရှုကလည်း ဒီကွန်ရက်ထဲက တခြားကျောင်းတစ်ခုမှာ အခုလိုပဲ ကြုံခဲ့ဖူးတယ်လို့ ပြောပါတယ်။
သူက အမျိုးသားအဖြစ်မွေးဖွားလာပေမဲ့ အသက် ၁၉ နှစ်မှာ အမျိုးသမီးအဖြစ် နေလိုတယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ မိဘတွေက လက်မခံတာကြောင့် အိမ်ပေါ်က ဆင်းခဲ့ပါတယ်။
သူ့အဘွား သင်္ချိုင်းကန်တော့ပွဲအတွက် အိမ်ပြန်လာချိန်မှာတော့ ရဲအယောင်ဆောင် အမျိုးသား ၃ ဦးရောက်လာပြီး သူ့ရဲ့အချက်အလက်တွေ လိမ်လည်မှုတစ်ခုမှာ သုံးထားတာတွေ့ရတယ်လို့ ပြောပါတယ်။
"သူတို့က အတင်းကားထဲ ဆွဲခေါ်တယ်။ ကျွန်မ မိဘတွေက ဒီတိုင်းရပ်ကြည့်နေကြတာ" လို့ သူက ပြောပါတယ်။

သူ့ကို ဟူနန်ပြည်နယ်ထဲက ရှောင်ဘို လူငယ်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေးသင်တန်းကျောင်းဆီ ခေါ်သွားခံခဲ့ရတာပါ။
အဲဒီမှာ ရိုက်နှက်ခံရသလို နားတစ်ဖက်လည်း အကြားအာရုံ ဆုံးရှုံးသွားပြီး အဓမ္မလည်း ပြုကျင့်ခံခဲ့ရတယ်လို့ ပြောပါတယ်။
ပေါင်ပေါင်းတက်ခဲ့ရတဲ့ ကျောင်းကိုရိုက်ကူးထားတဲ့ ရုပ်သံထဲမှာတော့ ရိုက်နှက်တာမရှိဘူးလို့ ဝန်ထမ်းတစ်ဦးကပြောပြီး "ကျောင်းမှာက လူငယ်တွေကို စစ်တပ်လေ့ကျင့်ရေးနဲ့ ဆွေးနွေးပုံအတိုင်း အပြုအမူပိုင်းကို ပြောင်းလဲပေးတာ" လို့ ပြောပါတယ်။
ဒါပေမဲ့ ပေါင်ပေါင်းနဲ့ ဝမ်ရှုကတော့ ဒါနဲ့ တက်တက်စင်လွဲနေတဲ့အတွေ့ကြုံကို ပုံဖော်ပြောပြပါတယ်။
"ရုပ်ပိုင်းဆိုင်ရာဒဏ်ခတ်နှိပ်စက်တာက အမြစ်စွဲနေတုန်းပဲ" လို့ပေါင်ပေါင်းက ပြောပါတယ်။"အကချိန် ဒါမှမဟုတ် စစ်တပ်လက်ဝှေ့ချိန်မှာ ကွက်တိမကျခဲ့ရင်ဖြစ်ဖြစ် ကောင်းကောင်းမလုပ်နိုင်ရင်ဖြစ်ဖြစ် အပြစ်ပေးခံရတယ်"
သင်တန်းဆရာတွေက အတန်းဖော်တွေကို ပိုက်နဲ့ အားကုန်လွှဲရိုက်တယ်လို့ သူက ပြောပါတယ်။ "ရိုက်ခံရတဲ့ နေရာဆို အညိုအမဲစွဲတယ်။ ဒဏ်ရာဒဏ်ချက် ပြင်းပြင်းထန်ထန်ကိုရတာ"
ဘီဘီစီက ရရှိအတည်ပြုထားတဲ့ လီကျောင်းရဲ့ နောက်ထပ်ကျောင်းတစ်ခုမှာ ရိုက်ထားတဲ့ ရုပ်သံမှာဆိုရင် သင်တန်းဆရာတွေက တုတ်ကို အားကုန်မြောက်ပြီး ကျောင်းသားတွေရဲ့လက်ကို ရိုက်တာ မြင်ရပါတယ်။
ကျောင်းသားတွေကို ဖိအားပေးလို့ ကာယလေ့ကျင့်ခန်းတွေကို အလွန်အကျွံလုပ်ရတယ်လို့ ဝမ်ရှုက ပြောပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ ညွှန်ကြားချက်တွေကလည်း အစမှာတင် ဒိုက်အကြိမ် တစ်ထောင်ထိုးတာနဲ့ စတတ်တယ်လို့ ဆိုပါတယ်။
ညပိုင်းတာဝန်ကျ သင်တန်းဆရာတစ်ယောက်ကလည်း အဆောင်ထဲမှာ တိုက်ခိုက်ခဲ့သေးတယ်လို့ သူကပြောပြပါတယ်။
"ဆံပင်ကနေဆွဲပြီး ကြမ်းပြင်မှာ တရွတ်တိုက်ဆွဲတယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ ထိပါးတယ်"

ပေါင်ပေါင်းက သတ်သေဖို့ စဥ်းစားခဲ့ပေမဲ့ သူလုပ်နေတာကို မိပြီး ကြိုးစားတာ မအောင်မြင်နိုင်မှန်း နားလည်လိုက်ပါတယ်။
သူ့အတန်းဖော်တစ်ဦး သတ်သေတုန်းကလည်း ဆေးရုံကိုမခေါ်သွားဘဲ သင်တန်းဆရာတွေကို ယ်တိုင် အူဆေးဖို့ လုပ်ခဲ့ကြတာပါ။
ပေါင်ပေါင်းနဲ့ အန်းရှုတို့ရဲ့အပြောအရ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ပေးတဲ့ အချိန်တွေကလည်း တကယ်တတ်ကျွမ်းမှုမရှိကြဘဲ ဟန်ပြလောက်သာဖြစ်တယ်လို့ ဆိုပါတယ်။
အန်းရှုမိဘတွေကို ပို့ခဲ့တဲ့ရုပ်သံက ဆွေးနွေးချိန်တွေအတွက် ၆လစာကို ယွမ် ၆၅,၈၀၀ (အမေရိကန်ဒေါ်လာ ၉,၃၀၀) ပေးရပါတယ်။
"ပျော်ရွှင် ကျန်းမာတဲ့ ကောင်လေးလိုနေပါ။ ဟုတ်ပြီလား"လို့ သူ့ကို တိုက်တွန်းကြပါတယ်။
"နင်ကယောက်ျားလေး ဒီတော့ ယောကျ်ားလိုကျင့်ကြံ... ပျော်ပျော်နေစမ်းပါ"
ပေါင်ပေါင်းက သေချင်တယ်လို့ ပြောတုန်းကလည်း ဆွေးနွေးအကြံပေးသူက"နင်သေမယ်ဆိုရင် အခုလို ငါ့အရှေ့မှာတောင် လာထိုင်နေမှာမဟုတ်ဘူး"လို့ ပြောခဲ့ပါတယ်။
"ဒီစကားက စောင့်ရှောက်မှုပေးနေသူတစ်ယောက်ပြောသင့်တဲ့စကားလား။ လူတွေမှ ဟုတ်ကြသေးရဲ့လား" လို့ သူကပြောပါတယ်။

သူတို့ ဒီလိုတွေ့ကြုံခံစားရအောင် မိဘတွေအနေနဲ့ ဘယ်လိုများ ဆုံးဖြတ်နိုင်ခဲ့ကြတာလဲလို့ ကျောင်းသား ၂ ဦး စလုံးက အံ့သြမဆုံးဖြစ်နေကြပါတယ်။
ကျောင်းဘက်က ကတိတွေကြောင့် မိသားစုဘက်က လိမ်ခံလိုက်ရတာပါလို့ အန်းရှုမိခင်က ဘီဘီစီကို ငိုရင်းပြောပြပါတယ်။
"ငွေတွေကို ကလိမ်ကျသွားယုံရင်မကဘူး။ မိသားစုတွေ ဆက်ဆံရေးပျက်တောက်ပြီး အစိတ်စိတ် အမွှာမွှာပြိုကွဲအောင်လုပ်ခဲ့တာ" လို့ ပြောပါတယ်။
မြို့ပြက လူလတ်တန်းစား မိသားစုတွေမှာ စာတော်တဲ့ကလေးတွေ ပိုင်ဆိုင်ဖို့ဆိုတဲ့ လူမှုဖိအားက ပြုပြင်ထိန်းသိမ်းရေးကျောင်းတွေဆီ ပို့ဖို့ မိဘရဲ့ဆုံးဖြတ်ချက်ချရာမှာ အဓိကကျတာ တွေ့ရတယ်လို့ နယ်သာလန်နိုင်ငံ၊ ယူထရက်တက္ကသိုလ်၊ မနုဿဗေဒဌာနက ပညာရှင် ဒေါက်တာ ရီချန်ရောင်က ပြောပါတယ်။
သူက တရုတ်နိုင်ငံရဲ့လူငယ်အင်တာနက်စွဲလမ်းမှုစင်တာတွေမှာ သင်ယူလေ့လာခဲ့သူဖြစ်ပြီး ကျောင်းပညာရေးစနစ်မှာ ထောက်ပံ့မှုမရှိတာ၊ စိတ်ဖိစီးရတာနဲ့ မိသားစုတွင်း ပဋိပက္ခတွေရောထွေကုန်ပြီး မိဘတွေမှာ "တခြားရွေးစရာမရှိသလို ခံစားလာရတယ်" လို့ဆိုပါတယ်။
ပေါင်ပေါင်းအမေကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ သမီးဖြစ်သူကတော့ အခု "ကျွန်မ နှစ်ဖက်လုံးကို နားလည်လက်ခံနိုင်ပါပြီ" "အမေက ကျောင်းမှာမြင်နေကျ ဆောင်ပုဒ်တွေရဲ့အယူဆတွေပဲ ရိုက်သွင်းခံထားရတာ။ သူက ကျွန်မကို ဗိုင်းကောင်းကျောက်ဖိ သမီးလေးတစ်ယောက် ဖြစ်စေချင်ဇောကြီးသွားတာ ဖြစ်မယ်"
ပေါင်ပေါင်းက မျက်စိပြဿနာအကြောင်းပြပြီး ကျောင်းကထွက်လာနိုင်ခဲ့ပါတယ်။
သူ့အမေက "ပြီးခဲ့တာတွေလည်း ပြီးပါစေတော့" လို့ သူပြန်တွေးနေမိတဲ့ နာကျည်းစိတ်နဲ့ ဝေခွဲမရတဲ့စိတ်တွေကို ဖြေသိမ့်ဖို့ ပြောပါတယ်။
လူပြောများသွားတဲ့ စာတွေ
တစ်လအကြာမှာတော့ အန်းရှုရဲ့ဒုက္ခတွေ တစ်ခန်းရပ်သွားပါတယ်။ သူ့ သူငယ်ချင်းတွေက အန်းရှုပျောက်နေတာသတိထားမိကာ ရဲကို အကြောင်းကြားခဲ့ပါတယ်။
အန်းရှုကို ခြေရာခံကြပြီး ကျောင်းထဲက သူ့ရဲ့ ရုပ်သံကို ဖြန့်ဝေခဲ့ပါတယ်။
ဝမ်ယုဟောင်ဆိုတဲ့သူငယ်ချင်းက အွန်လိုင်းအုပ်စုတွေမှာ အန်းရှုဝတ်ထားတဲ့ အစိမ်းရောင်ယူနီဖောင်းဝတ်ရတဲ့ ကျောင်းကို စုံစမ်းခဲ့ပါတယ်။
အန်းရှုက သူ့အတွေ့အကြုံတွေ ရေးထားတဲ့စာကို မသိမသာနဲ့ အပြင်ရောက်အောင်ထုတ်ပြီး အွန်လိုင်းတင်ခဲ့ပါတယ်။
ဒီစာတွေအကြောင်း လူပြောများလာတဲ့အခါမှာ လူထုက ဖိအားပေးတာကြောင့် ရဲကလည်း ခပ်မြန်မြန်ကိုင်တွယ်ခဲ့တဲ့နောက် သူပြန်လည်လွတ်မြောက်လာခဲ့ရပါတယ်။
၁၂ ရက်အကြာမှာတော့ အာဏာပိုင်တွေက စည်းမျဥ်းစည်းကမ်း ချိုးဖောက်တယ်လို့ ဆိုပြီး ရှောင်ဘိုကျောင်းကို ပိတ်သိမ်းခဲ့ပါတယ်။
ဒါပေမဲ့ အန်းရှုထွက်ဆိုထားတဲ့ နှိပ်စက်ခံရတဲ့ဖြစ်စဥ်တွေတော့ ကိုးကားပြောဆိုတာမရှိခဲ့ပါဘူး။
နောက်ပိုင်းကျမှ ရဲက လီကျောင်းကို အုပ်စုဖွဲ့ရာဇဝတ်ကျူးလွန်မှုနဲ့ ဖမ်းဆီးလိုက်ပြီဆိုတဲ့အ ကြောင်း ပြောပြတယ်လို့ သူကပြောပါတယ်။
အန်းရှုနဲ့ မစ္စတာလီရဲ့အမှုနဲ့ပတ်သက်လို့ ဘီဘီစီက အချက်အလက်တောင်းခံတာကို ရဲတပ်ဖွဲ့ဘက်က အကြောင်းပြန်တာမရှိပါဘူး။
ပြည်နယ်ပညာရေးဌာနကလည်း အကြောင်းပြန်ကြားခြင်းမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Secret filming
မစ္စတာလီက အနေအထိုင် သိုသိပ်ပါတယ်။ ဘီဘီစီက သူ့ကွန်ရက်ကို ဇစ်မြစ်လိုက်ကြည့်ရာမှာတော့ ခရိုင်လေးခုအတွင်းမှာ သူ့နာမည် ဒါမှမဟုတ် သူနဲ့နီးစပ်သူတွေနာမည်နဲ့ ကုမ္ပဏီတွေမှတ်ပုံတင်ပြီး ပြုပြင်ထိန်းသိမ်းရေးကျောင်းတွေ ထောင်ထားတာ တွေ့ရပါတယ်။
၂၀၀၆ ခုနှစ်မှာ ပထမဆုံးစင်တာကို တည်ထောင်ခဲ့ပြီး နောက်ထပ်ပညာရေးကုမ္ပဏီ ၄ ခုကိုလည်း ပိုင်ဆိုင်ခဲ့တာပါ။
သူပိုင်တဲ့အဖွဲ့အစည်းတစ်ခုရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာတော့ တရုတ်တောင်ပိုင်းက လေတပ်အကယ်ဒမီကျောင်းဆင်း တစ်ဦးဖြစ်ပြီး သင်တန်းဒါရိုက်တာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြီးတန်း ဆွေးနွေးအကြံပေးသူအဖြစ် ၂၀၀၇ ခုနှစ်ကစလို့ ကျောင်းများစွာမှာ လုပ်ကိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဟူနန်ပြည်နယ်ရဲ့ ဒေသတွင်းရုပ်သံတစ်ခုမှာတော့ လူငယ်တွေကို "အချစ်မေတ္တာနဲ့ စိတ်ရှည်သည်းခံ"ကာ ပြုစုပျိုးထောင်သင့်တယ်လို့ ပြောခဲ့ဖူးပါတယ်။
ကွန်ရက်ထဲက ကျောင်းတွေနဲ့ပတ်သက်လို့ စွပ်စွဲတာတွေရှိလာတဲ့အခါမှာ အရင်ကလည်း တရုတ်အာဏာပိုင်တွေဘက်က ဝင်ရောက်ကိုင်တွယ်တာရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တုန်းကကျောင်းသားတစ်ဦးကို ပိုက်နဲ့ရိုက်တဲ့ လီကျောင်းရဲ့ ကျောင်းတစ်ကျောင်းက သင်တန်းဆရာတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ပေါင်ပေါင်းတက်ခဲ့တဲ့ကျောင်းက ကျောင်းသားတစ်ဦး ၂၀၂၀ ခုနှစ်မှာ သတ်သေတဲ့သတင်းကို တရုတ်မီဒီယာတွေက တင်ပြအပြီးမှာ ကျောင်းဖွင့်ခွင့်ပိတ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
အဲဒီကာလတုန်းက ပေါင်ပေါင်းလည်း ကျောင်းမှာရှိနေခဲ့ပြီး သိပ်မကြာခင်ပဲ ကျောင်းက ပုံမှန်အတိုင်းပြန်လည်ပတ်နေခဲ့တယ်လို့ သူကပြောပါတယ်။
ကျောင်းနာမည်ကိုတော့ နောက်ပိုင်းမှာ ပြောင်းလဲလိုက်ပါတယ်။
နှိပ်စက်ညှဥ်းပန်းခံရတဲ့ ထွက်ဆိုချက်တွေကို ကူညီကောက်ယူပေးတဲ့ သြစတြေးလျအခြေစိုက် စေတနာ့ဝန်ထမ်း မူကျိုးက"လူပြောများသွားပြီဆိုရင် သူ(လီကျောင်း)က နာမည် ဒါမှမဟုတ် ကျောင်းတရားဝင်ကိုယ်စားလှယ်နာမည်ကို ပြောင်းလေ့ရှိတယ်"
ဝင်စစ်ရင်လည်း ရှောင်တိမ်းနိုင်အောင် ကျောင်းသားတွေကို နေရာခွဲထားတယ်လို့ သူကပြောပါတယ်။
"အမြတ်ကြီးစား"
လီကျောင်းကွန်ရက်ရဲ့နောက်ဆုံးအခြေအနေကို သိနိုင်ဖို့ လျှို့ဝှက်သုတေသီ ၂ ဦးကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့ပါတယ်။
ဟောင်ကောင်ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ယောင်ဆောင်ပြီး လီကျောင်းရဲ့ ကျောင်းတွေက ဝန်ထမ်းဟောင်း ၃ ဦး တည်ထောင်ထားတဲ့ ဖူကျီအင်းက ကျောင်းသစ်မှာ အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်။
"ဒီလုပ်ငန်းက အကျိုးအမြတ်များတယ်" လို့ ကျောင်းသစ်ရဲ့ ဆွေးနွေးအကြံပေးဌာနဒါရိုက်တာ လီယန်ဖုန်းက ပြောပါတယ်။
သူက ဟောင်ကောင်မှာ အလုပ်ဖြစ်နိုင်တဲ့လုပ်ငန်း နမူနာပုံစံကိုလည်း လမ်းညွှန်ချက်ချပြပြီး ကျောင်းသားတစ်ဦးကို နှစ်စဥ်ကြေး အနည်းဆုံးဒေါ်လာ ၂၅,၀၀၀ တောင်းဖို့ အကြံပေးပါတယ်။
သူတို့ကျောင်းရဲ့ သူဌေးက ဘယ်သူဆိုတာ ထုတ်မပြောပေမဲ့ စစ်ပြန်တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
သူက ကွန်ရက်နဲ့ သိပ်မသက်ဆိုင်သယောင်ရှိပြီး လျှို့ဝှက်သုတေသီတွေကို အခုလိုပြောပြပါတယ်။
"တချို့ကိစ္စရပ်လေးတွေ ရှိတယ်။ မိဘတွေဘက်က တိုင်တာမျိုးပေါ့။ အဖွဲ့က တရားဝင်မဖျက်သိမ်းသေးပေမဲ့ ချောက်ကမ်းပါးစွန်းမှာ ရောက်နေတယ်။ ဒါကြောင့် ကျွန်တော်နုတ်ထွက်ခဲ့တာ" လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Secret filming
ဘီဘီစီက လီကျောင်း၊ လီယန်ဖုန်းနဲ့ တခြားလီကျောင်းနဲ့ဆက်စပ်နေတဲ့ ကျောင်းတွေ၊ ကုမ္ပဏီတွေ၊ သူ့လုပ်ဖော်ကိုင်ဖက်တွေဆီက မှတ်ချက်ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။
ဆယ်ကျော်သက်တွေအတွက် အဆင့်မြင့်ပညာရေးကျောင်းကို လိုက်ပြခဲ့တဲ့ ဝန်ထမ်းကိုလည်း ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
ကျောင်းကို ကြီးကြပ်ရတဲ့ ပညာရေးဌာနကိုလည်း အကြိမ်ကြိမ်ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ပြုပြင်ထိန်းသိမ်းရေးစင်တာတွေကို စည်းကမ်းတင်းကြပ်ဖို့ဆိုတာ အလွန်ခက်ပါတယ်။ တချို့ကျောင်းတွေက မှတ်ပုံမတင်ထားကြပါဘူး။
ဒီအခြေအနေကို ကိုင်တွယ်ဖို့ တာဝန်က ဒေသခံပညာရေးဌာန၊ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ဈေးကွက်စည်းကြပ်ရေးအာဏာပိုင်တွေ အားလုံးနဲ့သက်ဆိုင်တယ်လို့ ဒီလိုပညာရေးအဖွဲ့ အစည်းမျိုးကို တရားစွဲဆိုရာမှာ အတွေ့အကြုံရှိတဲ့ အမည်မဖော်လိုတဲ့ တရုတ်ရှေ့နေတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြုပြင်ထိန်းသိမ်းရေးကျောင်းတွေကို ကိုင်တွယ်ဖို့ ဗဟိုက ချုပ်ကိုင်ထားတဲ့ စည်းမျဥ်းစည်းကမ်း မရှိဘဲ ဒေသဆိုင်ရာအစိုးရတွေရဲ့တာဝန်လိုသာ ဖြစ်နေတယ်လို့ ဒေါက်တာရောင်က ဆိုပါတယ်။
အစိုးရအနေနဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ လမ်းညွှန်ချက်တွေထုတ်ပြီး တရားဝင်အသိအမှတ်မပြုချင်ပေမဲ့ ဖွင့်ခွင့်ပေးထားတော့ ဒီကျောင်းတွေက တရားဝင်တယ်လည်းမဟုတ်၊ တရားမဝင်တာလည်းမဟုတ်ဘူးလို့ သူကပြောပါတယ်။
ဒါပေမဲ့ ကျောင်းတွေမှာလည်း တချို့က ကျောင်းသားတွေအတွက် စိတ်ကုထုံးနဲ့ မိဘတွေအတွက် သင်တန်းပေးတာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်တဲ့ဝန်ထမ်းကို အပြစ်ပေးတာတွေ ရှိပြန်တယ်လို့ သူကဖြည့်စွက်ပါတယ်။
လန်ဒန်က တရုတ်သံရုံးကတော့ အစိုးရအနေနဲ့"ပညာရေးအဖွဲ့အစည်းအတွင်း ဥပဒေကိုလေးစားလိုက်နာဆောင်ရွက်ဖို့နဲ့ ကလေးသူငယ်အကာကွယ်ပေးရေးကို အလေးထားတယ်"လို့ ဆိုပါတယ်။
ပညာရေးအဖွဲ့အစည်းအားလုံးက"တည်ဆဲဥပဒေတွေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်တယ်"လို့ သံရုံးက ပြောပါတယ်။
"ဖြည်မဆည်နိုင်တဲ့ဝမ်းနည်းမှု''
အန်းရှူနဲ့ သူငယ်ချင်း ဝမ်ကတော့ ပြုပြင်ထိန်းသိမ်းရေးကျောင်းအားလုံး ပိတ်သိမ်းခံလိုက်ရတာမျိုး ဖြစ်စေချင်ကြပါတယ်။
ရဲတွေ စုံစမ်းရာမှာ အရေးကြီးပြီး အထောက်အကူပြုမယ်ထင်တဲ့ နှိပ်စက်ညှဥ်းပန်းတာနဲ့ လိမ်လည်ခေါ်ဆောင်တဲ့ ရုပ်သံသက်သေတွေရအောင် စုကြပါတယ်။
တခါတရံတော့ အွန်လိုင်းပေါ်တင်ကြပါတယ်။
ဝမ်က ကျောင်းသားတွေဆီကနေ အကူညီတောင်းခံတာတွေ မကြာခဏလက်ခံရရှိနေပါတယ်။
လွတ်မြောက်ဖို့ လမ်းကို ကူညီပေးသလို တဖက်မှာလည်းကျောင်းသားတွေကို ထွက်ခွင့်ပေးဖို့ ကျောင်းဘက်ကို ဖိအားပေးတာမျိုးလည်း လုပ်ဆောင်ပါတယ်။
ပေါင်ပေါင်းကတော့ "ကံဆိုးမိုးမှောင်ကျသလို ဝမ်းနည်းသိမ်ငယ်" ရလို့ ပညာရေးလမ်းကြောင်းပေါ်ကို ပြန်မလာဖြစ်တော့ပါဘူး။
အခုတော့ သူက အွန်လိုင်းမှာ ဂိမ်းကစားတာနဲ့ streaming လုပ်တာကနေ အသက်မွေးနေပေမဲ့ သူ့သာ လီကျောင်းအဆင့်မြင့်ပညာရေးကျောင်းမရောက်ခဲ့ရင် တက္ကသိုလ်တက်ဖြစ်ခဲ့လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
"ဒီကျောင်းတွေက တကယ့်အလိမ်တွေပဲ" လို့ သူကပြောပါတယ်။
"ဒီကျောင်းတွေမှာ အမြစ်စွဲနေတဲ့ အကြမ်းဖက်ပြီးတည့်မတ်ဖို့လုပ်တာက ပိုအကြမ်းဖက်တာပဲ ဖြစ်စေလို့ အခြေခံအယူအဆကိုက မှားနေတာ" လို့ သူကပြောပြီး " ဒီကျောင်းတွေ ရှိကိုမရှိသင့်တာပါ" လို့ ဆိုပါတယ်။
စိတ်ကျမှု၊ သောကပွေမှုနဲ့ အကူအညီလိုအပ်နေတယ်ဆိုရင် စိတ်ကျန်းမာရေးဆိုင်ရာပညာရှင် ဒါမှမဟုတ် အကူအညီပေးတဲ့အဖွဲ့အစည်းတစ်ခုခု ထံကနေ အကြံဉာဏ်ရယူသင့်ပါတယ်။ နိုင်ငံအများစုအတွက် လိုအပ်တဲ့အကူအညီအသေးစိတ်ကို Befrienders Worldwide မှာ တွေ့ရှိနိုင်ပါတယ်။
အဲလက်စ် မက်သီဟိုနဲ့ ရှန်ရှန် ချမ်းတို့ ပါဝင်ရေးသားပါတယ်။








