ချူစားသူတွေကို တုံ့ပြန်ကစားရတဲ့ အငြင်းပွားဖွယ် တရုတ်အချစ်ရေးဂိမ်း

    • ရေးသားသူ, ကယ်လီ အင်း
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
    • ရေးသားပေးပို့သည့်နေရာ, စင်ကာပူ
ဂိမ်းထဲကပုံများ

ဓာတ်ပုံ ရင်းမြစ်, Qianfang Studio

ဓာတ်ပုံ ပုံစာ, ဝေဖန်မှုတွေ မြင့်တက်ခဲ့လို့ ချက်ချင်း ဂိမ်းနာမည်ပြောင်းခဲ့ရ

"သူက ခွေးထက်တောင် နာခံတတ်တယ်... အဲဒီလို မိုက်ရူးရဲတွေ များများရှိရင် ကောင်းမယ်" လို့ တရုတ်မှာ ကျားမခွဲခြားမှု အငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့တဲ့ ဗီဒီယိုဂိမ်းထဲက မိန်းကလေး တစ်ယောက်က ခပ်ကြွားကြွားပြောပါတယ်။

Revenge on Gold Diggers ဂိမ်းထဲက ကစားသမားတွေဟာ သူတို့ပိုက်ဆံကို လိုချင်တဲ့၊ လှည့်စားတတ်တဲ့ အမျိုးသမီးတွေရဲ့ သိမ်းသွင်းခံရတဲ့ အမျိုးသားဇာတ်ဆောင်တွေ အဖြစ်ကစားရတာ ဖြစ်ပါတယ်။ အမျိုးသားက ဘယ်လို တုံ့ပြန်လဲ ဆိုတာကနေ ကျန်ဇာတ်လမ်း ပုံပေါ်လာမှာ ဖြစ်ပါတယ်။

အဲဒီဂိမ်းက ဇွန်လမှာ ထွက်ခဲ့တာပါ။ နာရီပိုင်းအတွင်း Steam ဂိမ်းပလက်ဖောင်းရဲ့ ရောင်းအားမှာ ထိပ်ဆုံးနေရာ ရခဲ့ပေမဲ့ အငြင်းပွားမှုတွေလည်း ချက်ချင်း ဖြစ်လာပါတယ်။

ကျား၊မ ပုံစံခွက်တွေကို အားပေးအားမြှောက်လုပ်တဲ့၊ စော်ကားတဲ့ဂိမ်းဆိုပြီး တချို့က ဝေဖန်ခဲ့ကြပါတယ်။ ထောက်ခံသူတွေကတော့ အဲဒီဂိမ်းဟာ အချစ်ကို ဗန်းပြပြီး လိမ်လည်တာတွေအကြောင်း လူတွေကို သတိပေးတာ ဖြစ်တယ်လို့ ပြောကြပါတယ်။

ဝေဖန်မှုတွေ ပြင်းထန်လွန်းလို့ ဂိမ်းဖန်တီးသူတွေက နောက်တစ်နေ့မှာပဲ အဲဒီဂိမ်းကို Emotional Anti-Fraud Simulator လို့ တိတ်တဆိတ် နာမည်ပြောင်းခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို လုပ်ရုံနဲ့ ဖြစ်ပြီးတာတွေကို ပြန်မပြင်နိုင်ခဲ့ပါဘူး။

အခုဆိုရင် ဂိမ်းရဲ့ ဦးဆောင် ဒါရိုက်တာ၊ ဟောင်ကောင်ရုပ်ရှင်ထုတ်လုပ်သူ မားခ်ဟူကို တရုတ်လူမှုမီဒီယာ ပလက်ဖောင်း အတော်များများမှာ အပိတ်ခံထားရပါပြီ။

ဂိမ်းဖန်တီးသူတွေက သူတို့ဟာ "အမျိုးသမီးတွေကို ပစ်မှတ်ထားဖို့" ရည်ရွယ်ခဲ့တာ လုံးဝ မဟုတ်ဘူးလို့ အခိုင်အမာ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"စိတ်ခံစားချက်စည်းဘောင်တွေအကြောင်းနဲ့ အခုခေတ် အချစ်ရေးတွေက မရေရာတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့" လုပ်ချင်တာ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

အဲဒီဂိမ်းကို စမ်းကစားကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့၊ အနုပညာရှင် ရွှီ ယီကွန်း က အဲဒီလို ပြောတာကို လက်မခံပါဘူး။

ဂိမ်းဖန်တီးသူတွေက "အငြင်းပွားမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်စေတဲ့ အကြောင်းအရာတွေနဲ့ သမားရိုးကျ စီးပွားရေးပုံစံ" နဲ့ ဂိမ်းကို ဖန်တီးထားတာလို့ သူက စွပ်စွဲပါတယ်။

"Gold digger - ချူစား၊ သိုက်တူးသမား " ဆိုတဲ့ စကားလုံးကိုယ်၌က အမျိုးသမီးမုန်းတီးရေး အငွေ့အသက်တွေ ထွက်နေတာလို့ သူ့လို ဝေဖန်သူတွေက ပြောကြပါတယ်။

"ဒါက အမျိုးသမီးတွေအပေါ် ခဏခဏ တံဆိပ်ကပ်တဲ့ စကားလုံးတစ်ခုပါ" လို့ မစ္စ ရွှီက ပြောပါတယ်။

"ယောက်ျားမိန်းမခွဲခြားတဲ့ ဟာသတွေနဲ့ အခုလို စော်ကားတဲ့ အသုံးအနှုန်းတွေက ကျွန်မတို့ရဲ့ နေ့စဉ်သုံး စကားထဲကို ရောက်လာခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။

"ရှင့်မှာ ချမ်းသာတဲ့ ချစ်သူကောင်လေးရှိရင် ချူစားတယ်လို့ ခေါ်ကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် လှအောင်ပအောင် လုပ်ရင်လည်း ချူစားတယ်လို့ ခေါ်ပါတယ်။

တစ်ခါတလေမှာ တစ်ယောက်ယောက်တိုက်တဲ့ အချိုရည်လေး သောက်လိုက်ရုံနဲ့တောင် အဲဒီတံဆိပ်ကို ကပ်ကြတယ်" လို့ သူက ထပ်ပြောပါတယ်။

ဂိမ်းထဲက အမျိုးသားနဲ့ အမျိုးသမီး စကားပြောနေပုံ

ဓာတ်ပုံ ရင်းမြစ်, Qianfang Studio

ဓာတ်ပုံ ပုံစာ, "ယောက်ျားတစ်ယောက်က ရှင့်ကို ချစ်သလားဆိုတာ သိချင်ပါသလား။ သူဘယ်လောက် သုံးသလဲဆိုတာ ကြည့်လိုက်ပါ" လို့ ဂိမ်းထဲက မိန်းကလေးတစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ ဂိမ်းကစားသူတချို့ကတော့ အဲဒီဝေဖန်မှုတွေဟာ လွန်တယ်လို့ မြင်ပါတယ်။

"ဒီဂိမ်းက အမျိုးသမီး အကုန်လုံးကို ချူစားသူတွေလို့ ပြောနေတာ မဟုတ်ပါဘူး။"

ဘီဘီစီနဲ့ ပြောရာမှာ အမည်ဝှက်ကို သုံးခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ကျောင်း မုန့်ရှောင်းကတော့ "ကျား၊ မ တစ်ခုခုကို ပစ်မှတ်ထားတယ်လို့ မထင်ပါဘူး" လို့ ပြောပါတယ်။

"အမျိုးသမီးရော အမျိုးသားပါ သိုက်တူးသမား၊ ချူစားသူ ဖြစ်နိုင်ပါတယ်" လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဂိမ်းထဲမှာတော့ "ချူစားသူတွေ" အားလုံးက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

မျက်နှာသစ် အွန်လိုင်းဆယ်လီကနေ ရည်မှန်းချက်ကြီးတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်အထိ အားလုံးက ယေက်ျားလေးတွေဆီကနေ ငွေနဲ့ လက်ဆောင်တွေ အမြောက်အမြားရဖို့ ဉာဏ်ဆင်နေတာတွေကို ပြထားပါတယ်။

"ယောက်ျားတစ်ယောက်က ရှင့်ကို ချစ်သလားဆိုတာ သိချင်ပါသလား။ သူဘယ်လောက် သုံးသလဲဆိုတာ ကြည့်လိုက်ပါ" လို့ သူတို့ထဲက တစ်ယောက်က ပြောပါတယ်။

အဲဒီဂိမ်းကြောင့် ပြည်တွင်းမီဒီယာတွေပါ သဘောထား ကွဲခဲ့ပါတယ်။

အလယ်ပိုင်း ဟူပေပြည်နယ်က သတင်းစာတစ်စောင်ကတော့ အဲဒီဂိမ်းဟာ "မိန်းမထု တစ်ရပ်လုံးကို အလိမ်တွေဖြစ်အောင် တံဆိပ်ကပ်နေတာ ဖြစ်တယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ Beijing Youth Daily သတင်းစာကတော့ နိုင်ငံအဆင့် လိမ်လည်မှု တိုက်ဖျက်ရေး စင်တာရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဒီဂိမ်းကို ချီးကျူးပါတယ်။

၂၀၂၃ ခုနှစ်မှာ အချစ်ရေးဗန်းပြလိမ်လည်မှုတွေကြောင့် ဖြစ်ခဲ့တဲ့ ငွေဆုံးရှုံးမှုပမာဏက ယွမ် ၂ ဘီလျံ ( ဒေါ်လာ ၂၇၉ သန်း) လောက်ရှိတဲ့အကြောင်းနဲ့ အဲဒီဂိမ်းရဲ့ "တီထွင်ဖန်တီးနိုင်စွမ်း" ကို ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"စိတ်ခံစားချက်တွေကို အသုံးချ လိမ်လည်တာတွေ ချက်ချင်း ရပ်တန့်ဖို့ လိုအပ်တယ်" လို့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။

အငြင်းပွားမှုတွေ ရှိနေပေမဲ့ ဂိမ်းရောင်းအားကတော့ ဆက်မြင့်တက်နေပါတယ်။

အဲဒီဂိမ်းဟာ အခုဆိုရင် PC ပလက်ဖောင်းအတွက် တရုတ်နိုင်ငံရဲ့ ထိပ်တန်း ခေါင်းစဉ် ၁၀ ခုထဲမှာ ပါနေပြီး တရုတ်ဂိမ်းတွေထဲမှာ အအောင်မြင်ဆုံးလို့ နာမည်ကြီးတဲ့ Black Myth: Wukong ကိုတောင် ကျော်သွားပါတယ်။

"လူတွေ ဘာလို့ စိတ်ဆိုးကြမှန်း ကျွန်တော် နားမလည်ပါဘူး။

"ခင်ဗျားကိုယ်တိုင် ချူစားသမား၊ သိုက်သမား မဟုတ်ဘူးဆိုရင် ဘာလို့ ဒီဂိမ်းက စော်ကားတယ်လို့ ခံစားရမှာလဲ" လို့ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ယောက်က ပြောပါတယ်။

"တကယ်တော့ ဒီဂိမ်းဖန်တီးသူတွေက သတ္တိရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီလို ကိစ္စရပ်တွေ (စိတ်ခံစားမှုတွေကို လိမ်လည်တာလိုမျိုး) ကို တရုတ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောတာ မရှိသေးပါဘူး" လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံ ချုံကင်းမြို့မှာ ဖုန်းသုံးနေတဲ့ မိန်းကလေး နှစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂိမ်းထဲမှာ အမျိုးသမီးတွေ အားလုံးကို ချူစားသူတွေလို့ ပုံဖော်ထားတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း ခုန်ချ သေကြောင်းကြံခဲ့တဲ့၊ အင်တာနက်ပေါ်မှာ Fat Cat လို့ လူသိများတဲ့ တရုတ်အမျိုးသားတစ်ဦးရဲ့ လက်တွေ့ဘဝဇာတ်လမ်းကို အဲဒီဂိမ်းက အခြေခံထားတယ်လို့ အွန်လိုင်းသုံးသူတချို့က ထင်မြင်ချက် ပေးထားကြပါတယ်။

သူသေဆုံးမှုက အွန်လိုင်းမှာ အပြင်းအထန် ဆွေးနွေးစရာတစ် ဖြစ်ခဲ့ပါတယ်။

အဲဒီမှာ "ချူစားသူ" ဆိုတဲ့ စကားလုံးကို စိတ်ကြိုက် သုံးခဲ့ကြပါတယ်။

တချို့က သူ့ရည်းစားဟောင်းက အမြတ်ထုတ်ခဲ့တယ်။ ဒါကြောင့် သူအဆုံးစီရင်ခဲ့ရတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ အမျိုးသမီးတွေက တရုတ်မှာ ဒီဗီဒီယိုဂိမ်းဟာ ပြဿနာရှိတဲ့ ကျား၊မ စံနှုန်းတွေကို ဆက်ရှိနေစေမှာကို စိုးရိမ်ကြပါတယ်။

တရုတ် လူ့အဖွဲ့အစည်းက အမျိုးသမီးတွေကို အိမ်မှာနေသင့်တယ်လို့ ယုံကြည်ကြပြီး အမျိုးသားတွေကို အဓိက ငွေရှာသူတွေအဖြစ် မြင်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေ အိမ်ထောင်ကောင်းကောင်းကျဖို့က အလုပ်အကိုင် အောင်မြင်မှုထက် ပိုအရေးကြီးတယ်လို့ ရှေးထုံးအရ ရှုမြင်ခဲ့ကြပါတယ်။

အမျိုးသားကြီးစိုးတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တရားဝင် ပြောဆိုမှုတွေကလည်း ဒါကို ထောက်ခံနေတဲ့ သဘောပါပဲ။

သမ္မတ ရှီကျင့်ဖျင်က အမျိုးသမီးတွေ အနေနဲ့ "ဇနီးကောင်းနဲ့ မိခင်ကောင်းတွေ" အဖြစ် ပျော်မွေ့ကြဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

ကျား၊မ တန်းတူညီမျှရေး တောင်းဆိုတဲ့ တက်ကြွလှုပ်ရှားတဲ့ အင်အားစုတွေ တိုးပွားလာတာကိုလည်း အစိုးရက နှိမ်နင်းခဲ့ပါတယ်။

"ဒီလိုဂိမ်းမျိုးက ယောကျ်ားနဲ့ မိန်းမတွေကြားမှာ ရန်လိုမုန်းတီးမှုကို ပိုကြီးစေရုံ သက်သက်ပါပဲ" လို့ အွန်လိုင်းက ရန်လိုမှုတွေကို ကြောက်လို့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ဒါက မိန်းမတွေဟာ ဘဝရှင်သန်ဖို့အတွက် ယောက်ျားတွေ ကျေနပ်အောင် တစ်နည်းနည်းနဲ့ လုပ်ပေးရမယ့် နိမ့်ကျသူတွေအဖြစ် ထပ်ပုံဖော်လိုက်တာပဲ" လို့လည်း ဆိုပါတယ်။