အိန္ဒိယ နည်းပညာကုမ္ပဏီတွေ AI သုံးလာလို့ လူလတ်တန်းစားတွေ အိပ်မက် ပျက်ပျယ်ရပြီလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, နီခေး အီမန်ဒါ
- ရာထူးတာဝန်, ဘီဘီစီသတင်း မွန်ဘိုင်း
ဆော့ဖ်ဝဲလ်နဲ့ နည်းပညာဆိုရင် အိန္ဒိယကို တန်းမြင်တတ်ကြပါတယ်။ အခုတော့ အိန္ဒိယ ဆော့ဖ်ဝဲလ် နည်းပညာနယ်ပယ်ဟာ မှန်းချက်တစ်ခုနဲ့ ကြုံနေရပါပြီ။
အိန္ဒိယမှာ အကြီးဆုံး ပုဂ္ဂလိက လုပ်ငန်းရှင် တာတာအကြံပေးဝန်ဆောင်မှုလုပ်ငန်း(TCS) ဟာ အလယ်အလတ်နဲ့ အကြီးတန်းစီမံခန့်ခွဲရေးအဆင့်တွေမှာ အလုပ်ပေါင်း ၁၂,၀၀၀ ကျော်ကို လျှော့ချမယ်လို့ ကြေညာပါတယ်။ TCS ဟာ သူ့ရဲ့ နည်းပညာလုပ်ငန်း ဝန်ဆောင်မှုတွေထဲ အကြီးဆုံးလုပ်ငန်းလည်း ဖြစ်ပါတယ်။ အခုအလုပ်လျှော့မယ့်ပမာဏဟာ ကုမ္ပဏီရဲ့လုပ်သားအင်အားစုရဲ့ ၂ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။
မွမ်ဘိုင်းမြို့အခြေစိုက်တဲ့ ဒီဆော့ဝဲလ်လုပ်ငန်းကြီးဟာ အိုင်တီအလုပ်သမား ၅ သိန်းကျော်ကို ခန့်အပ်ထားတာပါ။ အမေရိကန်ဒေါ်လာ ၂၈၃ ဘီလျံရှိတဲ့ အိန္ဒိယတစ်နိုင်ငံလုံးက ဆော့ဝဲလ်လုပ်ငန်းတွေ အားလုံးထဲမှာ ဒီလုပ်ငန်းမှာ လုပ်ရတာ အာမခံချက် တစ်နည်းတစ်ဖုံ ရှိတယ်လို့လည်း မှတ်ယူထားကြတာပါ။ အဲဒီမှာ အလုပ်ရရင် ပညာနဲ့အသက်မွေးတဲ့ပုံမှန်အလုပ်တစ်ခု ရပြီလို့တောင် မှတ်ယူထားကြတဲ့အခြေအနေပါ။
သမရိုးကျစီးပွားရေးပုံစံမျိုးကနေ ဉာဏ်ရည်တုနည်းပညာ(အေအိုင်)နယ်ပယ်မှာ စတင် ရင်းနှီးမြှုပ်နှံမှု လုပ်ပြီး ကုမ္ပဏီကို ''အနာဂတ်အသင့်ဖြစ်အောင်'' ရည်ရွယ်ကာ ဝန်ထမ်းလျှော့ချဖို့ ဆုံးဖြတ်ခဲ့တာလို့ TCS က ပြောပါတယ်။
TCS လို ကုမ္ပဏီတွေဟာ စျေးသက်သာပြီး ကျွမ်းကျင်လုပ်သားတွေကို သုံးကာ ကုန်ကျစရိတ်ချွေတာလိုတဲ့ကမ္ဘာတစ်ဝန်း ဖောက်သည်တွေအတွက် ဆော့ဝဲလ်တွေကို ဖန်တီး ပေးနေတာ ဆယ်စုနှစ်ချီကြာမြင့်နေပြီဖြစ်ပါတယ်။
"ရှိသင့်တဲ့ကျွမ်းကျင်မှု ရှိလာအောင် သင်တန်းပေးပြီး ပြန်လည်ဖြည့်ဆည်းပေးတာနဲ့ အလုပ်ပြန်လည်ပြောင်းလဲ ခန့်အပ်တာမျိုးလို အစီအစဉ်တွေ စတင်နေပါပြီ'' လို့ TCS က ထုတ်ပြန်ပါတယ်။ ''ပြန်လည်ခန့်အပ်တာ မလုပ်နိုင်မယ့် လုပ်ဖော်ကိုင်ဖက်တွေကိုတော့ အဖွဲ့ကနေ လက်တွဲဖြုတ်တာတွေလည်းရှိပါမယ်'' လို့ ဆိုပါတယ်။
"နည်းပညာကုမ္ပဏီတွေမှာ တကယ့်လက်တွေ့ အလုပ်သမားတွေက ကျိုးကြောင်း ဆီလျှော်မှုရှိ အောင် လုပ်အားနဲ့ ထိရောက်မှုအပိုင်းကို ယုတ္တိကျကျ လုပ်ကိုင်နေကြချိန်မှာ လူသားမန်နေဂျာတွေဟာ လုပ်ငန်းခွင်တွေကနေ လက်တွဲဖြုတ်ခံနေကြရတယ်" လို့ ဝန်ထမ်းရှာဖွေ၊ ငှားရမ်းမှုလုပ်ငန်း TeamLease Digital က အမှုဆောင်အရာရှိချုပ် နီတိ ရှာမာက ဘီဘီစီကို ပြောပါတယ်။
ဉာဏ်ရည်တု(အေအိုင်)၊ ကလောက်(Cloud)နဲ့ အချက်အလက်လုံခြုံရေးလို နည်းပညာနယ်ပယ်တွေက ထွန်းသစ်စ နည်းပညာကုမ္ပဏီတွေဟာ အလုပ်ဖြုတ်လိုက်တဲ့လူတွေ အတိုင်းအဆ လောက်ကို ပြန်ပြီး အလုပ်ခန့်ကြတဲ့နှုန်းလည်း အတော်လေးမြင့်တက်လာတာကို တွေ့ရတယ်'' လို့ သူက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
TCS ရဲ့ကြေညာချက်ကို ကြည့်ရင်လည်း အိန္ဒိယနိုင်ငံထဲက ဆော့ဝဲလ်လုပ်ငန်းနယ်ပယ်မှာ "အရည်အချင်း ကွာဟချက်" သိသိသာသာရှိနေတာကိုလည်း မီးမောင်းထိုးပြနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အေအိုင်ဟာ အလုပ်ဖြစ်မြောက်မှုအပိုင်းမှာ မြန်မြန်ဆန်ဆန် ဦးဆောင်နေတာကြောင့် ''ဒီ နည်းပညာအရွေ့က လုပ်ငန်းတွေကို သူတို့ လုပ်သားအင်အားကို ပြန်သုံးသပ်စေတယ်၊ ပြီးတော့ အေအိုင်နည်းပညာနဲ့ ကိုက်ညီတဲ့အလုပ်တွေကို ဝေခြမ်းရေးလုပ်မလား ဆိုတာကို ချင့်တွက်ဖို့ ဖိအားဖြစ်လာစေတယ်'' လို့ Grant Thornton Bharat က စီးပွားရေးပညာရှင် ရီရှီ ရှားက ဘီဘီစီကိုပြောပါတယ်။
နည်းပညာလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Nasscom ရဲ့အဆိုအရ ၂၀၂၆ ခုနှစ်မှာ အိန္ဒိယက AI နည်းပညာ ကျွမ်းကျင်သူ ၁ သန်း လိုအပ်မယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးက နည်းပညာတတ်ကျွမ်းသူ ၂၀ ရာခိုင်ကတောင် AI နည်းပညာ ကျွမ်းကျင်သူတွေ မဟုတ်ဘူးလို့ ပြောပါတယ်။
နည်းပညာကုမ္ပဏီတွေဟာ အနာဂတ် AI ပညာရှင်လောင်းတွေနောက် တကောက်ကောက်လိုက်တာ၊ ကျွမ်းကျင်မှုနဲ့ကိုက်ညီတဲ့သူတွေကို ခန့်အပ်တာ သိသိသာသာမြင့်တက်လာချိန်မှာပဲ စျေးကွက်နဲ့ကိုက်ညီတဲ့စွမ်းရည်မရှိကြသူတွေဟာ အလုပ်မှာ လက်တွဲဖြုတ်ခံရတဲ့ကိန်း ဆိုက်လာစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
AI ပေါ်ထွန်းမှုကြောင့် လုပ်ငန်းဖွဲ့စည်းပုံ အပြောင်းအလဲ လုပ်တာအပြင် TCS ထုတ်ပြန်ချက်ကိုကြည့်ရင် အခုဆုံးဖြတ်ချက်ဟာ " အိန္ဒိယရဲ့ အိုင်တီ နယ်ပယ်မှာ ကြုံရတဲ့ စိန်ခေါ်ချက် တပြန့်တပြောကိုလည်း ပြန်လည်ထင်ဟပ်ပါတယ်'' လို့ ကမ္ဘာတစ်လွှားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘဏ်စနစ် ကုမ္ပဏီ ဂျက်ဖရီးစ်က ဆိုပါတယ်။
" နည်းပညာလုပ်ငန်းနယ်ပယ်မှာ စုစုပေါင်းအလုပ်ခန့်အပ်မှုက ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်ကတည်းက လျော့ကျနေတာ။ အဓိကကတော့ အနာဂတ် လုပ်ငန်း အလားအလာ သိသိသာသာကောင်းမွန်မယ်ဆိုတာမျိုး မရှိဘူးလို့ ခန့်မှန်းချက်သုံးသပ်တာနဲ့လည်း ဆိုင်တာပေါ့လေ'' လို့ ဂျက်ဖရီးစ်က မှတ်စုတစ်ခုမှာ ရေးသားထားပါတယ်။
လိုအပ်ချက်အလားအလားအတွင်းကြာရှည်တဲ့ ထိန်းချုပ် နိုင်ခြင်းတို့ကြောင့်ပါ"လို့ Jeffries ကမှတ်ချက်အတွင်း ပြောထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သွင်းကုန်အခွန်စည်းကြပ်မှုကြောင့်လည်း အိန္ဒိယ အိန္ဒိယ ဆော့ဖ်ဝဲလ် လုပ်ငန်းကြီးတွေအပေါ် ရိုက်ခတ်မှု ရှိပါတယ်။ အိန္ဒိယ ဆော့ဖ်ဝဲလ် လုပ်ငန်းကြီးတွေထဲက တစ်ဝက်ရဲ့ အဓိက ဝင်ငွေ တစ်ဝက်ကိုဟာ အမေရိကန်နိုင်ငံအတွင်းက နည်းပညာဝန်ဆောင်မှုအပိုင်းက လိုအပ်ချက်တွေကနေ ရရှိတာကြောင့်ပါ။
သွင်းကုန်အခွန်စည်းကြပ်မှုဟာ ကုန်ပစ္စည်းအမာစားတွေကို ပစ်မှတ်ထားတာပါ။ ဒါပေမဲ့ ကုမ္ပဏီတွေဟာ ဒီလိုတိုးကောက်ခံရတာကြောင့်ပဲ အခွန်တိုးကောက်လို့ဖြစ်လာနိုင်တဲ့ မရေရာတဲ့စီးပွားရေးအကျိုးဆက်တွေနဲ့ ပြည်ပကနေ သူတို့ရဲ့နည်းပညာဝယ်ယူမှုအပိုင်းကို ပြန်စဥ်းစားလာနိုင်ကြတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
AI ကို သုံးစွဲမှု မြင့်တက်လာတာကလည်း အမေရိကန် ကုမ္ပဏီတွေအတွက် ကုန်ကျစရိတ်အပိုင်းကို ချိန်ထိုး စဉ်းစားလာဖို့ ဦးတည်လာစေတယ်လို့ ဂျက်ဖရီးက ပြောပါတယ်။ ဒါကြောင့်ပဲ နည်းပညာလုပ်ငန်းကြီးတွေမှာ အလုပ်သမား နည်းနည်းနဲ့ ကျဲကျဲဝိုင်းကြတာမျိုး ဖြစ်လာစေတယ်လို့ ဆိုပါတယ်။
ဒီသက်ရောက်မှု နောက်ဆက်တွဲလှိုင်းတွေက အိန္ဒိယရဲ့ အိုင်တီနည်းပညာ ထွန်းကားရာ ဗဟိုချက်တွေဖြစ်ခဲ့ဖူးတဲ့ ဘန်ဂလာရု၊ ဟိုက်ဒရာဘတ်နဲ့ ပြွမ်းတို့လို မြို့ကြီးတွေမှာလည်း ရိုက်ခတ်ခံနေရပါပြီ။
ပြီးခဲ့တဲ့နှစ်မှာပဲ အဲဒီလုပ်ငန်းတွေထဲက အလုပ်သမား ငါးသောင်းနီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ ခန့်မှန်းချက်တစ်ခုက ဆိုပါတယ်။
အိုင်တီ ဝန်ဆောင်မှုပေးတဲ့ အိန္ဒိယနည်းပညာထိပ်တန်းကုမ္ပဏီ ၆ ခုရဲ့ အလုပ်သမားအရေအတွက်ထပ်တိုးမှုဟာ ၇၂ ရာခိုင်နှုန်း အထိကျဆင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါတွေအားလုံးဟာ အိန္ဒိယစီးပွားရေးကြီး တစ်ခုလုံးအပေါ်မှာလည်း သက်ရောက်မှု ခက်ဖြာသက်ရောက်ပါတယ်။ အိန္ဒိယဟာ နည်းပညာလောကထဲကို ဝင်မယ့် ဘွဲ့ရမောင်မယ် သန်းချီကို အလုပ်အကိုင်ရှိအောင် ဖန်တီးပေးဖို့ ရုန်းကန်နေရတာပါ။
သန်မာကောင်းမွန်တဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ မရှိချိန်မှာ ဒီလိုဆော့ဝဲလ်ကုမ္ပဏီတွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အိန္ဒိယကို ကမ္ဘာမှာ နည်းပညာလုပ်သား ထောင်သောင်းချီ အလုပ်ခန့် နိုင်ဖို့ ဖြစ်စေခဲ့ပါတယ်။
ဒီလိုအလုပ်ခန့်နိုင်ခဲ့လို့ပဲ အိန္ဒိယမှာ လူလတ်တန်းစားတစ်ခုကို မွေးဖွားပေးနိုင်ခဲ့ပြီး မြို့ကြီးတွေဟာ ကားဝယ် အိမ်ဝယ်နိုင်တဲ့သူတွေရှိလာစေခဲ့ပါတယ်။
ဒါပေမယ့် လစာလည်းကောင်း တည်လည်းတည်ငြိမ်တဲ့အလုပ်တွေ နည်းလာချိန်မှာ ဝန်ဆောင်မှုနဲ့ကြီးထွားအောင်လုပ်တဲ့အိန္ဒိယ စီးပွားရေးအပေါ် မေးခွန်းတွေ ရှိလာပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အထိကို အိုင်တီ ကုမ္ပဏီကြီးတွေဟာ နှစ်စဥ် ဘွဲ့ရလူသစ် ၆၀၀,၀၀၀ အထိ အလုပ်နေရာပေးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာတော့ အဲဒီအရေအတွက်ဟာ ၁၅၀,၀၀၀ အထိကို ရုတ်တရက် ကျဆင်းခဲ့တယ်လို့ TeamLease Digital အဖွဲ့ကပြောပါတယ်။
ကျန်တဲ့ ဘွဲ့ရလူငယ်တွေကိုတော့ ဘဏ္ဍာရေးနည်းပညာစွန့်ဦးတီထွင်မှု လုပ်ငန်းငယ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုစင်တာ - GCCs တို့လို နေရာတွေက အလုပ်ခန့် နိုင်ခဲ့ပါတယ်။ ဒီစင်တာတွေကတော့ နိုင်ငံပေါင်းစုံမှာပါဝင်တဲ့လုပ်ငန်းကြီးတွေက နိုင်ငံရပ်ခြားမှာအခြေစိုက်ပြီး နည်းပညာအလုပ်တွေ ဘဏ္ဍာရေးနဲ့ ဒါမှမဟုတ် သုတေသနနဲ့ ဖွံဖြိုးမှုတွေလို လုပ်ငန်း ထောက်ပံ့ရေး အလုပ်တွေကို လုပ်ကြတာပါ။ ဒါတောင် ဘွဲ့ရလူသစ် ၂၀ ကနေ ၂၅ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ ဖြစ်နေကြတုန်းလို့ မစ္စ ရှာမာက ပြောပါတယ်။
"GCCs က အိုင်တီကုမ္ပဏီတွေလုပ်နိုင်ခဲ့တဲ့ အလုပ်သမားခန့်အပ်နိုင်တဲ့အရေအတွက်လောက်ကို ဘယ်တော့မှ အလုပ်ခန့်နိုင်မှာမဟုတ်ဘူး" လို့ သူက ထပ်ပြောပါတယ်။
အိန္ဒိယအတွင်းက ထိပ်တန်း စီးပွားရေးခေါင်းဆောင်အများစုကလည်း အခုလိုဖြစ်လာတဲ့ ဒီအခြေအနေကြောင့် စီးပွားရေးအကျိုးဆက်တွေကို စပြီး ပြောလာနေကြပါတယ်။
အိန္ဒိယရဲ့ နည်းပညာလုပ်ငန်း ချုံ့ချလိုက်မှုဟာ "သူနဲ့ဆက်စပ်နေတဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းတွေကို အနုတ်သဘောဆောင်တဲ့ရိုက်ခတ်မှု၊ အိမ်ခြံမြေစျေးကွက်ပြိုပျက်မှုနဲ့ တကယ့်အမာခံ စားသုံးသူစျေးကွက်ကိုလည်း ထိုးနှက်ချက် ဖြစ်စေလိမ့်မယ်'' လို့ ဒီ မူသူခရစ်ရှနန်က ပြောပါတယ်။
သူက အိန္ဒိယတောင်ပိုင်းမှာ ရင်းနှီးမြှုပ်နှံလိုသူတွေကို အလားအလာရှိတဲ့စတော့တွေကို ကိုယ်စား ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကို လုပ်ကိုင်ပေးသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ X အကောင့်မှာ တင်လာတာဖြစ်ပါတယ်။ TCS ရဲ့ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ရေးသားတာဖြစ်ပါတယ်။
AI ဟာ အိန္ဒိယရဲ့လူလတ်တန်းစားတွေပေါ် ဖြစ်နိုင်ခြေရှိတဲ့ အကြီးအကျယ်ထိခိုက်ပျက်စီးမှု အကျိုးသက်ရောက်မယ်လို့ စွန့်ဦးတီထွင်သူနဲ့ Atomberg ကားနည်းပညာကုမ္ပဏီတည်ထောင်သူ အရင်ဒမ် ပေါလ် ပြီးခဲ့တဲ့လအနည်းအတွင်းက သတိပေးခဲ့ပါတယ်။
"ဒီကနေ့တည်ရှိနေတဲ့ ကော်လာဖြူအလုပ်အကိုင်ရဲ့ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းတည်ရှိမှု ရပ်တန့်သွားနိုင်တယ်" လို့ ပေါလ်က ရေးခဲ့ပါတယ်။ "စားသုံးမှုအကြောင်းအရာနဲ့ လူလတ်တန်းစားတွေရဲ့ အဆုံးသတ်လို့ အဲဒါက အဓိပ္ပါယ်သက်ရောက်တယ်"
အိန္ဒိယ နည်းပညာကုမ္ပဏီကြီးတွေက AI ပေါ်ထွက်လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှောင့်ယှက်မှုတွေကို ကျင့်သားရပြီး ဘယ်လိုသင့်တော်လိုက်ဖက်အောင်လုပ်နိုင်မလဲဆိုတာနဲ့ နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာနည်းပညာကစားသမားအဖြစ် သူ့ရဲ့အနားသတ်ကို ထိန်းသိမ်းနိုင်မလားဆိုတာ ဆုံးဖြတ်ပါလိမ့် မယ်။
နိုင်ငံအသားတင်ထုတ်ကုန်တန်ဖိုးကို လမ်းကြောင်းမှန် ဆက်ထိန်းထားရမယ့် လူလတ်တန်း စားစားသုံးမှုကို ချဲ့ထွင်နိုင်မှာပါလား။










