အေအိုင်ကြောင့် အင်တာနက်ရှာဖွေမှုတွေ ပြောင်းလဲလာမလား

Google Bard VS OpenAI ChatGPT displayed on Mobile with Openai and Google logo on screen seen in this photo illustration

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ပီထရာ ဇီဗစ်
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှား

ဂူဂဲလ်နဲ့ မိုက်ခရိုဆော့ဖ်က သူတို့ရဲ့ အင်တာနက် ရှာဖွေရေး အင်ဂျင်တွေမှာ Artificial Intelligence အတိုကောက်အားဖြင့် အေအိုင် ခေါ် ဉာဏ်တုပါ ထည့်သွင်းအသုံးပြုနိုင်ဖို့ လုပ်နေပြီလို့ မကြာသေးခင်ကပဲ ကြေညာခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း မကြာခင်မှာ လူတွေ အင်တာနက်ပေါ်မှာ လိုအပ်တဲ့ သတင်းအချက်အလက် ရှာဖွေမှု ပုံစံတွေဟာ မကြာခင်မှာ တခေတ်ပြောင်းဆန်းသစ် လာတော့မှာ ဖြစ်ပါတယ်။

အဲဒီလို ဖြစ်လာတဲ့ အခါမှာ လူတွေရဲ့ နေ့စဉ်ဘဝတွေမှာရော ဘယ်လို အပြောင်းအလဲတွေ မြင်လာရမလဲ။

ဒီမေးခွန်းအတွက် အမေးသင့်ဆုံးကတော့ ဉာဏ်တုကို သုံးထားပြီး ChatGPT လို့ အမည်ပေးထားတဲ့ အေအိုင် chatbot ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

အေအိုင်က လူတွေရဲ့ ရှာဖွေမှုတွေနဲ့ ပတ်သက်လို့ အခုကတည်းက အပြောင်းအလဲတွေ လုပ်ပေးထားပြီး ဖြစ်သလို အနာဂတ်မှာလည်း ဆက်ပြီးလုပ်သွားမှာပါလို့ ChatGPT က ဘီဘီစီကို ပြောပါတယ်။

မိုက်ခရိုဆော့ဖ်ရဲ့ Bing လည်း မကြာခင်မှာ ဒီလို chatbot ဆော့ဖ်ဝဲမျိုးကို အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် အင်တာနက် ရှာဖွေမှု အင်ဂျင်ပိုင်းမှာ ဂူဂဲလ်ရဲ့ လွှမ်းမိုးမှုကို ကျော်လွှားနိုင်ရေးက စိန်ခေါ်မှုကြီး တခုဖြစ်တယ်လို့ ChatGPT က ဆိုပါတယ်။

ဂူဂဲလ်ဟာ အသုံးအများဆုံး ရှာဖွေရေး အင်ဂျင် တခု ဖြစ်ပြီး မှန်ကန်တိကျတဲ့ အဖြေတွေ ရှာပေးနိုင်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ ၂၀၂၁ training data အရ ဂူဂဲလ်ဟာ လူသုံးအများဆုံး ရှာဖွေရေး အင်ဂျင် ဖြစ်တယ်လို့ ChatGPT က ဆိုပါတယ်။

မိုက်ခရိုဆော့ဖ်ကတော့ သူတို့ ChatGPT ရဲ့ အေအိုင် နည်းပညာကို အဆင့်မြှင့်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီ ChatGPT ကို ဈေးကွက်မှာ စတင်ကတည်းက သုံးစွဲသူပေါင်း သန်း ၁၀၀ ရှိခဲ့ပြီ ဖြစ်တာကြောင့် ဒီလို လုပ်ပေးနိုင်ရင် ပြိုင်ဘက်နဲ့ သူတင် ကိုယ်တင် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် chatbot ဆိုခဲ့သလိုပဲ သူတို့ရဲ့ စမ်းသပ်လေ့ကျင့်မှုက ၂ နှစ်လောက် နောက်ကျနေပါတယ်။ ဆိုတော့ ဒီလို နည်းပညာသစ်တွေကြောင့် ဖြစ်လာနိုင်မယ့် အပြောင်းအလဲတွေကို လူသားထဲက ကျွမ်းကျင်သူတွေကိုလည်း မေးကြည့်ခဲ့ပါတယ်။

မြန်မြန်ဆန်ဆန် ပျံ့နှံသွားခြင်း

ChatGPT (OpenAI) logo is displayed on a smartphone screen

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘာကြောင့် လူကြိုက်များ အသုံးများသွားသလဲ ဆိုရင် web browser သုံးတတ်သူတိုင်း အေအိုင်ကိုပါ စမ်းသုံးကြည့်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ChatGPT က သုံးစွဲတဲ့လူက မေးသမျှ ပြောသမျှကို အေအိုင်ကလည်း ပြန်ဖြေ ပြန်ပြောနိုင်တယ်လို့ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ကွန်ပျူတာ သိပ္ပံ ဌာနက ပါမောက္ခ မိုက်ကယ်လ် ဝူးလ်ဒရစ်ချ်က ပြောပါတယ်။ ChatGPT က သိချင်သမျှ အရာတွေ၊ စကားတွေ၊ ကုဒ်တွေ၊ သီချင်းတွေ နဲ့ စာတွေက အစ အကုန် တကယ့် လူက ပြန်ဖြေနေတဲ့ အတိုင်း ပြောပြနိုင်တာကြောင့် သုံးစွဲသူတွေအကြား အတော် အံ့သြခဲ့ကြပါတယ်။

အဲဒီလို လင့်ခ်တွေပဲ ချပြတာမဟုတ်ဘဲ ခြုံငုံဖြေကြားမှုတွေ လုပ်နိုင်တဲ့ အတွက်ကြောင့် သူ့ကို ဂူဂဲလ်ကို လက်စတုံးမယ့် အရာလို့တောင် တင်စားထားကြပါတယ်။ မိုက်ခရိုဆော့ဖ်က သူတို့ရဲ့ Bing ရှာဖွေရေး အင်ဂျင် ကို နည်းပညာသစ်တွေနဲ့ တခေတ်ဆန်းဖို့ လုပ်လာနေတာကြောင့် ဂူဂဲလ်ကလည်း သူတို့ရဲ့ ကိုယ်ပိုင် အေအိုင်ကို အဆင့်မြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။

အင်တာနက်ပေါ်က ရှာဖွေမှု လောကမှာ တကယ့် ဘီလူးကြီး ဖြစ်တဲ့ ဂူဂဲလ်က သူတို့ရဲ့ Bard လို့ အမည်ပေးထားတဲ့ chatbot ကို စမ်းသပ်နေပြီလို့ ပြောပါတယ်။

ဉာဏ်ရည်တု နဲ့ chatboat များ

Creative digital brain background. Artifical intelligence and science concept

ဓာတ်ပုံ ရင်းမြစ်, Getty Images

အေအိုင် သုံးထားတဲ့ ChatGPT ကို မေးကြည့်တဲ့အခါမှာတော့ chatbot ကို လူနဲ့ စကားပြောတဲ့ အခါမှာ သာမန် သဘာဝအတိုင်း ပြောဆိုတဲ့ ပုံကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှာဖွေရေး အင်ဂျင် တွေမှာ တွဲပေးလိုက်တဲ့ အခါမှာတော့ လူရှာဖွေတဲ့ အရာကို သူက မတူကွဲပြားတဲ့ ပုံစံမျိုးစုံနဲ့ အဖြေရှာပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဝက်ဘ်ဆိုက် လင့်ခ်တွေ တပုံကြီး ချပြလိုက်တာထက် အဲဒီမှာ ဝက်ဘ်ဆိုက်ထဲကို ဝင်းဒိုးတခု ဖွင့်ခေါ်သွားပြီး အကုန်စုပြီး ပြပေးတာမျိုး လုပ်တာ ဖြစ်တယ်လို့ ဇူးရစ် တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဘက်သ် ဆင်ဂလာက ပြောပါတယ်။ ကိုယ်သိချင်နေတာတွေကို တစုံတယောက်က ဘေးနားမှာ လာပြီး ဖတ်ပြ ပြောပြပေးနေသလို ပေါ့လို့ ဆိုပါတယ်။

Chatbot တွေ ဒီလို လုပ်ပေးနိုင်တာကလည်း အေအိုင်နဲ့ စက်ရဲ့ သင်ယူနိုင်စွမ်းအင် ကြောင့်ပါ။ အေအိုင်ဆိုတာက ကွန်ပျူတာကို သူ့အနီးဝန်းကျင်မှာ ရနိုင်တဲ့ သတင်း အချက်အလက်တွေကို အခြေခံပြီး လေ့လာသင်ယူကာ တုံ့ပြန် ဆောင်ရွက်နိုင်အောင် ဖန်တီးပေးတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။

နောက်ပြီး အရင်က ကြုံခဲ့တဲ့ အားနည်းချက်နဲ့ အမှားတွေကို မှတ်သားပြီး နောက်တကြိမ်မှာ ပိုကောင်းအောင်လည်း သင်ယူနိုင်စွမ်းရှိပါတယ်။ အေအိုင်သုံး chatbot တွေက သူတို့ကို မေးလာတဲ့ မေးခွန်းတွေအတွက် အဖြေရှာ ဖြေကြားပေးနိုင်ဖို့ ဒီဇိုင်းထုတ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဂူဂဲလ်ရဲ့ Bard နဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ChatGPT တွေမှာဆို သက်ရှိဦးနှောက်ရဲ့ အခြေခံ တည်ဆောက်ပုံကို အတုယူပြီး ဘာသာစကား အများအပြားကို ထည့်သွင်းပေးထားပါတယ်။

စာရိုက်ထည့်ပြီး မေးလာရင် ဘယ်လို တုံ့ပြန်အဖြေထုတ်ပေးမလဲ ဆိုတာကအစ အင်တာနက်ပေါ်ကနေ အချက်အလက်တွေ ထည့်သွင်းပေးထားပါတယ်။ chatbot တွေက ဘာသာစကား အများအပြားကို ချိတ်ဆက် အဖြေထုတ်ပါတယ်။ ပြီးတော့ နောက်မေးလာတဲ့ မေးခွန်းပေါ် မူတည်ပြီး ဘာစကားလုံးမျိုး ဖြစ်မလဲ ဆိုတာကို နားလည် အဖြေရှာဖို့ ကြိုးစားတယ်လို့ ဆင်ဂလာက ပြောပါတယ်။

Bing နဲ့ Bard ဘာတွေ လုပ်နိုင်သလဲ

Deep Learning and Machine Artificial Intelligence Concept

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဝက်ဘ်ဆိုက်တွေ ရှာဖွေတာမျိုးက အင်မတန်မှ ဗဟုသုတ ပြည့်ဝပြီး တခါတလေ အူကြောင်ကြောင်နိုင်တဲ့ လူတယောက်နဲ့ စကားပြောနေရသလို ဖြစ်လာလိမ့်မယ်လို့ ပါမောက္ခ ဝူးလ်ဒရစ်ချ်က ပြောပါတယ်။ Bing နဲ့ ဂူဂဲလ်ရဲ့ အဆင့်မြင့်ပေးထားတဲ့ အေအိုင်နဲ့ ရှာဖွေမှုတွေက အများပြည်သူ သုံးစွဲနိုင်တဲ့ အထိတော့ မလုပ်ပေးထားသေးပါဘူး။

ဂူဂဲလ်ရဲ့ Bard နဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Bing အသစ်ထွက်လာဖို့ စောင့်နေရစဉ်အတွင်းမှာတော့ ၂၀၂၁ အထိ ရထားသမျှ အချက်အလက်တွေကိုသာ အခြေခံထားတဲ့ ChatGPT ကိုသာ အားကိုးနေရမှာ ဖြစ်ပါတယ်။

အေအိုင် အဆင့်မြှင့်ထားတဲ့ Bing ကို ဝယ်ယူသုံးစွဲချင်တဲ့ သူတွေအနေနဲ့တော့ တခြားလူတွေလိုပဲ စောင့်ဆိုင်း စာရင်းမှာ ဝင်လိုက်ရုံပဲ ဖြစ်ပါတယ်။ Bing ရဲ့ အေအိုင်က ရှာဖွေလို့ ရသမျှကို စုပေါင်းပြီး chatbot တွေမှာ မေးလာတဲ့ ခက်ခက်ခဲခဲ မေးခွန်းတွေကိုတောင် အဖြေထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ သုံးစွဲသူတွေအနေနဲ့ Bing ရဲ့ chatbox မှာ အေအိုင်နဲ့ အပြန်အလှန် ဆက်ဆံမှုလုပ်နိုင်ကြမယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။ ကုမ္ပဏီရဲ့ အကြီးအကဲ ဖြစ်တဲ့ ဆတ္တယ နတ်ဒဲလ်ကလည်း အွန်လိုင်းပေါ် ရှာဖွေပုံနဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုကြပုံတွေမှာ အပြောင်းအလဲတွေ မြင်လာရနိုင်ကြောင်း ပြောပါတယ်။ အရင်က သိထားပြီးသား အမျိုးမျိုးသော ဆော့ဖ်ဝဲတွေမှာ ဒီနည်းပညာကြောင့် အပြောင်းအလဲတွေ မြင်လာရနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် Bing နဲ့ Bard အကြား ဘယ်လောက် ကွာခြားမှု ရှိမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဂူဂဲလ်ကတော့ မကြာခင်မှာပဲ စာနဲ့ တခြားရှာဖွေ တွေ့ရှိမှုတွေကို အေအိုင်နဲ့ ပေါင်းစည်းဖော်ပြပေးနိုင်ဖို့ လုပ်နေပြီလို့ ပြောပါတယ်။

မုန့်ဖုတ်တဲ့ လူကို သူ့ဆီက ကိတ်မုန့်မှာတဲ့ လူနဲ့ အတူ စိတ်ကြိုက် ပုံစံထုတ် ဖုတ်ပေးတာမျိုး လုပ်နိုင်စေမှာ ဖြစ်သလို အရုပ်လုပ်တဲ့ လူကိုလည်း ဘယ်လို အရုပ်မျိုး ဆန်းသစ်ရမလဲ ဆိုတာကအစ အကြံပြုလာနိုင်တော့မယ်လို့ ဂူဂဲလ်ရဲ့ အကြီးအကဲ ပရာဘ်ဟကာ ရဂ်ဟာဗန်က သူ့ ကုမ္ပဏီရဲ့ နည်းပညာ ပြပွဲမှာ ပြောခဲ့ပါတယ်။

Bard ကို မိတ်ဆက်ပေးတဲ့ ပွဲမှာ ဂူဂဲလ်ရဲ့ မိခင် ကုမ္ပဏီ Alphabet ရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်တဲ့ ဆွန်ဒါ ပိချိုင်းက ဒီ chatbot ဟာ ဂစ်တာတီးသင်တာနဲ့ စန္ဒယားတီးသင်တာ ဘယ်ဟာက လွယ်နိုင်သလဲ စတဲ့ မေးခွန်းမျိုးတွေ အတွက်တောင်မှ အဖြေတွေ စုစည်းရှာဖွေ ထုတ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အေအိုင်အတွက် ကျင့်ဝတ် စည်းကမ်းတွေကို ဘယ်သူသင်ပေးမလဲ

A group of businesspeople stand in the shadow of the large letters, "AI" which stand for artificial intelligence.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပါမောက္ခ ဆင်ဂလာဟာ အေအိုင်နဲ့ စက်ရုပ်နည်းပညာတွေနဲ့ ပတ်သက်တဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာနေသူဖြစ်ပြီး ChatGPT နဲ့ ပတ်သက်လို့လည်း စပေါ်လာကတည်းက အနီးကပ် စောင့်ကြည့်လေ့လာနေခဲ့တာ ဖြစ်ပါတယ်။ ChatGPT ကို ဒေါ်နယ် ထရမ့်ကို ဂုဏ်ပြုတဲ့ ကဗျာရေးပေးဖို့ လာပြောတော့ ChatGPT က ငြင်းလိုက်တာကို တွေ့ခဲ့ရဖူးကြောင်း သူက ပြောပါတယ်။ ဒါပေမယ့် ဂျိုးဘိုင်ဒဲန်ကို ဂုဏ်ပြုဖို့ ပြောတော့ ကဗျာတပုဒ် ထွက်လာတဲ့ အကြောင်း ဆင်ဂလာက ပြောပါတယ်။ အေအိုင်ဟာ သူ့ကို ဖန်တီးသူတွေရဲ့ စံနှုန်းတွေကိုသာ လက်ခံကျင့်သုံးပုံ ရတယ်လို့ သူက ဆိုပါတယ်။

ဒါဆို အေအိုင်ကို ကျင့်ဝတ်နဲ့ စံနှုန်းတွေကို ဘယ်လို သင်ကြားပေးမလဲ။

နည်းပညာ ကုမ္ပဏီကြီးတွေ တံခါးပိတ်ပြီး ဖန်တီးနေကြတာ ဆိုတော့ ဒီအပိုင်းနဲ့ ပတ်သက်လို့ သိပ်တော့ မသိဘူး၊ သူ့အနေနဲ့တော့ အရေးကြီးတဲ့ ကိစ္စတခုလို မြင်ကြောင်း ပါမောက္ခ ဝူးလ်ဒရစ်ချ်က ပြောပါတယ်။ သူက အေအိုင် သုံးတဲ့ အင်တာနက် ရှာဖွေရေး အင်ဂျင် တွေမှာ မသင့်လျော်တဲ့ အရာမျိုးတွေကို မရှာပေးအောင်လို့ လိုအပ်တဲ့ စိစစ် ကိရိယာတွေ ထည့်သွင်းပေးဖို့ လိုတယ်လို့ ယူဆပါတယ်။

ပြဿနာက အေအိုင်ကလည်း သူ့ဆီ ရောက်လာသမျှ အချက်အလက် မှန်သမျှကို စမ်းစစ်တုံ့ပြန်တတ်တာ ဖြစ်ပြီး အင်တာနက်ပေါ်မှာ အဆိပ်ဖြစ်စေတဲ့၊ အမုန်းတရားတွေ၊ လူမျိုးရေး ခွဲခြားမှုတွေ လိုအရာတွေက လွယ်လွယ်ကူကူရှာတွေ့ နေနိုင်တာပဲ ဖြစ်တယ်လို့သူက ပြောပါတယ်။

အေအိုင်ပြိုင်ပွဲ ဘယ်သူ ဦးဆောင်နေသလဲ

artificial intelligence

ဓာတ်ပုံ ရင်းမြစ်, Getty Images

အေအိုင် စစ်ပွဲမှာ ရှေ့တလှမ်းတိုးဖို့ ကြိုးစားနေတာ ဂူဂဲလ်နဲ့ မိုက်ခရိုဆော့ဖ် တင် မကပါဘူး။ တရုတ်ကလည်း သူတို့ရဲ့ ရှာဖွေရေး အင်ဂျင် Baidu မှာ ChatGPT လို ပုံစံမျိုး 'Ernie Bot' ကို စမ်းသပ်နေတာ မတ်လဆို ပြီးပြီလို့ ပြောပါတယ်။ ဒါပေမယ့် မိုက်ခရိုဆော့ဖ်ဟာ သူတို့ ပစ္စည်းကို ဈေးကွက်နဲ့ မိတ်ဆက်ပေးဖို့ အရာမှာတော့ တခြားပြိုင်ဘက်တွေထက် တနှစ်စာလောက် ရှေ့ကို ရောက်နေပြီ ဖြစ်တယ်လို့ ပါမောက္ခ ဝူးလ်ဒရစ်ချ်က ပြောပါတယ်။ ChatGPT ကလည်း သူ့ကို သုံးစွဲသူ သန်း ၁၀၀ ရဲ့ မေးသမျှ အရာတွေကနေ ဘာသာသင့်ယူ လေ့လာပြီး ကောင်းသည်ထက် ကောင်းအောင် လုပ်နေပါတယ်။

သူတို့ဆီမှာက အပြန်အလှန် ဆက်သွယ်မှုပေါင်း သန်းပေါင်း များစွာ ရှိထားတယ်၊ လူတွေက ဘယ်လို အရာတွေကို လိုချင်တယ်။ ဘယ်လို လုပ်ချင်တယ် ဆိုတာတွေကိုလည်း နားလည်ထားတယ်။ ဆိုတော့ သူတို့ရဲ့ ပစ္စည်းမှာ ဒီလို အရာတွေကို ထည့်သွင်းတည်ဆောက် ထုတ်လုပ်သွားမှာပဲလို့ ပါမောက္ခ ဝူးလ်ဒရစ်ချ်က ပြောပါတယ်။

ဆင်ဂလာကတော့ ဂူဂဲလ်မှာလည်း အားသာချက် တချို့ ရှိနေတယ်လို့ ပြောပါတယ်။ လူတွေ အင်တာနက်ပေါ်မှာ ရှာဖွေတဲ့ အခါ ဂူဂဲလ်ကို ပိုပြီး သုံးဖြစ်ကြတော့ ပိုပြီး ရင်းနှီးနေကြတယ်။ တချို့က ဂူဂဲလ် လုပ်လိုက်မယ်ဆိုပြီး ကြိယာ စကားလုံး တမျိုးလိုတောင် သုံးပြီး ပြောနေကြတာ၊ ဒီပြိုင်ပွဲက တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဒီလို အေအိုင် အခြေခံတဲ့ ရှာဖွေမှုလုပ်တဲ့ နည်းပညာမျိုးက အကုန်အကျ များပါတယ်။

တယောက်ယောက်က chatbot ကို စကားလာပြောပြီ ဆိုတာနဲ့ အဲဒီ chatbot ရဲ့ နောက်မှာ အင်မတန်မှ အားကောင်းတဲ့ ကွန်ပျူတာက အဲဒီ လူအတွက် အလုပ်တွေ လုပ်ပေးနေပြီ ဖြစ်တယ်လို့ ပါမောက္ခ ဝူးလ်ဒရစ်ချ်က ပြောပါတယ်။ သူက နောင်မှာ ဝက်ဘ်ပေါ်ရှာဖွေမှု ပုံစံက ၂ မျိုးလောက်တောင် ရှိလာနိုင်တယ်လို့ ယူဆပါတယ်။

အဖိုးနှုန်းထားအပေါ် မူတည်ပြီး အေအိုင်ကို သုံးထားတဲ့ အထူး ရှာဖွေမှုလုပ်ပေးတာမျိုးရယ်၊ အခု သုံးနေကြတဲ့ ကြော်ငြာတွေကနေ ဝင်ငွေ ရှာပြီး အခမဲ့ဝန်ဆောင်မှုနဲ့ ရှာဖွေ ပေးတာမျိုးရယ်ဆိုပြီး တမျိုးစီ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။