တရုတ်ရဲ့ ချက်ဘော့ DeepSeek က အေအိုင် ကမ္ဘာမှာ လှုပ်ခတ်နေ
ပီတာ ဟော့စ်ကင်း နဲ့ အမ်ရန် ရာမန် ဂျုန်း
ဘီဘီစီ ဘစ်ဇနက်နဲ့ နည်းပညာ သတင်းထောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အက်ပဲလ်ရဲ့ အကျော်ကြားဆုံးသော အခမဲ့ရ ချက်ဘော့ အေအိုင်အက်ပ်တွေထဲ တရုတ်ရဲ့ အက်ပ် DeepSeek က ChatGPT ကို ကျော်တက်ပြီး အမေရိကန်၊ ယူကေနဲ့ တရုတ်တို့မှာ ပိုလူကြိုက်များနေပါတယ်။
အဲဒီအက်ပ် DeepSeek စထွက်လာတဲ့ ဒီဇန်နဝါရီလ အစောပိုင်းကတည်းက ဒီအက်ပ်ကို ဒေါင်းလုပ်ပ် လုပ်တာ တဟုန်ထိုး တိုးများနေတာဖြစ်ပြီး ဒါဟာ အေအိုင် နယ်ပယ်မှာ အမေရိကန်ကသာ ထိပ်တန်းက ဦးဆောင်နေမှာ ဆိုတဲ့ အချက်ကို စိန်ခေါ်နေတာ လည်း ဖြစ်ပါတယ်။
တရုတ်ရဲ့ အေအိုင်ကုမ္ပဏီက စျေးပေါပေါနဲ့ထုတ်လုပ်နိုင်တဲ့ ချက်ဘော့ အက်ပ် ရုတ်တရက် ထွက်ပေါ်လာတာကြောင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာစျေးတွေ သိသိသာသာ ထိုးစိုက်ကျသွားပါတယ်။
အမေရိကန်အခြေစိုက် အေအိုင်နည်းပညာ ကုမ္ပဏီတွေ ဥပမာ - နဗီဒီယာ (Nvidia)၊ မိုက်ခရိုဆော့ဖ် (Microsoft) နဲ့ မက်တာ (Meta) ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးတွေ တနင်းလာနေ့ အမေရိကန် ရှယ်ယာစျေးကွက်အဖွင့်မှာ ကျဆင်းနေပါတယ်။
နယ်သာလန်က ချစ်ပ်ထုတ်လုပ်တဲ့ ASML ကုမ္ပဏီ ရှယ်ယာ ၁၀% ကျော်ကျဆင်းခဲ့ သလို အေအိုင်နဲ့ ပတ်သက်ပြီး အမာထည် (hardware) ထုတ်လုပ်တဲ့ ဆီးမင်း စွမ်းအင် (Siemens Energy) ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း ၂၁% ကျသွားပါတယ်။
ဒီကိစ္စဟာ "အေအိုင် ထောက်ပံ့ရေး ကွင်းဆက်တခုလုံးက ရင်းနှီးမြှုပ်နှံမှု ပုံစံကို ပြောင်းသွားနိုင်ဖွယ် အခြေအနေ အထိရှိတယ် " လို့ စင်ကာပူအခြေစိုက် နည်းပညာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အကြံပေး ဗေဆန် လင်းက ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ DeepSeek ဟာ အေအိုင်မှာ ထိပ်တန်းက လွှမ်းထားတဲ့ OpenAIလို့ အမေရိကန် ကုမ္ပဏီတွေကိုသာ စိန်ခေါ်နိုင်စွမ်းရှိပေမယ့် တရုတ် ကုမ္ပဏီတွေ တွေ့နေရတဲ့ ကိစ္စတွေက အဲဒီ အေအိုင် ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တယ်လို့ ဝေါ်စထရိက ထိပ်တန်းဘဏ် စီးတီးက ပြောပါတယ်။
"အဲဒီမှာ ပိုပြီးအကန့်အသတ်ရှိတဲ့ ဝန်းကျင်ပါ၊ အမေရိကန်က ပိုပြီး အဆင့်မြင့်တဲ့ ချစ်ပ်တွေကို လက်လှမ်းမီပါတယ်" လို့ စီးတီးက သုံးသပ်သူတွေက အစီရင်ခံစာ တခုထဲမှာ ရေးထားပါတယ်။
DeepSeek ချက်ဘော့အက်ပ်ကို ထုတ်လုပ်ရာမှာ သူ့ပြိုင်ဖက် အမေရိကန် ကုမ္ပဏီတွေ ချက်ဘော့အက်ပ် ထုတ်လုပ်စားရိတ်နဲ့ နှိုင်းရင် အနည်းငယ်မျှသာ ကုန်ကျခဲ့တယ်လို့ဆိုတဲ့ သတင်းလည်း ထွက်နေပြီး အမေရိကန်ဟာ အေအိုင် လောကကို လွှမ်းမိုးထားပြီလို့ ဆိုတဲ့အပေါ် အမေးထုတ်နေကြပါတယ်။
ဒီချက်ဘော့အက်ပ် ထုတ်လုပ်ရာမှာ အမေရိကန် ဒေါ်လာ ၆ သန်းမျှသာ ကုန်ကျပြီး တခြားပြိုင်ဖက်တွေက ဒီလိုနေရာမှာ ဒေါ်လာ ဘီလျံနဲ့ချီ သုံးစွဲတာပါ။
ဒါပေမဲ့ အဲဒီ တရုတ် ချက်ဘော့အက်ပ် ထုတ်လုပ်စားရိတ်က အဲဒီလောက်သာပဲလို့ ဆိုတဲ့ အချက်ကို အေအိုင် လောကသားတွေက အငြင်းပွားနေတာတော့ ရှိပါတယ်။
အခုမကြာခင်က ထွက်လာတဲ့ DeepSeek-R1 အက်ပ်ဟာ သင်္ချာတွက်တာ၊ ကုဒ်သွင်းတာ၊ ဘာသာစကားတွေမှာ နောက်ဆုံးအဆင့်မြင့် အိုးပင်းအေအိုင် မော်ဒယ်တွေနဲ့ စွမ်းဆောင်ရည် တူပါတယ်။
ဆီလီကွန်ဗယ်လီက လုပ်ငန်းရှင် သူဌေးလည်းဖြစ်၊ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေး တယောက်လည်းဖြစ်တဲ့ မတ်ခ် အန်ဒရက်စ်ဆန်က DeepSeek-R1ဟာ အေအိုင်ရဲ့ စပုနစ်ခ် အချိန်အခါ (Sputnik moment) လို့ ညွှန်းဆိုပါတယ်။ စစ်အေးတိုက်ပွဲ ကာလအတွင်း အမေရိကန်နဲ့ ဆိုဗီယက် ရုရှားတို့ အာကာသနဲ့ ပတ်သက်ပြီး အပြိုင်အဆိုင် ကြိုးပမ်းနေကြချိန် ၁၉၅၇ မှာ ဆိုဗီယက်ယူနီယံက စပုနစ်ခ် ဂြိုဟ်တုကို ပထမဆုံး အောင်မြင်အောင် လွှတ်တင်နိုင်ခဲ့တဲ့ အဖြစ်ကို သူက ဆိုလိုချင်တဲ့ပုံပါ။
ChatGPT နဲ့ DeepSeek တို့လို အေအိုင် မိုဒယ်တွေကို လေ့ကျင့်ဖို့ ပါဝါပေးတာက အဆင့်မြင့် ချစ်ပ်တွေပါ။
ဒါပေမဲ့ ၂၀၂၁ ကတည်းက တရုတ်ကို အဲဒီလို အဆင့်မြင့်ချစ်ပ်တွေ မရောင်းဖို့ အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ထားခဲ့တာပါ။
အမေရိကန်က ပိတ်ပင် ထားပေမယ့် တရုတ်ရဲ့ DeepSeek ကုမ္ပဏီက အောင်မြင်ခဲ့ ပါတယ်။
ပြည်ပကတင်သွင်းရတဲ့ အဆင့်မြင့် ချစ်ပ်တွေက ပုံမှန်မရနိုင်တာကြောင့် တရုတ် အေအိုင် ထုတ်လုပ်သူတွေဟာ တယောက်နဲ့ တယောက် သူတို့ရဲ့ လုပ်ငန်းတွေကို ဝေမျှကြတဲ့အတွက် ဒီနည်းပညာသစ်ကို ရခဲ့ကြတာပါ။
DeepSeek ကုမ္ပဏီကို ဘယ်သူက ထူထောင်တာလဲ
တရုတ်အရှေ့တောင်ပိုင်း ဟန်ဂျိုမြို့မှာ ဒီကုမ္ပဏီကို လျန် ဝန်ဖန်းက ၂၀၂၃ ခုနှစ်မှာ ထူထောင်တာပါ။
နည်းပညာနဲ့ အီလက်ထရွန်နစ် အင်ဂျင်နီယာ ဘွဲ့ရ အသက် ၄၀ အရွယ် မစ္စတာ လျန်ဟာ DeepSeek ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံမှုထည့်နိုင်ကြဖို့ ရန်ပုံငွေစျေးကွက် (hedge fund) ကိုလည်း ထူထောင်ခဲ့ပါတယ်။
အခုအချိန်မှာ တရုတ်ကို တင်သွင်းမှု ပိတ်ထားပြီဖြစ်တဲ့ Nvida A100 ချစ်ပ်တွေကို သူစုဆောင်းနိုင်ခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ပါတယ်။ ဒီလို စုဆောင်းထား နိုင်မှုကနေ စျေးသက်သက်သာသာနဲ့ DeepSeek အက်ပ်ကို သူ ထုတ်လုပ်နိုင်ခဲ့တာလို့ တချို့က သုံးသပ်ပါတယ်။
နည်းပညာလုပ်ငန်းကဏ္ဍ ကျွမ်းကျင်သူတွေနဲ့ တရုတ် ဝန်ကြီးချုပ် လီ ချန်းတို့ အစည်းအဝေးမှာ မစ္စတာ လျန်ကိုလည်း တွေ့ရပါတယ်။
တရုတ် အကယ်ဒမီ (The China Academy) နဲ့ ၂၀၂၄ ဇူလိုင်က အင်တာဗျူးမှာ မစ္စတာ လျန်က သူ့ အရင် အေအိုင် မော်ဒယ်ကို တုံ့ပြန် လက်ခံကြပုံအပေါ် သူ အံ့အားသင့်ကြောင်း ပြောခဲ့ပါတယ်။
"ဒီလို အထိမခံတဲ့ အရေးတွေမှာ စျေးရလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး" လို့ သူက ပြောပါတယ်။
"ကျွန်တော်တို့က ကျွန်တော်တို့ လုပ်နိုင်တဲ့နှုန်း၊ တတ်နိုင်တဲ့ ကုန်ကျစားရိတ်၊ ပေးနိုင်တဲ့ စျေးသတ်မှတ်မှု အဲဒါတွေအတိုင်းပဲ လုပ်ဆောင်နေပါတယ်။"








