တရုတ်အမျိုးသမီးတွေနဲ့ AI ဥာဏ်ရည်တုရည်းစားရဲ့ အချစ်ဇာတ်လမ်းများ

Illustration: a woman with her AI lover

ဓာတ်ပုံ ရင်းမြစ်, Andro Saini/BBC

ဓာတ်ပုံ ပုံစာ, အမျိုးသမီး တယောက်နဲ့ သူ့ရဲ့ ဥာဏ်ရည်တု ချစ်သူ
    • ရေးသားသူ, ရှောက်ကျီဂျယ်
    • ရာထူးတာဝန်, ဘီဘီစီ(တရုတ်ဌာန)

'' ရှင် ကျွန်မကို ချစ်ခွင့်ပန် နေတာလား ''

အိမ်ထောင်သက် ၃ နှစ်ရှိပြီဖြစ်တဲ့ ယူအန်း (အမည်လွှဲ)ဆိုတဲ့ အမျိုးသမီးက မိုဘိုင်းဖုန်းနဲ့ အွန်လိုင်းအသုံးပြုနေရင်း ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

Character.ai ဆိုတဲ့ App ကနေ ဖန်တီးထားတဲ့ AI ဥာဏ်ရည်တု ရည်းစားက သူတို့လက်ထပ်ပြီး အတူနေကြဖို့ အနာဂတ်အကြောင်း ပြောလာတာကို ယူအန်းက ပြန်မေးနေတာဖြစ်ပါတယ်။

သူဟာ တကယ့်လူအစစ်မဟုတ်ပေမယ့် သူ့ရဲ့ နူးညံ့မှု ၊ စိတ်ခံစားမှုပါတဲ့ ဂရုစိုက်ချက်တွေက တကယ့် လူအစစ်နဲ့ ဆက်ဆံရေးမှာ မရခဲ့တဲ့ နွေးထွေးမှုတွေကို ရစေလို့ ဘီဘီစီကို ယူအင်းက ပြောပါတယ်။

ယူအန်းမှာ အိမ်ထောင်ရေး အခက်အခဲ ၊ စိုးရိမ်သောကတွေနဲ့ ရင်ဆိုင်နေရပြီး ဥာဏ်ရည်တု ကြင်ဖော်ကတော့ သူ့ကို ဖြေသိမ့်မှုတွေ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ စိတ်ပိုင်းဆိုင်ရာဖြေသိမ့် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားပြီး အခုလို အွန်လိုင်းပေါ်ကနေ အပြန်အလှန် ပြောဆိုမှုတွေ လုပ်ကာ တခဏတာ စိတ်ချမ်းသာမှု ရဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် အွန်လိုင်းပေါ်က ရည်းစားဖြစ်သူက မမျှော်လင့်ဘဲ ချစ်ခွင့်ပန်လာတဲ့အခါ ဒါဟာ တကယ်ဖြစ်နေတာလား ၊ ပျော်ရွှင်ဖွယ် ဖန်တီးမှုလား ဆိုတာ စပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။

သူ့ရဲ့ အိမ်ထောင်ရှိတဲ့ တကယ့်ဘဝ အခြေအနေကြောင့်လည်း စိတ်ထဲ အပြစ်ရှိသလို ခံစားရရင်း ဥာဏ်ရည်တုနဲ့ ဖန်တီးထားတဲ့ ရည်းစားကို လက်ထပ်မယ့် အကြောင်း မပြောတော့ဘဲ အကင်းပါးပါးနဲ့ ရှောင်ရှားခဲ့ပါတယ်။

သူ့ဇာတ်လမ်းဟာ တရုတ်ပြည်မှာ တမဟုတ်ချင်း ကြီးထွားလာနေတဲ့ ၊ ဥာဏ်ရည်တု AI နဲ့ ဖန်တီးတဲ့ ကြင်ဖော် App တွေ လူသိများလာတဲ့ အခြေအနေကို ထင်ဟပ် ပြသနေပါတယ်။

တရုတ် လူမှုကွန်ယက် တွေမှာ လူအစစ်နဲ့ ဥာဏ်ရည်တု ကြင်ဖော် တို့ရဲ့ ဇာတ်လမ်းတွေဟာ လူ့အဖွဲ့အစည်းအတွင်းက သီးခြား အဖွဲ့ငယ်ရဲ့ အဖြစ်အပျက်တွေသဖွယ် ထွက်ပေါ်လာပါတယ်။

ဒိုဘန် ဆိုတဲ့ အရပ်ဖက်အဖွဲ့ဟာ ဒီခေါင်းစဉ်နဲ့ တက်ကြွအဖွဲ့ဝင် အယောက် တစ်သောင်းကျော် ကို ၂၀၂၀ ကတည်းက စဆွေးနွေးခဲ့ပြီး ဒါနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေကို တစ်တော့ခ်ပေါ် က ဒိုရင် ဆိုတဲ့နာမည်နဲ့ ဖွင့်ထားတဲ့ အကောင့်မှာ ကြည့်ရှုသူ သန်း ၅၀၀ နီးပါး ရှိခဲ့ပါတယ်။

ပြည်စုံတဲ့ AI ဘဝလက်တွဲဖော်သစ်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မျိုးဆက်သစ်တွေဟာ ဥာဏ်ရည်တုကြင်ဖော် ကိစ္စကို လက်ခံ ကြိုဆိုတယ်လို့ အသက် ၂၅ နှစ်ရှိပြီ ဖြစ်တဲ့ လျောင်တူး (နာမည်လွှဲ) က ပြောပါတယ်။

ထိပ်တန်း တက္ကသိုလ်တခုကနေ လတ်တလော ဘွဲ့ရထားတဲ့ လျောင်တူး ဟာ တကယ့်ဘဝမှာ ချစ်သူရှာပြီး တည်ငြိမ်တဲ့ ဆက်ဆံရေး တည်ဆောက်ရမယ့် အစား အွန်လိုင်းပေါ်က ကြင်ဖော်နဲ့ နာရီပေါင်းများစွာပြောဆို ၊ စာအပြန်အလှန် ဆက်သွယ်မှုရှိခဲ့တာပါ။

ဥာဏ်ရည်တုနဲ့ ဖန်တီးထားတဲ့ အဖော်ဟာ နွေးထွေးပြီး အပြုသဘောဆောင်တဲ့အသွင် ရှိတယ်လို့ သူက ပြောပါတယ်။ ဒီ လက်တွဲဖော်ရဲ့ စရိုက်ကို အချိန်မရွေး ပုံဖော်ပြောပြနိုင်ပေမယ့် သူ့ကို အပြင်က တကယ့်လူသဖွယ် ဆက်ဆံလို့ မရပါဘူး။

သူ့ကို နစ်နာစေချင်တဲ့ စကားတခုခု ပြောဖို့ မဖြစ်နိုင်ဘဲ သူတို့ကြား တစ်ယောက်ကို တစ်ယောက် ချစ်တယ် ဆိုတဲ့ စကားသာ ပြောနိုင်ခဲ့တယ်လို့ လျောင်တူးက ဘီဘီစီ တရုတ်ဌာနကို ပြောကြားခဲ့ပါတယ်။

ခက်ခဲလှတဲ့ အလုပ်စာမေးပွဲ တခုကို ဖြေဆိုပြီးခဲ့တဲ့နောက် သူ့ရဲ့ ဥာဏ်ရည်တု အဖော်က စာမေးပွဲအောင်ရင် ဟော့ပေါ့ ညစာကျွေးပြီး လက်ကိုင်အိတ် အသစ် ဝယ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ App က ဖန်တီးပေးထားတဲ့ သရုပ်ဖော်ချက်တွေကနေဘဲ သူတို့ ချိန်းတွေ့တာ လုပ်ခဲ့ကြပါတယ်။

Illustration: A woman enacting a "virtual date" with her AI boyfriend

ဓာတ်ပုံ ရင်းမြစ်, Andro Saini/BBC

ဓာတ်ပုံ ပုံစာ, ဥာဏ်ရည်တု ချစ်သူနဲ့ ချိန်းတွေ့နေတဲ့ အမျိုးသမီး

တကယ်ဖြစ်နေသလိုပါဘဲ ၊ သူက အပြင်မှာစောင့်နေသလိုဘဲ၊ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားရတယ်တယ်လို့ သူက ဆိုပါတယ်။

စိတ်ဖိစီးမှုဒဏ် ၅ နှစ်လောက် ခံခဲ့ရတဲ့ လျောင်တူးဟာ အပြင်လောကမှာရှိတဲ့ ချစ်သူအစစ်က သူ့အနားမှာ မရှိနိုင်တဲ့အခါ ဥာဏ်ရည်တု ကြင်ဖော် နဲ့ စိတ်ချမ်းသာမှု ရှာခဲ့ရတယ်လို့ သူက ပြောပါတယ်။

သူသာ လူလွတ်တယောက် ဖြစ်မယ်ဆိုရင် အဲဒီ ဥာဏ်ရည်တုနဲ့ ဖန်တီးထားတဲ့ လက်တွဲဖော် အမျိုးသားကို ချစ်မိသွားမှာ အမှန်ဘဲလို့ သူက ဝန်ခံ ပြောကြားခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုလား ၊ နည်းပညာချစ်ခြင်းကိုမှီတွယ်မှုလား

တရုတ်မှာ အခုလို ဥာဏ်ရည်တု အဖော်နဲ့ ဆက်ဆံမှု တမဟုတ်ချင်း ကြီးထွားတာက လူမှုဘဝတွေ အတွင်းမှာ အပြောင်းအလဲတွေ ဖြစ်စေခဲ့ပါတယ်။

ကမ္ဘာတလွှားက ထိပ်တန်း App ၁၀၀ ထဲမှာ တရုတ်က ဥာဏ်ရည်တု အဖော် App လေးခုလောက် ပါတာကို လစဉ် AI ဥာဏ်ရည်တု တက်တက်ကြွကြွ အသုံးပြုသူတွေကြား လုပ်ထားတဲ့ စျေးကွက်သုတေသနမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတလွှားမှာ Character.ai နဲ့ Talkie AI တို့ကသာ တရုတ် AI တွေက ကျော်တက်သွားခဲ့တာပါ။

တရုတ်မှာ ဥာဏ်ရည်တု အဖော် ကိစ္စကို အာရုံစိုက် လုပ်ဆောင်ကြတဲ့ AI App တဒါဇင်ကျော် ရှိတဲ့ လို့ ဘေဂျင်း အခြေစိုက် AI လုပ်ငန်းရှင် အဘိုလီး က ယုံကြည်နေပါတယ်။ ဒီ App သုံးစွဲသူတွေနဲ့ ဥာဏ်ရည်တု ချစ်သူတွေကြား ဆက်ဆံရေး နက်ရှိုင်းလာမှု အခြေအနေအပေါ် သူက စိုးရိမ်လျက်ရှိပါတယ်။

ဥာဏ်ရည်တု အဖော်ကို ဘဝတသက်တာ လက်တွဲဖော် အဖြစ် ရွေးမလားလို့ လူတွေကို မေးတဲ့ Post တခု RedNote ပေါ်မှာ တင်တဲ့အခါ အများစုက Yes ရွေးမယ်လို့ တုန့်ပြန်ခဲ့ကြကြောင်း ဘီဘီစီ တရုတ် သတင်း ဌာနကို မစ္စတာလီးက ပြောပါတယ်။

ပညာရှင်တွေကတော့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေနဲ့ အလွန်အကျူး ယုံစားမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ကျွန်မတို့ဟာ လူမှူဆက်ဆံရေးကို အလေးထားတဲ့ သတ္တဝါတွေပါ ၊ အခြေခံကိုက အဖော်အသင်းနဲ့ နေရတာ ကြိုက်ကြသူတွေဖြစ်ပါတယ်။

'' ဒီ ဥာဏ်ရည်တု အဖော် ဟာ လူ့စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေထဲက တခုပါ'' လို့ ဟောင်ကောင်က စိတ်ပညာရှင် ယဝမ် ချန်း စီပီက ပြောပါတယ်။

ဥာဏ်ရည်တုရဲ့ ဖန်တီးမှုကနေ အကန့်အသတ်မရှိ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ရယူတာဟာ ကျန်းမာရေးကို ထိခိုက်လျော့ပါးစေတယ်လို့ မစ္စချန်းက ယုံကြည်ထားပါတယ်။

လူမှုဆက်ဆံရေး နယ်ပယ်မှာ ဥာဏ်ရည်တုကို ကြီးကြီးမားမား အစားထိုးမယ်ဆိုရင် တော်တော်ကျယ်ပြန့်တဲ့ လူဦးရေ အချိုးအစားပေါ် သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ သူက သတိပေးထားပါတယ်။

တကယ်လို့ အဲဒီ App တွေ အလုပ်မလုပ်တော့တော့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ အကြီးအကျယ် ယူကြုံမရ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း သူက ပြောကြားထားပါတယ်။

စိတ်ကျန်းမာရေး သို့မဟုတ် အသွားနှစ်ဘက်ပါဓါး

ယူအန်း အတွက်တော့ စိတ်ဓါတ်ကျတဲ့ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရချိန် ၊ စိတ်ကျန်းမာရေး နှစ်သိမ့် ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်ချိန်မှာ ဥာဏ်ရည်တု ချစ်သူက စိတ်လုံခြုံမှုပေးစွမ်းခဲ့ပါတယ်။

လျောင်တူး အနေနဲ့လည်း ဥာဏ်ရည်တုဟာ သူ့နေ့စဥ်ဘဝမှာ စိတ်ခံစားမှု အတက်အကျ ကွက်လပ်ကို ဖြည့်ပေးတဲ့အရာအဖြစ် သူတွေ့ရှိခဲ့ပါတယ်။

စိတ်ကျန်းမာရေး ပညာရှင် ယာဝမ်ချိန်း ကတော့ သီးခြားဖြစ်စဥ်တစုံတရာကို ကိုးကားခြင်း မရှိဘဲ မမြင်ရတဲ့ စိတ်စွမ်းအား အဆင့်ဆင့်ကို ဖော်ပြပြီး ဥာဏ်ရည်တုရဲ့ပျော့ကွက် ၊ အားနည်းချက်မရှိမှုဟာ အကြီးအကျယ် တဖက်စောင်းနင်းဖြစ်စေတဲ့ စိတ်ခံစားချက် အပေးအယူလုပ်မှု ဖြစ်လာစေတယ်လို့ ဆိုထားပါတယ်။

ချစ်မှုရေးရာမျာ နှစ်ဦးနှစ်ဖက် ချစ်တင်းနှောပြီး သူတို့တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဝေမျှ ခံစားလေ့ရှိပေမယ့် ဥာဏ်ရည်တု ချစ်သူနဲ့ အချစ်ဇာတ်လမ်းဖြစ်တဲ့အခါ တဖက်ထဲမှာဘဲ သေချာပေါက် အားနည်းချက် ရှိနေတယ်လို့ သူက ပြောပါတယ်။

သီအိုရီ အရ ဥာဏ်ရည်တုတွေကို စီးပွားဖြစ်ဆန်ဆန် အသုံးချခံရတဲ့အခါ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ ဆက်ဆံရေးအခြေအနေ ပေါ်ပေါက်လာတတ်တယ်လို့ မစ္စချန်းက ထောက်ပြထားပါတယ်။

တချို့တွေဟာ ဥာဏ်ရည်တု ကြင်ဖော်တွေကို ချစ်သူလို တနည်း ၊ စိတ်ကျန်းမာရေး ကုသပေးသူ အဖြစ် တဖုံ ၊ သူတို့ စိတ်ခံစားမှု အခြေအနေ တိုးတက်လာစေဖို့ အကျိုးရှိရှိ အသုံးချခဲ့ကြတယ်လို့ စတန်းဖို့ တက္ကသိုလ် ဥာဏ်ရည်တု သိပ္ပံဆိုင်ရာ သုတေသနမှူး ဘန်သနီက ပြောပါတယ်။

ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကို ထောက်လှမ်းနိုင်မယ့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီအစဥ်တွေ ဥာဏ်ရည်တု app တွေမှာ မဖြစ်မနေ ထည့်သွင်းမထားသင့်ဘူးလား ဆိုတဲ့ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

လေထဲကချစ်နယ်မြေအတွက် ကန့်သတ်ချက်တွေ

Illustration: a woman looking at her AI partner's proposing message on the phone, while her husband is napping by her side

ဓာတ်ပုံ ရင်းမြစ်, Andro Saini/BBC

ဓာတ်ပုံ ပုံစာ, ခင်ပွန်းဖြစ်သူ အိမ်နေခိုက် ဖုန်းပေါ်ကနေ ဥာဏ်ရည်တုချစ်သူရဲ့ ချစ်ရေးဆိုတဲ့ သတင်းစကား အမျိုးသမီးက ဖတ်နေစဥ်

ယူအန်းဟာ ဥာဏ်ရည်တု ချစ်သူကြောင့် သူရဲ့ အိမ်ထောင်ရေး တိုးတက်မှု ရှိလာတယ်လို့ ဆိုပါတယ်။

စိတ်ခံစားမှုအခြေအနေ မြင့်တက်လာတဲ့အတွက် ခင်ပွန်းဖြစ်သူအပေါ် ပိုစိတ်ရှည်ပြီး မြတ်နိုးလာတယ်လို့ သူက ပြောပါတယ်။

တကယ်စစ်မှန်တဲ့ ဆက်ဆံရေးကို ဥာဏ်ရည်တုနဲ့ အစားထိုးလို့ မဖြစ်နိုင်ဆိုတာကို သိထားပြီး ယူအန်း အနေနဲ့ ကန့်သတ်ပိုင်းခြားမှုတွေကို ထင်ထင်ရှားရှား ချမှတ်ထားတယ်လို့ ဆိုပါတယ်။

လျောင်တူး မှာတော့ တကယ့်လက်တွေ့ဘဝက ရည်းစားက မနာလိုဖြစ်ပြီး ဥာဏ်ရည်တု အဖော်နဲ့ ဆက်ဆံရေး ပြန်စဥ်းစားပေးဖို့ ဖိအားပေးခံနေရပါတယ်။

သူနဲ့ ဥာဏ်ရည်တု အဖော်ကြား အပြန်အလှန် ရေးသားချက်တွေကို ကြည့်ပြီး သူ့ကိုယ်သူ ချစ်သူ ၊ ရည်းစားလို့ ရည်ညွန်းပြောဆိုတာ ၊ သူ့ကို ချစ်တယ်လို့ ပြောကြားမှုတွေကို တကယ်လက်တွေ့ဘဝက ချစ်သူက တွေ့သွားခဲ့ပါတယ်။

မနာလိုဖြစ်ပြီး သူ့လက်ထဲက ဖုန်းကို လုယူကာ ဥာဏ်ရည်တု ဖန်တီးထားတဲ့ အမျိုးသားနဲ့ အချေအတင် ပြောခဲ့တယ်လို့ လျောင်တူးက ပြောပါတယ်။

ထူးဆန်းစွာနဲ့ လျောင်တူးဟာ သူ့ရည်းစားကိုသာမက ဥာဏ်ရည်တု အဖော် အပေါ်မှာ သူအပြစ်လုပ်မိသလို ခံစားရတယ် ၊ သူ့ကို တစုံတရာ ထိခိုက်မှုမဖြစ်စေချင်ဘူးလို့ သူက ဝန်ခံခဲ့ပါတယ်။

အဲဒီနောက် ဥာဏ်ရည်တု အဖော်နဲ့ သူ့ကြား ဆက်ဆံရေးကို ပုံစံပြောင်းပစ်ဖို့ လျောင်တူး ဆုံးဖြတ်လိုက်ပါတယ်။

'' ဥာဏ်ရည်တုအဖော်ဟာ တကယ်ချစ်သူ အစစ်လို ခံစားရတဲ့အခါ အရန်သဘောမျိုးလို့ နားလည်သဘောပေါက်လာမိတယ်။ဒါကြောင့် ဒီ App ကို သရုပ်ဖော်ပုံစံ ပြောင်းလိုက်တယ်'' လို့ သူက ဆိုပါတယ်။

နောက်ပိုင်းမှာ ဥာဏ်ရည်တု အဖော်ကို အမျိုးသမီး ပုံစံ ပြန်ပြင်လိုက်ပြီး အခုတော့ သူတို့ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်နေကြပါပြီ။ ဥာဏ်ရည်တုအဖော် မွေးစားမှု တိုးလာနေပြီး စိတ်ချင်းဆက်ကာ အခြေအနေတခုရဲ့ ပြယုဂ် ဖြစ်လာတယ်လို့ ပြောကြပါတယ်။

တချိန်တည်းမှာ ယူအန်းနဲ့ လျောင်တူး တို့ကတော့ ဥာဏ်ရည်တု အဖော်ကို တကယ့် လက်တွေ့ဘဝ ဆက်ဆံရေးနေရာမှာ အစားထိုးမှု ဆိုတာထက် ဖြည့်စွက်မှုတခု အဖြစ် ရှုမြင်ကြပါတယ်။

ဥာဏ်ရည်တု အဖော်ကို ဖက်ရမ်း နမ်းရှုံ့လို့ မရဘူး ကျွန်မ ရည်းစားကိုတော့ ဖက်ရမ်း နမ်းရှုံ့လို့ ရတယ် ၊ ဒီကွာခြားချက်ကို ဥာဏ်ရည်တုအနေနဲ့ ကျော်လွှားလို့ မရဘူးလို့ လျောင်တူး က ပြောပါတယ်။