လပေါ် လမ်းလျှောက်နိုင်မယ့်သူ နောက်တစ်ဦးက ဘယ်သူဖြစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Image
၁၉၆၉ ခုနှစ်မှာ အပိုလို ၁၁ ယာဉ်ဟာ ဘတ်စ် အလ်ဒရင်နဲ့ နီးလ် အမ်းစထရောင်းတို့ကို လမျက်နှာပြင်ပေါ်ကို ဆောင်ကျဥ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အမေရိကန်က လကမ္ဘာလေ့လာရေးတွေအတွက် လူမလွှတ်တော့တဲ့ ၁၉၇၂ ခုအထိဆိုရင် အပိုလိုလေ့လာရေးတွေကြောင့် နောက်ထပ် အမေရိကန်အမျိုးသား ၁၀ ဦးဟာ လပေါ်မှာ ခြေဆန့်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ရာစုနှစ်တစ်ဝက်ကျော်ကြာခဲ့အပြီးမှာတော့ လကမ္ဘာပေါ်သွားဖို့ စိတ်ဝင်စားတာတွေ အသစ်တဖန် ပေါ်ပေါက်လာပါတယ်။
အမေရိကန်ပြည်ထောင်စုက အာကာသယာဉ်မှူးတွေကို လကမ္ဘာပေါ် ပို့ဖို့ စီစဉ်နေပြီး အဲဒီအာကာသ ယာဉ်မှူးတွေထဲ လူဖြူမဟုတ်သူတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်းပါဝင်မှာပါ။ လကို ခြေချနိုင်ဖို့ အမေရိကန်ပဲကြိုးစားနေတာမဟုတ်ပဲ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကလည်း လကမ္ဘာပေါ်သွားဖို့ မစ်ရှင်အသစ်တွေ စီစဉ်နေကြပါတယ်။
ဒါတွေဘာကြောင့်ဖြစ်လာတာလဲ။ ၁၉၆၀ ခုနှစ်တုန်းက အာကာသစူးစမ်းလေ့လာရေးနဲ့ ဘာတွေကွာခြားချက် ရှိမလဲ။ ဆက်ဖတ်ကြည့်ရအောင်ပါ။
ပထဝီနိုင်ငံရေး
အမေရိကန်ရဲ့ အာကာသစူးစမ်းလေ့လာရေးအစီအစဉ်ဟာ ဆိုဗီယက်ပြည်ထောင်စုက ကမ္ဘာပတ်လမ်းကြောင်းပေါ်ကို အာကာသယာဉ်မှူး ယူရီဂါဂါရင်ကို ၁၉၆၁ ခုနှစ်မှာ စေလွှတ်နိုင်ခဲ့တာကို တုံ့ပြန်ဖို့လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လကမ္ဘာပေါ် ခြေချနိုင်ခဲ့တာဟာ ဧရာမအောင်မြင်မှုကြီးဖြစ်သလို နိုင်ငံရေးအရ အားကောင်းတဲ့ဖွင့်ဟချက်ဖြစ်ခဲ့ပြီး တကမ္ဘာလုံးရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။
“ကမ္ဘာပေါ်ကလူတွေကို လကမ္ဘာပေါ်ကို ခေါ်သွားမယ်ဆိုတာမျိုး ထူးခြားကြီးကျယ်တာတွေကိုပြောနေတာထက် လက်တွေ့လုပ်ပြနိုင်ဖို့က ပိုပြီးခက်ခဲပါတယ်” လို့ The Moon, A History for the Future စာအုပ်ကို ရေးသားခဲ့သူ လည်းဖြစ်သလို The Economist သတင်းစာရဲ့ အကြီးတန်းအယ်ဒီတာဖြစ်တဲ့ အိုလီဗာ မော်တွန် က ပြောပါတယ်။
လကမ္ဘာပေါ် နောက်ထပ်လမ်းလျှောက်ပြမယ့်သူ ဘယ်သူဖြစ်မလဲဆိုတာဟာ ပထဝီဝင်နိုင်ငံရေးရဲ့ တွန်းအားတွေ ရှိနေသလို လရဲ့အရင်းအမြစ်တွေကို ထိန်းချုပ်အသုံးချလိုတဲ့ ဆန္ဒတွေပါဝင်နေပါတယ်။ မတူညီတဲ့ နိုင်ငံတွေသာမက ပုဂ္ဂလိကကုမ္ပဏီတွေတောင် ပါဝင်နေပြီး သူတို့မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိနေကြပါတယ်။
ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် နဲ့ ဥရောပသမဂ္ဂတို့ဟာ အထိအခိုက်မရှိ ညင်သာတဲ့ လကမ္ဘာမြေပေါ်ဆင်းသက်နည်းနဲ့ ဂြိုဟ်တု ဒါမှမဟုတ် မိုဘိုင်းရွေ့လျားစက်ရုပ်ငယ်တွေကို ထိန်းချုပ် စေလွှတ်နိုင်ခဲ့ပေမဲ့ လူသားတစ်ဦးတောင် ခြေမချနိုင်သေးပါဘူး။
အခုတော့ အမေရိကန်နဲ့ တရုတ်ကြားမှာ ယှဉ်ပြိုင်မှုရှိလာပါပြီ။
“ဒါက ပထဝီနိုင်ငံရေးကြောင့်ပဲဖြစ်လာတာပါပဲ။ အဲဒါကြောင့် အမေရိကန်နဲ့ တရုတ် ဦးဆောင်တဲ့ မဟာမိတ် ပူးပေါင်းတာရှိလာတယ်။ ဒီနှစ်နိုင်ငံလုံးက လကမ္ဘာပေါ် လူသားစေလွှတ်မယ့်အစီအစဉ်တွေ ကြေညာထားတယ်”
“နှစ်နိုင်ငံလုံး နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ သဘောတူစာချုပ်တွေလက်မှတ်ထိုးထားကြသလို နောက်လာမယ့် ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်အတွင်း စေလွှတ်နိုင်ဖို့ နှစ်နိုင်ငံလုံးကြိုးစားနေကြတာလေ” လို့ နာမည်ကျော်နည်းပညာ ဝဘ်ဆိုဒ်တစ်ခု ဖြစ်တဲ့ Ars Technica မှာ အာကာသဆိုင်ရာအကြီးတန်း အယ်ဒီတာလုပ်နေသူ အဲရစ် ဘာဂါ က ပြောပါတယ်။
အရင်းအမြစ်တွေအကြောင်း
ပထမဆုံး လကမ္ဘာပေါ်သွားတဲ့အစီအစဉ်က သုတေသနပြုဖို့မဟုတ်ဘဲ လပေါ်အရောက်သွားမယ်ဆိုပြီး ရိုးရိုရှင်းရှင်းပါပဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိ မေးစရာမေးခွန်းကတော့ လပေါ်အရောက် ပျံသန်းတာတင်မဟုတ်တော့ဘဲ အဲဒီမှာလူတွေနေထိုင်နိုင်မယ့်နည်းပညာဖန်တီးမှုအပြင် လကနေ ပေးစွမ်းနိုင်မယ့်အခွင့်အလမ်းတွေကို ဘယ်လို အကျိုးအမြတ်ရအောင် ယူကြမှာလဲဆိုတဲ့ မေးခွန်းတွေပါ ထွက်လာပါတယ်။
“လူသားတွေဆိုတာ ကမ္ဘာမြေပေါ်က သတ္တဝါတွေပါ။ အချို့က တိုးချဲ့ဖို့ကို ရှာဖွေကြတယ်။ အင်္ဂါဂြိုဟ်ပေါ် နယ်မြေချဲ့ထွင်မှာလား၊ လပေါ်ကို နယ်မြေချဲ့မှာလား ဒါမှမဟုတ် အာကာသထဲ အတုအယောင်နည်းပညာနဲ့ လူသားတွေနေထိုင်စရာဖန်တီးပြီး နယ်မြေချဲ့ကြမှာလား။ ဒါတွေကိုလည်း ကြည့်လာကြတယ်။ ကျွန်တော် အခုပြောသွားတာတွေကိုကြည့်ရင် သိပ္ပံ စိတ်ကူးယဥ်တာတွေ များနေတယ်ဆိုတာကိုတွေ့နိုင်တယ်” လို့ ဗြိတိန်နိုင်ငံ၊ Northumbria တက္ကသိုလ်က အာကာသဥပဒေနဲ့ မူဝါဒဆိုင်ရာ ပါမောက္ခ ခရစ်တိုဖာ နယူးမန်းက ပြောပါတယ်။
ပါမောက္ခ ခရစ်တိုဖာကတော့ လူအချို့ဟာ မျိုးနွယ်တွေ မျိုးသုဉ်းပျောက်ကွယ်တာနဲ့ ရင်ဆိုင်ရတဲ့အချိန်ကျရင် လူသားမျိုးနွယ်တွေကျန်ရစ်နိုင်ဖို့ သေချာအောင် ကမ္ဘာမြေကိုကျော်လွန်ပြီး နယ်မြေချဲ့ထွင်လိုတဲ့ ရည်ရွယ်ချက်တွေရှိနေတဲ့အကြောင်း ဖြည့်စွက်ပြောပါတယ်။
ယာယီနားခိုရာ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုဆိုရင် အမေရိကန်ရဲ့ လပေါ်သွားမယ့်အစီအစဉ်ဟာ လထက် ကျော်လွန်ပြီး ခရီးဆက်နိုင်ဖို့ ဖြစ်လာပါတယ်။
“သူတို့အကြံက ကမ္ဘာပေါ်ပြန်လာဖို့ထက် လပေါ်မှာ အခြေစိုက်တစ်ခုစတင်နိုင်ဖို့အတွက်ပါ။ ဒီတော့ မားစ်ဂြိုဟ် ကို သွားဖို့ဖြစ်တယ်။ လကို ခရီးတစ်ထောက်နားခိုတဲ့နေရာအဖြစ်သုံးဖို့ဆိုတာ မြင်သာတယ်” လို့ အမေရိကန်ရဲ့ အရီဇိုးနား ပြည်နယ်တက္ကသိုလ်၊ Thunderbird ကျောင်းရဲ့ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ်ဆိုင်ရာ ပါမောက္ခ နမ်ရာတာ ဂိုစ်ဆွမိက ရှင်းပြပါတယ်။
လ ပေါ်က ဆွဲငင်အားနည်းတဲ့အတွက် ကမ္ဘာပေါ်ကနေ ဂြိုဟ်တုလွှတ်တင်တာထက် လ ပေါ်ကနေလွှတ်တာ က လောင်စာဆီဖိုးသက်သာတာကြောင့် နိုင်ငံတွေက လကမ္ဘာကို ဗျူဟာမြောက်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားလာတာလို့ သူမက ဆက်ပြောပါတယ်။
ဒါအပြင် လကမ္ဘာပေါ်က နေရာအချို့ဟာ အမြဲတမ်းနီးပါး နေရောင်တိုက်ရိုက်ရရှိနေတာကြောင့် နေရောင်ခြည်သုံးစွမ်းအင်ထုတ်လုပ်နိုင်ခြေရှီတဲ့ အခွင့်အလမ်းလည်းရှိပါတယ်။ ရည်ရွယ်တာကတော့ လပေါ်ကနေ ထုတ်လုပ်မယ့် စွမ်းအင်ကို အနိမ့်ပိုင်းကမ္ဘာ့ဂြိုဟ်ပတ်လမ်း မှာရှိနေတဲ့ ဂြိုဟ်တုကြီးတွေကို ပေးပို့ပြီး ကမ္ဘာမြေပေါ်ကနေ မိုက်ခရိုဝေ့ဖ်တွေနဲ့ ပြန်လည်ဖမ်းယူဖို့ပါ။
အနိမ့်ပိုင်းကမ္ဘာ့ဂြိုဟ်ပတ်လမ်းဟာ ဗဟိုကမ္ဘာဂြိုဟ်ပတ်လမ်းကို မိုင် ၁၂၀၀ ဒါမှမဟုတ် ၂၀၀၀ ကီလိုမီတာအောက် အကွာအဝေးရှိတဲ့အမြင့်ကနေ လည်ပတ်နေတာလို့ နာဆာ က ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆာလဖာ၊ အလူမီနီယမ် နဲ့ အခြားဒြပ်စင်တွေဟာ လ ရဲ့ တောင်ဝင်ရိုးစွန်းအနီးမှာရှိနေတယ်လို့ အိန္ဒိယရဲ့ လကမ္ဘာလေ့လာရေးစီမံကိန်းက အတည်ပြုပါတယ်။ အခုတော့ အသက်ရှင်နေထိုင်ရေးကို ထောက်ပံ့ပေးနိုင်မယ့် နောက်ထပ်ဒြပ်စင်တွေကို ရှာဖွေဖို့ ဦးတည်နေပါတယ်။
“လူတွေ ရေရှည်အခြေချနေထိုင်နိုင်ဖို့ဆိုရင် ခဲနေတဲ့ရေဟာ သိပ်ကို အရေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခဲနေတဲ့ရေတွေဟာ အောက်ဆီဂျင်အဖြစ် တိုက်ရိုက်ပြောင်းလဲနိုင်တယ်” လို့ မစ္စဂိုစ်ဆွမိက ရှင်းပြပါတယ်။
လကမ္ဘာပေါ်ကို ပထမဆုံးခြေချနိုင်လို့ အနှိုင်းအဆမဲ့ပျော်ရွှင်မှုတွေရခဲ့ပြီးနောက် ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကြယ်တွေရှိရာအရပ်ကိုပါ အရောက်သွားဖို့ ပြောဆိုတာတွေအထိရှိခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အကောင်အထည်ဖော်နိုင်မယ့်အနေအထားမျိုးတော့ မရှိပါသေးဘူး။
“အနိမ့်ပိုင်းကမ္ဘာ့ဂြိုဟ်ပတ်လမ်းကိုကျော်လွန်ပြီး မြေဆွဲအားနည်းတဲ့ ဒီနေရာဟာ လူသားတွေအတွက် သွားရောက်လို့ရတာထင်ရှားတဲ့ နေရာတစ်ခုဖြစ်တယ်။ ဒီတော့ အဲဒီကိုသွားဖို့အတွက်လည်း လွယ်ကူပါတယ်။ အတော်လေးနီးတာပါ”
“အဲဒီကနေ လ ကိုရောက်ဖို့ သုံးရက်ပဲကြာပါတယ်။ မားစ်ဂြိုဟ်ပေါ်ကို လူတွေသွားနိုင်ဖို့အတွက်လည်း ခြောက်လ ကနေ ရှစ်လ လောက်ပဲကြာမှာပါ။ ဒီတော့ တကယ့်ကိုခြေလှမ်းအသစ်တက်လှမ်းတာပဲ” လို့ မစ္စတာ ဘာဂါ က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လကမ္ဘာကိုသွားတယ်ဆိုတာဟာ သိသာထင်ရှားတဲ့ နည်းပညာအခက်အခဲတွေကို ဖြတ်ကျော်ရတာတွေလည်း ပါဝင်ပါတယ်။
ပထမဆုံးကတော့ ယာဉ်မှူးတွေကို အာကာသထဲအရောက်ပို့နိုင်ဖို့ အားကောင်းတဲ့ ဒုံးပျံတစ်စီးလိုအပ်ပြီး ယာဉ်မှူးတွေကို ဓာတ်ရောင်ခြည်သင့်တာကနေလည်း အကာအကွယ်ပေးဖို့လည်း လိုအပ်ပါတယ်။
ဒါအပြင် soft – landed လို့ခေါ်တဲ့ အထိအခိုက်မရှိ ညင်သာတဲ့ လကမ္ဘာမြေပေါ်ဆင်းသက်နည်းအသုံးပြုဖို့က နောက်ထပ်စိန်ခေါ်ချက်တစ်ခုဖြစ်လာကာ အဲ့လိုဆင်းသက်နိုင်မှ အာကာသယာဉ်မှူးတွေ ပြန်လာနိုင်မှာလည်းဖြစ် ပါတယ်။ တကယ်လို့ နည်းပညာအလွဲအချော်ဖြစ်ခဲ့မယ်ဆိုရင် အာကာသယာဉ်မှူးတွေမှာက အပြင်ကအကူအညီတွေလည်းမရနိုင်သလို ဒီမစ်ရှင်ကိုပယ်ဖျက်ဖို့တောင် ရွေးချယ်ခွင့်မရှိဘူး။
လကမ္ဘာပေါ်ကနေ ပြန်လာတဲ့ အာကာသယာဉ်တွေပေါ်မှာ ယာဉ်မှူးတွေလိုက်ပါလာပြီး တစ်စက္ကန့်ကို ကီလိုမီတာများစွာ ကြောက်မက်ဖွယ်အမြန်နှုန်းနဲ့ ကမ္ဘာ့လေထုထဲ ပြန်လည်ထိုးဖောက်ဝင်ရောက်ရတာပါ။
ဘာကြောင့်လည်းဆိုတော့ အာကာသယာဉ်မှူးတွေဟာ အနိမ့်ပိုင်းကမ္ဘာ့ဂြိုဟ်ပတ်လမ်းက ပြန်လာတဲ့နှုန်း နဲ့နှိုင်းယှဉ်ပြီး လကမ္ဘာကနေ ပြန်လာတဲ့အခါ အရှိန်ကိုမြှင့်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။
အကယ်လို့ နိုင်ငံအသီးသီးက လ ပေါ်တကြိမ်တည်းရောက်ရှိသွားပြီဆိုရင် လရဲ့ အရင်းအမြစ်တွေဘယ်လိုဖြစ်လာ မလဲဆိုတာက အဓိက မေးခွန်းတစ်ခုဖြစ်လာတာပါ။
၁၉၆၇ ခုနှစ် ပြင်ပအာကာသဆိုင်ရာသဘောတူစာချုပ်အရ ဘယ်နိုင်ငံကမှ အာကာသထဲနယ်မြေပိုင်ဆိုင်ဖို့ တောင်းဆိုလို့မရဘူးလို့ ပြောထားပေမဲ့ လက်တွေ့မှာတော့ ကွဲပြားခြားနာတာတွေရှိလာနိုင်တယ်။
“အချက်အလက်အနေနဲ့ပြောရရင် လကမ္ဘာပေါ် ခြေချနိုင်မယ့်စွမ်းရည်ထုတ်ဖော်နိုင်တာ၊ တစ်ခုခုရှာဖွေဖော်ထုတ် လိုက်နိုင်တဲ့ နိုင်ငံက ပထမဆုံးလုပ်ဆောင်နိုင်တဲ့ အားသာချက်တွေရမှာပဲလေ။ ဒီနေ့အခြေအနေအရ လ ပေါ်က အရင်းအမြစ်တွေကို ဘယ်လိုမျှဝေသုံးစွဲမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မတို့မှာတရားဝင်သတ်မှတ်ချက်မရှိ နေဘူး” လို့ မစ္စ ဂိုစ်ဝမီ က ပြောပါတယ်။
အာကာသယှဉ်ပြိုင်ပွဲသစ်
လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ လကမ္ဘာအခြေစိုက် အမြဲတမ်းလည်ပတ်နိုင်မယ့်စခန်းတစ်ခုတည်ဆောက်နိုင်ဖို့ တရုတ် စီစဉ်နေပြီး သတ်မှတ်ချိန်မကြာမီပြည့်တော့မှာပါ။ အမေရိကန်ကလည်း ၂၀၂၈ ခုနှစ်မှာ လကမ္ဘာပေါ် အာကာသယာဉ်တွေ ရပ်နားလို့ရမယ့် အာကာသစခန်းတစ်ခုတည်ဆောက်ဖို့ ခန့်မှန်းခဲ့ပေမဲ့ အကောင်အထည်ဖော်မှုအပိုင်းမှာတော့ ခန့်မှန်းချိန်ထက် နောက်ကျကျန်နေဆဲဖြစ်ပါတယ်။
အမေရိကန်အောင်မြင်မှုဟာ ဘီလျံနာ သူဌေးကြီး အီလွန်မက်ရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်နေပြီး အီလွန်မက်ရဲ့ စူးစမ်းလေ့လာရေးကုမ္ပဏီ Space X က Starship လို့အမည်ရတဲ့ ဒုံးပျံတွေ ဖြန့်ချိဖို့ ထုတ်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယကလည်း လူလိုက်ပါနိုင်မယ့် အာကာသလေယာဉ်ခရီးစဉ် လာမယ့်နှစ်မှာစတင်နိုင်ဖို့ စီစဉ်နေပါတယ်။ ၂၀၃၅ ခုနှစ်မှာ အာကာသစခန်းတစ်ခုတည်ဆောက်ပြီး ၂၀၄၀ မှာ လကမ္ဘာပေါ် အာကာသယာဉ်မှူးတွေ စေလွှတ်ဖို့ အိန္ဒိယက ရည်ရွယ်ထားတာပါ။
“တစ်ချက်က တရုတ်ရဲ့ အာကာသအစီအစဉ်က သိပ်ကိုစိတ်ဝင်စားဖို့ကောင်းနေပြီး သတ်မှတ်ချိန်ပြည့်တော့မှာ ဆိုတော့ သူတို့ရဲ့ စွမ်းရည်ကို တွေ့ရတော့မယ်။ ကျွန်မရဲ့ တရုတ်အပေါ် လောင်းကြေးကတော့ သုတေသန လက်တွေ့အသုံးချနိုင်စွမ်းနဲ့ အခြေခိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ သူတို့ရဲ့ အဆုံးသတ်ပန်းတိုင်ကြောင့် တရုတ်ဟာ ၂၁ ရာစု မှာ လကမ္ဘာပေါ်အခြေချနိုင်တဲ့ နိုင်ငံဖြစ်လာမယ်လို့ထင်တယ်” လို့ မစ္စ ဂိုစ်ဝမီက သုံးသပ်ပြောဆိုထားပါတယ်။
(ဖော်ပြပါသတင်းဟာ ဘီဘီစီကမ္ဘာတလွှားရဲ့ ရေဒီယိုအစီအစဉ်ဖြစ်တဲ့ The Inquiry ကိုအခြေခံရေးသားထားပါတယ်)













