ရုရှား မရောက်နိုင်ခဲ့တဲ့နေရာကို အရောက်သွားဖို့ပြင်တဲ့ အိန္ဒိယ အာကာသယာဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ချန်ဒရာယန်း-၃ ။ ဒါဟာ အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ် ဆရီဟာရီကိုတာ ကနေ ဇူလိုင် ၁၄ ရက်က လွှတ်တင်လိုက်တဲ့ လူမပါတဲ့ အာကာသလေ့လာရေးယာဥ်ရဲ့ နာမည်ပါ။ ဒီယာဥ်က လ ဆီကို ဦးတည်သွားခဲ့တာပါ။
အစီအစဥ်အတိုင်းသာ ဖြစ်လာမယ်ဆိုရင် ဒါဟာ လရဲ့ ဝင်ရိုးစွန်း မျက်နှာပြင်မှာ ပထမဆုံး ဆင်းသက်မယ့် လစူးစမ်းရေးယာဥ် ဖြစ်လာမှာပါ။
လရဲ့ တောင်ဝင်ရိုးစွန်းမှာ ဘာကြောင့် ဆင်းမှာလဲ
"စနစ်တွေအားလုံး အပြည့်အဝ လည်ပတ်နေပြီး ဗုဒ္ဓဟူးနေ့မှာ ပြဿနာတွေ ဖြစ်မလာလောက်ဘူးလို့ မျှော်လင့်ထားပါတယ်။ နောက်နှစ်ရက်မှာ ချန်ဒရာယန်း-၃ ရဲ့ အခြေအနေကို ဆက်တိုက် စောင့်ကြည့်ပါမယ်" လို့ အိန္ဒိယ အာကာသ အေဂျင်စီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ISRO
လပေါ် နောက်ဆုံးဆင်းသက်မယ့် လုပ်ငန်းစဥ်တွေကိုလည်း စနစ်ထဲကို နှစ်ရက်ကြိုတင် ထည့်သွင်းပြီး စမ်းသပ်မယ်လို့လည်း ပြောပါတယ်။
တစ်ဖက်မှာတော့ ရုရှား အာကာသအေဂျင်စီရဲ့ လောလောလတ်လတ် လစူးစမ်းလေ့လာရေး ကြိုးပမ်းမှုဟာ မအောင်မမြင်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ လူနာ-၂၅ အာကာသယာဥ်ဟာ တနင်္ဂနွေနေ့က လပေါ်မှာ ပျက်ကျခဲ့ပါတယ်။
အဲဒီယာဥ်ဟာ လရဲ့ တောင်၀င်ရိုးစွန်းကို ဆင်းသက်ဖို့ ရည်ရွယ်ထားတာပါ။ အမေရိကန် အာကာသ အေဂျင်စီ နာဆာရဲ့ အဆိုအရ အဲဒီနေရာဟာ "မမျှော်မှန်းနိုင်တာတွေ၊ သိပ္ပံဆိုင်ရာ လေ့လာစရာတွေနဲ့ အင်မတန်စိတ်ဝင်စားစရာတွေ" ပြည့်နှက်နေတဲ့ နေရာပါ။
တွင်းနက်ကြီးတွေကြောင့် အဆုံးအစမရှိတဲ့ အမှောင်ထုက ကြီးစိုးနေပါတယ်။ တချို့နေရာတွေဆိုရင် နေရောင်မရတာ နှစ်ပေါင်း ဘီလျံနဲ့ ချီနေပါပြီ။
မျက်နှာပြင်မှာ အနွေးဓာတ်ရနိုင်မယ့် ပတ်ဝန်းကျင်အခြေအနေမရှိတာကြောင့် အဲဒီနေရာတွေမှာ အပူချိန်က အနုတ် ၂၄၈ စင်တီဂရိတ် (အနုတ် ၄၁၄ ဖာရင်ဟိုက်) အထိ ထိုးကျနေပါတယ်။
အဲဒီလို ဝင်ရိုးစွန်းတွေမှာ အပူချိန် လွန်လွန်ကဲကဲ ကျဆင်းနေတာကြောင့် အဲဒီထဲကို ရောက်သွားပြီး သောင်တင်နေတဲ့ ဘယ်အရာမဆိုဟာ နဂိုအခြေအနေအတိုင်း ဆက်ရှိနေနိုင်ပါတယ်။ ဒါကြောင့် တန်ဖိုးရှိတဲ့ လေ့လာစရာအသစ်တွေ တွေ့နိုင်ဖို့ အလားအလာ ရှိပါတယ်။
အခုလို လဆင်းယာဥ်နဲ့ လပေါ်သွား စူးစမ်းလေ့လာရေးယာဥ်ကို တောင်ဝင်ရိုးစွန်းကို တိုက်ရိုက်ပို့လိုက် တဲ့အတွက် လရဲ့ မလေ့လာရသေးတဲ့ အခြမ်းကို စူးစမ်းရှာဖွေနိုင်ဖို့ မျှော်လင့်ထားပါတယ်။
လပေါ်မှာ ရေရှိလား
အိန္ဒိယရဲ့ ချန်ဒရာယန်း-၁ ဟာ လပေါ်မှာ ရေရှိကြောင်း အထောက်အထားကို ၂၀၀၈ မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ လစူးစမ်းလေ့လာရေး ခရီးစဥ်ပါ။

ဓာတ်ပုံ ရင်းမြစ်, ISRO
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လပေါ်မှာ ရေဘယ်လောက်ရှိသလဲဆိုတာနဲ့ အဲဒီရေကို သုံးလို့ရနိုင်သလားဆိုတာတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။
ဆိုလိုတာက စီးပွားဖြစ် ထုတ်ယူသုံးစွဲနိုင်လောက်တဲ့အထိ ရေတွေ ရှိနေသလားဆိုတာ မသိတာပါ။
ပစ္စည်းအသုံးအဆောင်တွေကို ကမ္ဘာပေါ်ကနေ လကို ပို့ရင် ကမ္ဘာရဲ့ ဆွဲအားကို ကျော်အောင် လုပ်ရပါတယ်။ ဒါကြောင့် လပေါ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ဖို့ဆိုရင် ပစ္စည်းတွေ ကြီးလေ သယ်ရမယ့် ဒုံးပျံနဲ့ လောင်စာဆီ ပမာဏ ပိုကြီး၊ ပိုများလေ ဖြစ်ပါတယ်။
အာကာသလုပ်ငန်း ကုမ္ပဏီသစ်တွေက လပေါ်ကို ပစ္စည်း တစ်ကီလိုဂရမ် သယ်ရင် အမေရိကန် ဒေါ်လာတစ်သန်းလောက် တောင်းပါတယ်။
"အဲဒါက ရေ တစ်လီတာကို ဒေါ်လာ တစ်သန်း ကုန်ကျနေတာပဲ။ အာကာသ လုပ်ငန်း ကုမ္ပဏီတွေက လပေါ်က ရေခဲတွေကို ထုတ်ယူပြီး အာကာသစူးစမ်းသူတွေကို ဖြန့်ဖြူးပေးနိုင်ဖို့ အခွင့်အလမ်းကို မြင်ထားကြပါတယ်" လို့ ဥရောပ အာကာသ အေဂျင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေသူတစ်ဦး ဖြစ်တဲ့ ယူကေ Open University က ဂြိုဟ်ကမ္ဘာများလေ့လာရေး သိပ္ပံပညာရှင် ဆီမီယွန် ဘာဘာက ပြောပါတယ်။
ရေ အများကြီးရှိတယ်ဆိုရင် နောက်တစ်ဆင့် စဥ်းစားနိုင်တာက အာကာသစူးစမ်းသူတွေအတွက် လပေါ်မှာပဲ စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်နိုင်မလားဆိုတာ စမ်းသပ်ဖို့ပါ။
အဲဒါတင် မကပါဘူး။ ရေ မော်လီကျူးတွေကို ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် အက်တမ်တွေ အဖြစ်လည်း ခွဲထုတ်နိုင်ပါသေးတယ်။ အဲဒီနှစ်ခုလုံးကို ဒုံးပျံတွေ ပစ်လွှတ်ပျံသန်းဖို့ တွန်းအားလောင်စာအဖြစ် သုံးနိုင်ပါတယ်။
လရဲ့အလယ် အီကွေတာမှာ ဆင်းဖို့လွယ်
လဟာ နေအဖွဲ့အစည်းထဲမှာ ကမ္ဘာနဲ့အနီးဆုံး ကောင်းကင်ပေါ်က ဂြိုဟ်တစ်ခုပါ။ ဒါကြောင့်လည်း အမေရိကန်ရော ရုရှားကပါ ဆယ်စုနှစ်တွေ ချီပြီး လပေါ်မှာ လေ့လာရေးနဲ့ စမ်းသပ်မှုတွေကို အပြိုင်အဆိုင် လုပ်နေကြတာပါ။
အမေရိကန် အာကာသ အေဂျင်စီ နာဆာရဲ့ လေ့လာရေး ခရီးစဥ် အများစုနဲ့ လူလိုက်ပါတဲ့ ခရီးစဥ်တွေ၊ ရုရှားရဲ့ လူနာ-၂၄ မစ်ရှင်တို့ဟာ ဆင်းသက်ရ လွယ်ကူတဲ့ လရဲ့ အလယ် အီကွေတာနားမှာ ဆင်းသက်ခဲ့ကြပါတယ်။
တိတိကျကျ ပြောရရင် အိန္ဒိယရဲ့ လေ့လာရေးယာဥ် ဆင်းမယ့်နေရာက "တကယ့်ဝင်ရိုးစွန်းနဲ့ နည်းနည်းတော့ ဝေးပါသေးတယ်" လို့ အမေရိကန်နိုင်ငံ နော်ထရာဒမ် တက္ကသိုလ် ဂြိုဟ်များဘူမိဗေဒ ဌာနက ပါမောက္ခ ကလိုက်ဖ် နီရယ်က ပြောပါတယ်။
"ဒါပေမဲ့ အချက်အလက်တွေက အင်မတန် စိတ်ဝင်စားစရာ ကောင်းမှာပါ။"
လရဲ့ ဝင်ရိုးစွန်းတွေမှာ ဆင်းဖို့ ဘယ်လောက်ခက်သလဲ
လရဲ့ အီကွေတာနားမှာဆိုရင် အာရုံခံ စက်ပစ္စည်းတွေနဲ့ တခြား ပစ္စည်းတွေက နေရောင် တိုက်ရိုက် ရပါတယ်။
ပြီးတော့ မညီမညာ မျက်နှာပြင်ပေါ်မှာ သွားလာဖို့ဆိုတာ မြင်ကွင်းမြင်ရဖို့ကလည်း အဓိက ကျပါတယ်။
ဒါကြောင့် အရင်က လစူးစမ်းယာဥ်တွေ အားလုံးနဲ့ အာကာသယာဥ်မှူးတွေကို စေလွှတ်တဲ့ နိုင်ငံတွေက လရဲ့ အီကွေတာနားမှာ ဆင်းခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာရဲ့ ဝင်ရိုးက ၂၃.၅ ဒီဂရီ တိမ်းစောင်း နေပါတယ်။ ဒါကြောင့် ဝင်ရိုးစွန်းတွေဘက်မှာ ခြောက်လစီ နေရောင်တစ်လှည့် အမှောင်တစ်လှည့် ကျနေပါတယ်။
ဒါပေမဲ့ လရဲ့ ဝင်ရိုးကတော့ နေနဲ့ ထောင့်မှန်နီးပါးကျနေပါတယ်။
နာဆာရဲ့အဆိုအရ လရဲ့ ဝင်ရိုးက ၈၈.၅ ဒီဂရီ ထောင်လိုက် ဖြစ်ပါတယ်။ ဆိုလိုတာက ၁.၅ ဒီဂရီလေးပဲ စောင်းပါတယ်။
ဒါကြောင့် ဝင်ရိုးစွန်းဒေသတွေကို နေရောင်ခြည်ကျမယ်ဆိုရင်တောင် အဲဒီအလင်းတန်းတွေက ချိုင့်နက်ကြီးတွေရဲ့ နက်ရှိုင်းတဲ့နေရာတွေကို မရောက်နိုင်ပါဘူး။
အဲဒီနေရာတွေကို 'အမြဲအရိပ်ကျဒေသ'တွေ လို့ ခေါ်ပါတယ်။
အဲဒီလို နေရာတွေမှာ အာကာသယာဥ်တွေ ဆင်းဖို့နဲ့ သိပ္ပံစမ်းသပ်မှုတွေလုပ်ဖို့ အင်မတန် ခက်ပါတယ်။
ချိုင့်ဝှမ်းကြီးတွေက အကြီးကြီးပါ။ တချို့ ချိုင့်ကြီးတွေက အချင်း ကီလိုမီတာပေါင်း ရာချီပြီး ကျယ်ပါတယ်။
တကယ်လို့ အေးခဲနေတဲ့ မြေသားကနေ ရေရှိတယ်ဆိုတာကို ချန်ဒရာယန်း-၃ က ခြေရာခံနိုင်မယ်ဆိုရင် ဒါဟာ အနာဂတ် လေ့လာစမ်းသပ်မှုတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ တွေ့ရှိမှုကြီး ဖြစ်လာပါလိမ့်မယ်။








