၂၀၂၃ ခုနှစ်မှာ အာကာသလေ့လာရေး ဘယ်လောက်ခရီးပေါက်ခဲ့လဲ

နာဆာရဲ့ Perseverance ယာဥ်ငယ်ပုံစံတူ ရုပ်ကြမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နာဆာရဲ့ Perseverance ယာဥ်ငယ်ပုံစံတူ ရုပ်ကြမ်း

၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ ကမ္ဘာတဝန်းက ဦးဆောင်အာကာသအေဂျင်စီတွေဟာ မြေကမ္ဘာနဲ့ နေအဖွဲ့အစည်းကို ပိုပြီးသိရှိနိုင်အောင် အာကာသစူးစမ်းလေ့လာရေးခရီးစဥ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

တဖက်မှာလည်း အာကာသလေ့လာရေးဟာ သူတို့ရည်မှန်းချက်ကို အများမြင်အောင်နဲ့ နည်းပညာတိုးတက်မှုကို ထုတ်ပြဖို့ နည်းတစ်နည်းဖြစ်လာပါတယ်။

အိန္ဒိယနိုင်ငံကတော့ လရဲ့တောင်ပိုင်းဝင်ရိုးစွန်းနားကို ဆင်းသက်ပြီး သမိုင်းမှတ်ထိုင်စိုက်ထူခဲ့သလို တရုတ်ကလည်း လူသားတွေကို ပထမဆုံး အာကာသထဲ ပို့လွှတ်ခဲ့တဲ့အပြင် အမေရိကန်အာကာသလေ့လာရေးအေဂျင်စီ(နာဆာ)ရဲ့ Perseverance ယာဥ်ငယ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကနေ ကျောက်ကောက်နိုင်ခဲ့ပြီး ဥရောပကလည်း ဂျူပီတာဂြိုလ်ပေါ်ကို သွားမယ့် Icy Moons Explorer အာကာသယာဥ်ကို လွှတ်တင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သုတေသီတွေဟာ “ပြည့်စုံတဲ့နေစနစ်’’ကို တွေ့ရှိခဲ့ပြီး ဂျိမ်းစ်ဝက်ဘ် တယ်လီစကုတ်ကြီးကလည်း ထူးခြားလှပလှတဲ့အာကာသဓာတ်ပုံတွေကို ကမ္ဘာကို ပြန်လည်ပေးပို့ လာပါတယ်။ ပြီးတော့ နောက်နှစ်မှာ လူသားတွေဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အနေနဲ့ လကမ္ဘာကို တဖန်ပြန်ဆင်းသက်ကြဖို့ရှိပါတယ်။

အင်္ဂါဂြိုဟ်ပေါ်သွားယာဥ်ငယ်က ကျောက်နမူနာ စုဆောင်း

အမေရိကန်အမျိုးသားအာကာသ ‌အေဂျင်စီ(နာဆာရဲ့) Perseverance ယာဥ်ငယ်ဟာ အင်္ဂါဂြိုဟ်ပေါ်က နမူနာတွေကို စုဆောင်းနိုင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ် အစောပိုင်းဟာ အာကာသလေ့လာရေးနယ်ပယ်မှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီယာဥ်ငယ်ဟာ ကျောက်မျိုးစုံနဲ့ သဘာဝနမူနာတွေရှိတဲ့ဂြိုဟ်မျက်နှာပြင်မှာ ပြွန်တွေကို အသုံးပြုပြီး နမူနာယူပါတယ်။

Perseverance ယာဥ်ငယ်ဟာ လေ့လာရေးနောက်တစ်ဆင့်ကို မစွမ်းဆောင်နိုင်တော့တဲ့အခါမှာ အဲဒီနမူနာစုစုပေါင်းဟာ ကမ္ဘာမြေကို ပြန်လည်သယ်ယူလာတဲ့ နမူနာတွေဖြစ်လာပါမယ်။

သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းထဲမှာ လေ့လာဖို့ ကျောက်နမူနာတွေကို ကမ္ဘာကို ပြန်သယ်ချင်ကြတာဖြစ်ပါတယ်။ ဂြိုဟ်နီကြီးလို့ခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိ၊ မရှိဆိုတာကို ဒီနည်းလမ်းနဲ့လေ့လာနိုင်ဖို့ အကောင်းဆုံးဖြစ်တာကြောင့်ဖြစ်ပါတယ်။

Perseverance ကို အင်္ဂါဂြိုဟ်ပေါ်က ၄၅ ကီလိုမီတာအကျယ်ရှိတဲ့ ဂျဲဇီးရိုးချိုင့်ဝှမ်းကြီးကို စုံစမ်းဖို့ စေလွှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီနေရာဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ဘီလျံချီကာလတုန်းက ရေကန်အဖြစ်ရှိခဲ့တယ်လို့ ယူဆခံထားရတာကြောင့်ဖြစ်ပါတယ်။

အဲဒီဂျိုင့်ဝှမ်းနောက်ဘက်ပိုင်းမှာတော့ မြစ်ဝကျွန်းပေါ်လို အနေအထားပုံစံ အကြွင်းအကျန်တွေရှိနေပါတယ်။ မြစ်ဝကျွန်းပေါ် ဆိုတာ မြစ်တစ်စင်းဟာ ပိုကျယ်ပြန့်တဲ့ရေပြင်ကို စီးဝင်ချိန်မှာ မြစ်ကြောင်းတစ်လျှောက်ချခဲ့တဲ့သဲတွေနဲ့နုန်းတွေကြောင့် ပေါ်လာတဲ့နေရာဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ အတိတ်မှာ ဇီဝသက်ရှိတွေ ရှိနေနိုင်ခဲ့မလားဆိုတဲ့ တွေ့ရှိချက်ကို လေ့လာဖို့ ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ အတွင်း လကို ပထမဆုံးပြန်သွားမယ့် အာကာသယာဥ်မှူးတွေ

အာတီးမစ် ၂ လို့နာမည်ပေးထားတဲ့အဲဒီလေ့လာရေးခရီးစဥ်မှာ အာကာသယာဥ်မှူးတွေဟာ လကို ပတ်ပတ်လည် လှည့်ပတ်သွားလာမှာဖြစ်ပြီး အနာဂတ် လေ့လာရေးတွေအတွက် လမ်းကြောင်းကိုလည်း စမ်းသပ်မှာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာတီးမစ် ၂ လို့နာမည်ပေးထားတဲ့အဲဒီလေ့လာရေးခရီးစဥ်မှာ အာကာသယာဥ်မှူးတွေဟာ လကို ပတ်ပတ်လည် လှည့်ပတ်သွားလာမှာဖြစ်ပြီး အနာဂတ် လေ့လာရေးတွေအတွက် လမ်းကြောင်းကိုလည်း စမ်းသပ်မှာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာကာသလေ့လာရေးနယ်ပယ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလေ့လာရေးတစ်ခုကို နာဆာက ဧပြီလတုန်းကကြေညာခဲ့ပါတယ်။

သမိုင်းမှာ ပထမဆုံးအနေနဲ့ လူဖြူမဟုတ်တဲ့အမျိုးသား အာကာသယာဥ်မှူးတစ်ဦးနဲ့ အမျိုးသမီး အာကာသယာဥ်မှူးတစ်ဦးလည်း ပါဝင်လာပါတယ်။

အမေရိကန် အာကာသယာဥ်မှူးတွေဖြစ်ကြတဲ့ ခရစ္စတီနာ ကော့ချ်၊ ဗစ်တာ ဂလိုဗာ၊ ရိဒ် ဝိုက်စ်မန်းနဲ့ ကနေဒါ အာကာသယာဥ်မှူး ဂျယ်ရမီ ဟန်ဆန်တို့ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထက်နောက်မကျဘဲ လပေါ်ကို သွားရောက်ဖို့ ရွေးချယ်ခံထားရပါတယ်။

‘‘အာကာသယာဥ်မှူးတွေထဲမှာ ပထမဆုံး အမျိုးသမီး၊ လူဖြူမဟုတ်တဲ့ ပထမဆုံး ယာဥ်မှူးနဲ့ ပထမဆုံး ကနေဒါနိုင်ငံသားတို့ ပါဝင်မှာဖြစ်ပြီး ယာဥ်မှူးအားလုံးဟာ အားလုံးအတွက် ကောင်းကျိုးဖြစ်ထွန်းစေဖို့ စူးစမ်းလေ့လာမှုတွေလုပ်မယ့် အတော်ဆုံးလူသားတွေအဖြစ် ကိုယ်စားပြုကြပါလိမ့်မယ်’’ လို့ နာဆာရဲ့ ဂျွန်ဆင် အာကာသခရီးစဥ်လေ့လာရေးစင်တာက ညွှန်ကြားရေးမှူး ဗနက်ဆာ ဝှေ့ချ်က ပြောပါတယ်။

အာတီးမစ် ၂ လို့နာမည်ပေးထားတဲ့အဲဒီလေ့လာရေးခရီးစဥ်မှာ အာကာသယာဥ်မှူးတွေဟာ လကို ပတ်ပတ်လည် လှည့်ပတ်သွားလာမှာဖြစ်ပြီး အနာဂတ် လေ့လာရေးတွေအတွက် လမ်းကြောင်းကိုလည်း စမ်းသပ်မှာဖြစ်ပါတယ်။

ဒီအာကာသယာဥ်မှူးတွေဟာ လကမ္ဘာပေါ် ခြေချမှာ မဟုတ်ပေမဲ့ သူတို့ရဲ့ အရေးပါလှတဲ့ အာကာသခရီးစဥ်ဟာ လကမ္ဘာကို ဆင်းသက်နိုင်ကြစေဖို့ လမ်းကြောင်းဖြစ်ထွန်းလာစေမှာဖြစ်ပါတယ်။

ဥရောပအာကာသအေဂျင်စီ - ဂျူပီတာဂြိုဟ်နား အေးခဲနေတဲ့လတွေကို လေ့လာမယ်

An artist impression of the Juice spacecraft.

ဓာတ်ပုံ ရင်းမြစ်, PA

တစ်လတည်းမှာပဲ ဂျူပီတာလို့ ခေါ်တဲ့ ကြာသပတေးဂြိုဟ်နားက အေးခဲနေတဲ့လကြီးတွေကို လေ့လာဖို့ ဥရောပရဲ့ ထူးခြားလှတဲ့လေ့လာရေး ခရီးစဥ် စတင်မှာဖြစ်ပါတယ်။

Jupiter Icy Moons Explorer (Juice) လို့ခေါ်တဲ့ ဂြိုဟ်တုကို French Guiana က Kourou အာကာသယာဥ် လွှတ်တင်ရေးစခန်းကနေ အေရီယန် ၅ ဆိုတဲ့ ဒုံးပျံနဲ့ လွှတ်တင်မှာဖြစ်ပါတယ်။

အဲဒီဂြိုဟ်တုဟာ နေအဖွဲ့အစည်းထဲက အကြီးမားဆုံးဂြိုဟ်ကို ၂၀၃၁ ခုနှစ်မှာ ‌ရောက်ရှိပြီး သူ့ရဲ့ ဂြိုဟ်သိမ်လကြီးတွေဖြစ်တဲ့ Callisto၊ Ganymede နဲ့ Europa တို့ကို လေ့လာမှာဖြစ်ပါတယ်။

အေးခဲနေတဲ့ အဲဒီလတွေဟာ အရည်တွေကို နက်နက်ရှိုင်းရှိုင်း သိုလှောင်ထားခဲ့တဲ့သမုဒ္ဒရာတွေရှိတဲ့နေရာတွေဖြစ်တယ်ဆိုတာကို လုံလောက်တဲ့သက်သေအထောက်အထားတွေရှိထားပါတယ်။

အဲဒီလတွေဟာ သက်ရှိတွေမီတည်ခဲ့ရာဖြစ်ခဲ့မလားဆိုတာကိုလည်း သိပ္ပံပညာရှင်တွေက စူးစမ်းလိုကြတာဖြစ်ပါတယ်။

‘‘ESA Juice ဂြိုဟ်တုက ပို့လာမယ့် အဖိုးမဖြတ်နိုင်တဲ့ရတနာလိုအချက်အလက်တွေဟာ ဂျူပီတာဂြိုဟ်ထဲက လျှို့ဝှက်ချက်တွေကို တူးဆွရှာဖွေဖို့ သိပ္ပံအသိုင်းအဝိုင်းကို အထောက်အကူပြုမှာဖြစ်သလို တခြားကမ္ဘာတွေပေါ်က သမုဒ္ဒရာတွေထဲမှာ သဘာဝနဲ့ သက်ရှိနေထိုင်မှုတွေအကြောင်းကိုလည်း သိနိုင်မှာဖြစ်ပြီးတော့ အနာဂတ်သိပ္ပံမျိုးဆက်တွေအတွက်လည်း အဖြေမပေါ်တာတွေ ပေါ်နိုင်အောင် လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်’’ လို့ ဥရောပအာကာသအေဂျင်စီ(ESA)ရဲ့ သိပ္ပံဆိုင်ရာညွှန်ကြားရေးမှူး ကာရို မွန်ဒဲလ်က ပြောပါတယ်။

အာကာသထဲ ပထမဆုံးရောက်တဲ့ တရုတ်အရပ်သား

ကွေ့ ဟိုင်ချောင်(ဘယ်) ဘက်ကို လေ့လာရေးဦးဆောင် အာကာသယာဥ်မှူး ကျင်းဟိုင်းပန်းနဲ့အတူ ၂၀၂၄ ခုနှစ်၊ မေလ တုန်းက တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွေ့ ဟိုင်ချောင်(ဘယ်)ကို လေ့လာရေးဦးဆောင် အာကာသယာဥ်မှူး ကျင်းဟိုင်းပန်းနဲ့အတူ ၂၀၂၄ ခုနှစ်၊ မေလတုန်းက တွေ့ရတာဖြစ်ပါတယ်

တရုတ်နိုင်ငံဟာ သူ့ရဲ့ တီယန်ဂွန်း အာကာသစခန်းဆီကို အာကာသယာဥ်မှူး ၃ ဦးကို စေလွှတ်ခဲ့တာကြောင့် အရပ်သားတွေကို ကမ္ဘာပတ်လမ်းထဲကို ပထမဆုံးစေလွှတ်မှုဖြစ်လာပါတယ်။

ဒီအာကာသယာဥ်မှူးတွေ လိုက်သွားတဲ့ ရှန်ကျိုး ၁၆ အာကာသယာဥ်ကို နိုင်ငံအနောက်မြောက်ပိုင်း ဂိုဘီ သဲကန္တာရထဲက ကျူးကွန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ မေလတုန်းက လွှတ်တင်လိုက်တာပါ။

သူတို့ကတော့ ကျင်းဟိုင်းပန်း၊ ဂျူး ယန်ဂျူး နဲ့ ကွေ့ ဟိုင်ချောင် တို့ဖြစ်ကြပြီး ရှန်ကျိုး ၁၅ အာကာသယာဥ်မှူးတွေနေရာမှာ တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ အဲဒီ အာကာသယာဥ်မှူးတွေကတော့ တီယန်ဂွန်းကာကာသစခန်း နိုဝင်ဘာမှာပြီးကတည်းက ရောက်နေတာဖြစ်ပါတယ်။ အာကာသယာဥ်မှူးအဖွဲ့အသစ်ကတော့ အာကာသထဲက စခန်းမှာ ၅ လကြာ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

ရှန်ကျူး ၁၆ အာကာယာဥ်မှူးတွေထဲမှာ တရုတ်နိုင်ငံရဲ့ နာမည်ကျော် အာကာသပညာလေ့လာရေးတက္ကသိုလ် ဘေဟန်က ပါမောက္ခ ကွေ့လည်း ပါဝင်ပါတယ်။ သူဟာ ပါရဂူဘွဲ့လွန်တန်းကို ကနေဒါနိုင်ငံမှာ ဆည်းပူးခဲ့ပြီး အာကာသခရီးစဥ်မှာ ပထမဆုံးလိုက်ပါတဲ့ တရုတ်နိုင်ငံ အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကျန်တဲ့ အာကာသယာဥ်မှူးတွေကတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်လို့ခေါ်တဲ့ တရုတ်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

လပေါ်ကို ဆင်းသက်နိုင်မှုနဲ့ အိန္ဒိယ သမိုင်းမှတ်တိုင်ထူ

ချန်ဒရာ လေ့လာရေးယာဥ်ကနေ ‌မြင်တွေ့ရတဲ့ လမျက်နှာပြင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အဲဒီလေ့လာရေးရဲ့ ပင်မရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ အနာဂတ်မှာ လပေါ် လူတွေ နေထိုင်နိုင်ရေး ထောက်ပံ့ပေးနိုင်တဲ့ ရေရှိမလားဆိုတာကို လေ့လာဖို့ ဖြစ်ပါတယ်

အိန္ဒိယရဲ့ ချန်ဒရာ ၃ လလေ့လာရေးခရီးစဥ်မှာပါတဲ့ လပေါ်ဆင်းသက်ယာဥ်နဲ့ လပေါ်သွားလာယာဥ် ဗီခရန်နဲ့ ပရာယန် တို့ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ လရဲ့‌တောင်ဝင်ရိုးစွန်းနားကို ဆင်းသက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် အိန္ဒိယဟာ လကမ္ဘာပေါ်ကို အမေရိကန်၊ တရုတ်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ပြီးရင် လူမပါဘဲဆင်းသက်နိုင်တဲ့ နိုင်ငံအချို့ထဲမှာ ပါဝင်သွားပါတယ်။

‘’ဘယ်နိုင်ငံမှ မရောက်သေးတဲ့နေရာကို ကျွန်တော်တို့ရောက်နိုင်ခဲ့ပါပြီ။ တကယ့်ကို ပျော်စရာ အခါသမယပါပဲ’’ လို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒါ မိုဒီက ပြောပါတယ်။

အဲဒီလေ့လာရေးရဲ့ ပင်မရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ သိပ္ပံပညာရှင်တွေအပြောအရဆိုရင် အနာဂတ်မှာ လပေါ် လူတွေ နေထိုင်နိုင်ရေး ထောက်ပံ့ပေးနိုင်တဲ့ ရေဓာတ်ပါဝင်မှုများတဲ့ရေခဲရှိ မလားဆိုတာကို လေ့လာမှာဖြစ်ပါတယ်။

လဟာ အင်္ဂါဂြိုဟ်ပေါ်အပြင် တခြားဝေးကွာလှတဲ့အာကာသလေ့လာရေးတွေအတွက်အသုံးပြုမယ့် အာကာသယာဥ်အတွက် လောင်စာထောက်ပံ့ပေးနိုင်မလားဆိုတာကိုလည်း အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဲဒီက မျက်နှာပြင်အရပ်ဟာ အမြဲတမ်းအရိပ်ကျ နေတဲ့နေရာအဖြစ် ရှိနေတာကြောင့် ရေခဲတွေကို သိုလှောင်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

လပေါ်ဆင်းယာဥ်နဲ့ သွားလာယာဥ်မှာ သိပ္ပံလေ့လာရေးပစ္စည်း ၅ မျိုး၊ အိန္ဒိယအလံတစ်ခုတို့ပါပြီး ဘီးတွေမှာလည်း အိန္ဒိယအာကာသုတေသနအဖွဲ့(ISRO)တံဆိပ်ကို ဖောင်းကြွအနေနဲ့ စာတန်းရေးထိုးတာတွေ့ရပါတယ်။ အိန္ဒိယအရာရှိတစ်ဦးကတော့ ဒီယာဥ်တွေ လပေါ်ကို သွားလာတဲ့အခါ လရဲ့မြေပေါ်မှာ တံဆိပ်ရာတွေ ခပ်နှိပ်စေလိမ့်မယ်လို့ ဘီဘီစီကို ပြောထားပါတယ်။

‘ပြီးပြည့်စုံတဲ့နေအဖွဲ့အစည်း’ကို တွေ့ရှိ

ပုံဖော်မှုလက်ရာ: နေလို ကြယ်ကြီးတစ်လုံးကို လည်ပတ်နေတဲ့ အရွယ်အစားတူ ဂြိုဟ်ခြောက်လုံးဟာ ဂြိုဟ်တွေ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာနဲ့ သက်ရှိတွေဖြစ်တည်မှုအကြောင်းကို စံပြုလေ့လာစရာဖြစ်လာပါတယ်

ဓာတ်ပုံ ရင်းမြစ်, THIBAUT ROGER/NCCR PLANETS

ဓာတ်ပုံ ပုံစာ, ပုံဖော်မှုလက်ရာ: နေလို ကြယ်ကြီးတစ်လုံးကို လည်ပတ်နေတဲ့ အရွယ်အစားတူ ဂြိုဟ်ခြောက်လုံးဟာ ဂြိုဟ်တွေ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာနဲ့ သက်ရှိတွေဖြစ်တည်မှုအကြောင်းကို စံပြုလေ့လာစရာဖြစ်လာပါတယ်

၂၀၂၃ ခုနှစ် မကုန်ခင် နိုဝင်ဘာလတုန်းကပဲ သုတေသီတွေဟာ ကြီးမားတဲ့ရိုက်ခတ်မှုတွေကြောင့် ဖြစ်လာတဲ့ လက်ရှိ မြေကမ္ဘာအပါအဝင်ဂြိုဟ်ကြီး ဂြိုဟ်သေးတွေရောပြွမ်းမနေတဲ့ ‘’ပြီးပြည့်စုံတဲ့နေအဖွဲ့အစည်း’’တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

အလင်းနှစ် ၁၀၀ အဝေးမှာ အရွယ်တူတဲ့ဂြိုဟ် ၆ လုံးနဲ့ဖွဲ့စည်းထားတဲ့ အဲဒီနေအဖွဲ့အစည်းကို သုတေသီတွေက တွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂ ဘီလျံတည်းက အဲဒီဂြိုဟ်တွေက မပြောင်းလဲလုနီးပါး အခြေအနေရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပကတိအတိုင်းရှိနေတဲ့အခြေအနေကြောင့်ပဲ ဒီကမ္ဘာတွေ ဘယ်လိုပုံစံနဲ့ဖြစ်တည်နေတယ်ဆိုတာနဲ့ သက်ရှိတွေ နေထိုင်နိုင်နေမလားဆိုတာကို လေ့လာဖို့ ဖြစ်လာခဲ့ပါတယ်။

ဘီဘီစီ သိပ္ပံသတင်းထောက် ပေါလက် ဂို့ရှ်ကတော့ ကျွန်ုပ်တို့ လက်ရှိနေအဖွဲ့အစည်းဟာ ပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတာလို့ ရှင်းပြပါတယ်။ ဂြိုဟ်တွေ တစ်ခုနဲ့တစ်ခု တိုက်မိတဲ့အခါ ဂြိုဟ်ပတ်လမ်းကြောင်းတွေ ပျက်ယွင်းကုန်ပြီး ကြာသပတေးဂြိုဟ်နဲ့ စနေဂြိုဟ်လို ဂြိုဟ်ကြီးတွေအပြင် မြေကမ္ဘာလိုသေးငယ်တဲ့ဂြိုဟ်ငယ်တွေလည်း ပေါ်ပေါက်လာစေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း နက္ခတ်ပညာရှင်တွေဟာ နေအဖွဲ့အစည်းထောင်ချီကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နေအဖွဲ့အစည်းကမှ ဂြိုဟ်တွေဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာကို လေ့လာဖို့ မကိုက်ညီခဲ့ပါဘူး။

ဒါပေမဲ့ အခုတွေ့ရှိတဲ့ နေအဖွဲ့အစည်းမှာပါတဲ့ ဂြိုဟ်တွေရဲ့ ထပ်တူနီးပါး တူညီတဲ့အခြေအနေကြောင့် အဲဒီသဘောသဘာဝကပဲ သုတေသီတွေအတွက် ဂြိုဟ်တွေကို နှိုင်းယှဥ် ချိန်ထိုးလေ့လာဖို့ တန်ဖိုးမဖြတ်စရာတွေ့ရှိချက်ဖြစ်လာပါတယ်။ ဒီအခြေအနေကပဲ အဲဒီဂြိုဟ်တွေ ဘယ်လိုပေါ်ပေါက် ဖြစ်ထွန်းလာတယ်ဆိုတာကို ခြုံငုံမြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဂျိမ်းစ် ဝက်ဘ် တယ်လီစကုတ်ကြီးက ရိုက်ကူးထားတဲ့ ရင်သပ်ရှူမောစရာ ဓာတ်ပုံတွေ

Cassiopeia A (NIRCam)

ဓာတ်ပုံ ရင်းမြစ်, NASA, ESA, CSA, STScI

JWST လို့ အတိုကောက်ခေါ်တဲ့ ဂျိမ်းစ် ဝက်ဘ် အာကာသအဝေးကြည့်မှန်ပြောင်းကြီးဟာ ကမ္ဘာမှာ တည်ဆောက်ဖူးသမျှထဲမှာ အကြီးမားဆုံး အာကာသအဝေးကြည့်မှန်ပြောင်းကြီးဖြစ်ပြီး အခုတော့ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ နေအဖွဲ့အစည်းထဲက ဓာတ်ပုံတွေကို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။

ပေါက်ကွဲပြီး စူးရှတောက်ပနေတဲ့ကြယ် Cassiopeia A အကြွင်းအကျန်တွေရဲ့ အတွင်းပိုင်းအသေးစိတ်ကိုအကျဆုံးကိုအပိုင်းကို မြင်နိုင်တဲ့ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

နာဆာရဲ့အပြောအရဆိုရင် မှန်ပြောင်းကြီးရဲ့ ကင်မရာကြောင့် အဲဒီပေါက်ကွဲကြယ်အကြွင်းအကျန်ရဲ့ အခြေ‌အနေကို ပုံရိပ်ပြတ်ပြတ်သားသားနဲ့ မြင်တွေ့နိုင်တာ အခုတစ်ကြိမ်က ပထမဆုံးလို့ဆိုပါတယ်။

အဲဒီကြယ်ရဲ့သက်တမ်းနဲ့ပတ်သက်တဲ့ မျက်လုံးမခွာနိုင်စရာဓာတ်ပုံတွေကိုလည်း တယ်လီစကုတ်ကြီးက ရိုက်ကူးနိုင်ခဲ့ပါတယ်။

ပုံတွေအရဆိုရင် နဗျူလာကွင်းလို့ သိကြတဲ့ မုန့်လက်ကောက်အဝိုင်းလိုပုံစံနဲ့ အရောင်ထွက်နေတဲ့ဓာတ်ငွေ့ရဲ့ မြင်ကွင်းအသေးစိတ်ကိုလည်း မယုံနိုင်စရာကောင်းလောက်အောင် မြင်တွေ့ရပါတယ်။

ကမ္ဘာကနေ အလင်းနှစ် ၂,၆၀၀ နီးပါးမှာရှိတဲ့ နဗျူဟာဟာ သေဆုံးလုနီးကြယ်တစ်ခုကနေ ထွက်လာလာဖြစ်ပါတယ်။

မှန်ပြောင်းကြီးကနေ ဖမ်းယူထားတဲ့ နဗျူလာအလင်းကွင်းရဲ့ပုံကိုတော့ မန်ချက်စတာ တက္ကသိုလ်က ဖြန့်လိုက်တာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, The University of Manchester /PA Wire

ဓာတ်ပုံ ပုံစာ, မှန်ပြောင်းကြီးကနေ ဖမ်းယူထားတဲ့ နဗျူလာအလင်းကွင်းရဲ့ပုံကိုတော့ မန်ချက်စတာ တက္ကသိုလ်က ဖြန့်လိုက်တာဖြစ်ပါတယ်

အဲဒီဓာတ်ပုံတွေဟာ ကြယ်တွေရဲ့သက်တမ်းအဆင့်ဆင့်ကို အတွင်းကျကျသိနိုင်မှာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

‘’တခါမှ မမြင်ဘူးတဲ့ အသေးစိတ် တွေကို မြင်ရလို့ သိပ်ကိုအံ့သြရတယ်။ ပေါက်ကွဲကြယ်တွေကနေ ထွက်နေတဲ့ အလင်းကွင်းတွေက သိပ်လှတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ အခု ကျွန်တော်တို့ မြင်ရတာကတော့ ရင်သပ်ရှုမောစရာပါပဲ’’ လို့ မန်ချက်စတာတက္ကသိုလ်က နက္ခတ္တရူပ ပါမောက္ခ အဲလ်ဘတ် ဂျီစတြာက ပြောပါတယ်။